အခန်း (၃၅) အမှိုက်ပြန်လည်စွန့်ပစ်ရေး စခန်းတစ်ခု စတင်ဖွင့်လှစ်ခြင်း
"ဦးလေးလီ ပြန်လာပြီလား"
လီရှစ်ကျန်း အိမ်ပြန်ရောက်ရောက်ချင်းမှာပဲ နောက်ဖေးကနေ ချွေးတွေ ပြန်နေအောင် ပင်ပန်းလာတဲ့ ဇနီးလေး ပြေးလာတာကို တွေ့လိုက်ရတယ်။ သူမ အလုပ်တွေ အများကြီး လုပ်ထားပုံပါပဲ။ ဒါယာကလည်း ကြောင်ပေါက်စလေးလို မျက်နှာလေး ပေပွပြီး ပြေးလာတယ် "ဦးလေးလီ ပြန်လာပြီလား"
"အေး... ပြန်လာပြီ။ နှစ်ယောက်လုံးကို ကြည့်ဦး နည်းနည်းလောက် နားလိုက်ပါလား။ ဘယ်လောက်တောင် ပင်ပန်းနေကြတာလဲ။ ဒီနေ့ ဈေးထဲမှာ အသား မရှိဘူး အရိုး နည်းနည်းပဲ ရခဲ့တယ်။ ဟင်းရည် လုပ်သောက်ကြမယ်။ အာလူးနဲ့ ကန်စွန်းဥလေးတွေ ထည့်လိုက်ရင် တကယ် အရသာ ရှိမှာပါ"
"ဦးလေးလီ ပြောတဲ့အတိုင်းပဲ လုပ်မယ်လေ" လို့ ပြောပြီး သူမက ပစ္စည်းတွေကို လှမ်းယူဖို့ လက်ကမ်းပေးတယ်။
လီရှစ်ကျန်း သူမကို အခန်းထဲ ဆွဲခေါ်သွားပြီး "လက်ဆေးပြီး ခဏလောက် နားဦး။ ပြောစရာ ရှိတယ်" လို့ ပြောလိုက်တယ်။
"ပြောစရာလား ဟုတ်ကဲ့"
လင်ဖုန်းချွီက မျက်နှာသစ်ဖို့ သွားလိုက်ပြီး ဒါယာအတွက်လည်း ရေခပ်ပေးလိုက်တယ်။ ဒါယာက ကိုယ့်ဘာသာ ဆေးတတ်ပြီမို့ သူမ စိတ်မပူတော့ပါ။
"ဒီမှာ ထိုင်။ ပြောပြမယ် ကိုယ် အမှိုက်ကောက်တဲ့ အလုပ် မလုပ်တော့ဘူး ဒီနေ့ ပိုက်ဆံတွေ အကုန် ရှင်းလိုက်ပြီ။ ဒါပေမဲ့ သူတို့က အပိုဆုအနေနဲ့ ရိက္ခာကူပွန် ၂၇ ဂျင်း အသားကူပွန် ၂ ဂျင်း ၇ လျန်နဲ့ ငွေသား ၅၁.၆ ယွမ် ပေးလိုက်တယ်။ ၃၀ ကို သိမ်းထားမယ် ကျန်တဲ့ ၂၁.၆ ထဲကနေ ၅ ယွမ်ကို မင်းရဲ့ ကိုယ်ပိုင် သုံးစရိတ်အဖြစ် ပေးမယ် ၆ မောင်းကို ဒါယာအတွက် သိမ်းထားပြီး ကျန်တဲ့ ၁၆ ယွမ်ကို အိမ်သုံးစရိတ် လုပ်မယ်။ စိတ်မပူနဲ့ နောင်ဆို ပိုက်ဆံ မခက်ခဲတော့ပါဘူး မနက်ဖြန်ကျရင် တခြား အလုပ်ရှာမယ်"
"အင်း ဟုတ်ကဲ့ ရှင် ပြောတဲ့အတိုင်းပဲ လုပ်မယ်။ ဒါပေမဲ့ ဒါက အရမ်း မများသွားဘူးလား။ တစ်လမှာမှ တစ်ဝက်ပဲ ကျန်တော့တာကို ဒီ ၁၆ ယွမ်ကို ယ်နေရာမှာ သုံးရမလဲ"
သူ့ဇနီးလေးက တကယ်ကို လိမ္မာတယ် ပိုက်ဆံတောင် ဘယ်လို သုံးရမှန်း မသိရှာဘူး။ လီရှစ်ကျန်း သူမရဲ့ လက်ကလေးကို ကိုင်ပြီး "မသုံးတတ်ရင် စုထားလိုက်ပေါ့။ ထမင်းချက်ကြမယ်။ ဒါယာ မီးဖိုမှာ မီးမွှေးထား ငါ အရိုးတွေ ခုတ်ပြီး ကန်စွန်းဥတွေ အခွံနွှာလိုက်မယ်"
ဇနီးလေးက ခေါင်းညိတ်လိုက်ပြီး သူမရဲ့ မျက်ဝန်းတွေက လခြမ်းကွေးလေးတွေလို ဖြစ်သွားတယ်။ ဒါကို ကြားတော့ ဒါယာကလည်း "ဟုတ်ကဲ့" လို့ အော်ပြောပြီး ပြေးထွက်သွားတယ်။ ၇ နှစ်ပဲ ရှိသေးတယ်လို့ မထင်လိုက်နဲ့ အိမ်မှုကိစ္စတွေ လုပ်ရင် လူကြီးလေး တစ်ယောက်လိုပဲ။ အရွယ်သေးနေလို့သာ အရပ်ရှည်လာရင် တကယ် အလုပ်ကြိုးစားမယ့်သူ ဖြစ်လာမှာပါ။
အမှိုက်ကောက်တဲ့ အလုပ် မရှိတော့တာမို့ ကိုယ်ပိုင် အမှိုက်ပြန်လည် စွန့်ပစ်ရေး လုပ်ငန်းလေး လုပ်ဖို့ လီရှစ်ကျန်း တွေးမိတယ်။ ဒါရိုက်တာ ဝမ်ဆီကိုလည်း မနက်ဖြန်ကျရင် ပြောရဦးမယ် မဟုတ်ရင် သူက အလုပ်အတွက် ပိုက်ဆံတွေ ဆက်ပေးနေမိမှာ စိုးလို့ပါ။ ၁၈ ယွမ်ဆိုတာ အများကြီး မဟုတ်ပေမဲ့ မိသားစု အတော်များများ အသက်ရှင်ဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ လီရှစ်ကျန်းကတော့ အဲဒီပိုက်ဆံကို ယူရမှာ ရှက်နေတယ်။ ဘာလို့လဲဆိုတော့ သူက တခြားသူတွေထက် အမှိုက်တွေ အများကြီး ပိုကောက်မိနေတာကိုး။ တန်ဖိုးမရှိဘူးလို့ ထင်ရပေမဲ့ သူ့ရဲ့ အာကာသအိတ်ထဲ ရောက်သွားရင်တော့ တစ်ခုခုတော့ ပြန်ရမှာပဲ။ ပြီးတော့ ကိုယ်ပိုင် အမှိုက်ပြန်လည် စွန့်ပစ်ရေး စခန်းလေး တစ်ခု စတင်ဖို့ အချိန်တန်ပြီ။
နာမည်လေး တစ်ခုတော့ စဉ်းစားရဦးမယ်။ ‘[အမှိုက်နှင့် စွန့်ပစ်ပစ္စည်း ပြန်လည် စီစစ်ရေး စခန်း] ဒီနာမည်ဆို လိုက်ဖက်ပါတယ်။ အချိန်တန်ရင် ပတ်ဝန်းကျင်က လူတွေကို သူတို့ အမှိုက်တွေကို ဒီမှာ လာပို့ခိုင်းပြီး သူ ကိုယ်တိုင်ပဲ ရှင်းလင်းပေးမယ်။ တကယ် ပျော်စရာ ကောင်းမှာပဲ မဟုတ်လား။ ဒါပေမဲ့ အမှိုက်ကိစ္စကိုတော့ ခဏ ဆိုင်းငံ့ထားဦးမယ် ဒီနေရာက မြို့လယ်ခေါင်လေ အိမ်ကလည်း နီးနီးလေး။ နွေရာသီမှာ တစ်ရက်လောက် မရှင်းရင် အနံ့က လူတွေ တောင် မနေနိုင်တော့ဘူး။ ဒါကြောင့် [စွန့်ပစ်ပစ္စည်း ပြန်လည် စီစစ်ရေး စခန်း] ဆိုပြီး အရင် စတာ ပိုကောင်းမယ်’
‘မနက်ဖြန်ကျရင် အလုပ်က ထွက်မယ့်အကြောင်း ပြောမယ် ပြီးတော့ အမှိုက်စခန်း ဆိုင်းဘုတ် တပ်ဖို့အတွက် ဒါရိုက်တာ ဝမ်ရဲ့ ခွင့်ပြုချက် လိုတယ်။ ရိက္ခာပြန်လည် စွန့်ပစ်ရေး စခန်းရဲ့ ခွင့်ပြုချက်လည်း လိုသေးတယ်။ မနက်ဖြန် လုပ်စရာတွေ အများကြီးပဲ။ ဒါပေမဲ့ ဒါရိုက်တာ ဝမ်ကတော့ သူ့ရဲ့ အသက်အရွယ်ကြီးရင့်မှုကို ငဲ့ညှာပြီး လိုအပ်တဲ့ အလုပ်တွေကို စီစဉ်ပေးမှာ သေချာပါတယ်။ စောင့်ကြည့်နေလိုက်ပါ’
အရိုးဟင်းရည်က အရမ်း မကောင်းပေမဲ့ အနံ့ရရုံနဲ့တင် စားချင်စိတ် ပေါက်လာစေတယ်။ လီရှစ်ကျန်းက လက်တစ်ဖဝါးလောက် ထူတဲ့ ပြားချပ်ချပ် မုန့်ကြီးတစ်လုံး ယူလာတယ်။ ဟင်းရည် ကျိုပြီးတဲ့အခါ မုန့်ကို ဓားနဲ့ အတုံးသေးသေးလေးတွေ တုံးပြီး ပန်းကန်လုံးထဲ ထည့်လိုက်တယ်။ သိုးဆီနဲ့ လုပ်ထားတဲ့ ငရုတ်သီးဆီလေး နည်းနည်း ထည့်လိုက်တော့ တကယ်ကို အရသာ ရှိလှတယ်။ ဒါယာက စပ်တာ မစားနိုင်ပေမဲ့ ပန်းကန်လုံးလေးနဲ့ နည်းနည်း စားလိုက်တယ်။ ဇနီးငယ်လေးကတော့ စပ်လို့ နှာဖူးမှာ ချွေးတွေ စို့နေတယ်။
စားပြီးတဲ့အခါ လမ်းလျှောက်ပြီး ရေချိုးလိုက်ကြတယ်။ အဲဒါ ဒီခေတ်ရဲ့ ဘဝပါပဲ။ ရေဒီယို မရှိသေးဘူး ရှိရင်တော့ တစ်ခုလောက် ဝယ်ထားမှာ။ သူ့ဇနီးလေးကို စောင်ထဲ ဆွဲဖက်ထားတာ အကျင့်လို ဖြစ်နေပြီ။ လင်ဖုန်းချွီလည်း အရင်ကလို မကြောက်တော့သလို တစ်လကျော်လောက် အရေပြားကို ပြုစုပေးထားတာမို့ အရင်ကထက် ပိုပြီး လှပလာတယ်။ ဒါယာကလည်း ဟင်းရွက် အနုလေးလို လှလာပြီ။
'ဟူး... ဒီ ဟင်းရွက်လေး တစ်နေ့တော့ ကြီးလာမှာပါ။ ဘယ်ဝက်က ကံကောင်းမလဲတော့ မသိဘူး။ သူ့ ဟင်းရွက်လေးကို ကောင်းကောင်း မဆက်ဆံရင်တော့... သိထားဖို့ပဲ’ သူတို့ နှစ်ယောက်စလုံး သန်ချဆေး သောက်ထားကြတာမို့ ဗိုက်ထဲမှာ သန်ကောင်တွေ မရှိတော့ဘဲ မျက်နှာသွေးရောင်လေးတွေ ပိုလှလာတယ်။ ဖက်ထားလိုက်ရင် ပိုပြီး နွေးထွေးပြီး နူးညံ့နေတယ်။
ညကတော့ ဘာပြဿနာမှ မရှိဘဲ ကုန်ဆုံးသွားတယ်။ ၅ နာရီကျော်ရင် ထနေကျ လင်ဖုန်းချွီက လီရှစ်ကျန်း ဒီနေ့ အလုပ်မသွားရဘူးဆိုတာ သတိရပြီး ပြန်အိပ်လိုက်တယ်။ သုံးယောက်သား မနက် ၉ နာရီအထိ အိပ်ရာက မထဘဲ အိပ်လိုက်ကြတယ်။ လင်ဖုန်းချွီ ထချင်ပေမဲ့ လီရှစ်ကျန်းက တင်းတင်းဖက်ထားလို့ မထနိုင်ဘူး။
ရိုးရှင်းတဲ့ အစားအစာ စားပြီးတဲ့နောက် လီရှစ်ကျန်း အပြင်ထွက်သွားလိုက်တယ်။ ဒါရိုက်တာ ဝမ်နဲ့ တွေ့တဲ့အခါ သူ ဘာမှ မပြောရသေးခင်မှာပဲ ဒါရိုက်တာ ဝမ်က အကြောင်းစုံ သိနေတယ်။ တစ်လ ပြည့်အောင် မလုပ်ခဲ့ရပေမဲ့ ဒါရိုက်တာ ဝမ်က လီရှစ်ကျန်းကို လစဉ် ထောက်ပံ့ငွေ ၁၈ ယွမ် ပေးလိုက်တယ်။ လီရှစ်ကျန်းက အမှိုက် စီစစ်ရေး စခန်း ဖွင့်ချင်ကြောင်း ပြောလိုက်တဲ့အခါ ဒါရိုက်တာ ဝမ်က ချက်ချင်းပဲ သဘောတူပြီး သူကိုယ်တိုင်ပဲ ခရိုင် အရင်းအမြစ် စွန့်ပစ်ရေး စခန်းဆီ သွားပြောပေးမယ်လို့ ဆိုတယ်။
ကြည့်လေ... လီရှစ်ကျန်း အသက်ကြီးတာရဲ့ အကျိုးကျေးဇူးကို။ လီရှစ်ကျန်းလည်း အားနာတဲ့ စိတ်နဲ့ သူကိုယ်တိုင် ရေးထားတဲ့ အစီအစဉ်စာရွက်လေးကို ဒါရိုက်တာ ဝမ်ဆီ ပေးလိုက်တယ်။ လက်ရေးက မလှပေမဲ့ နားလည်နိုင်ပါတယ်။ တစ်ခုက ပုံစံ နောက်တစ်ခုက လုပ်ငန်းလည်ပတ်ပုံ နောက်ဆုံးတစ်ခုက လီရှစ်ကျန်းက အကုန်လုံးကို အရင် စီစစ်ပြီးမှ သတ်မှတ်ထားတဲ့ နေရာကို ပို့ပေးမယ်ဆိုတာပါ။ ဒါကို သူတို့ သဘောတူမှာ အသေအချာပါပဲ။ နောက်တစ်ခုက တခြား စခန်းတွေမှာ ရှုပ်ပွနေတဲ့ အမှိုက်တွေကို ဒီကို ပို့ပေးရင် သူ စီစစ်ပေးမယ် ဆိုတာပါ။
ဒါရိုက်တာ ဝမ်က နေ့လယ်ကျရင် အဖြေပေးမယ်တဲ့ သူမက ဒီကိစ္စကို ကိုယ်ပိုင် အလုပ်လိုပဲ သဘောထားနေတာပါ။ လီရှစ်ကျန်းကလည်း သူ့ဝင်းထဲမှာ ရေပိုက်ခေါင်း တပ်ချင်ကြောင်း ပြောတော့ ဒါရိုက်တာ ဝမ်က ခွင့်ပြုပေးပြန်တယ်။ ကြည့်လေ... ပူးပေါင်းဆောင်ရွက်ရတာ ဒီလောက် ပျော်ဖို့ ကောင်းတာ။ အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။ ရပ်ကွက်ထဲမှာ အသစ်တစ်ခုခု ပေါ်လာရင် ဘာပဲ ဖြစ်ဖြစ် သူမရဲ့ နိုင်ငံရေး အောင်မြင်မှုပဲ မဟုတ်လား။
လီရှစ်ကျန်း ထွက်သွားပြီးတဲ့နောက် ဒါရိုက်တာ ဝမ်က ချက်ချင်း စက်ဘီးနင်းပြီး အရှေ့ပိုင်း ရုံးချုပ်ဆီ သွားလိုက်တယ်။ တခြား စခန်းငယ်တွေရဲ့ မန်နေဂျာတွေက ဒါရိုက်တာ ဝမ်နဲ့ အဆင့်ချင်း မတူပါဘူး။ ရုံးချုပ်ရဲ့ မန်နေဂျာမှပဲ သူမနဲ့ အဆင့်တူတာပါ။ တကယ်ဆို ရာထူးအရ ဒါရိုက်တာ ဝမ်က မန်နေဂျာထက် နည်းနည်းလေး ပိုမြင့်ပါသေးတယ်။ ဒါကြောင့် အပြန်အလှန် စကားပြောရတာ အဆင်ပြေပါတယ်။
"အိုယွမ် ငါ့ကို ပြောစမ်းပါ ဒါ ဖြစ်နိုင်မလား”
"ဟေ့ နင့်ရဲ့ ဒေါသက ဘာလို့ ဒီလောက်တောင် ကြီးနေတာလဲ။ ငါ မလုပ်ဘူးလို့ မပြောခဲ့ပါဘူး”
ယွမ်ရုံဖုန်းက အရှေ့ပိုင်း စခန်းရဲ့ မန်နေဂျာပါ။ သူနဲ့ ဒါရိုက်တာ ဝမ်က အတူတူ တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ။
"သူ့ကို စာတစ်စောင် ရေးပေးလိုက်ပါ။ ဝမ် ငါ့ဆီကို ပစ္စည်းတွေ ပို့တဲ့အခါ ခက်ခဲတယ်လို့ သူ မညည်းရဘူးဆိုတာ သူ့ကို သေချာ ပြောထားပေးပါ”
"အိုယွမ် နင် သူ့ကို ဘာ အကျိုးခံစားခွင့်တွေ ပေးမလဲဆိုတာ အရင် ပြောပြဦးလေ”
"အကျိုးခံစားခွင့်လား ဘာ အကျိုးခံစားခွင့် ရှိမှာလဲ။ သူ့ကို အဆင့် ၂၂ ဝန်ထမ်းရဲ့ အခွင့်အရေး ပေးမယ် ရာထူးတော့ မပါဘူး အခွင့်အရေးပဲ။ ပြီးတော့ ဝန်ထမ်း ခေါ်ယူခွင့် တစ်ခုနဲ့ ယာယီ ဝန်ထမ်းခွင့် ၃ ခု ပေးမယ်။ အခုလောလောဆယ်တော့ ရုံးချုပ်မှာပဲ တွဲထားမယ် ကျန်တာကိုတော့ နောက်မှ စဉ်းစားကြတာပေါ့။ ဆိုင်းဘုတ်ကတော့ ငါ အခုပဲ လုပ်ခိုင်းလိုက်မယ် ဒီနေ့ နေ့လယ်ကျရင် ရောက်လိမ့်မယ်”
"ပြီးပြီပဲ နင့်ဆီ လာခဲ့ရတာ တန်လိုက်တာ” ဒါရိုက်တာ ဝမ် ထရပ်ပြီး ထွက်သွားတယ်။
"ဟေ့... ဒီလူတော့" စခန်းမန်နေဂျာ ယွမ်က လူတစ်ယောက်ကို ခေါ်ပြီး ဒါရိုက်တာ ဝမ်ဆီ ဆိုင်းဘုတ်နဲ့ အတူ ခွင့်ပြုချက် စာရွက်တွေကို နန်လော့ဂူရှန်းဆီ အမြန်ဆုံး ပို့ပေးဖို့ ပြောလိုက်တယ်။
"ဟုတ်ကဲ့ မန်နေဂျာ အခုပဲ လုပ်လိုက်ပါ့မယ်”