အခန်း ၁ - ဒီစနစ်က စတင်ဖို့ တကယ်ကို ခက်ခဲလွန်းတယ်
"ဓားဝှေ့ယမ်းမှု အကြိမ်ရေ - ၁"
"ဓားဝှေ့ယမ်းမှု အကြိမ်ရေ - ၁"
"ဓားဝှေ့ယမ်းမှု အကြိမ်ရေ - ၁"
…
"ဟေး... ဟား..."
"ဟေး... ဟား..."
…
ရှေးဟောင်း ဂျပန်စတိုင် သစ်သားအိမ်လေးတစ်လုံးရှေ့တွင် အသက်ဆယ့်တစ်နှစ်အရွယ်ခန့်ရှိ ကောင်လေးတစ်ယောက်သည် သစ်သားဓားတစ်လက်ကို ကိုင်ဆောင်ကာ အပြင်းအထန် ဓားဝှေ့ယမ်းလေ့ကျင့်နေသည်။
"အစ်ကို ဖုန်းယု၊ ဘာလုပ်နေတာလဲဟင်"
ဖုန်းယု၏ အနောက်ဘက်ဆီမှ ချိုသာနူးညံ့သော အသံလေးတစ်ခု ထွက်ပေါ်လာရာ၊ သူသည် ဓားဝှေ့ယမ်းနေခြင်းကို ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
"ဟင်.. ရှောင်မေရှုး၊ ဒီကို ဘာလာလုပ်တာလဲ" ဖုန်းယုက အနားသို့ လျှောက်သွားကာ ထိုလော်လီမလေး (လော်လီ - ငယ်ရွယ်ချစ်စရာကောင်းသော ကလေးမလေး) ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
မေရှုးက မျက်လုံးဝိုင်းလေးများဖြင့် ကြည့်ကာ ရှက်သွေးဖြာစွာ ပြောလာသည်။ "အင်း... အမေက အစ်ကို့ဆီကို ထမင်းလာပို့ခိုင်းလို့ပါ..."
ဖုန်းယု ကြည့်လိုက်တော့ သူမ၏ အနောက်ဘက်တွင် ထမင်းဟင်းများ ထည့်ထားသည့် သစ်သားခြင်းတောင်းလေး တစ်လုံးကို တကယ်ပဲ တွေ့လိုက်ရသည်။
ဖုန်းယုက ပြုံးယောင်သန်းသွားပြီး ညင်သာစွာ ပြောလိုက်သည်။ "ကိုယ်တိုင် ပင်ပင်ပန်းပန်း လာပို့ပေးတဲ့အတွက် ကျေးဇူးပါပဲ မေရှုးလေးရယ်"
"အစ်ကို ဖုန်းယု... တကယ်တော့ ဖေဖေနဲ့ မေမေက အစ်ကို့ကို အိမ်မှာ ထမင်းလာစားစေချင်နေတာ..."
မေးရှုးက မျက်နှာလေး ရဲတက်လာကာ ပြောသည်။
ဒီခေတ်က ကလေးတွေဟာ စောစောစီးစီး ရင့်ကျက်ကြပြီး ကိုယ်ပိုင်အသိဉာဏ် ရှိကြသည်။ ရွာထဲကလူတိုင်း ဖုန်းယု၏ မိသားစုအခြေအနေကို သိထားကြသည်။
လွန်ခဲ့သော အချိန်အတန်ကြာက ဖုန်းယု၏ မိဘနှစ်ပါးစလုံး ပျောက်ဆုံးသွားခဲ့သည်။ ကောလာဟလတွေအရတော့ တောင်ပေါ်မှာ ထင်းခုတ်သွားရင်း သားရဲတိရစ္ဆာန်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရသည်ဟု ဆိုကြပြီး ဖုန်းယုတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
ဖုန်းယု၏ မိဘများသည် သက်ရှိထင်ရှားရှိစဉ်က ရွာသူရွာသားများနှင့် အလွန် သင့်မြတ်စွာ နေထိုင်ခဲ့ကြသောကြောင့်၊ သူတို့ ကွယ်လွန်သွားပြီးနောက်ပိုင်းတွင် ရွာသားအချို့က ဖုန်းယုကို မကြာခဏဆိုသလို လာရောက်ကူညီ ထောက်ပံ့ပေးလေ့ရှိသည်။
"အင်း... ကိုယ် နားလည်ပါတယ်။ မေရှုးလေး အရင် ပြန်နှင့်နော်။ ထမင်းချိုင့်ကိုတော့ ကိုယ် နောက်မှ လာပြန်ပေးမယ်"
ဖုန်းယု ခေတ္တမျှ တိတ်ဆိတ်သွားသည်။ တကယ်တော့ သူ့မှာ လျှို့ဝှက်ချက်တစ်ခု ရှိနေသည်။ သူက ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင် မဟုတ်ဘဲ ပြင်ပကနေ ရောက်လာသူ တစ်ဦးသာ ဖြစ်ပြီး မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်အားလုံးကိုလည်း အပြည့်အဝ မရရှိထားပေ။ သူ့ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး သူသိထားတဲ့ အချက်အလက် အများစုက စနစ် (System) ကနေ ပြသပေးနေတဲ့ အခြေအနေတွေပေါ်မှာသာ အခြေခံထားတာဖြစ်သည်။
ယခင်ဘဝက ဖုန်းယုသည် ကျောင်းကနေ လတ်တလော ဘွဲ့ရထားခါစ ကောလိပ်ကျောင်းသား တစ်ယောက်သာ ဖြစ်သည်။ လူ့အဖွဲ့အစည်းရဲ့ အန္တရာယ်တွေကို ကောင်းကောင်း သဘောမပေါက်သေးခင်မှာပဲ၊ ကျွန်းနိုင်ငံငယ်လေးနဲ့ တရုတ်နိုင်ငံတို့မှာ အလွန်ရေပန်းစားလှတဲ့၊ ခြေလှမ်းတစ်လှမ်းမှားတိုင်း လူသေနိုင်တဲ့ ဒီ အန်နီမေးရှင်းကမ္ဘာထဲကို ရောက်လာခဲ့ခြင်း ဖြစ်သည်။
(T/N : ကျွန်းနိုင်ငံငယ်လေး ဆိုတာ 'ဂျပန်'ကိုပြောတာပါ)
ယခင်ဘဝက သူများတွေလို အစပျိုးမှာတင် ကြမ်းတမ်းတဲ့ စနစ်ဆုလာဘ်မျိုး မရှိသလို၊ ထူးခြားတဲ့ နောက်ခံမျိုးလည်း မပါလာခဲ့ပေ။ ပိုဆိုးတာက သူ့ရဲ့ ရွှေလက်ညှိုး (ရွှေလက်ညှိုး - ဇာတ်လိုက်များရရှိလေ့ရှိသော အထူးစွမ်းအား သို့မဟုတ် စနစ်) က အသက်မဝင်သေးဘဲ၊ ၎င်းကို ဖွင့်ရန်အတွက် ဓားကို အကြိမ်ရေ ၁ သန်းတိတိ ဝှေ့ယမ်းရန် လိုအပ်နေသေးခြင်းပင်။
ယခင်ဘဝကတည်းက သူဟာ ပရိသတ်တစ်ဦးဖြစ်ပြီး အကောင်းမြင်တတ်သူတစ်ယောက် ဖြစ်သောကြောင့်၊ မိဘတွေ သေဆုံးသွားခြင်းနဲ့ ပတ်သက်ပြီး ဘာဝမ်းနည်းမှုမှ သိပ်မခံစားရပေ။ ယခုအချိန်တွင် သူ့စိတ်ထဲ၌ ဤကမ္ဘာတွင် ခြေကုပ်ယူနိုင်ရန်အတွက် စနစ်ကို မြန်မြန် ဖွင့်ချင်နေသည့် ဆန္ဒသာ ရှိသည်။
သူ့ယခင်ဘဝက ဒီကမ္ဘာကို "နတ်ဆိုးသတ်ဖြတ်သူ" လို့ ခေါ်ကြမှန်း ဖုန်းယု သိထားသည်။
ထို့အပြင် မိန်းမဝတ်စုံ ဝတ်ရတာကို နှစ်သက်တဲ့ ဘော့စ်ကြီးတစ်ယောက်က နေရာအနှံ့မှာ သူ့ရဲ့ သွေးမျိုးဆက်တွေကို ချန်ထားရစ်ခဲ့ပြီး၊ သူ့ဆီမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ လက်အောက်ငယ်သားတွေ ရှိနေသည်။ သာမန် နတ်ဆိုးတစ်ကောင်ဆိုလျှင်တောင် သူ့ရဲ့ ဒီလို ခန္ဓာကိုယ် သေးသေးလေးနဲ့ ယှဉ်နိုင်မှာ မဟုတ်ပေ...
စနစ်ကို ဖွင့်နိုင်မှသာ သူ ပိုမို အင်အားကြီးလာနိုင်မည်...
ပိုမို အင်အားကြီးလာရန်အတွက်လည်း ဓားကို အကြိမ်ရေ ၁ သန်း ဝှေ့ယမ်းဖို့သာ ရှိတော့သည်။
လတ်တလော ဖုန်းယု ခေါင်းထဲမှာ ဘာတွေ တွေးနေလဲဆိုတာ မေးရှုး မသိပေ။ သို့သော် ဖုန်းယုတစ်ယောက် ဝမ်းနည်းမှုနဲ့ ခိုင်မာပြတ်သားမှုတွေ ရောယှက်နေတဲ့ မျက်နှာထားဖြင့် ငေးမောရပ်နေတာကိုတော့ သူမ မြင်တွေ့နေရသည်။
"အစ်ကို ဖုန်းယု၊ သိပ်အများကြီး တွေးမနေပါနဲ့၊ ညီမ အစ်ကို့အနားမှာ ရှိပါတယ်..."
ထိုသို့ပြောပြီးနောက် သူမ မျက်နှာလေး ရဲတက်သွားကာ ဖုန်းယု၏ လက်များကို ဆုပ်ကိုင်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။
ဖုန်းယုက လော်လီမလေး ရုတ်တရက် အကြောင်းပြချက်မရှိ မျက်နှာတွေနီလာကာ သူ့လက်ကို လာကိုင်ပြီး နားမလည်နိုင်တဲ့ စကားတွေ ပြောနေတာကို ကြည့်ရင်း တစ်ခဏမျှ ဆွံ့အသွားမိသည်။
"ဒီကလေးမလေး ဘာတွေ တွေးနေတာလဲ။ ငါက လော်လီကွန် (လော်လီကွန် - ကလေးမလေးများကိုသာ စိတ်ဝင်စားသူ) မှ မဟုတ်တာ။ ပြီးတော့ မိန်းမတွေက ငါ့ရဲ့ ဓားဝှေ့ယမ်းမှု အမြန်နှုန်းကို ထိခိုက်စေရုံပဲ ရှိမှာ..."
"မဖြစ်ဘူး၊ ငါ ဓားကို တတ်နိုင်သမျှ အကြိမ်ရေ အများကြီး ဝှေ့ယမ်းပြီး စနစ်ကို အမြန်ဆုံး အသက်သွင်းရမယ်။ ပြီးရင် ဒီကနေထွက်ခွာပြီး နတ်ဆိုးတွေကို သတ်နိုင်တဲ့ အသက်ရှူနည်းစနစ်ကို သင်ယူဖို့အတွက် နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ကို ဝင်ခွင့်ရအောင် အခွင့်အရေးရှာရမယ်..."
ဖုန်းယု၏ မျက်ဝန်းများသည် ခိုင်မာပြတ်သားလာသော်လည်း၊ သူ့ဗိုက်ထဲမှ မြည်ဟည်းလာသော အသံရှေ့တွင်တော့ သူ အရှုံးပေးလိုက်ရသည်။
ဖုန်းယုသည် လော်လီမလေး ယူလာပေးသော အစားအစာများကို ဖွင့်ကြည့်လိုက်ရာ ရိုးရှင်းသော ထမင်းဆုပ်လေးသာ ဖြစ်နေသော်လည်း၊ အရသာရှိရှိပင် စားသောက်လိုက်သည်။ သူ တကယ်ပဲ ဗိုက်ဆာနေတာကြောင့်လည်း ဖြစ်နိုင်သလို၊ ခန္ဓာကိုယ်ရဲ့ လိုက်လျောညီထွေဖြစ်အောင် တုံ့ပြန်တဲ့ ဗီဇကြောင့်လည်း ဖြစ်နိုင်သည်။
ဖုန်းယုသည် ထမင်းဆုပ်ကို သုံးလေးလုပ်ဖြင့် မြန်မြန်ဆန်ဆန် စားသောက်ပြီးနောက်၊ လက်ထဲမှ သစ်သားဓားကို ကောက်ကိုင်ကာ ဆက်လက် ဝှေ့ယမ်းလေ့ကျင့်နေတော့သည်။
"အစ်ကို ဖုန်းယုက အရမ်းကြည့်ကောင်းတာပဲ။ ဦးလေးနဲ့ အဒေါ်အတွက် ကလဲ့စားချေဖို့ ဓားရေးကို ဒီလောက်တောင် အပြင်းအထန် လေ့ကျင့်နေတာလား...။ နောင်ကျရင် အစ်ကို ဖုန်းယုကို သေချာ ဂရုစိုက်ပေးရမယ်..."
မေးရှုးသည် ဓားထုတ်လေ့ကျင့်နေသော ဖုန်းယုကို ကြည့်ရင်း တိတ်တဆိတ် တွေးလိုက်သည်။
နေဝင်ဆည်းဆာအချိန်တွင် ကောင်လေးတစ်ယောက်က ဓားဝှေ့ယမ်းလေ့ကျင့်နေပြီး ကောင်မလေးကတော့ ဘေးတွင် ထိုင်ကြည့်နေသည်။
ညဉ့်မိုးချုပ်လာသောအခါ၊ ယခင်ဘဝကလို လျှပ်စစ်မီးများ သို့မဟုတ် အခြားသော ဖျော်ဖြေရေးနည်းလမ်းများ မရှိပေ။ လူတွေက ညစာကို စောစောစားကြပြီး အနားယူကြသည်။
ဖုန်းယုသည်လည်း သစ်သားအိမ်လေးထဲရှိ ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ နွေရာသီ အစပိုင်းဖြစ်သဖြင့် အပြင်ဘက်မှ ပိုးကောင်ငယ်လေးများ၏ အသံများက သိသိသာသာ ဆူညံနေသည်။
တစ်နေ့လုံး ဓားဝှေ့ယမ်းလေ့ကျင့်ပြီးနောက်၊ ဓားဝှေ့ယမ်းမှု အကြိမ်ရေ ၂,၀၀၀ ခန့်သာ စုဆောင်းနိုင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒီခန္ဓာကိုယ်က လူကြီးတစ်ယောက် အရွယ်ရောက်မနေသေးပေ။ ခဏလောက် ဓားဝှေ့ယမ်းလေ့ကျင့်ပြီးတာနဲ့ အနားယူရသောကြောင့် ဓားဝှေ့ယမ်းသည့် အကြိမ်ရေကို သိသိသာသာ နှေးကွေးသွားစေသည်။
ကုတင်ပေါ်တွင် လှဲလျောင်းရင်း လက်မောင်းနှစ်ဖက်လုံးမှ နာကျင်ကိုက်ခဲကာ အားပျော့နေမှုကို ခံစားနေရစဉ်၊ သူသည် စနစ်၏ မျက်နှာပြင်ကို တိတ်တဆိတ် ဖွင့်လိုက်သည်။
စနစ် - သင်သည် ဓားဝှေ့ယမ်းခြင်းဖြင့် ပိုမို အင်အားကြီးမားလာနိုင်သည်
ဖွင့်ရန်လိုအပ်ချက် - ဓားဝှေ့ယမ်းမှု အကြိမ်ရေ ၁ သန်း
ဇာတ်ကောင် - ဖုန်းယု
ဝှေ့ယမ်းမှု အကြိမ်ရေ - ၄၅၃၀
(မိတ်ဆက် - ကြိုးစားလိုက်စမ်းပါ လူငယ်လေး၊ မင်းသာ ဓားဝှေ့ယမ်းမှု အကြိမ်ရေ ၁,၀၀၀,၀၀၀ တိတိ ပြည့်အောင် လုပ်နိုင်ရင် စူပါနတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မယ်)
ရိုးရှင်းလွန်းလှသည့် စနစ်မျက်နှာပြင်ကို ကြည့်ကာ ဖုန်းယု သက်ပြင်းချလိုက်ပြီး၊ ဓားဝှေ့ယမ်းမှု အကြိမ်ရေ ၁ သန်း ပြည့်ရန်အတွက် အချိန် တစ်နှစ်ခန့် ကြာနိုင်မည်ဖြစ်ကြောင်း စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်လိုက်သည်။
"အရမ်း ခက်ခဲလွန်းတယ်..."
ထို့အပြင် မိဘနှစ်ပါးစလုံး ကွယ်လွန်သွားခဲ့ပြီဖြစ်ရာ ဝင်ငွေရလမ်း ပြတ်တောက်သွားပြီး ကိုယ့်ဘာသာကိုယ် ပိုက်ဆံရှာရတော့မည်ဟူသော အသိက ဖုန်းယုကို ခေါင်းခဲစေသည်။
သူ့ယခင်ဘဝက ဖတ်ခဲ့ဖူးသည့် ဇာတ်လိုက်တွေ ဘယ်လို စတင်ခဲ့ကြသလဲ ဆိုတာကို တွေးမိသောအခါ၊ ဖုန်းယုသည် သူ၏ အသုံးမကျလှသော စနစ်ကိုသာ ကျိန်ဆဲမိတော့သည်။
လက်ရှိစနစ်၏ တစ်ခုတည်းသော လုပ်ဆောင်ချက်မှာ ဓားဝှေ့ယမ်းလေ့ကျင့်မှုကြောင့် မည်မျှပင် ပင်ပန်းနေပါစေ၊ နောက်နေ့နံနက်တွင် ခန္ဓာကိုယ် အပြည့်အဝ ပြန်လည် နလန်ထူလာနိုင်ခြင်းပင် ဖြစ်သည်။
ထိုအကြောင်းများကို တွေးတောရင်း သူကိုယ်တိုင်ပင် မသိလိုက်ဘဲ အိပ်မက်ကမ္ဘာထဲသို့ နစ်မြောသွားတော့သည်။