ဘိုးဘွားကန်တော့ရန်ဖိတ်ခေါ်ခြင်း
အလောင်းကောင်တွေနဲ့ပတ်သက်တဲ့ ဖြစ်ရပ်ဆန်းနှစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရပြီး "ဂျန်ဟူးမှတ်တမ်း" ကိုလည်း ဖတ်ရှုပြီးစီးသွားခဲ့ပြီဖြစ်လို့ လီကျစ်ယွမ်တစ်ယောက် အလောင်းကောင်တွေအကြောင်းကို ပိုမိုပြင်းပြင်းထန်ထန် ဆက်လက်လေ့လာဆည်းပူးချင်နေမိသည်။ သီအိုရီပိုင်းတွေကို နားလည်သွားပြီဖြစ်လို့ အခုအချိန်က ပုစ္ဆာတွက်နည်းတွေကို လက်တွေ့အသုံးချပြီး အဲဒီတွက်နည်းတွေနဲ့ ပြဿနာအချို့ကို ဖြေရှင်းနိုင်မလားဆိုတာ စမ်းသပ်ရမယ့်အချိန် ရောက်နေပြီဟု ခံစားနေရသည်။
သို့သော်လည်း အခု ဒီစာအုပ်နှစ်အုပ်ကို ထုတ်လိုက်ရခြင်းက ဘာသာရပ်တစ်ခုရဲ့ အပေါ်ယံသဘောတရားကိုပဲ ရှိသေးတာကို၊ နောက်ထပ် ဘာသာရပ်အသစ်နှစ်ခုကို ထပ်ပြီး အစပြုလိုက်ရသလိုမျိုး ဖြစ်နေသည်။ သူက သေတ္တာဆီသို့ ခေါင်းလှည့်ကြည့်လိုက်ပြီး စာအုပ်နှစ်တွဲလုံးကို နေရာပြန်ထားပြီး တခြားစာအုပ်ကို ပြန်ရွေးရမလားဆိုတာ ဝေခွဲမရဖြစ်နေမိသည်။ သို့သော် ထိုညက ဆရာကြီး ပြောခဲ့သည့်စကားကို ပြန်လည်အမှတ်ရသွားမိသည်။
"ယွမ်ဟောက်လေး... စိတ်ကူးမယဉ်စမ်းပါနဲ့၊ အခြေခံကို ပစ်ပယ်လို့မရဘူး၊ အခြေခံကို ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် အရင်လေ့လာစမ်းပါ"
လီကျစ်ယွမ် ခေါင်းခါလိုက်ပြီး စာအုပ်တွေလည်း ထုတ်ပြီးသားဖြစ်နေတာမို့ ဖတ်လိုက်တာကပဲ အကောင်းဆုံးဖြစ်လိမ့်မည်ဟု ဆုံးဖြတ်လိုက်သည်။ ဖတ်ပြီးသွားရင် နောက်တစ်ကြိမ်ကျရင် အလောင်းကောင်ရဲ့ ကံကြမ္မာကိုပါ တွက်ပေးလို့ရသွားမလား? သို့သော်လည်း ဤသို့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်နေမှုက သေချာဆန်းစစ်ကြည့်လျှင် အဓိပ္ပာယ်မရှိလှပေ။ ဆေးစိမ်ထားရာကနေ အလောင်းကောင်ဖြစ်သွားတဲ့အရာတွေရဲ့ ရုပ်သွင်ပြင်လက္ခဏာကို စစ်ဆေးဖို့လား? ဒါမှမဟုတ် ရွှေဝါငှက်မလေးနဲ့ ကြောင်မျက်နှာနဲ့ အဖွားအိုကို သူတို့ရဲ့ ဇာတာအရ ဆိုးဆိုးရွားရွား သေဆုံးရလိမ့်မယ်လို့ သွားပြောဖို့လား?
စိတ်ရှုပ်ထွေးပြီး လက်မခံချင်စိတ်တို့ဖြင့် လီကျစ်ယွမ်သည် ထိုစာအုပ်နှစ်တွဲကို မြေအောက်ခန်းထဲမှ သယ်ဆောင်ကာ ဒုတိယထပ်သို့ တက်လာခဲ့သည်။ အောက်ထပ်မှ လျူယွီမေ၏ အသံထွက်ပေါ်လာသည်။
"အာယွမ်... အောက်ဆင်းလာပြီး အဖွားကို လက်ဖက်ရည်ဖျော်ဖို့ လာကူပေးပါဦး"
လီကျစ်ယွမ် အောက်သို့ ငုံ့ကြည့်လိုက်သည်။ အရှေ့ဘက်အခန်းတံခါးဝရှိ မီးသီးလင်းလင်းအောက်တွင် လျူယွီမေသည် ဘေးနား၌ လက်ဖက်ရည်ဖျော်ကိရိယာတန်ဆာပလာများနှင့် ဝေချီ (တရုတ်ရိုးရာ စုကစားနည်း) ခုံကိုချကာ ထိုင်နေသည်။
"ဟုတ်ကဲ့၊ အဖွားအိုလျူ"
လီကျစ်ယွမ် ပြန်ထူးလိုက်ပြီး စာအုပ်များကို သူ့အိပ်ခန်းရှိ စာရေးခုံပေါ်တွင် တင်ကာ တံပတ်ဖြင့် ဖုန်ခါလိုက်ပြီး အောက်ထပ်သို့ အပြေးဆင်းလာခဲ့သည်။ လျူယွီမေက သူ့ကို မခေါ်ခဲ့လျှင်ပင် ဦးလေးချင်က သူ့ကို သိုင်းပညာသင်ပေးမည့်ကိစ္စနှင့်ပတ်သက်၍ သူမနှင့် နှစ်ယောက်ချင်း စကားပြောရန် အချိန်ရှာနေခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် ဤစာအုပ်နှစ်တွဲကို လက်ထဲရရှိပြီးနောက် သိုင်းပညာလေ့ကျင့်လိုစိတ်က ပို၍ပင် ပြင်းပြလာခဲ့သည်။ သူ့ရဲ့ ကျောင်းသုံးစာအုပ်တွေက လမ်းလွဲနေတာမို့ ကျောင်းပြင်ပအချိန်တွေမှာ အပိုဆောင်းသင်ခန်းစာတွေနဲ့ပဲ အမီလိုက်ရတော့မည် မဟုတ်ပါလား။
"အဖွား... လက်ဖက်ရည် အဆင်သင့်ဖြစ်ပါပြီ"
"အင်း..."
လက်ဖက်ရည်ဖျော်ပြီးနောက် လီကျစ်ယွမ်သည် လျူယွီမေ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ သူက စကားကို အလျင်စလို မပြောဘဲ လျူယွီမေ အရင်စကားစလာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်ရာမှ သူမစကားနှင့် တစ်ဆက်တည်း ဖြစ်သွားအောင် သူ့တောင်းဆိုချက်ကို တင်ပြရန် ပြင်ဆင်ထားသည်။ ဘယ်သူကများ အိပ်ခါနီး ညဉ့်နက်သန်းခေါင်မှ လက်ဖက်ရည်သောက်ဖို့ သက်သက် ဖျော်ပါ့မလဲ။
သို့သော်လည်း လျူယွီမေ စကားစမြည်ပြောရန် ပြင်လိုက်စဉ်မှာပင် အရှေ့ဘက်အခန်းတံခါးက အတွင်းမှ ပွင့်လာပြီး ချင်လီသည် မီးရောင်အောက်တွင် တလက်လက်တောက်ပနေသော ပိုးသားညဝတ်အင်္ကျီအဖြူရောင်လေးကို ဝတ်ဆင်ကာ တံခါးဝတွင် ရပ်နေသည်။
"အာလီ... အရင်ဆုံး အခန်းထဲပြန်ပြီး နားလိုက်ပါဦး၊ အဖွားနဲ့ အာယွမ်တို့ ပြောစရာကိစ္စလေးတွေ ရှိလို့ပါ"
ချင်လီက မလှုပ်မယှက် ရပ်မြဲရပ်နေသည်။ လျူယွီမေက လီကျစ်ယွမ်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။
လီကျစ်ယွမ်က ချင်လီဘက်သို့ လှည့်ကာ - "အာလီ... မင်း အရင်သွားအိပ်လိုက်ပါ၊ ငါ မနက်ဖြန် စောစောထပြီး စာဖတ်ရမှာမို့လို့ပါ"
ချင်လီသည် လှည့်ထွက်သွားပြီး တံခါးကို ပိတ်လိုက်သည်။
လျူယွီမေ သက်ပြင်းတစ်ချက် ချလိုက်သည်။ အခုအချိန်မှာတော့ သူတို့က ကလေးတွေပဲ ရှိသေးလို့ သိပ်ပြဿနာမရှိပေမယ့် ကြီးလာတဲ့အထိ သူမသမီးက ဒီကောင်လေးနဲ့ တတွဲတွဲဖြစ်နေပြီး သူပြောသမျှ စကားနားထောင်နေမယ်ဆိုရင်တော့ လျူယွီမေတစ်ယောက် တကယ်ပဲ ခေါင်းခဲရတော့မည်။ သို့သော်လည်း လောလောဆယ်တွင် အချိန်မီ ဖြေရှင်းရမည့် ပို၍အရေးကြီးသော ပြဿနာတစ်ခု ရှိနေသည်။
"အာယွမ်... မနက်ဖြန် ငါတို့အိမ်ကိုလာပြီး ငါတို့မိသားစုရဲ့ ဘိုးဘွားစင်ကို လာကန်တော့ဦး"
"ဗျာ?"
"မိတ်ဆွေအိမ်ကို အလည်လာတဲ့ သဘောမျိုးပဲ သတ်မှတ်လိုက်ပါ"
"ဟုတ်ကဲ့ပါ၊ အဖွားအိုလျူ"
ဒါက မိတ်ဆွေတစ်ယောက်ရဲ့ အိမ်ကို သွားလည်ပြီး သူတို့ရဲ့ လူကြီးသူမတွေနဲ့ တွေ့ဆုံရသလိုမျိုးဖြစ်ပြီး အကယ်၍ ထိုလူကြီးသူမတွေက ကွယ်လွန်ပြီး ဘိုးဘွားစင်ပေါ် ရောက်နေပြီဆိုရင်လည်း ဝတ္တရားအရ ဂါရဝပြု ကန်တော့ရမည်သာ ဖြစ်သည်။
"ပြီးတော့... အဲဒီ ညစ်ပတ်နေတဲ့ တံပတ်တွေနဲ့ ပုပ်စော်နံနေတဲ့ ဘဲဥတွေအကြောင်းကိုလည်း အာလီကို ပြောပြပေးဦး"
"တံပတ်တွေ ဟုတ်လား?"
လီကျစ်ယွမ် ရုတ်တရက် သတိရသွားသည်။ ညတိုင်း ဘာလို့ တံပတ်အသစ်တွေကိုပဲ ရှာဖွေပြီး လျှော်ဖွတ်လှန်းနေရလဲ၊ ညစ်ပတ်နေတဲ့ တံပတ်တွေ ဘယ်ရောက်ကုန်မှန်း မသိဖြစ်နေခဲ့တာ မဆန်းတော့ပေ။ အာလီက ယူသွားခြင်း ဖြစ်နေသည်။ ဒါပေမဲ့ ပုပ်စော်နံနေတဲ့ ဘဲဥက ဘာကိစ္စလဲ?
လျူယွီမေသည် အနည်းငယ် ရှက်ရွံ့နေသော်လည်း ရှင်းပြရန် တွန်းအားပေးခံရသည့်အလား ဆက်ပြောရှာသည်။ "အာလီမှာ မင်းပေးတဲ့ ပစ္စည်းမှန်သမျှကို အိမ်ပြန်သယ်လာတတ်တဲ့ အကျင့်ရှိတယ်။ ငါပြောခဲ့လို့လား၊ ဒါမှမဟုတ် သူကိုယ်တိုင်ပဲ ထင်နေတာလားတော့ မသိဘူး၊ ဘိုးဘွားစင်ဆိုတာ အဖိုးတန်ဆုံးအရာတွေကို တင်ထားရမယ့်နေရာလို့ ထင်နေပုံရတယ်၊ ဒါကြောင့် အာလီက အဲဒီညစ်ပတ်နေတဲ့ တံပတ်တွေကို အဲဒီမှာ သွားတင်ထားတာ။ ဘဲဥကတော့ မင်း မနက်စာတုန်းက အခွံနွှာပေးခဲ့တဲ့ဥ ထင်တယ်၊ အခုတော့ ပုပ်သွားပြီ။ အာလီ တင်ထားတဲ့ ပစ္စည်းတွေကို ငါကတော့ သွားမထိရဲဘူး၊ သူ စိတ်ဆိုးမှာ စိုးလို့၊ ဒါကြောင့် မင်းပဲ ငါ့ကို ကူညီပြီး အဲဒါတွေကို ရှင်းလင်းပေးပါ။ ပြီးတော့ နောက်နောင် ဘိုးဘွားစင်ပေါ်ကို တခြားပစ္စည်းတွေ မတင်ဖို့လည်း သူ့ကို ဆုံးမပေးပါဦး"
မိမိမြေးမလေးကို ဆုံးမဖို့ရာ အခြားသူတစ်ယောက်ကို အကူအညီတောင်းနေရသဖြင့် လျူယွီမေတစ်ယောက် တကယ်ပဲ စိတ်မကောင်းဖြစ်မိသည်။ သို့သော်လည်း မပြောဘဲနေ၍ မရပေ၊ မဟုတ်လျှင် ဘိုးဘွားတွေကို ကန်တော့ပြီး စကားပြောနေသည့်အချိန်တိုင်း ပုပ်စော်နံနေသော ဥအနံ့ကို အောင့်အည်းသည်းခံနေရမည် မဟုတ်ပါလား။ သူမအတွက် စကားပြောချိန်လေးတင် အနံ့ခံရတာက ခံသာသေးသော်လည်း၊ ချင်မိသားစုနှင့် လျူမိသားစုမှ ဘိုးဘွားသက်ဆိုင်သူများခမျာမူ ဤအနံ့ဆိုးကို အမြဲတမ်း ရှူရှိုက်နေရရှာသည်။
ထို့အပြင် အာလီက ဘိုးဘွားစင်ပေါ်ကို ပစ္စည်းအသစ်တွေ ထပ်တင်မှာကိုလည်း သူမ စိုးရိမ်နေမိသည်။ မကြာသေးမီက မနက်စာအဖြစ် ငါးခေါင်းဆန်ပြုတ် သောက်ခဲ့ကြရာ တစ်နေ့နေ့တွင် သူမ သတိမထားမိဘဲ အာလီတစ်ယောက် သူမနှင့် အာယွမ်တို့ စားကြွင်းစားကျန်ဖြစ်သော ငါးခေါင်းပန်းကန်ကို ယူဆောင်လာပြီး ဘိုးဘွားစင်၏ အဓိကနေရာတွင် လာတင်ထားမည်ကို တကယ်ပင် ကြောက်လန့်နေမိတော့သည်။
"ကျွန်တော် နားလည်ပါပြီ၊ အဖွားအိုလျူ၊ မနက်ဖြန် ဘိုးဘွားစင်ကို လာပြီး ကန်တော့ပါ့မယ်"
လီကျစ်ယွမ်က ဘာဖြစ်လို့ အခုချက်ချင်းမသွားတာလဲဟု မမေးခဲ့ပေ။ အဖွားအိုလျူအနေဖြင့် အာလီ့ကို သူမအကြောင်း နောက်ကွယ်ကနေ တိုင်ပြောနေသည်ဟု ခံစားရစေရန် မလိုလားကြောင်း သူ သိနားလည်ထားသည်။
"အင်း... ကောင်းပြီ" လျူယွီမေ စိတ်သက်သာရာရစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ သူမ၏ အကြည့်က ဝေချီခုံပေါ်သို့ ကျရောက်သွားပြီး "ကြည့်ပါဦး၊ ဒီစစ်တုရင်ခုံကို သဘောကျရဲ့လား?"
လီကျစ်ယွမ် စစ်တုရင်ခုံကို အနီးကပ် သေချာဆန်းစစ်ကြည့်လိုက်သည်။ ၎င်းက ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ပြီး အနီးကပ် နမ်းကြည့်လျှင် စန္ဒကူးနံ့ သင်းပျံ့ပျံ့လေးကို ရရှိနေဆဲဖြစ်သည်။ အထူးသဖြင့် စစ်တုရင်ရုပ်များကို လက်ထဲတွင် ဆုပ်ကိုင်ကြည့်လိုက်လျှင် အေးမြပြီး ချောမွေ့နေသည်။ တစ်ပြေးညီတည်းဖြစ်အောင် သွေးထားသော်လည်း အနီးကပ်ကြည့်ရှုလျှင်မူ အနည်းငယ် ကွဲပြားခြားနားမှုများကို တွေ့ရသည်၊ ဆိုလိုသည်မှာ ဤစစ်တုရင်ရုပ်များသည် စက်ရုံမှ ပုံစံခွက်များဖြင့် ထုတ်လုပ်ထားခြင်းမဟုတ်ဘဲ ရှေးဟောင်းနည်းပညာများကို အသုံးပြု၍ ပြုလုပ်ထားခြင်း ဖြစ်သည်။
"အဖွားအိုလျူ... ဒါက တကယ်ကို အဖိုးတန်ပစ္စည်းပဲ"
လီကျစ်ယွမ်သည် လျူယွီမေ ရံဖန်ရံခါ ထုတ်ပြတတ်သော အဆင့်မြင့်ပစ္စည်းများအပေါ်တွင် အနည်းငယ် ရိုးအီနေပြီဖြစ်သည်။ ‘သူဌေးကြီးများ’ ကြီးစိုးခဲ့သောခေတ်က တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဆိုသော်လည်း၊ ဤမျှလောက် ခမ်းနားထည်ဝါလှသော ဘိုးဘွားအမွေအနှစ်များကို ထုတ်ဖော်ပြသနိုင်စွမ်းရှိနေဆဲဖြစ်ခြင်းက လူကို တကယ့်ကို အံ့ဩမှင်သက်စေရပါသည်။