အခန်း (၃၄) လူ့စိတ်တို့၏ အညစ်အကြေး
အချိန်တွေက မြန်လွန်းတာလည်း မဟုတ် နှေးလွန်းတာလည်း မဟုတ်ဘဲနဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်ဝက်လောက် ကုန်ဆုံးသွားခဲ့ပြီ။ လီရှစ်ကျန်းရဲ့ တစ်နေ့တာ အမှိုက်လှည်း ခေါက်ရေကတော့ ပုံမှန်အားဖြင့် ရှစ်ခေါက်လောက် ဖြစ်နေဆဲပါ။ နေ့လယ်စာကို လမ်းလျှောက်ရင်း စားလိုက်မယ်ဆိုရင်တော့ ကိုးခေါက်အထိ လုပ်နိုင်သေးတယ်။ ဒီလောက်ထိ စွမ်းဆောင်ပြနေတော့ တခြားသူတွေက သူ့ကို မုန်းလာကြတယ်။ ကိုယ်က အလုပ်လုပ်နိုင်လို့ တခြားသူတွေပါ ထမင်းမစားဘဲ လိုက်လုပ်နေရသလို ဖြစ်နေတာကိုး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မကျေနပ်တဲ့သူကတော့ ရှိနေဦးမှာပါပဲ။ လူတော်တော်များများကလည်း လီရှစ်ကျန်းလိုမျိုး လှည်းမှာ သေတ္တာလေး တပ်ချင်ကြတယ်။ ဒါပေမဲ့ တပ်ပြီး စမ်းကြည့်လိုက်တဲ့အခါမှာတော့ သူတို့ရဲ့ လှည်းတွေက အဲဒီဝန်ကို မနိုင်ကြပါဘူး။ လီရှစ်ကျန်းရဲ့ လှည်းက စနစ်ရဲ့ ပံ့ပိုးမှု ပါနေတာလေ စက်ရုံထုတ် သာမန်လှည်းတွေနဲ့ ဘယ်တူမလဲ။ စွမ်းအားသာ လုံလောက်ရင် လေယာဉ်တင်သင်္ဘောတောင် ဆွဲနိုင်မလား စမ်းကြည့်လို့ ရသေးတယ်။
ဒီနေ့က ဖေဖော်ဝါရီ ၁၇ ရက်။ နေ့လယ်စာစားချိန် ရောက်တဲ့အခါ လူတစ်စု စုဝေးပြီး တစ်ခုခုကို တိုင်ပင်နေသလိုမျိုး တိုးတိုးတိတ်တိတ် ပြောဆိုနေကြတယ်။ လီရှစ်ကျန်းကတော့ ဇနီးဖြစ်သူ မနက်က လုပ်ပေးထားတဲ့ ထမင်းဘူးကိုပဲ စားနေတယ်။ ပတ်ဝန်းကျင်မှာ ခြောက်သွေ့တဲ့ ထင်းတွေ အများကြီးမို့ အနည်းငယ် စုပုံပြီး မီးလေး မွှေးလိုက်တယ်။ ထမင်းဘူးကို နွှေးစားဖို့နဲ့ ခန္ဓာကိုယ်ကို နွေးထွေးနေစေဖို့အတွက် အဆင်ပြေလှပါတယ်။
အုပ်ချုပ်ရေးမှူးတွေ အလုပ်စဝင်ချိန်မှာ တချို့လူတွေက ရုံးခန်းထဲကို ခိုးဝင်သွားကြတယ်။ ရုံးခန်းထဲမှာ ဘယ်သူမှ မရှိတာကို တွေ့တော့ စာအိတ်တွေကို စားပွဲပေါ် ပုံချပြီး ထွက်သွားကြတယ်။ နေ့လယ်ပိုင်းမှာ ရုံးဝန်ထမ်းတွေ အလုပ်စဝင်တဲ့အခါ အဲဒီစာအိတ်ပုံကြီးကို တွေ့သွားတယ်။ ရိုးရိုးသားသား တိုင်ကြားစာတွေပဲ ထင်ပြီး ကောက်ယူဖတ်ရှုကြတယ်။ ရလဒ်ကတော့... သူတို့ ဖတ်လိုက်တဲ့ စာတိုင်းက လူတစ်ယောက်ကို တိုင်ကြားထားတာတွေချည်းပါပဲ အားလုံးက ပူးပေါင်းပြီး ရေးထားကြတာ။ ဘယ်သူ့ကို တိုင်ထားတာလဲဆိုတော့ လီရှစ်ကျန်းကိုပေါ့။
လီရှစ်ကျန်းကို တိုင်ကြားရတဲ့ အကြောင်းပြချက်ကတော့ သူက လူမှုဆက်ဆံရေး မကောင်းသလို ဒီအဖွဲ့ထဲမှာ ဆက်နေဖို့ မသင့်တော်တော့ဘူးတဲ့။ နောင်ရေး တည်ငြိမ်ဖို့အတွက် ရုံးကနေ သူ့ကို ထုတ်ပယ်ပေးဖို့ တောင်းဆိုထားတယ်။ နောက်ပြီး သူသာ အလုပ်မပြုတ်ဘူးဆိုရင် သူတို့တွေလည်း ဆက်လုပ်ဖို့ စိတ်မပါတော့ဘဲ အမှိုက်ကောက်တဲ့ အလုပ်ကနေ နုတ်ထွက်ကြတော့မယ်တဲ့။ စာအိတ်ပေါင်း ၂၀ ကျော် ရှိပြီး အကြောင်းအရာတွေကလည်း အကုန်လုံး ဆင်တူယိုးမှားပါပဲ။ တစ်ချို့က “လီရှစ်ကျန်းက လူမှုရေး မပေါင်းသင်းဘူးလို့ ပြောသလို တချို့ကလည်း သူက ငြိမ်လွန်းတော့ တစ်ခုခုတော့ ဖြစ်လိမ့်မယ်လို့ ဆိုကြတယ်”။ ပိုဆိုးတာကတော့ သူ့ကို ရန်သူ့သူလျှိုလို့တောင် စွပ်စွဲလိုက်ကြသေးတယ်။ အနှစ်ချုပ်ရရင်တော့ လီရှစ်ကျန်းလို ထူးချွန်တဲ့သူကို သူတို့အဖွဲ့ထဲမှာ လက်မခံနိုင်ဘူးဆိုတဲ့ သဘောပါပဲ။
ဝန်ထမ်းငယ်လေးက ရုံးက အထက်လူကြီးဆီ သွားပြီး "ဒါရိုက်တာ ဒီစာတွေကို ကြည့်ပေးပါဦး" လို့ ပြောလိုက်တယ်။
"ဩော် လစ်ရှား ဒီထဲမှာ ဘာတွေ ရေးထားတာလဲ” ဒါရိုက်တာ ဝူက စာတွေကို ယူပြီး အပေါ်ယံ ကြည့်လိုက်တယ်။ သူ့မျက်ခုံးတွေ တွန့်ချိုးသွားတာ ခြင်တစ်ကောင်တောင် ညှပ်သေနိုင်လောက်အောင်ပါပဲ။ "ဒီလူတွေကတော့... တကယ်ပဲ... အဓိပ္ပာယ် မရှိလိုက်တာ သူတို့ကိုယ်တိုင်လည်း အလုပ်မလုပ်နိုင်ကြဘဲနဲ့ တခြားသူကိုလည်း မလုပ်စေချင်ကြဘူး။ ဒီလူတွေ အလုပ်မလုပ်ချင်ရင်လည်း ထွက်သွားကြပေါ့"
လစ်ရှားက အလျင်အမြန် ဝင်ပြောတယ် "ဒါရိုက်တာ ကျွန်တော်တို့က ဒီလောက်လူတွေကို စိတ်ဆိုးအောင် လုပ်ပြီး ပြဿနာ ဖြစ်လာရင်... ဒါရိုက်တာပဲ တာဝန်ယူရလိမ့်မယ် မဟုတ်လား။ အဲဒီအစား... မာစတာလီကို... ခဏလောက် အလုပ်မလာဖို့ ပြောလိုက်ရင် ကောင်းမလား” ဒါရိုက်တာ ဝူရဲ့ အကြည့်တွေ ပိုပြီး စူးရဲလာပေမဲ့ လစ်ရှားက စကားကို အဆုံးထိ ပြောနိုင်ခဲ့တယ်။ သူ ဒါကို လုပ်ပေးတာ ဒါရိုက်တာရဲ့ ကောင်းကျိုးအတွက်ပါ။ မဟုတ်ရင် သူက ရာထူးအဆင့် နည်းနည်းလေးမို့ ဘယ်သူကမှ ဂရုစိုက်မှာ မဟုတ်ဘူး တစ်ခုခု ဖြစ်လာရင် ဒါရိုက်တာဝူ့ကိုပဲ အပြစ်ဖို့ကြမှာ။ လစ်ရှားက သူနဲ့ အတူရှိနေတာ ကြာပြီမို့ ဒါရိုက်တာကြီးရဲ့ စိတ်နေသဘောထားကို သိတယ် သူ့နေရာမှာ အစားဝင်လာမယ့်သူက ဒီလောက် အဆင်ပြေမယ်လို့ မပြောနိုင်ဘူးလေ။ လစ်ရှားတစ်ယောက် သူ့အကြီးအကဲအတွက် ပူပန်လွန်းလို့ မောနေပြီလို့တောင် ပြောနိုင်တယ်။
"တခြား နည်းလမ်း မရှိဘူးလား”
"မရှိတော့ဘူး ဒါရိုက်တာ.. ဒီလူ ၂၀ ကျော်က တခြားသူတွေကိုပါ စည်းရုံးပြီး ဆူပူမယ်ဆိုရင် အပေါ်ကလူတွေက ဒါရိုက်တာကိုပဲ ပစ်မှတ်ထားမှာပါ။ အများဆုံး ဖြစ်လာရင် မာစတာလီ အလုပ်ထွက်သွားတာပဲ ရှိမှာ။ တွေးကြည့်ပါဦး မာစတာလီ ထွက်သွားတာချင်း အတူတူပဲ ဒါပေမဲ့ ဒါရိုက်တာကပဲ အပြစ်ခံရလိမ့်မယ်”
"အင်း... ငါ တွေးကြည့်ပါဦးမယ်” ဒါရိုက်တာ ဝူ သူ့ရဲ့ ရုံးခန်းငယ်လေးထဲ ဝင်သွားတယ်။ သူက ဒုတိယ အပိုင်းခွဲ အကြီးအကဲပဲ ဖြစ်ပေမဲ့ ဒီနေရာမှာ အာဏာအရှိဆုံးသူမို့ ရုံးခန်းလေး ရှိတာ သင့်တော်ပါတယ်။ နှစ်နာရီလောက် တွေးပြီးတဲ့နောက်မှာတော့ ရေခွက်ကို စားပွဲပေါ် ပြင်းပြင်းထန်ထန် ချလိုက်တယ်။ အရင်က စစ်သား တစ်ယောက် ဖြစ်ခဲ့ဖူးတဲ့သူမို့ ဒီလိုမျိုး အလုပ်တွေကို အမုန်းဆုံးပါပဲ။ ခဏခဏ ပြဿနာတက် မနေရင် သူလည်း သူ့အပေါင်းအပါတွေလို ရာထူးတွေ တက်နေလောက်ပါပြီ။ တခြားသူတွေက အဆင့်မြင့် ရာထူးတွေ ရနေချိန်မှာ သူကတော့ ဒုတိယ အပိုင်းခွဲ အကြီးအကဲပဲ ဖြစ်နေပြီး မြို့ပြအမှိုက်တွေကို ရှင်းရတဲ့ နေရာမျိုးကို ရောက်နေရတာ။ အပေါ်က အကြီးအကဲ သူငယ်ချင်းသာ ကာကွယ်မပေးရင် သူ အခုချိန်ဆို မြို့တော်ကနေတောင် ထွက်ခွာခဲ့ရလောက်ပြီ။ ဒါပေမဲ့ ဒီကိစ္စကို ကောင်းကောင်း မဖြေရှင်းနိုင်ဘဲ အလုပ်သမားရေးရာ မငြိမ်မသက်မှု ဖြစ်လာရင်တော့ သူ့အကြီးအကဲတောင် ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး။
သူ နောက်ဆုံး ဆေးလိပ်ကို ဖိညှစ်ပြီး မီးသတ်လိုက်တယ်။ ပြာခွက်ထဲမှာ ဆေးလိပ်တိုတွေ ပြည့်နေပြီ။ သူ အံဆွဲနား သွားပြီး ဖွင့်ကာ စုဆောင်းထားတဲ့ ရိက္ခာကူပွန်တွေကို အကုန်ထုတ်လိုက်တယ်။ တိုင်ကြားစာ ပေးတဲ့သူ ၂၇ ယောက် ရှိတယ်။ တစ်ယောက်ချင်းစီဆီကနေ ရိက္ခာကူပွန် ၁ ဂျင်းစီ နုတ်လိုက်တယ်။ တကယ်တော့ နှစ်ဂျင်းးလောက် နုတ်ဖို့ တွေးခဲ့ပေမဲ့ မလုပ်ဖြစ်ပါဘူး။ သူတို့ရဲ့ လုပ်ရပ်တွေက ရုပ်ဆိုးလွန်းပေမဲ့ အကုန်လုံးက ဆင်းရဲသားတွေမို့ပါ။ ဒါပေမဲ့ နောက်လအတွက် အသားကူပွန်တွေကိုတော့ အကုန် သိမ်းယူလိုက်တယ်။ စုစုပေါင်း အသားကူပွန် ၂ ဂျင်းနဲ့ ၇ လျန် ရှိတယ်။ ၆၀ ပြည့်နှစ် အစပိုင်းမို့ ဝက်သား ရိက္ခာကူပွန်တွေက လျော့လာပါပြီ။ တစ်နှစ်ကို ၈ လျန်နှုန်း ရောက်ဖို့က နှစ်ဝက်လောက် စောင့်ရဦးမှာ နှစ်သစ်ကူး ရောက်ရင်တော့ တစ်နှစ်ကို ၂ လျန်နှုန်းပဲ ရတော့မယ်။ ဒီစည်းမျဉ်းက ၆၃ ခုနှစ်ကျမှပဲ ပြန်သက်သာလာမှာပါ။ ဒီအချိန်မှာတော့ အသားကူပွန် ၂ ဂျင်း ၇ လျန်ဆိုတာ မသေးပါဘူး။
ဒီမှာ လုပ်နေတဲ့သူ အများစုက မိသားစုရဲ့ တစ်ဦးတည်းသော ဝမ်းရေး ရှာဖွေသူတွေပါ။ အဲဒီ အသားကူပွန်လေးက တစ်လမှာ တစ်ခါလောက်မှ ရမယ့် အဆီဓာတ်လေး ဖြစ်ပေမဲ့ ဒါရိုက်တာ ဝူကတော့ ဘာမှ မတွန့်ဆုတ်ဘဲ နုတ်ယူလိုက်တယ်။ နာရီကို ကြည့်လိုက်တော့ ၅ နာရီ နီးနေပြီ။ လီရှစ်ကျန်းက ဒီအချိန်ဆိုရင် အလုပ်သိမ်းဖို့ ရောက်လာတတ်မှန်း သူ သိတယ်။ စာရင်းကိုင်ကို ခေါ်ပြီး ပိုက်ဆံကို ယူကာ စာရင်းသွင်းတဲ့ နေရာကို အတူတူ သွားလိုက်ကြတယ်။
"ဒါရိုက်တာဝူ ရောက်လာပြီလား”
"အင်း မာစတာလီ ရောက်ပြီလား”
"နီးနေပါပြီ... ဟိုမှာ... ဟိုလူ မဟုတ်လား” အုပ်ချုပ်ရေးမှူး ကျန်းက မျက်စိလျင်ပြီး လီရှစ်ကျန်း လှည်းဆွဲပြီး အမြန် ရောက်လာတာကို တွေ့လိုက်တယ်။
"ရှောင်ကျန်း မာစတာလီ ဒီနေ့ ဘယ်နှစ်ခေါက် ဆွဲပြီးပြီလဲ”
" ဒီတစ်ခေါက်နဲ့ဆိုရင် ၉ ခေါက် ရှိပါပြီ။ မာစတာလီ ဒီနေ့ နေ့လယ်စာ မနားဘဲ လှည်းဆွဲရင်းနဲ့ပဲ စားသွားပုံ ရပါတယ်”
"ကောင်းပြီ အားလုံးပေါင်း ၁၇ ရက် ရှိပြီ။ စာရင်းကိုင် ဆန်း မာစတာလီ ဘယ်နှစ်ခေါက် ဆွဲပြီးပြီလဲ တွက်ပေးပါ။ ပြီးရင် ပိုက်ဆံ ရှင်းပေးလိုက်ပါ”
"ဟုတ်ကဲ့ အကြီးအကဲ” စာရင်းကိုင် ဆန်းက ဂဏန်းတွက်စက်လေး ထုတ်ပြီး အရင်ရက်တွေကို တွက်ချက်လိုက်တော့ ၁၇၂ ခေါက် ဖြစ်နေတယ်။ "အကြီးအကဲ အားလုံးပေါင်း ၁၇၂ ခေါက်ပါ။ တစ်ခေါက်ကို ၃ ကျောက် (၃၀ ပြား) နှုန်းနဲ့ဆိုရင် ၅၁.၆ ယွမ် ဖြစ်ပါတယ်" လို့ မျက်မှန်ကို ပင့်ရင်း ပြောလိုက်တယ်။
"အင်း သိပြီ။ စာရင်းကိုင် ဆန်း ပိုက်ဆံ ထုတ်ပေးလိုက်ပါ။ အငယ်လေး လေး အခုထိ မပြန်ရသေးတဲ့ တခြားလူတွေကို သွားခေါ်ပေးပါ ခဏလောက် အစည်းအဝေး ထိုင်ရအောင်”
ဒါရိုက်တာရဲ့ အမိန့်ကို ကြားတော့ အုပ်ချုပ်ရေးမှူး လေးက အနီးနားက စက်ဘီးကို တက်စီးပြီး အမြန် သွားခေါ်လိုက်တယ်။ သူတို့ စကားပြောနေတုန်းမှာပဲ လီရှစ်ကျန်းက လှည်းဆွဲပြီး ရောက်လာတယ်။
"မင်္ဂလာပါ ဒါရိုက်တာကြီးတို့”
"မာစတာလီ အခု မပြန်ပါဦးနဲ့ ဆွေးနွေးစရာ ရှိလို့ပါ” အကြီးအကဲရဲ့ မျက်နှာအမူအရာကို ကြည့်ပြီး လီရှစ်ကျန်း တစ်ခုခုတော့ ဖြစ်ပြီဆိုတာ သိလိုက်တယ်။
"ပြောပါခင်ဗျာ ” နှစ်ယောက်သား တစ်ဖက်ကို ထွက်သွားကြတယ်။ တစ်ခုခု ဖြစ်တော့မယ်ဆိုတာ ရိပ်မိတဲ့ လီရှစ်ကျန်းက ပြုံးပြီး ပြောလိုက်တယ်။
"ဒီလိုပါ မာစတာလီ အကြီးအကဲ တစ်ယောက်အနေနဲ့ ခင်ဗျားကို တောင်းပန်ချင်ပါတယ်။ ခင်ဗျား အလုပ် ကြိုးစားတာကို ကျွန်တော် သိပါတယ် ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ တစ်ဖက်မှာ မနာလိုတဲ့ လူတွေ ရှိနေပြီး ကျွန်တော်ကလည်း ရာထူး သေးသေးလေးနဲ့ဆိုတော့ ဘာမှ မတတ်နိုင်ဘူး ဖြစ်နေတယ်..."
"အင်း နားလည်ပါတယ်။ ကျုပ်ကပဲ ထင်ရှားနေသလို ဖြစ်နေတာပါ ဟားဟား... ကိစ္စမရှိပါဘူး ဒါရိုက်တာကြီး။ နောက်ထပ် ဘယ်လောက်လောက် လုပ်ပေးရမလဲ ဒါမှမဟုတ် မနက်ဖြန်ကနေ စပြီး ရပ်လိုက်ရမလား” လီရှစ်ကျန်းက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ်။
"မာစတာလီ တကယ်ပဲ တောင်းပန်ပါတယ်။ စိတ်ချပါ ကျွန်တော် တခြားနေရာကနေ လျော်ကြေးတွေ ပေးထားပါတယ် သူတို့ကို ဂရုမစိုက်ပါနဲ့” ဒါရိုက်တာ ဝူက စာအိတ်လေး တစ်ခု ထုတ်ပေးတယ်။ အဲဒီထဲမှာ လီရှစ်ကျန်းရဲ့ အလုပ်ခ ပိုက်ဆံတွေလည်း ပါပါတယ်။
"ဩော်... ကျေးဇူးတင်ပါတယ် ဒါရိုက်တာကြီးပေးတာက အရမ်းများနေပါပြီ”
"မများပါဘူး မများပါဘူး။ ယူထားလိုက်ပါ။ ခင်ဗျား အရင် ပြန်လို့ ရပါပြီ။ မာစတာလီ ခင်ဗျားက အတော်ဆုံးပါပဲ” ဒါရိုက်တာ ဝူက လီရှစ်ကျန်းကို လက်မ ထောင်ပြလိုက်တယ်။
"ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် ဒါရိုက်တာကြီးရယ်။ ဒါဆို ကျုပ် သွားတော့မယ်”
နှစ်ယောက်သား အနည်းငယ် ထပ်ပြောပြီးနောက် လီရှစ်ကျန်း လှည်းနား သွားပြီး တက်စီးကာ ထွက်သွားခဲ့တယ်။ ဟိုဘက်မှာတော့ လူအုပ်ကြီး စာရင်းသွင်းတဲ့ နေရာကို ရောက်လာကြတယ်။ ဒါရိုက်တာ ဝူက သူတို့ကို အေးစက်စက် ကြည့်လိုက်ပြီးနောက် ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ခဲ့သလဲ ရိုးသားတဲ့ သူကို စွပ်စွဲတဲ့သူတွေကို ဘယ်လို အပြစ်ပေးမလဲဆိုတာ ကြေညာလိုက်တယ်။ ဒါ နောက်ဆုံးအကြိမ် ဖြစ်ကြောင်းလည်း ပြောလိုက်တယ်။ နောက်ပြီး မနက်ဖြန်ကစပြီး တစ်နေ့တာ ခေါက်ရေ သတ်မှတ်ချက် ထားရှိမယ် မကျေနပ်ရင် အလုပ်ထွက်သွားလို့ ရတယ်လို့ ဆိုပြီး ဒါရိုက်တာ ဝူ ထွက်သွားခဲ့တယ်။
ရိက္ခာကူပွန် ၁ ဂျင်း နဲ့ အသားကူပွန် ၁ လျန် ဆုံးရှုံးလိုက်ရတော့ လူတော်တော်များများ နှမြောတသ ဖြစ်နေကြတယ်။ ဒါပေမဲ့ တခြားနည်းလမ်း မရှိပါဘူး အလုပ်သာ ထွက်လိုက်ရရင်တော့ တစ်မိသားစုလုံး ဘာစားကြမလဲ။ တခြား အသက်မွေးဝမ်းကျောင်း လုပ်စရာရှိရင် ဘယ်သူက ဒီမှာ အမှိုက် လာဆွဲမလဲ။ သတ်မှတ်ထားတဲ့ တစ်နေ့ ၆ ခေါက်ဆိုတာ အနည်းဆုံးဖြစ်ပြီး အဲဒီထက် နည်းရင် လစာ တိုက်ရိုက် ဖြတ်ခံရမှာပါ။ လူတိုင်း သွားကို ကြိတ်ပြီး လက်ခံလိုက်ကြရတယ်။ ကိုယ့်အပြစ်နဲ့ ကိုယ် ဖြစ်လာတဲ့ အကျိုးဆက်ကိုတော့ ကိုယ်တိုင်ပဲ ခါးသီးစွာ ခံစားရမှာပေါ့။
လိမ္မာပါးနပ်တဲ့သူ တချို့ကတော့ တွေးလိုက်မိတယ်။ လီရှစ်ကျန်း အလုပ် မလုပ်တော့ဘူးဆိုရင်... သူ့လှည်းက ဘယ်လိုဖြစ်မလဲ။ ပူးပေါင်းကြံစည်သူ တချို့က ဒါကို တွေးမိကြတယ် ဒီအထဲမှာ ဉာဏ်ကောင်းသူတွေ အများကြီးပဲလေ။ ဒါပေမဲ့ အဘိုးအိုလီက လှည်းကို ဘယ်လောက်နဲ့ ရောင်းမလဲ။ ဈေးကြီးရင် ဝယ်နိုင်မှာ မဟုတ်သလို ဈေးပေါရင်လည်း သူက ရောင်းမှာ မဟုတ်ဘူး။ ဒါက ခက်ခဲတဲ့ ပြဿနာတစ်ခုပါပဲ။