တူးမြောင်းတူးဖော်ရေး လုပ်ငန်း
“ကဲ... သွားကြစို့ဟေ့။”
လီဆန်းကျန်းက သူ့ဘောင်းဘီစကို ခါချလိုက်ပြီး လီကျစ်ယွမ်ရဲ့လက်ကို ဆွဲကာ လီဝေဟန်တို့အုပ်စုနောက်မှ လိုက်၍ အိမ်ပြင်သို့ ထွက်လာခဲ့သည်။ အပြင်သို့ ထွက်ခွာသွားသော လီကျစ်ယွမ်ကို ချင်လီ တိတ်တဆိတ် ငေးကြည့်နေမိသည်။ သူ ယနေ့ အပြင်သွားမည်ကို ကြိုသိနေခဲ့သော်လည်း တကယ်တမ်း ထွက်သွားချိန်တွင်မူ သူမသည် ခေါင်းလေးကို ဖြည်းညှင်းစွာ ငုံ့လိုက်မိပြီး လီကျစ်ယွမ် စားသောက်ပြီးခါစ ခေါက်ဆွဲပန်းကန်လုံးလေးဆီသို့ အကြည့်တို့ ရောက်ရှိသွားသည်။
ထိုအခြင်းအရာကို မြင်လျှင်မြင်ချင်း လျူယွီမေက ဒေါ်လေးလျူကို အဓိပ္ပာယ်ပါပါ မျက်ရိပ်ပြလိုက်သဖြင့် ဒေါ်လေးလျူလည်း ရှေ့သို့ အမြန်လှမ်းလာကာ ဆေးကြောရန် ပန်းကန်နှင့် တူများကို ကောက်သိမ်းသွားတော့သည်။
မကြာမှီအချိန်အတွင်းမှာပင် ဦးလေးချင်တစ်ယောက် ဝါးအစည်းကြီးတစ်စည်းကို ထမ်းပိုးကာ ပြန်ရောက်လာပြီး ဝင်းထောင့်ထဲသို့ ပစ်ချလိုက်ရင်း လက်ဝါးချင်း ပုတ်ခါလိုက်သည်။ လျူယွီမေက ချင်လီ့အနားတွင် ဝင်ထိုင်ကာ ပြုံးရွှင်စွာဖြင့် -
“အာလီ... အန်တီက အာလီ့ (ဦးလေးချင်) ကို ယွမ်ဟောက်လေးရဲ့ ကုလားထိုင်မျိုးအတိုင်း ကြိမ်ကုလားထိုင်တစ်လုံး လုပ်ပေးဖို့ ပြောထားတယ်။ ဘယ်လိုလဲ... သဘောကျရဲ့လား။”
ချင်လီက ဘာမှ ပြန်မပြောပေ။ ထို့ကြောင့် လျူယွီမေက နှုတ်ခမ်းကို မသိမသာ စုလိုက်ရင်း ချင်လီကို ဆက်ပြောသည်။
“ဒီရက်ပိုင်းအတွင်းမှာ ပုံစံတူ အသစ်စက်စက် ကြိမ်ကုလားထိုင် နှစ်လုံးရအောင် အာရုံစိုက်ပြီး လုပ်ခိုင်းလိုက်မယ်။ ကလေးတွေ ထိုင်ရ၊ မှီရတာ အဆင်ပြေမယ့် ပုံစံမျိုးပေါ့။”
ထိုအခါမှ ချင်လီက ခေါင်းညိတ်ပြတော့သည်။ သူမ မသိမသာ မော့ကြည့်လာသော မျက်နှာထက်တွင် အမှန်တကယ်ပင် ဝမ်းသာပီတိဖြစ်နေခဲ့သည်။
...
ရွာအဝင် လမ်းမနားသို့ ရောက်သောအခါ သိပ်အကြာကြီး စောင့်ဆိုင်းလိုက်ရခြင်း မရှိဘဲ ဘတ်စကားအိုကြီးတစ်စီး ဆိုက်ရောက်လာသည်။ ထိုခေတ်ထိုအခါက မြို့နယ်တွင်းပြေးဆွဲသော ဘတ်စကားများတွင် သီးသန့် ကားဂိတ် သို့မဟုတ် ပုံသေမှတ်တိုင်ဟူ၍ မရှိချေ။ တရားဝင် စည်းကမ်းသတ်မှတ်ချက်များ ရှိသော်လည်း အများစုမှာ ပုဂ္ဂလိက ကန်ထရိုက်စနစ်ဖြင့် ပြေးဆွဲနေခြင်းဖြစ်ရာ လူက တားလျှင်ဖြစ်စေ၊ ခရီးသည်က ဆင်းချင်သည်ဟု ပြောလျှင်ဖြစ်စေ လမ်းဘေးတွင်ပင် ရပ်တန့်ပေးလေ့ရှိသည်။
လီဆန်းကျန်းက ယွမ်ဟောက်လေးကို စကားအနည်းငယ် ထပ်မှာချင်သေးသော်လည်း ကားက မြန်မြန်ဆန်ဆန်ပင် ရောက်ရှိလာသဖြင့် အရင်ဆုံး ကားပေါ်သို့ တက်လိုက်ရတော့သည်။
ဘတ်စ်ကားကြီး မောင်းထွက်သွားသည်နှင့် လီဝေဟန်က လီကျစ်ယွမ်ကို ပွေ့ချီကာ ဦးလေးဖြစ်သူ လီရှန့်ရဲ့ လက်တွန်းလှည်းပေါ်သို့ တင်ပေးပြီး အသာအယာ ထိုင်ခိုင်းလိုက်သည်။ ထို့နောက် အားလုံးက လမ်းဘေးအတိုင်း အတူတကွ လျှောက်လှမ်းလာကြရာ မကြာမီမှာပင် စီယွမ်ရွာမှ လူအုပ်ကြီးနှင့် သွားရောက်ပူးပေါင်းမိတော့သည်။
လူအုပ်ထဲတွင် အသက်အရွယ် သင့်တင့်လျောက်ပတ်ပြီး လုပ်ကိုင်နိုင်စွမ်းရှိသည့် အမျိုးသားရွာသားအများစုသာ ပါဝင်ပြီး အမျိုးသမီးဟူ၍ ခပ်ရှားရှားသာ ရှိသည်။ အကြောင်းမှာ ကာလရှည်ကြာ လုပ်ကိုင်လာခဲ့သည့် မဟာတူးမြောင်းတူးဖော်ရေး စီမံကိန်းကြီးမှာ အဆုံးသတ်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ လုပ်သားအင်အားနှင့် အလုပ်ချိန် လိုအပ်ချက်များမှာ သိသိသာသာ လျော့နည်းသွားခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်ခန့်ကမူ ရာသီဥတု အချိန်အခါ ရောက်တိုင်း ဂျန်စူး ဒေသရှိ ကျေးလက်လူထုတစ်ခုလုံးနီးပါး — ကျား၊ မ၊ မရွေး၊ ကြီး၊ ငယ်၊ မကျန် — ကိရိယာတန်ဆာပလာများကိုယ်စီဖြင့် မြစ်ချောင်းများအနီး တာတမံများ ပြုပြင်ရန် သို့မဟုတ် ရေရှားပါးသော ဒေသများတွင် ရေလှောင်တမံများ တည်ဆောက်ရန် စုပေါင်းထွက်ခွာကြရသည်။ တစ်ခါတစ်ရံတွင် အရေးကြီးသော စီမံကိန်းကြီးများအတွက် ဝေးလံသော ဒေသများအထိပင် စုပေါင်းပြီး သွားရောက် လုပ်ကိုင်ကြရစမြဲ ဖြစ်သည်။
ချမ်းအေးလှသော ဆောင်းရက်သတ္တပတ်များတွင် အရိုးကွဲမတတ် အေးစက်သော လေကြမ်းများ တိုက်ခတ်နေသော်လည်း ထိုခေတ်က စက်မှုကိရိယာ အနည်းငယ်မျှသာ ရှိသဖြင့် လုပ်ငန်းခွင်တစ်ခုလုံးမှာ လူအင်အားအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုခဲ့ရသည်။ အသက်ပြည့်သူမှန်သမျှ မပျက်မကွက် ပါဝင်ကြရပြီး လုပ်ငန်းခွင် သက်တမ်းမှာလည်း ရှည်လျားလှသဖြင့် ရိက္ခာခြောက်များကိုယ်စီ သယ်ဆောင်ကာ ယာယီတဲများ ဆောက်လုပ်၍ လုပ်ငန်းခွင်၌ပင် ရေရှည် အခြေချ နေထိုင်ခဲ့ကြရသည်။ ထိုခေတ်အခါက တူးမြောင်းတူးဖော်ရေး လုပ်ငန်းခွင်၏ ပင်ပန်းဆင်းရဲမှုဒဏ်များကြောင့် ယခုသက်ကြီးရွယ်အို မည်မျှလောက်တွင် နာတာရှည်ရောဂါဝေဒနာများ စွဲကပ်ကျန်ရစ်ခဲ့သည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။
ဦးလေးလီရှန့်က ရယ်မောရင်း -
“ငါ ကလေးဘဝတုန်းက အဖေနဲ့အမေနောက် လိုက်ပြီး တူးမြောင်းတူးတဲ့ဆီ သွားခဲ့ရတဲ့ ဒုက္ခတွေကို အခုထိ မှတ်မိသေးတယ်။ အဖေက ငါတို့ကို အမြဲပြောလေ့ရှိတယ်... မင်းတို့ စာကို သေချာမသင်ရင် တစ်သက်လုံး တူးမြောင်းပဲ တူးနေရလိမ့်မယ်တဲ့... ဟားဟား။”
အခြားဦးလေးများကလည်း လိုက်လံရယ်မောကြသည်။
ဒုတိယဦးလေး လီကျန့်ကလည်း -
“အဆုံးမှာတော့ အဖေပြောသမျှ အလကားဖြစ်သွားတာပဲ။ ငါတို့ ညီအစ်ကိုတွေက စာသင်မယ့် ခေါင်းမျိုးတွေ မဟုတ်ကြဘူးလေ။ နောက်ဆုံးတော့ ညီမအငယ်ဆုံးလေးတစ်ယောက်ပဲ ပညာတတ်ဖြစ်သွားတယ်” ဟု ဆိုသည်။
တတိယဦးလေး လီရှုံက ခေါင်းညိတ်ထောက်ခံရင်း -
“ဟုတ်ပဗျာ... အမေက ကလေးမွေးကတည်းက မျက်နှာလိုက်တာ။ ဉာဏ်ကောင်းသမျှအကုန်လုံး ညီမလေးဆီပဲ ရောက်သွားတာကိုး။”
ထိုအခါ လီဝေဟန်က စိတ်ဆိုးချင်ယောင်ဆောင်ကာ အပြုံးမျက်နှာဖြင့် ငေါက်ငမ်းလိုက်သည်။
“မင်းတို့ကောင်တွေ ဘာတွေ လျှောက်ပြောနေတာလဲ။ မင်းတို့သာ စာတတ်မယ်ဆိုရင် ငါက သွားကြိတ်ခံပြီးတော့တောင် ထောက်ပံ့ပေးမှာပေါ့ ကွ။”
အားလုံးက တစ်ခဲနက် ပြန်လည်ရယ်မောကြရင်း အပြန်အလှန် စနောက်ကျီစယ်မှုများဖြင့် စည်ကားသွားတော့သည်။
အရာအားလုံးသည် လွန်ခဲ့သော အတိတ်ကာလဆီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ရှိတော့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကလည်း သူတို့ ညီအစ်ကိုလေးယောက်သည် မိဘများ၏ ဦးဆောင်မှုဖြင့် တူးမြောင်းတူးဖော်ရေး လုပ်ငန်းခွင်သို့ သွားရာလမ်းတွင် ယခုကဲ့သို့ပင် စနောက်ရင်း၊ စကားပြောရင်း လျှောက်လှမ်းခဲ့ကြဖူးသည်။
ဤအချက်ကြောင့်ပင် လီဝေဟန်သည် ယခုတူးမြောင်းတူးဖော်ရေးအလုပ်ကို အားသွန်ခွန်စိုက် ပါဝင်နေခြင်း ဖြစ်နိုင်ပေသည်။ သူ့သားများအားလုံးသည် အိမ်ထောင်ကိုယ်စီကျကာ ဖခင်များ ဖြစ်နေကြပြီဖြစ်၍ မိမိတို့၏ အိမ်ထောင်ရေး အသိုက်အမြုံလေးများဖြင့် အလုပ်ရှုပ်နေကြရာ အနည်းနှင့်အများဆိုသလို ပွတ်တိုက်မှုများနှင့် အငြင်းပွားမှုများ ရှိနေတတ်သည်။ ယခုကဲ့သို့ ကိရိယာတန်ဆာပလာများကိုယ်စီ သယ်ဆောင်ကာ လက်တွန်းလှည်းများကို တွန်းရင်း သားအဖတွေချည်း သီးသန့်ရှိနေမည့် အချိန်မျိုးတွင်မှသာ အတိတ်က နွေးထွေးသော သံယောဇဉ်များနှင့် အမှတ်တရများကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်ကြမည် ဖြစ်သည်။
သို့သော် ဤနွေးထွေးမှုသည် ရေရှည်တည်တံ့ရန် မလွယ်ကူလှပေ။ သားသမီးများပြားပြီး ငွေကြေးကျပ်တည်းသော မိသားစုတိုင်းတွင် ကြုံတွေ့ရလေ့ရှိသည့် ပြဿနာမျိုး ဖြစ်သဖြင့် လူနေမှုဘဝ တိုးတက်လာမှသာ၊ သို့မဟုတ် အားလုံး အသက်အရွယ်ရလာပြီး မိမိတို့၏ အကျိုးအမြတ် တွက်ချက်မှုများနှင့် ရန်ငြိုးရန်စများကို ဘေးဖယ်ထားနိုင်မှသာ သွေးသားရင်းချာ သံယောဇဉ်ကို စစ်မှန်စွာ ပြန်လည် ချိတ်ဆက်နိုင်ကြပေလိမ့်မည်။ သို့မဟုတ်ပါကလည်း ဤပြဿနာများကို မည်သည့်အခါမျှ မေ့ဖျောက်နိုင်ခြင်းမရှိဘဲ မောင်နှမအချင်းချင်း တစ်သက်လုံး စိမ်းကားသွားကြသည်လည်း ဖြစ်နိုင်ပါသည်။
လူအုပ်ကြီးက ရှေ့သို့ ဆက်လက်ချီတက်နေစဉ် ဦးလေးများက လမ်းတစ်လျှောက် မြင်တွေ့ရသမျှကို လီကျစ်ယွမ်၊ ဖန်ဇီနှင့် လေဇီတို့ကို မနားတမ်း ရှင်းပြနေကြသည်။
“ဒီတာတမံကို အန်ကယ်တို့ ငယ်ငယ်တုန်းက ဆောက်ခဲ့တာကွ။ အဲဒီတုန်းက ငါတို့က ငယ်သေးတော့ နောက်ကနေ မြေကြီးသယ်တဲ့အလုပ်ပဲ ကူလုပ်ပေးနိုင်ခဲ့တာ။”
“ဒီရေလှောင်တမံကိုလည်း ငါတို့ပဲ ဆောက်ခဲ့တာ။ အဲဒီတုန်းက သိပ်အေးတာ... ရေတွေတောင် ခဲကုန်တဲ့အထိပဲ။”
“ဒီမြောင်းကိုလည်း ငါတို့ပဲ တူးခဲ့တာ။ အဲဒီတုန်းက လေဇီနဲ့ ဖန်ဇီတို့ဆိုတာ ကလေးလေးတွေပဲ ရှိသေးတယ်... ဟားဟားဟား။”
သူတို့၏ ပြောပြချက်များကို နားထောင်ရင်း လက်တွန်းလှည်းပေါ်တွင် ထိုင်နေသော လီကျစ်ယွမ်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေမိပြီး စိတ်ထဲတွင် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ ကမ္ဘာပေါ်တွင် မူလကတည်းက အလိုအလျောက် တည်ရှိနေသည်ဟု သူ ထင်မှတ်ထားခဲ့သော အသုံးအဆောင် အဆောက်အအုံများစွာသည် အမှန်တကယ်တွင် ထိုသို့ မဟုတ်ခဲ့ကြချေ။
ယခုအခါ ကျေးရွာတိုင်းလိုလိုတွင် ရှိနေသော ရေသွင်းရေလွှတ်စနစ် အဆောက်အအုံများသည် ပြီးဆုံးလုနီးပါးဖြစ်နေသော ထိုခေတ်ဦး စီမံကိန်းကြီး၏ အကောင်းဆုံး အမှတ်အသားများ ဖြစ်ကြပြီး လုပ်သားပြည်သူတို့၏ လုပ်အားနှင့် သွေးစွန်းခဲ့သော ချွေးစက်များ၏ ရလဒ်များပင် ဖြစ်သည်။
စီယွမ်ရွာမှ လူအုပ်ကြီး ရှေ့သို့ ဆက်လက်ချီတက်လာရာ လမ်းတွင် အခြားရွာများမှ အဖွဲ့များနှင့် တဖြည်းဖြည်း ပူးပေါင်းမိသွားကြသည်။ ချီတက်ပွဲကြီး၏ ပမာဏမှာ တဖြည်းဖြည်း ကြီးမားလာပြီး နောက်ဆုံးတွင် အစနှင့် အဆုံးကိုပင် မမြင်နိုင်တော့သည့်အထိ ကျယ်ပြန့်သွားတော့သည်။
ရွာလူကြီးများက မိမိတို့ရွာအမည် ရေးသားထားသော အလံများကို ကိုင်ဆောင်ထားကြပြီး မြို့နယ်လူကြီးများကမူ ပိုမိုကြီးမားသော အလံကြီးများနှင့် အော်လံ (လက်ကိုင်ဟွန်း) များကို ကိုင်ဆောင်ထားကြသည်။ အလံများမှာ ဟောင်းနွမ်းနေပြီး အပေါ်က စာလုံးများမှာလည်း ကာလကြာမြင့်စွာ လွင့်ပျယ်နေခဲ့ပြီ ဖြစ်သလို လျှပ်စစ်မပါသော လက်ကိုင်အော်လံများမှာလည်း သံချေးတက်နေခဲ့ပြီ ဖြစ်သည်။
ယခုခေတ်တွင်မူ ဤအရာများသည် သင်္ကေတမျှသာ ဖြစ်တော့သည်။ ဆယ်စုနှစ်များစွာကြာအောင် ပျိုးထောင်လာခဲ့သည့် အလေ့အထများနှင့် ကိုယ်ပိုင်စည်းကမ်းများသည် မျိုးဆက်များစွာ၏ နှလုံးသားထဲတွင် စွဲမြဲနေခဲ့ပြီ ဖြစ်သည်။
လီဝေဟန်၏ ကိရိယာတန်ဆာပလာများကို သားဖြစ်သူများက ခွဲဝေ သယ်ဆောင်သွားကြသဖြင့် သူကမူ အေးအေးလူလူပင် ရေပြွန်ဆေးတံကို မီးညှိလိုက်နိုင်သည်။ သူ မှုတ်ထုတ်လိုက်သော မီးခိုးငွေ့များက သူ့မျက်စိရှေ့တွင် တဖြည်းဖြည်း ဝေဝါးသွားစေသည်။ ထိုဝေဝါးခြင်းက မီးခိုးငွေ့ကြောင့်ပင်လား... သို့မဟုတ် ကြံ့ခိုင်တောင့်တင်းလှသော ဤအမျိုးသားကြီး၏ ရင်ထဲတွင် အတိတ်ကို လွမ်းဆွတ်တမ်းတစိတ်များ ရုတ်တရက် လှိုင်တက်လာခြင်းကြောင့်ပင်လား မပြောတတ်တော့ချေ။