အခန်း (၁) အသက်ကယ်ခြင်း
[အဟောင်းအနွမ်း ဝယ်ယူခြင်း...]
"ရဟတ်ယာဉ် ရေငုပ်သင်္ဘော သုံးပြီးသား ဒုံးပျံလောင်ချာ တိုက်လေယာဉ် ဒရုန်း အိမ်တွင်းလုပ် ဗုံးများ ဒုံးကျည်များ ဟိုက်ဒရိုဂျင်ဗုံး အနုမြူဗုံး ရထား ထရပ်ကား ဓားကြီးများ... လေယာဉ်တွေ အမြောက်တွေကိုလည်း ဝယ်ပါတယ် အာကာသယာဉ်တွေကိုတောင် ဝယ်ပါသေးတယ်..."
"သံ ကြေးနီ အလူမီနီယံတွေ ဝယ်ပါတယ်..."
"စက္ကူဟောင်း ပုံးဟောင်း သံထည်အဟောင်း သံမဏိအဟောင်း ကျိုးပဲ့နေတဲ့ စားပွဲခုံ ကုလားထိုင် တံခါးမပိတ်နိုင်တော့တဲ့ သစ်သားဗီရို ဝိုင်ပုလင်းခွံနဲ့ သတင်းစာဟောင်းတွေ ဝယ်ပါတယ်..."
"နောက်ပြီးတော့ ငယ်ရွယ်တဲ့ မိန်းကလေး ဇနီးသည်နဲ့ အသက်ကြီးပိုင်း အမျိုးသမီးတွေကိုလည်း မြင့်မားတဲ့ ဈေးနှုန်းပေးပြီး ဝယ်ယူနေပါတယ်..."
"ငယ်ရွယ်တဲ့ မိန်းကလေး ဒါမှမဟုတ် ဇနီးသည် ပိုလျှံနေသူများအနေနဲ့ မီးဖိုချောင်သုံး ဓား ဒါမှမဟုတ် သံမဏိဇလုံနဲ့ လဲလှယ်နိုင်ပါတယ်..."
အသံချိုချိုနှင့် ရှည်လျားသော အသံတစ်ခုမှာ လမ်းကြားငယ်လေးထဲမှ ထွက်ပေါ်လာသည်။
အသံက အရင်ရောက်လာပြီးနောက် ရှုပ်ပွနေသော ဆံပင်များနှင့် အလတ်စားအရွယ် အမျိုးသားတစ်ဦးသည် လျှပ်စစ်သုံး သုံးဘီးဆိုင်ကယ်ကို စီးလာသည်။
သူသည် ဘယ်ညာကို တစ်ချက်ကြည့်လိုက်သည်။ ဤနေရာက လမ်းမကြီးဖြစ်နေ၍ ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် အသံချဲ့စက်ကို ပိတ်လိုက်သည်။ မဟုတ်လျှင် 'ခွေး' တွေ လိုက်ကိုက်နေလိမ့်မည်။
ပြီးခဲ့သည့်တစ်ခါ သူ၏ သံအဟောင်းများအပြည့်တင်ထားသော ဆိုင်ကယ်ကို သိမ်းဆည်းခံလိုက်ရပြီး ပြန်သွားယူသည့်အခါ ဆိုင်ကယ်မှာ ဗလာဖြစ်နေသည်။ ဘယ်သူ့ကို သွားပြီး အငြင်းပွားရမလဲ။
ထို့ကြောင့် ထိုညတွင်ပင် ထိုအမျိုးသားသည် မိမိဆိုင်ကယ်ကို သိမ်းသွားသည့်လူများ၏ အိမ်ကို ရှာတွေ့ခဲ့ပြီး သူတို့ အိမ်ပြင်ထွက်နေချိန်တွင် အုတ်ခဲဖြင့် ဦးခေါင်းကို ရိုက်ခွဲလိုက်သည်။
အမှိုက်ကောက်သူတစ်ယောက်အနေဖြင့် ကင်မရာများ ဘယ်နေရာတွင် ရှိသည်ကို ရဲသားများထက်ပင် သူ ပိုသိသည်။
သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လူသူမရှိပေ။ ကောင်းကင်ကို မော့ကြည့်လိုက်ရာ နေက ပူလောင်နေသည်။
သူသည် လမ်းကူးစင်တာအထိ ဆိုင်ကယ်စီးသွားပြီး အချက်ပြမီးနီကို စောင့်နေလိုက်သည်။
ရေသန့်ဗူးတစ်ဗူးကို ဖွင့်ကာ တစ်ကျိုက်ကြီး မော့သောက်ပြီး သက်ပြင်းချလိုက်သည်...
ထိုအမျိုးသား၏ အမည်မှာ လီရှစ်ကျန်း ဖြစ်သည်။ နာမည်ကြီး လီရှစ်ကျန်း မဟုတ်ပါ။ မိဘများက ဘာကြောင့် ဤနာမည် ပေးခဲ့မှန်း သူ မသိသော်လည်း ကျောင်းတက်ခဲ့သော ၁၂ နှစ်တာကာလအတွင်း ၈ နှစ်ကျော်ကို ကျောင်းသားများနှင့် ဆရာများ၏ ထူးဆန်းသော အကြည့်များအောက်တွင်သာ ဖြတ်သန်းခဲ့ရသည်။
ဘဝ၏ ၁၀ ပုံ ၈ ပုံ ၁၀ ပုံ ၉ ပုံလောက်မှာ မကျေနပ်စရာများပင်။ သို့သော် လီရှစ်ကျန်းမှာမူ ထို ၈ ပုံ ၉ ပုံထဲမှ တစ်ယောက် ဖြစ်နေသည်။
၈၀ ခုနှစ်များတွင် မွေးဖွားသူဖြစ်ပြီး အလယ်တန်းပြီးသည့်အခါ မိသားစုက ပညာမတတ်၍ မဖြစ်ဟုဆိုကာ အခမဲ့ အသက်မွေးဝမ်းကျောင်း ကျောင်းသို့ အတင်းအကျပ် ပို့ခဲ့သည်။
ကျောင်းပြီးသည့်နောက် သူ မလုပ်ဖူးသောအလုပ် မရှိသလောက်ပင်။ အသက်မွေးဝမ်းကျောင်းဘွဲ့ ရထားသော်လည်း ကံမကောင်းပေ။
ကံဆိုးမှု အမျိုးမျိုးက သူ့ကိုသာ အမြဲရှာဖွေနေသည့်နှယ်။
ကောင်းကင်ဘုံ၏ အမျက်ဒေါသနှင့် လူသားများ၏ အမုန်းတရားကို ခံထားရသကဲ့သို့ပင်။
ယခုခေတ်တွင် စီးပွားရေးမှာ ခက်ခဲသည်။ မိသားစုတာဝန် မရှိသော်လည်း တစ်ယောက်တည်းဖြစ်နေသော လီရှစ်ကျန်းမှာ ငွေရှာရန်နှင့် သူတစ်ပါးထံတွင် အလုပ်လုပ်ရန် ဘယ်လောက်ခက်ခဲကြောင်း ကိုယ်တွေ့ခံစားရသည်။
အိမ်နှင့်ဝေးရာတွင် အလုပ်လုပ်ရခြင်းမှာ အလွန်သနားစရာကောင်းသည်။ နေ့စဉ်နှင့်အမျှ နှစ်ပေါင်းများစွာ ကြာမြင့်လာသောအခါ မျက်နှာတွင် အရေးကြောင်းများသာ ကျန်ရစ်သည်။
ကောင်းကင်ကို ခေါင်းမိုး မြေပြင်ကို အိပ်ရာလုပ်ကာ နေထိုင်ရသည်မှာ အခန်းတစ်ခန်းစာ ဝယ်နိုင်မည့်နေ့က ဘယ်တော့များ ရောက်လာမလဲ။
ကံကောင်းစွာဖြင့် လီရှစ်ကျန်းမှာ ယခုအခါ လွတ်လပ်နေသည်။ ဝင်ငွေနည်းသော်လည်း တက္ကသိုလ်ကျောင်းသူရည်းစားတစ်ယောက်တော့ ထားနိုင်သေးသည်။
တစ်လလျှင် ၇ ကြိမ် ၈ ကြိမ်သာ တွေ့ရသော်လည်း လီရှစ်ကျန်း သဘောကျသည်မှာ သူ၏ သက်ဝင်လှုပ်ရှားနေသော သဘာဝပင်။ တစ်လလျှင် ၃ ထောင်မှ ၅ ထောင်အထိ ကုန်ကျသော်လည်း ဝင်ငွေ ၂ သောင်းမှ ၃ သောင်းရှိသော လီရှစ်ကျန်းအတွက်မူ သေးငယ်သော အစိတ်အပိုင်းမျှသာ ဖြစ်သည်။
အိမ်ထောင်ပြုခြင်းလား။ မတွေးပါနှင့်။
အိမ်ထောင်ရေးဆိုသည်မှာ သင်္ချိုင်းတစ်ခုပင်။ လက်ရှိတွင် လီရှစ်ကျန်း၌ တစ်လလျှင် ကိုယ်ပိုင်စုဆောင်းငွေ ၂ သောင်းကျော် ရှိသည်။ အိမ်ထောင်ပြုလိုက်ပြီးနောက် အိတ်ကပ်ထဲတွင် ၂၀၀ တောင် ကျန်ပါတော့မည်လား ထိုသို့သော မယားမျိုးရဖို့ဆိုလျှင် ဘဝပေါင်း ၈ ဆက်တိုင်တိုင် ကုသိုလ်ကောင်းမှုပြုထားမှ ရနိုင်မည်ဖြစ်သည်။
အနည်းငယ် ပျက်စီးနေသော်လည်း ချမ်းသာနေသူဖြစ်သည်။
မူလက တောင်းစားရန်ပင် စိတ်ကူးခဲ့သော်လည်း တောင်းစားခြင်းမှာ ထိုမျှလွယ်ကူမည်ဟု မထင်ခဲ့ပါ။ နောက်ဆုံးတွင် 'အလုပ်အကိုင်ခြင်း မတူ လောကခြင်း မတူ' ဆိုသည့်စကားမှာ မှန်ပေသည်။
လီရှစ်ကျန်းက ၈၀ ခုနှစ်များတွင် မွေးဖွားသူဖြစ်၍ အရေထူသည်ဟု ထင်ကာ ဒူးထောက်တောင်းစားလျှင် အသားစားရမည်ဟု ထင်ခဲ့သည်။
လီရှစ်ကျန်းသည် သူတစ်ပါးတို့ကို အတုခိုးကာ မျက်နှာကို ညစ်ပတ်အောင် လုပ်ခဲ့သော်လည်း တစ်နေ့လုံး တစ်ပြားမှ မရခဲ့ပေ။
သူတစ်ပါးကို စောင့်ကြည့်ပြီးမှ တောင်းစားခြင်းမှာ လွယ်သည်မဟုတ်ကြောင်း သိလိုက်ရသည် (ရယ်စရာမဟုတ်ပါ) တောင်းစားခြင်းတွင် အသိပညာများစွာ ရှိသည်။
'ဘာသာရပ်' ကို ကောင်းကောင်း မရွေးတတ်လျှင် ဘာမှ ရမည်မဟုတ်ပေ။
အချို့က အရူးလုပ်ပြီး အလွန်သနားစရာကောင်းအောင် သရုပ်ဆောင်ကြသည်။ အချို့က အသံချဲ့စက်ပင် သုံးသည်။ ကိုယ်အင်္ဂါမသန်စွမ်းသူများစွာ ရှိသလို လီရှစ်ကျန်း၏ ဆရာဟောင်းများထက်ပင် စာရေးကောင်းသူများလည်း ရှိသည်။ ထိုသို့သော ပညာရှင်များ မသင်ကြားရသည်မှာ နှမြောစရာပင်။
မြေပြင်တွင် တွားသွားခြင်း လေးဘက်သွားခြင်း သို့မဟုတ် အသံချဲ့စက်ဆွဲကာ သီချင်းဆိုခြင်းများ ရှိသည်။
‘တောင်းစားခြင်းမှာ တကယ်ခက်ခဲသည်’ဟု စဉ်းစားပြီးနောက် လီရှစ်ကျန်းအတွက် ကျန်နေသည့်လမ်းမှာ အမှိုက်ကောက်ခြင်း တစ်ခုသာ ရှိသည်။
သူသည် ထိုလုပ်ငန်းကို ကြာရှည်စွာ လေ့လာခဲ့ပြီး အမှိုက်ကောက်ခြင်းမှာသာ တကယ်ကောင်းကြောင်း တွေ့ရသည်။
‘အနည်းဆုံးတော့ ဘွဲ့လက်မှတ် မလို စတင်ရန် တစ်ပြားမှ မလို များများကောက်လေ များများရလေပဲလေ’
‘အလုပ်မရှိရင် အမှိုက်ပုံထဲ လိုက်မွှေရမယ်၊ အမှိုက်ပုံထဲတွင် ဘာတွေတွေ့နိုင်မလဲ ဘယ်သူသိမည်လဲ'
တွေးပြီးသည်နှင့် လုပ်တော့သည်။ ထိုနေ့တွင်ပင် သူသည် ရှစ်လက်မြောက် လက်သုံးဖြစ်သည့် လျှပ်စစ်သုံးဘီးဆိုင်ကယ်ကို ဝယ်လိုက်၏။
လမ်းပေါ်ရောက်ပြီး မကြာမီမှာပင် လီရှစ်ကျန်းသည် ကျိုးပဲ့နေသော ပန်ကာတစ်လုံးကို ကောက်ရသည်။ အလားအလာေကာင်းသည်ဟု ယူဆကာ နေရာတိုင်းကို လိုက်ကြည့်၏။ သူသည် အလုပ်ရှုပ်မနေ အလျင်မလိုဘဲ အမှိုက်ပုံများထဲမှ အသုံးဝင်မည့် အပိုင်းအစများကို အတော်လေး ကောက်နိုင်ခဲ့သည်။
‘ငါ အတော်လေး ချမ်းသာတော့မှာပဲ’ လီရှစ်ကျန်း ခံစားလိုက်ရချိန်တွင် လူကြီးတစ်ယောက် ပြေးလာသည်ကို မြင်လိုက်ရသည်။
လူကြီးက“ ဒီအမှိုက်တွေကို ကျုပ် အရင်တွေ့ထားတာ” “ထွက်သွားစမ်း” “မသွားရင် အရိုက်ခံရမယ်“
လူကြီးဖြစ်နေ၍ ပြသသနာရှာမရတော့ပေ။ ပြီးနောက် အခြားအမှိုက်ပုံတစ်ခုသို့ သွားရာ အဘွားအိုတစ်ယောက်နှင့် တွေ့ပြန်၏။
သူမက …..
’လူငယ်လေး ငါ့လုပ်ငန်းကို မလုပါနဲ့'
နောက်ဆုံးတွင် လီရှစ်ကျန်းသည် ခေါင်းခါပြီး သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ ‘ဘဝမှာ ခက်ခဲလွန်းပါတကား'
“ဟူး….”
ထို့ကြောင့် လီရှစ်ကျန်း အကုန်လုံးကို ယူသွားရန် ဆုံးဖြတ်လိုက်ပြီး အိတ်တစ်လုံးကို လုယူကာ ဆိုင်ကယ်ပေါ်တက်ပြီး ထွက်ပြေးခဲ့သည်။
ယခုပြန်တွေးကြည့်လျှင် ထိုအဖြစ်အပျက်များမှာ ဖော်ပြရန်ပင် ခက်ခဲသည်။ ဝမ်းနည်းစရာ သမိုင်းကြောင်းတစ်ပုဒ် ဖြစ်နိုင်သည်။
ထိုအချိန်၌ လမ်းတစ်ဖက်တွင် အသက် ၁၀ နှစ်အရွယ် ကောင်လေးတစ်ယောက် ဖုန်းကိုငုံ့ကြည့်ကာ လျှောက်လာသည်။ ကားမရှိဟု ထင်ကာ မီးနီကို ဖြတ်ကျော်လာပုံရသည်။
ပြဿနာမှာ ကောင်လေး ခေါင်းငုံ့နေချိန်တွင် အားကစားကားတစ်စီးမှာ အရှိန်ဖြင့် ပြေးလာနေခြင်းဖြစ်သည်။ ‘ဘာတွေဖြစ်ကုန်တာလဲ...’
လီရှစ်ကျန်းက အော်ခေါ်လိုက်သည်။
ကောင်လေးမှာ နားကြပ်တပ်ထားပုံရပြီး ဘာသံမှ မကြားရပေ။
လီရှစ်ကျန်း ကောင်လေးဆီသို့ ပြေးသွား၏
“ဘာဖြစ်နေတာလဲ… တရားမျှတမှုအတွက် သူရဲကောင်းလုပ်ခြင်းလား….”
လီရှစ်ကျန်း တစ်နေ့တွင် ဤမျှလောက် ဂုဏ်ယူစရာကောင်းလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ အမြဲတမ်း လက်စားချေတတ်သည့် 'လူယုတ်မာစစ်စစ်' တစ်ယောက်သာ ဖြစ်သည်။
‘သူက ပြေးသွားနိုင်ပြီး နှစ်ယောက်စလုံး အားကစားကားနှင့် မတိုက်မိအောင် ရှောင်နိုင်မည်ဟု ထင်သည်။ ဆိုးကျိုးမရှိနိုင်သလို လျော်ကြေးငွေတောင် တောင်းနိုင်ကောင်း တောင်းနိုင်မည်’
ထိုသို့ တွေးမိရင်း လီရှစ်ကျန်းသည် အရှိန်မြှင့်လိုက်သည်။
ကောင်လေး လမ်းအလယ်ရောက်သောအခါ ရပ်တန့်သွားသည်။ သူ့ဆီသို့ အရှိန်ပြင်းစွာ ပြေးလာနေသည့် ဆံပင်ရှုပ်ပွသော အမျိုးသားကို ကြည့်ပြီး အံ့အားသင့်သွားသော်လည်း မျက်လုံးထောင့်မှ အားကစားကားကို မြင်လိုက်ရသည်။
ကြောင်အသွားပြီး ပါးစပ်ကို ဟောင်းလောင်းဖြစ်သွားကာ အသံမထွက်မီမှာပင် လီရှစ်ကျန်း၏ တိုက်မိခြင်းကို ခံလိုက်ရပါေတာ့သည်။
သို့သော် လီရှစ်ကျန်းမှာမူ ဤတစ်ခါတွင် အမှားကြီး မှားသွားသည်။ ကောင်လေးကို လွင့်စင်သွားအောင် လုပ်နိုင်ခဲ့သော်လည်း သူကိုယ်တိုင်မှာမူ ထိုနေရာတွင်ပင် ကျန်ရစ်ခဲ့သည်။
မူးဝေနေသော လီရှစ်ကျန်းတစ်ယောက် ခြေထောက်ကို မဖို့ ကြိုးစားသော်လည်း လောကကြီးတစ်ခုလုံး လည်ပတ်နေသကဲ့သို့ ခံစားလိုက်ရသည်။
သတိပြန်ရလာချိန်တွင် သူ့ အရပ်ပိုရှည်လာသကဲ့သို့ ခံစားရသည်။
မဟုတ်ဘူး...
သူ တကယ်ကို လေထဲတွင် ပေါ်နေခြင်းဖြစ်သည်။
ဒါက တော်တော်လေး စိတ်ကူးယဉ်ဆန်နေပြီ မဟုတ်လား။
လီရှစ်ကျန်း လွင့်စင်သွားသော ကောင်လေးမှာ ဒဏ်ရာမရကြောင်း တွေ့လိုက်ရသည်။ ကောင်လေးက ပြုတ်ကျနေသော ဖုန်းကို ကောက်ယူကာ ၃ စက္ကန့်မျှ နှမြောတသဖြစ်ပြီးနောက် အမြန်ထကာ ပြေးသွားသည်။
‘ဘာတွေဖြစ်ကုန်တာလဲ...’
ထိုအချိန်တွင် အခြားသူများက ဖြစ်ပျက်သွားသည်ကို မြင်ကာ ပြေးလာကြသည်။
အားကစားကားက ခဏရပ်သွားပြီးနောက် နောက်ပြန်လှည့်ကာ အရှိန်ဖြင့် ထွက်ပြေးသွားသည်။
ထိုအရာကို မြင်သော် လီရှစ်ကျန်းမှာ သူတို့မိခင်များကို ဆဲဆိုချင်စိတ် ပေါက်လာသည်။
"ဟားဟား... ဟားဟား..." ထိုအချိန်တွင် လီရှစ်ကျန်း၏ နောက်ကျောမှ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
ထိုသူမှာ သားရေဂျာကင်ကို ဝတ်ဆင်ထားပြီး အရောင်စုံဆိုးထားသော ဆံပင်ရှည်များကို ထောင်ထားကာ နားတွင် ကပ်ခွာများ တပ်ထားသည်။ သူသည် လီရှစ်ကျန်းကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ ရယ်မောနေသည်။
သို့သော် လီရှစ်ကျန်းမှာ ထိုသူ သူ့ကို မြင်နိုင်ခြင်းကြောင့် အံ့အားမသင့်ပေ။ သူ လေထဲတွင် ပေါ်နေခြင်းကြောင့်သာ အံ့အားသင့်နေခြင်းဖြစ်သည်။
"ကောင်လေး လုပ်စရာတွေ အများကြီးရှိတာကို သူရဲကောင်းလုပ်ချင်နေတာလား"
"ကောင်းတဲ့သူတွေ စောစောသေတတ်တယ်လို့ မင်းဆရာတွေ မသင်ပေးခဲ့ဘူးလား"
"ဟားဟား..." ထိုသို့ ပြောပြီးနောက် ရောင်စုံလူသားမှာ ထပ်မံ၍ ရယ်မောပြန်သည်။
"ကျွန်တော်... ကျွန်တော့်ဝိညာဉ်က ခန္ဓာကိုယ်ထဲက ထွက်လာတာလား ဘယ်လိုပြန်ဝင်ရမလဲ ဘာလို့ ရပ်ကြည့်နေတာလဲ ကူညီပါဦး"
ရောင်စုံလူသားက ကစားလိုသော အမူအရာဖြင့် "ဝိညာဉ်ထွက်တာလား ဟားဟား... ကောင်းလိုက်တာ... ရယ်လို့ကို မရပ်နိုင်ဘူး မင်းကြောင့် ငါ သေရတော့မယ်"
"မင်းဝိညာဉ်က ထွက်လာတာမဟုတ်ဘူး မင်းသေသွားပြီ"
"ဒါကြောင့်..."
လီရှစ်ကျန်း စကားမဆုံးမီ ခဏတာ အေးခဲသွားပြီး ထိုသူကို ခုန်အုပ်လိုက်သည်။
သို့သော် လေဟာနယ်ထဲတွင် ရှိနေသကဲ့သို့ပင်။ သူ လှုပ်ရှားနိုင်သော်လည်း ရှေ့သို့ တစ်လက်မမျှ မတိုးနိုင်ပေ။
"မဖြစ်ဘူး... ကျွန်တော်က အမှိုက်ကောက်သူတစ်ယောက်ဖြစ်ပေမယ့် ရှေ့မှာ ကောင်းမွန်တဲ့ ဘဝတွေ ရှိပါသေးတယ် ကျွန်တော် မသေချင်ဘူး ကျွန်တော့်ငွေတွေ ကျွန်တော့်ရဲ့ နုပျိုမှုတွေကို ခံစားဖို့ အများကြီး ကျန်ပါသေးတယ်"
"ဘဝလား မင်း အိပ်မက်မက်နေတာ ဒီနေ့ကစပြီး မင်းမှာ သရဲတစ်ကောင်အနေနဲ့ နောက်ဘဝပဲ ရှိတော့တယ်"
"ဒါပေမဲ့... မင်းက စိတ်သဘောထား ကောင်းခဲ့လို့ မင်းကို ဘဝသစ်တစ်ခု ပေးနိုင်တယ်… လိုချင်လား" ရောင်စုံလူသားက လီရှစ်ကျန်းကို လှောင်ပြုံး ပြုံးပြလိုက်သည်။
"ဘဝသစ်လား"
"နေပါဦး... မင်း... မင်းက ဘယ်သူလဲ"