အခန်း ၂ - အလုပ်အကိုင်
နောက်တစ်နေ့ နံနက်စောစောတွင် ဖုန်းယုသည် သူ့ဘာသာ ရိုးရှင်းသော နံနက်စာတစ်နပ်ကို ပြင်ဆင်ချက်ပြုတ်လိုက်သည်။
သို့သော် မကြာမီမှာပင် ကြီးမားသည့် ကိစ္စကြီးတစ်ခုကို သူ ရှာဖွေတွေ့ရှိသွားသည်။ အိမ်ရှိ ဆန်အိုးထဲမှ ဆန်များ အခိုးခံလိုက်ရခြင်းပင်။
ဟုတ်ပါသည်၊ ဤခေတ်အခါက ကျေးလက်ဒေသတွင် ပိုးမွှားများနှင့် ကြွက်များ သောင်းကျန်းလေ့ရှိသည်။ ညတွင်းချင်းမှာပင် သူ၏ ဆန်အိုးကို ကြွက်များ ဖျက်ဆီးသွားကြောင်း ဖုန်းယု တွေ့လိုက်ရသည်။
"ကျစ်... ဒီခွေးကြွက်တွေက ငါ့ဆန်ကို ခိုးစားရုံတင်မကဘူး၊ အပေါ်မှာ ချီးပါ ပါချသွားသေးတယ်။ ရွံစရာကောင်းလိုက်တာ..."
ဆန်အိုးထဲရှိ အမည်းရောင် အခဲပျော့ပျော့ (ကြွက်ချေး) များကို ကြည့်ကာ ဒီကြွက်ကို မရရအောင် ဖမ်းမည်ဟု ဖုန်းယု တိတ်တဆိတ် ကြုံးဝါးလိုက်သည်။ သို့သော် ဒီအိမ်မှာ ကြောင်တစ်ကောင်မှ မရှိသလို၊ တစ်ရွာလုံးမှာမှ ကြောင်ဆိုလို့ တစ်ကောင်နှစ်ကောင်တောင် မရှိပေ။
"ဟူး... ငါ့ဘဝက ဘာလို့ ဒီလောက်တောင် သနားစရာ ကောင်းနေရတာလဲ။ အခြား ကူးပြောင်းလာတဲ့ လူတွေလို အထာကျကျ မမိုက်နိုင်ရင်တောင်မှ၊ ဆန်တစ်အိုးအတွက်နဲ့တော့ ခါးကျိုးခံပြီး အလုပ်မလုပ်ရပါစေနဲ့..."
"ငါ တကယ်ကို သနားစရာကောင်းတဲ့ ကောင်ပဲ..."
"စနစ်ကြီးရေ... မင်းက ငါ့ကို ဒုက္ခပေးဖို့ သက်သက် ပေါ်လာတာလား..."
ညည်းတွားနေသော ဖုန်းယုသည် ယခင်ဘဝက နာမည်ကြီး ဆိုရိုးစကားတစ်ခုကို ရုတ်တရက် သတိရသွားသည်။
"ကောင်းကင်ဘုံက လူတစ်ယောက်ကို ကြီးမားတဲ့ တာဝန်ပေးအပ်တော့မယ်ဆိုရင် သူ့ရဲ့ စိတ်နှလုံးကို အရင်ဆုံး ဒုက္ခပေးမယ်၊ ကြွက်သားနဲ့ အရိုးအဆစ်တွေကို ပင်ပန်းစေမယ်၊ အစာငတ်ပြတ်စေမယ်၊ ခန္ဓာကိုယ်ကို ပင်ပန်းနွမ်းနယ်စေပြီး သူလုပ်သမျှကို လွဲချော်စေလိမ့်မယ်..."
ဆန်အိုးထဲက ကြွက်ချေးများကို ကြည့်ကာ စိတ်ပျက်မိသော်လည်း၊ ဖုန်းယုသည် သည်းခံကာ ညစ်ပတ်နေသော ဆန်များကို ဖယ်ထုတ်လိုက်သည်။ ထို့နောက် ဆန်ပြုတ်တစ်အိုးကို ဖြစ်သလို တည်လိုက်ပြီး ဟင်းသီးဟင်းရွက် အနည်းငယ် ခူးကာ မြန်မြန်ဆန်ဆန်ပင် နံနက်စာကို ပြီးမြောက်စေလိုက်သည်။
"ပထမဆုံးအနေနဲ့ ဒီကြွက်စုတ်ကို ဖမ်းရမယ်။ ဒုတိယကတော့ လတ်တလော နေထိုင်စားသောက်ရေး ပြဿနာကို ဖြေရှင်းရမယ်"
ပထမကိစ္စက ဖုန်းယုအတွက် သေးငယ်သော ကိစ္စတစ်ခုလို ထင်ရသော်လည်း၊ ဒုတိယကိစ္စကတော့ အရေးအကြီးဆုံး ဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် သူ့မှာ ယခုအခါ ဝင်ငွေရလမ်း မရှိတော့ပေ။ မူလမိဘများ ချန်ထားရစ်ခဲ့သည့် စုဆောင်းငွေလေးများအပေါ်တွင်သာ မှီခိုပြီး အသက်ဆက်နေရသော်လည်း ထိုငွေများက အလွန်နည်းပါးလွန်းလှသဖြင့် မကြာမီ ကုန်ဆုံးသွားတော့မည် ဖြစ်သည်။
ဖုန်းယုသည် လက်ထဲရှိ သနားစရာကောင်းလှသော ငွေကြေးပမာဏနှင့် အိမ်ရှိ စားစရာများကို ကြည့်ကာ အိမ်နီးချင်းများထံမှ အကူအညီတောင်းလျှင် ကောင်းမလားဟု တွေးတောနေမိသည်။
ဖုန်းယုတစ်ယောက် ဓားရေးလေ့ကျင့်နေရင်း အိမ်နီးချင်းကို ဘယ်လို စကားစရမလဲဟု စဉ်းစားနေချိန်တွင်၊ သူ၏ အနောက်ဘက်၌ မေးရှုးတစ်ယောက် မေးထောက်ကာ ငေးမောကြည့်နေသည်ကို မသိခဲ့ပေ။ သူမသည် ရံဖန်ရံခါတွင် နီရဲနေသော မျက်နှာလေးကို ကိုင်ကာ ရှက်သွေးဖြာနေပြီး စိတ်ကူးထဲတွင် ဘာတွေများ တွေးနေသည်မသိပေ။
ခဏအကြာတွင်
"အို... ဖေဖေ မှာလိုက်တာကိုတောင် မေ့သွားပါလား ငါ ဘာတွေဖြစ်နေတာလဲ..."
"အစ်ကို ဖုန်းယု... အစ်ကို ဖုန်းယု..."
အသံကြားသောအခါ ဖုန်းယုသည် သူလုပ်နေသည်များကို ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်ကာ "ဘာကိစ္စရှိလို့လဲ ရှောင်မေရှုးလေး" ဟု မေးလိုက်သည်။
"ဒီလိုပါ အစ်ကို ဖုန်းယု၊ ဖေဖေက အစ်ကို့ကို သမီးတို့အိမ် ခေါ်လာခဲ့ဖို့ လွှတ်လိုက်တာပါ။ ကိစ္စလေးတစ်ခု ရှိလို့တဲ့" မေးရှုးက သူမ၏ နီရဲနေသော မျက်နှာလေးကို ပုတ်ရင်း ရှက်ရွံ့စွာ ပြောလိုက်သည်။
"ဟင်? ဦးလေးက ဘာကိစ္စလဲဆိုတာ ပြောလိုက်သေးလား"
"သမီးလည်း မသိဘူး။ ကဲပါ အစ်ကို ဖုန်းယုရယ်... မြန်မြန်သွားရအောင်၊ မဟုတ်ရင် ဖေဖေ စောင့်ရတာကြာလို့ ညီမဖင်ကို ရိုက်လိမ့်မယ်..." ထိုသို့ပြောပြီးနောက် မေးရှုးသည် ဖုန်းယုကို ဆွဲခေါ်ကာ သူမ၏ အိမ်ရှိရာသို့ အမြန်ပြေးသွားလေသည်။
မကြာမီမှာပင် သူတို့နှစ်ဦးသည် မေးရှုးတို့ အိမ်ရှေ့သို့ ရောက်ရှိသွားကြသည်။
မေးရှုး၏ ဖခင်နှင့် မိခင်တို့က သူတို့နှစ်ဦး ရောက်လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ဖုန်းယုကို အိမ်ထဲသို့ အမြန်ခေါ်ဆောင်သွားပြီးနောက်၊ ဖုန်းယုသည်လည်း မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်အတိုင်း ဒူးတုပ်ကာ ယဉ်ကျေးစွာ ဝင်ထိုင်လိုက်သည်။
မေးရှုး၏ မိဘများသည် ကျေးလက်ဒေသက သာမန်ရုပ်ဆင်းသဏ္ဌာန်မျိုး ရှိကြပြီး၊ သူတို့၏ မျက်နှာပေါ်တွင် နေပူမိုးရွာဒဏ် ခံထားရသော အရေးအကြောင်းများ ရှိနေသည်။ သို့သော် ဖုန်းယုကို အံ့ဩစေသည်မှာ မေးရှုး၏ မိခင်ဖြစ်သူက အလွန်နုပျိုနေခြင်းပင်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လယ်ယာအလုပ်ကြမ်းများ မလုပ်ဖူးသည့် အိမ်ရှင်မတစ်ဦးနှင့် တူနေသည်။
မေးရှုး၏ ဖခင်က မေးရှုး၏ မိခင်ကို အလွန်ချစ်မြတ်နိုးကြောင်းကိုလည်း သိသာထင်ရှားစွာ မြင်တွေ့နိုင်သည်။
"ဖုန်းယုရေ၊ မင်းမိဘတွေ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရပြီး မင်းမိသားစုမှာလည်း လက်ရှိ ဝင်ငွေရလမ်း မရှိတော့ဘူးဆိုတော့၊ ဦးလေး အများကြီး စဉ်းစားပြီးတဲ့နောက် မင်းအတွက် အလုပ်တစ်ခု ရှာပေးထားတယ်။ မင်းရဲ့ စားဝတ်နေရေးအတွက်တော့ အတော်အသင့် အထောက်အကူ ဖြစ်စေမှာပါ။ မင်း ဘယ်လိုသဘောရလဲ..."
ဖုန်းယု ထိုစကားကို ကြားသောအခါ 'ကဲ... ဒုတိယမြောက် ရည်မှန်းချက်တော့ အောင်မြင်တော့မယ်' ဟု စိတ်ထဲမှ တွေးလိုက်ပြီး မြန်မြန်ဆန်ဆန်ပင် ပြန်ပြောလိုက်သည်။ "ဦးလေး... ကျေးဇူးတင်ပါတယ်ဗျာ။ ဖေဖေနဲ့ မေမေ ဆုံးပါးသွားကတည်းက ဦးလေးနဲ့ အဒေါ်တို့ကပဲ ကျွန်တော့်ကို ဂရုစိုက်ပေးခဲ့ကြတာ။ ကျွန်တော် တကယ်ကို ကျေးဇူးတင်လှပါပြီ။ အခုလည်း အလုပ်အကိုင်ပါ ရှာပေးတယ်ဆိုတော့ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူး..."
ဖုန်းယုသည် သူ၏ အဆင့်မမီသော သရုပ်ဆောင်စွမ်းရည်ကို အသုံးပြုကာ မျက်ရည်အနည်းငယ် ညှစ်ထုတ်လိုက်ပြီး ကျွန်းနိုင်ငံငယ်လေး (ဂျပန်) ၏ ထူးခြားလှသော ကျေးဇူးတင်ခြင်း ဓလေ့ထုံးစံအတိုင်း ဦးညွှတ်အရိုအသေပေးလိုက်သည်။
သူ သရုပ်ဆောင်နေခြင်း ဖြစ်သော်လည်း၊ သူ့အပေါ် ဤမျှ ကောင်းမွန်စွာ ဆက်ဆံပေးသော ဤမိသားစုကို ရင်ထဲမှ အမှန်တကယ် ကျေးဇူးတင်နေမိသည်။ နောင်တစ်ချိန် သူ ပိုမို အင်အားကြီးမားလာသောအခါ မေးရှုးတို့ မိသားစုကို သေချာပေါက် ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးမည်ဟု တွေးထားလိုက်သည်။
"လိမ္မာလိုက်တဲ့ ကလေးလေး၊ ဒီလိုတွေ လုပ်နေစရာ မလိုပါဘူးကွာ။ ကဲ... ဒီအလုပ်က ဘယ်လိုမျိုးလဲဆိုတာ ဦးလေး အရင်ပြောပြမယ်..."
ခဏကြာပြီးနောက် ဖုန်းယုသည် ထိုအလုပ်က မည်သို့သော အလုပ်မျိုးဖြစ်ကြောင်း နားလည်သွားသည်။ အမှန်တော့ မေးရှုး၏ ဖခင်နောက်သို့ လိုက်ကာ တစ်ရွာလုံးမှ ထွက်ရှိသော စားနပ်ရိက္ခာများကို မြို့ပေါ်ရှိ ကုန်သည်များထံ ရောင်းချရန်အတွက် သွားရောက်ပို့ဆောင်ရခြင်းဖြစ်ပြီး၊ လုပ်အားခအနေဖြင့် ငွေအနည်းငယ် ရရှိမည်ဖြစ်သည်။
ယခင်က ဤအလုပ်ကို ဖုန်းယု၏ မိဘရင်းနှင့် မေရှုး၏ ဖခင်တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ဖုန်းယု၏ ဖခင် ကွယ်လွန်သွားပြီဖြစ်ရာ မေရှုး၏ ဖခင်က ရွာသူရွာသားများနှင့် တိုင်ပင်ကာ ဤအလုပ်ကို ဖုန်းယုအား ဆက်ခံခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဤအလုပ်သည် တစ်ပတ်လျှင် တစ်ရက်သာ အသွားအပြန် ခရီးစဉ် သွားရန်လိုအပ်ကြောင်းလည်း ဖုန်းယုကို ပြောပြခဲ့သည်။
ဤစကားကို ကြားသောအခါ ဖုန်းယု ချက်ချင်းပင် ဝမ်းသာသွားသည်။ ဤသို့ဆိုလျှင် ဓားဝှေ့ယမ်းလေ့ကျင့်ရန်အတွက်ရော အလုပ်လုပ်ရန်အတွက်ပါ အချိန်ကိုက်ပင် ဖြစ်သည်။
ဖုန်းယုက ချက်ချင်းပင် သဘောတူလိုက်သည်။ မနက်ဖြန်သည် ယခုအပတ်အတွက် ပထမဆုံး ပစ္စည်းသွားပို့ရမည့်နေ့ဖြစ်သည်။ ဦးလေးဖြစ်သူက မနက်ဖြန် ခရီးမထွက်မီ ဖုန်းယုကို အိမ်ပြန်ကာ လိုအပ်သည်များ ပြင်ဆင်ထားရန် ပြောလိုက်သည်။
ဖုန်းယုသည် မေရှုး၏ မိသားစုကို ကျေးဇူးတင်စကား ပြောကြားပြီးနောက်၊ နောက်သို့လှည့်ကာ သူ၏ ဆန်အိုးကို ကြွက်များရန်မှ မည်သို့ ကာကွယ်ရမည်ကို မေးရှုး၏ ဖခင်ထံ မေးမြန်းလိုက်သည်။
မေးရှုး၏ ဖခင်ကလည်း ဘာကိုမှ ဖုံးကွယ်မထားဘဲ ဖုန်းယု၏ အိမ်သို့ တိုက်ရိုက်လိုက်သွားကာ ကြွက်ထောင်ချောက် အချို့ကို ပြုလုပ်ပေးခဲ့သည်။ ထို့အပြင် ကြွက်သားသည် အလွန်အရသာရှိသော ဟင်းတစ်ခွက် ဖြစ်ကြောင်းကိုလည်း ဖုန်းယုအား ပြောပြခဲ့သေးသည်။
ဖုန်းယု - "……"
မေးရှုး၏ အိမ်တွင် အချိန်အနည်းငယ် ကုန်ဆုံးခဲ့သော်လည်း ကျန်ရှိသော တစ်နေ့တာ အချိန်များကို ဓားဝှေ့ယမ်းလေ့ကျင့်ခြင်းဖြင့်သာ ကုန်လွန်စေခဲ့သည်။ သူ၏ ဓားထုတ်မြန်နှုန်းက တဖြည်းဖြည်း ပိုမို မြန်ဆန်လာကြောင်းကို ဖုန်းယု တွေ့ရှိလာရသည်။ တစ်ရက်ခွဲတာ အချိန်အတွင်း သူသည် ဓားဝှေ့ယမ်းမှု အကြိမ်ရေ ၃,၀၀၀ ကျော် ရရှိခဲ့ရာ ယခင်ရက်များကထက် အကြိမ်ရေ ရာဂဏန်းပိုများလာခဲ့သည်။
ဖုန်းယုသည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း သူ၏ စနစ်မျက်နှာပြင်ပေါ်ရှိ ၈,၀၀၀ ကျော်သွားသော ကိန်းဂဏန်းကို ကြည့်ကာ "သေးငယ်တဲ့ ရည်မှန်းချက်လေးအတွက် ကြိုးစားရမယ်... သောင်းဂဏန်းကို ကျော်ရမယ်..." ဟု စိတ်ထဲတွင် တွေးလိုက်လေသည်။