အခန်း (၂၁) - စတင်လိုက်ပြီဖြစ်သော မစ်ရှင်ခရီးစဉ်
ဖုန်းယု နောက်ဆုံးစမ်းသပ်မှုကြီးကို အောင်မြင်ခဲ့တာ ဆယ့်လေးရက်တောင် ရှိသွားခဲ့ပြီဖြစ်သည်။
ဒီနေ့မနက်ခင်းမှာတော့...
ဖုန်းယုတစ်ယောက် တန်ဂျီရိုကို ဓားသိုင်းပညာ စတင်သင်ကြားပေးနေသည်။
မိစ္ဆာနှိမ်နင်းရေးတပ်ဖွဲ့က ပေးအပ်မယ့် မစ်ရှင်တွေကို ထမ်းဆောင်ဖို့အတွက် သူဒီနေရာကနေ အချိန်အတော်ကြာ ထွက်ခွာသွားရတော့မယ်ဆိုတာကို သူသိနေခဲ့သည်လေ။ အဲ့ဒီအချိန်ကျမှ ပြန်လာချင်တယ်ဆိုရင်တောင် အချိန်ရနိုင်တော့မှာ မဟုတ်ဘူး။
ဖုန်းယုအနေဖြင့် ဇာတ်လိုက်ဖြစ်သူ တန်ဂျီရိုအပေါ် အမြင်ကောင်းရှိနေဆဲပင်။ တချို့ကိစ္စတွေမှာ အရမ်းကို ဖြူစင်လွန်းအားကြီးနေပေမယ့်လည်း လူဆိုတာ ကိုယ်ပိုင်စရိုက်လေးတွေတော့ ရှိကြစမြဲပဲမဟုတ်လား။
ဖုန်းယုလည်း အဲ့ဒါကို သိပ်ပြီးခေါင်းထဲမထည့်တော့ဘဲ စီနီယာအစ်ကိုတစ်ယောက်ရဲ့ တာဝန်ကိုသာ ကျေပွန်အောင် ထမ်းဆောင်ပေးလိုက်သည်။ ဒါက ဆရာ ယူရိုကိုဒါကီ ဆာကွန်ဂျီရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို တစ်ထောင့်တစ်နေရာကနေ ကူညီမျှဝေပေးလိုက်တာနဲ့လည်း အတူတူပင်ဖြစ်သည်။
"တန်ဂျီရို၊ မင်း အားပြုတဲ့နေရာ မှားနေတယ်။ ဓားကိုကိုင်ထားတဲ့နေရာမှာ ဒီလိုမျိုး ဖြစ်နေရမှာ..."
"မတ်တတ်ရပ်တဲ့ ကိုယ်နေဟန်ထားကလည်း မှားနေတယ်။ အောက်ပိုင်းက မငြိမ်ဘူး၊ အားမပါဘူး။ ပြီးတော့ ကျောကို မတ်မတ်ထား..."
"တုံးလုံးလိုက်တာကွာ။ ငါ့ကို ကြည့်စမ်း၊ ငါ အားပြုလိုက်တဲ့ နေရာကို သေချာဖမ်းကြည့်..."
ဖုန်းယုက တန်ဂျီရိုရဲ့ ကိုယ်နေဟန်ထားကို ခဏလောက် ပြင်ပေးပြီးနောက် တန်ဂျီရိုကို ပြန်လည်ချိန်ညှိစေခဲ့သည်။ တန်ဂျီရိုအတွက် သရုပ်ပြရင်းနဲ့ တန်ဂျီရိုရဲ့ အမှားတွေကို သူတွေ့ရှိသွားခဲ့သည်။
"လူတစ်ယောက်ကို စာသင်ပေးရတာ ဒီလောက်တောင် ပင်ပန်းမယ်လို့ ငါ မထင်ထားခဲ့မိဘူး..."
"ပြီးတော့ သူ့ကို သင်ပေးလေလေ၊ ဒေါသထွက်ဖို့ကောင်းလေလေပဲ။ ငါ့လက်နဲ့သာ ကောက်ထိုးပစ်လိုက်ချင်တော့တယ်..."
တန်ဂျီရိုရဲ့ လှုပ်ရှားမှုတွေ ထပ်မှားနေပြန်တာကို မြင်လိုက်ရတဲ့အခါ ဖုန်းယုရဲ့ နဖူးပေါ်မှာ သွေးကြောတွေ ထောင်ထလာပြီး မျက်နှာအမူအရာကလည်း ကြမ်းတမ်းလာတော့သည်။
"အရိုက်ခံရတာက သိပ်တော့ဆိုးမယ့်ပုံ မပေါ်ပါဘူး။ မှတ်ဉာဏ်ပိုကောင်းသွားအောင်လည်း လုပ်ပေးနိုင်တာပဲ။ ဒါ့အပြင် ဆရာ လိမ်းပေးမယ့် ဆေးနဲ့ဆိုရင် သူ မြန်မြန်သက်သာသွားမှာပါ..."
"ဒါပေမယ့် ဆရာ ယူရိုကိုဒါကီက..."
ဖုန်းယု ခေါင်းလှည့်ပြီး ယူရိုကိုဒါကီ ဆာကွန်ဂျီကို လှမ်းကြည့်လိုက်သည်။ ယူရိုကိုဒါကီ ဆာကွန်ဂျီကလည်း ဖုန်းယု ဘာတွေးနေတယ်ဆိုတာကို သိနေသည့်အတွက် ကူကယ်ရာမဲ့စွာဖြင့် တန်ဂျီရိုကို တစ်ချက်လှမ်းကြည့်လိုက်ကာ သက်ပြင်းချလိုက်ပြီး ဘာမှမမြင်လိုက်ရသလိုမျိုး ဟန်ဆောင်နေလိုက်တော့သည်။
ဒါပေမယ့် စိတ်ထဲမှာတော့ တွေးနေမိသည်။ 'နောက်ဆုံးတော့ လေ့ကျင့်ပေးတဲ့သူတစ်ယောက်ရဲ့ ပင်ပန်းဆင်းရဲမှုကို နားလည်ပေးမယ့်သူ ပေါ်လာခဲ့ပြီပဲ...'
ဖုန်းယု ဒါကိုမြင်တော့ သူ့မျက်နှာပေါ်က အမူအရာက ပိုပိုပြီး ကြမ်းတမ်းလာတော့သည်။
လေ့ကျင့်နေတဲ့ တန်ဂျီရိုတစ်ယောက် ကျောချမ်းသွားပြီး မတုန်ယင်ဘဲ မနေနိုင်တော့ပေ။
"အန္တရာယ်... အန္တရာယ်တော့ အနံ့ရနေပြီ..."
တန်ဂျီရိုက သတိထားပြီး ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ပေမယ့် လက်ထဲမှာ တုတ်တစ်ချောင်းကိုင်ပြီး ပြုံးရွှင်စွာ လျှောက်လာနေတဲ့ ဖုန်းယုကိုသာ မြင်လိုက်ရသည်။
"ဖုန်း... စီနီယာအစ်ကို ဖုန်းယု... အစ်ကို... ဘာလုပ်မလို့လဲ..."
ဖုန်းယုရဲ့ အပြုံးနောက်ကွယ်မှာ ဓားတစ်လက် ပုန်းကွယ်နေတယ်ဆိုတာကို တန်ဂျီရို အာရုံခံမိသွားသလိုမျိုး မေးလိုက်မိသည်။
"ဂျူနီယာညီလေး တန်ဂျီရို၊ ဒါ ငါ့အမှားမဟုတ်ဘူးနော်။ ငါတုန်းကလည်း အစပိုင်းမှာ ဒီလိုပဲ ဖြတ်သန်းခဲ့ရလို့ အရမ်းကို တိုးတက်လာခဲ့တာလေ... ဟဲဟဲဟဲဟဲ..."
ဖုန်းယု သူ့ဆီ တဖြည်းဖြည်း နီးကပ်လာတာကို မြင်တော့ သူက အော်ဟစ်လိုက်သည်။ "ဆရာ ယူရိုကိုဒါကီ၊ ကယ်ပါဦး! စီနီယာအစ်ကို ဖုန်းယု လူသတ်တော့မယ်!"
"ဟေ့ ဟေ့ ဟေ့၊ အော်လိုက်စမ်း၊ လည်ချောင်းကွဲသွားအောင် အော်လည်း မင်းကို ဘယ်သူမှ လာကယ်မှာ မဟုတ်ဘူး။ လိမ္မာတယ်နော်၊ စီနီယာအစ်ကိုက မင်းအကျိုးအတွက် လုပ်ပေးနေတာ။ ပြီးတော့ ဒါက ငါတို့ဂိုဏ်းရဲ့ စည်းကမ်းပဲ..."
တန်ဂျီရို အသနားခံနေတာကို မြင်တော့ ဖုန်းယု စိတ်ထဲ တော်တော်လေး ကျေနပ်သွားပေမယ့်လည်း တန်ဂျီရိုကို အလွယ်တကူတော့ အပြစ်ပေးရတာကနေ လွှတ်ပေးမှာ မဟုတ်ပါဘူး။
ဒီလိုနဲ့ပဲ... နေ့တစ်ဝက်လုံးလုံး...
ဆာမာဂီရိတောင် တစ်တောင်လုံး တန်ဂျီရိုရဲ့ အော်ဟစ်သံတွေ လွှမ်းမိုးသွားတော့သည်။ သစ်သားအိမ်လေးထဲမှာ ရှိနေတဲ့ ယူရိုကိုဒါကီ ဆာကွန်ဂျီကတော့ ဂွမ်းစလေးတွေကိုယူပြီး သူ့နားထဲ ဆို့ထားလိုက်ရုံသာ။
သူက "ငါ ဘာမှမကြားဘူး၊ ဘာမှမမြင်ဘူး..." လို့သာ တတွတ်တွတ် ရွတ်ဆိုနေလေသည်။
ဒါပေမယ့် နေ့တစ်ဝက်လောက် နှိပ်စက်ခံရပြီးတဲ့နောက် ရလဒ်ကတော့ အရမ်းကို ကောင်းမွန်သွားခဲ့သည်။ တန်ဂျီရိုတစ်ယောက် လေ့ကျင့်ရေးမှာ ပိုပြီး အာရုံစိုက်လာကာ သူ့ရဲ့ အာရုံစူးစိုက်မှုကလည်း ထက်မြက်လာတာကို မြင်တွေ့လိုက်ရသည်။
"အင်း၊ ဒါမျိုးမှပေါ့။ ဂျူနီယာညီလေး၊ မင်း ဒီလိုမျိုး အစကတည်းက လုပ်ခဲ့ရင် ပိုကောင်းမယ်လေ။ မင်းက အစ်ကို့ကို ဒီလိုလုပ်ရက်အောင် ဖန်တီးတာပဲ။ မင်းခန္ဓာကိုယ်ပေါ်က နီရဲဖူးယောင်နေတဲ့ ဒဏ်ရာတွေကို ကြည့်ပါဦး။ စီနီယာအစ်ကိုတောင် နည်းနည်း စိတ်မကောင်းဖြစ်သွားပြီ။"
ဖုန်းယုက ပြုံးလျက် ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်၊ လတ်တလော ဆရာ သင်ပေးခဲ့တုန်းကလည်း ဒီလိုပါပဲ။ တုတ်အောက်ကနေ ပါရမီရှင်တွေ ထွက်ပေါ်လာတာလေ။ မင်းမှာက ငါ့လို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ကောင်းကင်ဘုံထိ တက်လှမ်းနိုင်တဲ့ ရွှေလက်ချောင်း (Golden Finger - စနစ်တစ်ခု ပိုင်ဆိုင်ထားခြင်း) မျိုးမှ မရှိတာ။ ငါသာ အဲ့ဒီ ရွှေလက်ချောင်း မရှိခဲ့ဘူးဆိုရင် အခု မင်းလိုမျိုးပဲ အနှိပ်စက်ခံရမှာ သေချာတယ်။ ဒါပေမယ့် ငါ ဘာမှ ညည်းညူမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒါက အန္တရာယ်တွေ ပြည့်နှက်နေတဲ့ လောကကြီးလေ..."
ဖုန်းယု သက်ပြင်းတစ်ချက် ချလိုက်သည်။
တိုက်ခိုက်မှုက နည်းနည်းကြမ်းတမ်းတယ်ဆိုပေမယ့် ရလဒ်ကတော့ အရမ်းကောင်းပါတယ်။ အနာဂတ်မှာ တန်ဂျီရို မစ်ရှင်တွေထွက်တဲ့အခါ အန္တရာယ်နဲ့ ရင်ဆိုင်ရမယ့်အစား အခုအချိန်မှာ သူ့ကို ပိုသန်မာအောင် လုပ်ပေးလိုက်တာက အဲ့ဒီ အစွမ်းထက်တဲ့ မိစ္ဆာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဒဏ်ရာရတာ သက်သာစေမှာပါ။
သူ အရင်ဘဝက အန်နီမေးရှင်း ကြည့်ခဲ့တုန်းက၊ တန်ဂျီရို မစ်ရှင်တစ်ခု ထွက်သွားတိုင်း ဒဏ်ရာတွေ အမြဲရလာတတ်သည်။ ဒါ့အပြင် သူ့ခန္ဓာကိုယ်က ဒဏ်ရာတွေ မကျက်သေးခင်မှာတင် နောက်ထပ် မစ်ရှင်တစ်ခုကို ထပ်သွားရပြန်တော့ အနာပေါ် ဒုတ်ကျ၊ ဒဏ်ရာတွေအပေါ် ဒဏ်ရာတွေ ထပ်ဆင့်လာတတ်သည်။ နတ်ဘုရားမကြီးကိုယ်တိုင်တောင်ဆင်းလာပြီးကုသရင်ေတာင် သူ့ရဲ့ အတွင်းဒဏ်ရာတွေကိုမနည်းပျောက် အောင်ကုသရမှာပဲ။
"တန်ဂျီရို၊ မင်း ငါ့ကို အပြစ်တင်နေလား?"
ဖုန်းယုက ခပ်ပြတ်ပြတ် အော်မေးလိုက်သည်။
"စီနီယာအစ်ကို၊ ကျွန်တော် အစ်ကို့ကို အပြစ်မတင်ပါဘူး။ အစ်ကို ကျွန်တော့်အကျိုးအတွက် လုပ်ပေးနေတယ်ဆိုတာ ကျွန်တော် သိပါတယ်..."
တန်ဂျီရိုက အမောတကောဖြင့် ဖြေလိုက်သည်။
"အရမ်းကောင်းတယ်၊ တန်ဂျီရို။ လာမယ့်ရက်တွေမှာ မင်း မှတ်ထားရမှာက ဒီနေရာမှာ မင်း ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရပါစေ မင်းအသက် မသေနိုင်ဘူး။ ဒါပေမယ့် မင်း ဒီနေရာကနေ ထွက်သွားတဲ့အခါ မင်းရဲ့ ခွန်အားက မိစ္ဆာတွေထက် နိမ့်ကျနေသရွေ့ ဒါမှမဟုတ် မင်း လှုပ်ရှားမှုတစ်ခု မှားယွင်းသွားတာနဲ့ မင်းရဲ့အသက်ကို သူတို့က နုတ်ယူသွားလိမ့်မယ်!"
"မင်း ညီမလေးအကြောင်းနဲ့ မင်း ဘာကို မျှော်လင့်ထားလဲဆိုတာကို အမြဲစဉ်းစားရမယ်!"
ဖုန်းယုရဲ့ စကားတွေကို ကြားတော့ တန်ဂျီရိုက အတွေးနက်သွားသည်။
"ကျွန်တော့်ရဲ့ ဆန္ဒ... ကျွန်တော့်ရဲ့ ဆန္ဒက... နဲဇူကို လူသားပြန်ဖြစ်လာဖို့ပဲ!"
"ဟုတ်တယ်၊ ကျွန်တော့်ရဲ့ မျှော်လင့်ချက်က နဲဇူကို လူသားအဖြစ် ပြန်လည်ရောက်ရှိဖို့ပဲ!"
တန်ဂျီရို အော်ဟစ်လိုက်သည်။
"အရမ်းကောင်းတယ်၊ မင်း ဒီမျှော်လင့်ချက်ကို အမြဲတမ်း မှတ်ထားရမယ်။ ဒါပေမယ့် အခုအချိန်မှာ မင်းက အရမ်းကို အားနည်းနေသေးတယ်။ ဒါကြောင့် မင်းကိုယ်မင်း တင်းကျပ်ထားရမယ်၊ ကိုယ့်ကိုယ်ကိုယ် ပြတ်သားရက်စက်ရမယ်။ မဟုတ်ရင် မင်းညီမလေး လူသားပြန်ဖြစ်လာမယ့် နေ့ကို မင်း မြင်တွေ့ခွင့်ရတော့မှာ မဟုတ်ဘူး။"
"နားလည်လား?" ဖုန်းယုက ပြောလိုက်သည်။
"နားလည်ပါပြီ!"
တန်ဂျီရိုက အော်ပြောလိုက်သည်။ ဒီရက်ပိုင်းတွေအတွင်း ဖုန်းယု ပြန်ရောက်လာကတည်းက ယူရိုကိုဒါကီ ဆာကွန်ဂျီရဲ့ အာရုံစိုက်မှုတွေက ဖုန်းယုအပေါ်မှာပဲ ရောက်နေခဲ့တာမို့ သူလည်း လေ့ကျင့်ရေးမှာ နည်းနည်း ပျင်းရိမိနေခဲ့တာဖြစ်သည်။
အခုအချိန်မှာတော့ တန်ဂျီရိုလည်း နည်းနည်း ရှက်သွားကာ သွားကိုကြိတ်ပြီး ပိုမို ကြိုးကြိုးစားစား လေ့ကျင့်တော့သည်။ ဖုန်းယုက တန်ဂျီရို ဒီလိုဖြစ်နေတာကို မြင်တော့ သူ့မူလပုံစံအတိုင်း ပြန်ဖြစ်သွားပြီဆိုတာကို နားလည်လိုက်သည်။
ထို့နောက် သူ အခန်းထဲဝင်သွားပြီး ယူရိုကိုဒါကီ ဆာကွန်ဂျီဘေးမှာ တင်ပျဉ်ခွေ ထိုင်လိုက်သည်။
"တန်ဂျီရို၊ ဒီကောင်လေးက ဒီရက်ပိုင်း တကယ်ကို နည်းနည်း ပျင်းနေခဲ့တာ။"
"မင်း ကောင်းကောင်း လုပ်ပေးခဲ့ပါတယ်..."
ယူရိုကိုဒါကီ ဆာကွန်ဂျီက စကားစလိုက်သည်။
"အင်းပါ၊ ဒါက ကျွန်တော် မစ်ရှင်မထွက်ခင် ဆရာ့အတွက် တစ်ခုခု လုပ်ပေးခဲ့တယ်လို့ပဲ မှတ်ယူလိုက်ပါ..."
ဖုန်းယုက ပြန်ဖြေလိုက်သည်။
"မိစ္ဆာကို ခေါ်ဆောင်သွားတဲ့ မိစ္ဆာမုဆိုးတစ်ယောက်ကတော့ လမ်းခရီးတစ်လျှောက်မှာ သေချာပေါက် အန္တရာယ်တွေနဲ့ ကြုံတွေ့ရမှာဖြစ်သလို အသိအမှတ်ပြုခံရမှာလည်း မဟုတ်ဘူး။ ဖုန်းယု၊ အဲ့ဒီအချိန်ရောက်လာခဲ့ရင် မင်း သူ့ကို ကူညီပေးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ဒီ စိတ်ထားကောင်းတဲ့ ကလေးလေးကို သူ့ရဲ့ စိတ်ရင်းအမှန်တွေ ပျောက်ဆုံးမသွားအောင် ကူညီပေးပါ..."
"ကျွန်တော် ကူညီမှာပါ၊ ဆရာ ယူရိုကိုဒါကီ။"
ဖုန်းယုက အပြင်ဘက်မှာ ကြိုးကြိုးစားစား လေ့ကျင့်နေတဲ့ ပုံရိပ်လေးကို လှမ်းကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
"ကောင်းတယ်၊ ကောင်းတယ်ကွာ..."
ယူရိုကိုဒါကီ ဆာကွန်ဂျီက သက်ပြင်းချလိုက်သည်။
ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်လုံး တိတ်ဆိတ်သွားကြတော့သည်။
အဲ့ဒီအချိန်မှာတင်
"အာ... အာ..."
ကျီးကန်းအော်သံ ထွက်ပေါ်လာသည်။ ထို့နောက်မှာတော့ ဆက်သွယ်ရေးကျီးကန်းလေး ရှောင်ဟေးက သစ်သားအိမ်လေးထဲကို ပျံသန်းဝင်ရောက်လာပြီး ဖုန်းယုကို အော်ပြောတော့သည်။
"နာကာဂါဝါ ဖုန်းယု၊ အရှေ့တောင်ဘက်က မြို့ငယ်လေးဆီကို သွားဖို့ အခု အမိန့်ပေးလိုက်တယ်။ အဲ့ဒီမှာ လူတွေ ပျောက်ဆုံးနေတယ်။ နေ့တိုင်း လူတွေ ပျောက်နေတာပဲ။ မြို့ငယ်လေးထဲမှာ ပုန်းအောင်းနေတဲ့ မိစ္ဆာတွေကို ရှာဖွေပြီး သုတ်သင်ရှင်းလင်းပါ။ နာကာဂါဝါ ဖုန်းယု၊ သတိထားပါ!"
"ဒါက မိစ္ဆာမုဆိုးတစ်ယောက်အနေနဲ့ မင်းရဲ့ ပထမဆုံးအလုပ်ပဲ!"
ဖုန်းယုက ခေါင်းညိတ်လိုက်ပြီး သူ့လက်ထဲက နီချီရင်ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သို့သော် ယူရိုကိုဒါကီ ဆာကွန်ဂျီကတော့ တိတ်ဆိတ်နေဆဲပင်။
ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ၊ ဖုန်းယုရဲ့ စနစ်ဆီမှ အသံတစ်သံ ထွက်ပေါ်လာတော့သည်။