အခန်း (၂၃) - ထူးဆန်းသော ပန်းရနံ့
ပေတူးနေသော ကောင်လေးငယ်သည် ဖုန်းယုကို သူ၏အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် ထူးဆန်းသော ပန်းရနံ့တစ်ခုမှာ လေထုထဲ၌ ပျံ့လွင့်နေပြီး မျက်နှာသေနှင့် လူအများအပြားက ဖုန်းယုနှင့် ထိုကောင်လေးကို စိုက်ကြည့်နေကြသည်။ ဖုန်းယု မျက်မှောင်ကြုတ်လိုက်မိသော်လည်း ဘာမှတော့ မလုပ်သေးပေ။
အိမ်တံခါးကို ဖွင့်လိုက်သည့် ခဏမှာပင် ဤအိမ်သည် ကောင်လေး၏ ပုံစံနှင့် လုံးဝမလိုက်ဖက်ကြောင်း ဖုန်းယု သတိထားမိသွားသည်။ တစ်အိမ်လုံးမှာ သန့်ရှင်းသပ်ရပ်နေပြီး သာမန်မိသားစုတစ်ခုဖြစ်ကြောင်း သိသာလှသည်။
သို့ဆိုလျှင် ဤကောင်လေးက ဘာကြောင့် သူတောင်းစားလေးတစ်ယောက်လို ဖြစ်နေရတာလဲ?
“ကဲ... ကောင်လေးသိထားတာတွေကို အသေးစိတ် ပြောပြပါဦး။”
ဖုန်းယုက အနီးအနားရှိ ခုံတန်းတစ်ခုတွင် ဝင်ထိုင်လိုက်ပြီး သူ၏ကျောပိုးသစ်သားသေတ္တာကို ဖြုတ်ကာ အတွင်းမှ ရှောင်ပိုင်ကို အပြင်ထွက်ခွင့်ပေးလိုက်သည်။
“အစ်ကိုကြီး... ကျွန်တော့်အစ်မကို ကယ်ပေးပါဦးဗျာ!”
ကောင်လေးက မြေကြီးပေါ်တွင် ဒူးထောက်ကာ ငိုယိုရင်း တောင်းပန်လေသည်။
“မစိုးရိမ်ပါနဲ့၊ အရင်ဆုံး ဖြစ်ပျက်နေတာတွေကို သေသေချာချာ ပြောပြမှ ငါကူညီလို့ရမှာပေါ့။”
ဖုန်းယုက ငိုနေသော ကောင်လေးကို ဆွဲထူလိုက်သည်။ ရှောင်ပိုင်ကလည်း ကောင်လေးကို အားပေးသည့်အနေဖြင့် ဖက်ထားပေးလိုက်၏။
“အစ်ကိုကြီး... အကြောင်းစုံက လွန်ခဲ့တဲ့ လခွဲလောက်က စတာပါ...”
“လွန်ခဲ့တဲ့ လခွဲတုန်းက ကျွန်တော်တို့ မြို့လေးက သာမန်အတိုင်းပါပဲ။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို တစ်နေ့မှာ မြို့ထဲက အိမ်တွေမှာ ထူးဆန်းတဲ့ အနီရောင်ပန်းတွေ အကြောင်းပြချက်မရှိဘဲ ပွင့်လာကြတယ်။”
“အစတုန်းကတော့ လူတွေက သိပ်ဂရုမစိုက်ကြဘူး။ ပန်းလေးတစ်ပွင့်ပဲလေ။ တချို့ကတောင် အဲဒီပန်းကို ဂရုတစိုက် ပြုစုကြသေးတယ်၊ တချို့ကတော့ နှုတ်ပစ်ကြတာပေါ့။”
“ဒါပေမဲ့ နှုတ်လည်း အပိုပါပဲ။ နောက်နေ့ကျရင် အဲဒီနေရာမှာပဲ ပန်းတွေက ပြန်ပေါက်လာတာ။ အဲဒီအချိန်ကစပြီး မြို့ထဲကလူတွေ အကုန်လုံး ပြောင်းလဲကုန်ကြတော့တာပဲ...”
“ဆက်ပြောပါဦး။”
“သူတို့က ‘ပန်းနတ်ဘုရား’ ကို စပြီး ကိုးကွယ်လာကြတယ်။ ‘ပန်းနတ်ဘုရားအဖွဲ့’ ဆိုပြီးတော့လည်း ဂိုဏ်းတစ်ခု ထောင်လိုက်ကြတယ်။ ခေါင်းဆောင်ကတော့ အိမ်မှာ ပန်းအရင်ဆုံး ပွင့်ခဲ့တဲ့ မိသားစုပေါ့။”
“သူတို့က စည်းကမ်းတစ်ခု ထုတ်ထားတယ်။ အိမ်ကပန်းသာ ညှိုးနွမ်းသွားခဲ့ရင် အဲဒီမိသားစုဟာ ပန်းနတ်ဘုရားအပေါ် မရိုသေရာရောက်တယ်လို့ သတ်မှတ်ပြီး ‘ပန်းနတ်ဘုရားမရဲ့ နှစ်ခြင်းမင်္ဂလာ’ကို ခံယူရမယ်တဲ့။”
“အဲဒီအချိန်တုန်းက အိမ်တိုင်းကနေ ပန်းရနံ့တွေ ထွက်နေတာပဲ။ အဲဒီရနံ့တွေကြောင့်ပဲ လူတွေရဲ့ စိတ်တွေက ရိုင်းဆိုင်းသလို ဖြစ်ကုန်ကြတာ။ သူတို့က အရင်လို မဟုတ်တော့ဘူး။ ပုံမှန်အတိုင်း အလုပ်လုပ်နေကြပေမဲ့ စရိုက်တွေက လုံးဝပြောင်းလဲသွားကြပြီ။ အရာအားလုံးက ပြောင်းလဲသွားတာ။”
“အဲဒီတုန်းက ကျွန်တော်တို့အိမ်မှာလည်း ပန်းတွေပွင့်လာပြီး ကျွန်တော့်မိသားစုလည်း ပြောင်းလဲသွားခဲ့တယ်...”
ကောင်လေးက သူ၏မျက်ရည်များကို သုတ်လိုက်သည်။
“ဒါဆို မင်းက ဘာလို့ ထိခိုက်မှုမရှိတာလဲ?” ဟု ဖုန်းယုက မေးလိုက်သည်။
“ကျွန်တော်က... ကျွန်တော်က အဲဒီလဝက်လုံးလုံး နှာစေးနေတာ။ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်တဲ့အချိန်မှာ ပန်းတွေကို သွားနှုတ်ဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်တော့်မိသားစုက ကျွန်တော့်ကို လူထူးလူဆန်းလို ကြည့်ပြီး တားကြတယ်လေ။”
“ဒါပေမဲ့ ကျွန်တော် အခွင့်အရေး ရှာနိုင်ခဲ့ပါတယ်။ တစ်ညမှာ ပန်းကို နှုတ်ပစ်လိုက်တဲ့ ခဏမှာပဲ ကျွန်တော့်မိဘတွေက သတိပြန်ဝင်လာပြီး ထူးဆန်းနေတာတွေ ပျောက်သွားတာကို တွေ့လိုက်ရတယ်။”
“ကျွန်တော် အမေ့ကို အကြောင်းစုံ ပြောပြခဲ့ပေမဲ့ ခဏကြာတော့ အဲဒီထူးဆန်းတဲ့ပန်းက ပြန်ပေါက်လာပြန်ရော။ ပန်းရနံ့တွေ ထွက်လာတော့ အမေက အရင်လို ပြန်ဖြစ်သွားတာပဲ...”
“ကျွန်တော် ဆက်နှုတ်နေရင် စိတ်ဖောက်ပြန်နေတဲ့သူတွေ သိသွားမှာ ကြောက်လို့ ဆက်မနှုတ်ရဲတော့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီ ‘ပန်းနတ်ဘုရားရဲ့ နှစ်ခြင်းမင်္ဂလာ’ ခံယူရတဲ့သူတွေက တစ်ယောက်မှ ပြန်မလာကြတော့လို့ပဲ။”
“အဲဒါကြောင့် ကျွန်တော့်ဘေးအိမ်က ရှောင်ကျိလည်း ပြန်မလာတော့တာ...”
“အဲဒီနေ့က ပုံမှန်အတိုင်းပဲ ကျွန်တော် အပြင်ထွက်ပြီး လူတွေကို စောင့်ကြည့်နေတုန်း ရှောင်ကျိနဲ့ ဆုံခဲ့တယ်။ ရှောင်ကျိက အရင်လိုပုံစံအတိုင်း ပြန်ဖြစ်နေတာတွေ့တော့ ကျွန်တော် အံ့သြသွားတာပေါ့။”
“ဒါနဲ့ သူ့အိမ်က ပန်းတွေကို နှုတ်ပစ်လိုက်တာလားလို့ မေးကြည့်တော့ သူလည်း ဘာဖြစ်သွားမှန်း မသိဘူးတဲ့၊ လမ်းပေါ်ကို ဘယ်လိုရောက်လာမှန်းလည်း မသိဘူးတဲ့။ သူမှတ်မိတာဆိုလို့ အိမ်မှာ အိပ်နေတာပဲ ရှိတာလေ။”
“ဒါနဲ့ ကျွန်တော်လည်း သူနဲ့အတူ အိမ်ကို လိုက်သွားကြည့်တော့ တကယ်ပဲ သူတို့အိမ်မှာ ပန်းက မရှိတော့ဘူး။”
“အဲဒီအချိန်မှာပဲ စိတ်ပြောင်းနေတဲ့လူတွေက ရှောင်ကျိအိမ်ကို ရောက်လာပြီး ရှောင်ကျိမိသားစုဟာ ပန်းနတ်ဘုရားကို မရိုသေတဲ့အတွက် မှောင်တာနဲ့ နှစ်ခြင်းပေးမယ်လို့ လာကြေညာကြတော့တာပဲ။”
“ရှောင်ကျိကတော့ ဘာမှနားမလည်ရှာဘူး။ သူက ပန်းနတ်ဘုရားကိုလည်း မသိဘူး၊ ဘာမှလည်း မလုပ်ဘူးလို့ ငြင်းခဲ့သေးတယ်။ သူ့မိသားစုကလည်း ခုခံခဲ့ကြပေမဲ့ အပိုပါပဲ။ သူတို့ကို ‘ပန်းနတ်ဘုရားအဖွဲ့’ ဆိုတဲ့ လူတွေက ချည်နှောင်သွားခဲ့ကြတယ်။ မှောင်သွားတဲ့အချိန်မှာ ရှောင်ကျိလည်း ပျောက်ကွယ်သွားခဲ့ပြီ...”
“အဲဒီအချိန်ကစပြီး လူတွေ တစ်ယောက်ပြီးတစ်ယောက် အဖမ်းခံရပြီး ပန်းနတ်ဘုရားဆီမှာ နှစ်ခြင်းခံရတော့တာပဲ။ သူတို့မှာ တူညီချက်တစ်ခုရှိတာကို ကျွန်တော် သတိထားမိတယ်။ အဲဒါက အိမ်ကပန်းတွေက အကြောင်းပြချက်မရှိဘဲ ပျောက်သွားတာပဲ။”
“ကျွန်တော် သံသယဖြစ်တာကတော့ အဲဒီလူသားစားမိစ္ဆာက အစာရွေးနေသလိုပဲ။ အိမ်ကပန်းတွေ ပျောက်သွားပြီဆိုရင် အဲဒီမိသားစုက ဒီနေ့အတွက် အစာဖြစ်ပြီပေါ့...”
“ဒီနေ့တော့ ကျွန်တော်တို့မိသားစု အလှည့်ရောက်ပြီ။ ကျွန်တော်တို့အိမ်က ပန်းက ပျောက်သွားပြီ။ အဖေကလည်း ဘာလို့မှန်းမသိဘဲ နိုးမလာတော့ဘူး။ အစ်ကိုကြီး မြင်တဲ့အတိုင်း အိမ်ရှေ့မှာ အဲဒီလူတွေ အပြည့်ပဲ။ မှောင်တာနဲ့ ကျွန်တော်နဲ့ အဖေ့ကို ဖမ်းပြီး မိစ္ဆာအတွက် ညစာလုပ်ကြတော့မှာ...”
“အစ်ကိုကြီး... ကျွန်တော်တို့ကို ကယ်ပေးပါဦးဗျာ...”
ကောင်လေးက ဖုန်းယုကို ဒူးထောက်ကာ တစ်ဖန်ပြန်၍ တောင်းပန်ပြန်သည်။ ဖုန်းယုကတော့ နဖူးကို လက်နှင့်ပွတ်ရင်း စိတ်မသက်မသာ ဖြစ်သွားရသည်။ ဒီခေတ်က လူတွေက ဘာဖြစ်လို့ ဒီလောက် ဒူးထောက်ရတာ ဝါသနာပါနေကြတာလဲ။
“ငါတို့ ပြောပြီးသားလေ...”
ဖုန်းယုက ကောင်လေးကို ဆွဲထူလိုက်ပြီး အဝတ်အစားပေါ်မှ ဖုန်တွေကို ခါပေးလိုက်သည်။
“ဒါနဲ့ မင်းက ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက် ညစ်ပတ်အောင် ထားတာလဲ?”
“ကျွန်တော်က... အဲဒီမိစ္ဆာက ညစ်ပတ်တဲ့လူတွေကို မစားဘူးထင်လို့ အဖေ့ကိုရော ကျွန်တော့်ကိုရော ညစ်ပတ်အောင် လုပ်ထားတာပါ...”
“မင်းက တော်တော်လေး လည်တဲ့ ကောင်လေးပဲ... ဒါပေမဲ့ ဒီမိစ္ဆာကတော့ စိတ်ဝင်စားဖို့ ကောင်းသားပဲ...” ဟု ဖုန်းယု တွေးလိုက်သည်။
“ကဲ... ထားလိုက်ပါတော့။”
“မင်းရော မင်းအဖေရော ဘာမှမဖြစ်စေရဘူး၊ စိတ်ချပါ။ သွား... ကိုယ့်ကိုယ်ကိုယ် အရင် သန့်ရှင်းအောင် လုပ်လိုက်ဦး။” ဖုန်းယုက ကောင်လေး၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
“မသွားဘူး... မသွားရဲဘူး။ ကျွန်တော် သန့်ရှင်းသွားရင် မိစ္ဆာက ကျွန်တော့်ကို တကယ်ကြီး စားသွားမှာ ကြောက်လို့...”
“လိမ္မာပါတယ်၊ ငါ့ကိုမယုံရင်လည်း ထားလိုက်ပါတော့၊ မဆေးနဲ့ပေါ့။”
ဖုန်းယုက ထိုကိစ္စကို သိပ်အရေးမလုပ်တော့ပေ။ သူစိမ်းတွေ ဖြစ်နေသော်လည်း ယနေ့ညတွင် ထိုမိစ္ဆာကို ရှင်းပစ်ရန် သူ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
ဤမိစ္ဆာသည် တော်တော်လေး ဉာဏ်များကြောင်း သူ တွေးမိသည်။ ပန်းရနံ့ကို အသုံးပြု၍ တစ်မြို့လုံးရှိ လူများကို စိတ်ညှို့ထားပြီး မြို့လေးကို သူ၏ ကိုယ်ပိုင်အစာကျွေးခြံလို သဘောထားကာ တစ်နေ့တစ်ယောက် နှစ်ယောက် စားသောက်နေခြင်း ဖြစ်သည်။
ဖုန်းယု ကုတင်နားသို့ သွားကြည့်သောအခါ ကုတင်ပေါ်ရှိ လူမှာ တကယ်ပင် ညစ်ပတ်ပေရေနေသည်ကို တွေ့ရသည်။ ဤကောင်လေးသည် ကျန်ရှိနေသော မျှော်လင့်ချက်ကလေးတစ်ခုအတွက် ဤမျှအထိ လုပ်ဆောင်ထားခြင်း ဖြစ်သည်။
အမှန်တကယ်တွင် ဖုန်းယုသည် ဤကောင်လေးကို လေးစားမိသည်။ တစ်မြို့လုံး ပြောင်းလဲနေချိန်တွင် သူတစ်ယောက်တည်းသာ ပုံမှန်အတိုင်း ရှိနေပြီး အသေးစိတ်အချက်အလက်များကိုပါ ရှာဖွေနိုင်ခြင်းမှာ ရင့်ကျက်သော နှလုံးသားမရှိဘဲ မဖြစ်နိုင်ပေ။
သူ့အတွက် ကူညီမည့်သူမရှိဘဲ အားကိုးရာမဲ့ ဖြစ်နေခဲ့ရသည်မှာ တော်တော်လေး စိတ်ပျက်စရာ ကောင်းလှသည်။
“မစိုးရိမ်ပါနဲ့၊ မင်းနဲ့ မင်းအဖေကို ဘာမှ အထိခိုက်မခံဘူးလို့ ငါ ကတိပေးတယ်...”
ဖုန်းယုက ကောင်လေး၏ ခေါင်းကို တစ်ဖန် ပြန်ပုတ်ပေးလိုက်သည်။
“အစ်ကိုကြီး၊ ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအတောအတွင်းမှာ ကျွန်တော့်ကို ပုံမှန်စကားပြောပေးတဲ့ တစ်ဦးတည်းသောသူ ဖြစ်နေလို့ပါ။ ကျန်တဲ့သူတွေကတော့...”
“စိတ်မပူနဲ့!”
ဤပန်းရနံ့များမှာ သိပ်တော့ မပြင်းထန်ကြောင်း ဖုန်းယု ခန့်မှန်းမိသည်။ မြို့ထဲသို့ ခြေချလိုက်သည်မှစ၍ သူသည်လည်း ပန်းရနံ့များကို တစ်ချိန်လုံး ရှူရှိုက်နေရသော်လည်း မည်သို့မျှ ထိခိုက်ခြင်း မရှိပေ။
ထိုသို့တွေးမိပြီးနောက် ဖုန်းယုသည် ပန်းရနံ့ကိစ္စကို အမှုမထားတော့ပေ။
နေဝင်အချိန်သို့ ရောက်လာသောအခါ...
ကောင်လေး၏ အိမ်သို့ လူအချို့ ရောက်ရှိလာကြလေသည်။