အုပ်ဂူစောင့်တဲ့...ည`
မွန်းလွဲပိုင်းအချိန်သည် တရွေ့ရွေ့ကုန်လွန်သွားပြီး နေဝင်ဆည်းဆာအချိန်သို့ ရောက်ရှိလာသောအခါ လူတိုင်း အထုပ်အပိုးများ စတင်သိမ်းဆည်းကြတော့သည်။ ချီတက်အလံများ၊ စာတန်းများ၊ ကျမ်းစာစောင်များနှင့် စောင်၊ ခေါင်းအုံးများကိုယ်စီ သယ်ဆောင်ကာ လယ်ကွင်းကန်သင်းရိုးပေါ်တွင် လူတန်းရှည်ကြီးဖွဲ့၍ အဘွားအိုနျူ၏ အုတ်ဂူရှိရာဆီသို့ ဦးတည်လျှောက်လှမ်းခဲ့ကြသည်။ လူအုပ်ကြီး၏ နောက်ဆုံးမှ လိုက်ပါလာသူ နှစ်ယောက်မှာမူ အလွန်ပင် စိတ်အေးလက်အေးနှင့် ပေါ့ပေါ့ပါးပါးပင် ဗျောက်အိုးများကို တဒုန်းဒုန်း ဆက်တိုက်ဖောက်လာကြသည်။ ဗျောက်အိုးများကို မီးညှိပြီးလျှင် လယ်ကွင်းထဲသို့ ပစ်ချကာ ရှေ့သို့ ဆက်လျှောက်သွားကြသည်။
လီကျစ်ယွမ်က ရန့်ရှန်းကို ကူညီပြီး အလံတစ်ခု သယ်ပေးထားသည်။ ဦးလေးချင်ကမူ ပြန်မသွားဘဲ လူအုပ်နောက်မှ မီတာတစ်ရာခန့် အကွာအဝေးကို ထိန်းကာ ခပ်လှမ်းလှမ်းကနေ လိုက်ပါလာခဲ့သည်။ အဘွားအိုနျူ၏ အုတ်ဂူမှာ သေးငယ်လှသည်။ မြို့ပြတွင် မီးသဂြိုဟ်ခြင်းစနစ်ကို စောစီးစွာ အားပေးနှိုးဆော်နေပြီး မြေမြှုပ်သဂြိုဟ်ခြင်းကို တင်းကျပ်စွာ ထိန်းချုပ်ထားသော်လည်း ကျေးလက်ဒေသများတွင်မူ မြေမြှုပ်သည့် ဓလေ့ ထုံးတမ်းစဉ်လာအတိုင်း ကျင့်သုံးနေကြဆဲဖြစ်သည်။ သို့သော်လည်း ကွန်ကရစ်များဖြင့် အုတ်ဂူအကြီးကြီးများ တည်ဆောက်သည့် ခမ်းနားထည်ဝါသော မြင်ကွင်းမျိုးကိုမူ မတွေ့ရတော့ချင်။ ထိုအစား အုတ်ဂူငယ်လေးများသာ ရှိတော့သည်။ ဟောင်းနွယ်နေသော အုတ်ဂူအချို့မှာ အုတ်နီခဲနှင့် အမိုးပြာ အသုံးပြုထားသည့် နှစ်ထပ်အိမ်ပုံစံငယ်လေးများ ဖြစ်ကြပြီး သုံးထပ်တိုက်ပုံစံနှင့် ဝင်းခြံပုံစံလေးများပင် ရှိသေးသည်။ အကယ်၍ ဘာမှမသိဘဲ ဤအုတ်ဂူစုစုဆီသို့ လမ်းလျှောက်ဝင်လာမိသူဆိုလျှင် ၎င်းကို "ကျေးလက်ဗိသုကာပညာ" ခေါင်းစဉ်ဖြင့် ပြသထားသည့် ပြခန်းငယ်တစ်ခုဟုပင် မှားယွင်းထင်မှတ်သွားနိုင်သည်။
အဘွားအိုနျူ၏ အုတ်ဂူမှာမူ ဘေးနားရှိ ရွှံ့နွံထဲမှ "မြေမိုးအုပ်" ကို တူးဆွပြီး ပြုလုပ်ထားသော မြေပုံကလေးတစ်ခုမျှသာ ဖြစ်သည်။ ဂူကန်တော့ခြင်း အခမ်းအနားအတွင်း သားအကြီးဆုံးဖြစ်သူ နျူဖူက မြေမိုးအုပ်အဟောင်းကို ဖယ်ရှားလိုက်ပြီး၊ နျူရွေ့က ဂေါ်ပြားဖြင့် မြေမိုးအုပ်အသစ်တစ်ခုကို တူးဆွပေးသည်။ ဂူကန်တော့ခြင်း အခမ်းအနား ပြီးဆုံးသွားသောအခါ နျူလျန်က မြေမိုးအုပ်အသစ်ကို အုတ်ဂူပေါ်သို့ တင်ပေးလိုက်သည်။ အမွှေးတိုင်နှင့် ဖယောင်းတိုင်များ ထွန်းညှိခြင်း၊ အမျှော်စက္ကူများ တိုက်ကျွေးခြင်းနှင့် သွေးကျမ်းစာစောင်များ မီးရှို့ခြင်း စသည့် လုပ်ဆောင်စရာ အရပ်ရပ်တို့ကို လျူကျန့်ရှား၏ ညွှန်ကြားမှုအောက်တွင် စနစ်တကျ လုပ်ဆောင်ခဲ့ကြသည်။ အရာအားလုံး ပြီးဆုံး၍ မြေမိုးအုပ်အသစ် တင်ပြီးသွားသောအခါ မည်သည့် ထူးခြားဖြစ်စဉ်မျှ မရှိဘဲ အားလုံး အိမ်သို့ ပြန်ခဲ့ကြသည်။
သို့သော်လည်း လီကျစ်ယွမ်သည် လျူကျန့်ရှား၏ မျက်နှာတွင် စိတ်အေးသွားသည့် အရိပ်အယောင်မျိုး မတွေ့ရသည်ကို သတိပြုမိလိုက်သည်။ အကြောင်းမှာ စည်းမျဉ်းများအရ ဤဘာသာရေး ထုံးတမ်းစဉ်လာမှာ သန်းခေါင်ယံအချိန်အထိ ဆက်လက်လုပ်ဆောင်ရမည် ဖြစ်သောကြောင့်ပင်။ ယခင်ကမူ သတ်မှတ်ထားသော အချိန်နာရီ သီးသန့်ရှိသော်လည်း ယခုအခါတွင်မူ သန်းခေါင်ယံအချိန်ဟု တစ်ပြေးညီ သတ်မှတ်ထားကြသည်။ သန်းခေါင်ယံကျော်မှသာ ထုံးတမ်းစဉ်လာ ပြီးမြောက်သည်ဟု မှတ်ယူကြပြီး ၎င်းသည် အသုဘအလောင်းကို စောင့်ကြပ်ခြင်းလည်း ဖြစ်သည်။ အလောင်းမှာ မြေမြှုပ်ပြီးဖြစ်၍ ဤနေရာတွင် မရှိတော့သော်လည်း ဤသို့ စောင့်ကြပ်ရစမြဲပင်။ နေ့ခင်းဘက်တွင် ဘာမှမဖြစ်သော်လည်း မှောင်လာလျှင် ဘာဖြစ်လာမည်ကို မည်သူမျှ မရေရာနိုင်ပေ။
ညစာစားပြီးနောက် လာရောက်ကူညီကြသည့် ရွာသားအချို့လည်း ပြန်သွားကြပြီ ဖြစ်သည်။ နျူမောင်နှမ သုံးယောက်၏ သားသမီးများသည်လည်း အသီးသီး မိမိတို့အိမ်သို့ ပြန်သွားကြသည်။ သူတို့လည်း ကျန်ရစ်ပြီး အသုဘစောင့်ရမည် ဖြစ်သော်လည်း မောင်နှမ သုံးယောက်က အတင်းအကျပ် ပြန်လွှတ်လိုက်ခြင်းဖြစ်သည်။ နာရေးကူညီမှုအသင်းက ပစ္စည်းများသိမ်းဆည်းပြီး ထွက်ခွာသွားကြပြီးနောက် နာရေးမဏ္ဍပ်ပတ်ဝန်းကျင်တစ်ခုလုံး အထူးပင် ခြောက်ကပ်ပြီး ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။ နျူမောင်နှမ သုံးယောက်မှာမူ ဒူးထောက်ခေါင်းအုံးများပေါ်တွင် ဒူးထောက်နေကြဆဲ ဖြစ်ပြီး အသံထွက်၍ မငိုကြတော့ဘဲ တိတ်ဆိတ်စွာပင် အမျှော်စက္ကူများကို ဆက်တိုက် မီးရှို့နေကြသည်။ နျူလျန်၏ အသံမှာ ဝင်နေပြီဖြစ်ပြီး နျူဖူနှင့် နျူရွေ့တို့မှာလည်း သူတို့ကို ဦးဆောင်မည့် အစ်မဖြစ်သူ မရှိတော့သဖြင့် တိတ်ဆိတ်စွာသာ နေနိုင်ကြတော့သည်။
လျူကျန့်ရှားသည် ယခင်နေရာဟောင်းတွင်ပင် ထိုင်နေဆဲဖြစ်ပြီး သိသိသာသာပင် ဂဏာမငြိမ် ဖြစ်နေသည်။ ဆရာရှမ်းမှာမူ မကောင်းဆိုးဝါးများကို တားဆီးရန် ထိုင်နေဆဲပင် ဖြစ်သည်။ သူ၏ ဆေးပေါ့လိပ်များ ကုန်သွားသဖြင့် အိမ်ရှင်က ပေးထားသော စီးကရက်ကို ပြောင်းသောက်နေသည်။ သူတို့၏ ဆရာကြီး ဖြစ်သူကမူ... ဆရာကြီးသည် လက်ရန်းကို မှီပြီး အိပ်ပျော်နေပြီဖြစ်ကြောင်း လီကျစ်ယွမ် သတိထားမိလိုက်သည်။ ဟောက်သံနှင့်အတူ ဆရာကြီး၏ ခန္ဓာကိုယ်မှာ တစ်ချက်တစ်ချက် တုံ့ခနဲ တုံ့ခနဲ ဖြစ်သွားတတ်သည်။
ရန့်ရှန်းသည် ဘယ်ကနေ ဘယ်လို ရှာတွေ့လာမှန်းမသိသော ဖဲထုပ်တစ်ထုပ်ကို ကိုင်ဆောင်ကာ ပြုံးရွှင်စွာဖြင့် "ငါတို့ လယ်သမား ဖဲကစားရအောင်" ဟု ပြောလာသည်။
"လူလေးယောက် လိုတာမဟုတ်ဘူးလား"
"သူ့ကို သွားခေါ်လိုက်ပါလား" ရန့်ရှန်းက ဦးလေးချင် ရှိရာဘက်သို့ လက်ညှိုးထိုးပြသည်။
လီကျစ်ယွမ်က ခေါင်းခါလိုက်သည်။ ဦးလေးချင် လာမည်မဟုတ်ကြောင်း သူသိသည်။ အမှန်အတိုင်းပြောရလျှင် သူသည် ဦးလေးချင်ကို အတော်ပင် ကျေးဇူးတင်မိပါသည်။ ဦးလေးချင်သည် အသေးစိတ်ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိသော်လည်း ထိုနေရာတွင် သူရှိနေပေးရုံမျှနှင့်တင် လီကျစ်ယွမ်ကို များစွာ စိတ်အေးချမ်းစေသည်။
ထို့နောက် လီကျစ်ယွမ်နှင့် ရန့်ရှန်းတို့သည် သုံးယောက်ကစားရသည့် လယ်သမားဖဲကို စတင်ကစားကြတော့သည်။ ဖဲတစ်ထုပ်တည်းဖြစ်ပြီး လူသုံးယောက်တည်း ကစားခြင်းကြောင့် ဖဲချပ်များကို တွက်ဆရန် လွယ်ကူလှသည်။ ရန့်ရှန်းသည် ဖဲကစားရာတွင် အလွန်ညံ့ဖျင်းပြီး သူ၏နောက်ကစားသမားမှာလည်း ပုံမှန်လောက်သာ ရှိသဖြင့် လီကျစ်ယွမ်သည် လယ်သမားဖြစ်ဖြစ်၊ လယ်ကူလီဖြစ်ဖြစ် အမြဲတမ်း နိုင်နေတော့သည်။
ဖဲကစားရင်းနှင့် အချိန်များ ကုန်လွန်သွားသည်ကို သတိမထားမိကြချင်။ လီကျစ်ယွမ်က "ဘယ်နှစ်နာရီရှိပြီလဲ" ဟု မေးလိုက်သည်။
ရန့်ရှန်းက ခေါင်းခါပြကာ "မသိဘူး၊ နာရီမှ မရှိတာ" ဟု ဆိုသည်။
နောက်ကစားသမားက "တစ်ဆယ့်တစ်နာရီ ရှိပြီ" ဟု ပြောသည်။
လီကျစ်ယွမ်က "ဒါဆို ပြီးခါနီးပြီပဲ၊ နောက်ထပ် တစ်နာရီပဲ လိုတော့တယ်"
ရန့်ရှန်းက "အေးဗျာ၊ အခမ်းအနားပြီးရင် အိမ်ရှင်က နောက်ထပ်တစ်နပ် ကျွေးဦးမလား မသိဘူး"
နောက်ကစားသမားက "ကျွေးမှာပါ၊ ဒီနေ့ သူတို့ ဟင်းတွေ အများကြီး ချက်ထားတာ၊ လူလည်း သိပ်မလာကြဘူး"
လီကျစ်ယွမ်သည် လယ်သမားဖဲချပ် အကောင်းစားများကို ထပ်မံ ကိုင်လိုက်ရသဖြင့် ဤပွဲသည်လည်း စိတ်လှုပ်ရှားစရာ မရှိတော့ပေ။ သို့သော်လည်း သူ ဖဲချပ်တစ်ချပ်ကို ချခါနီးတွင် ဦးလေးချင် ရပ်နေသည့် နေရာသို့ လှမ်းကြည့်လိုက်မိရာ ရုတ်တရက် ဦးလေးချင် မရှိတော့သည်ကို သတိပြုမိသွားသည်။ သူ၏ အားကိုးရာကြီး ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် လီကျစ်ယွမ်တစ်ကိုယ်လုံး တုန်တက်သွားပြီး စိတ်ထဲတွင် တစ်ခုခုကို ရိပ်မိသွားသကဲ့သို့ ကြောင်အမ်းအမ်းနှင့် ဖဲချပ်များကို ကိုင်ကာ မှင်တက်သွားတော့သည်။
ရန့်ရှန်းက "ဘာတွေ စဉ်းစားနေတာလဲ ရှောင်ယွမ်ရာ၊ မြန်မြန်ချလေ"
နောက်ကစားသမားကလည်း "အေးဗျာ၊ မြန်မြန်လုပ်၊ မင်း ဖဲချပ်ကောင်းတွေ ကိုင်ထားတာ ငါတို့ သိတယ်"
လီကျစ်ယွမ်က ဖဲတစ်ချပ် ချလိုက်ရာ ကင်း တစ်ချပ်တည်းကို ပစ်ချလိုက်ခြင်း ဖြစ်သည်။
ရန့်ရှန်းက မျက်လုံးအပြူးသားဖြင့် "မင်း ဘာတွေ ချနေတာလဲ"
နောက်ကစားသမားကလည်း "မင်း ဖဲက သိပ်ကောင်းနေလို့ ဖဲလှန်ကစားချင်လို့လား"
လီကျစ်ယွမ်က ဝင်ပြောလိုက်သည် "ငါ ဖဲလှန်လိုက်ရမလား"
ရန့်ရှန်းက "မင်း လှန်ချင်ရင် လှန်လိုက်လေ၊ ဖဲချပ်ကောင်းနေရင် ဘာမှလုပ်စရာမလိုဘူး"
နောက်ကစားသမားက "ဒါပေမဲ့ သေချာတော့ စဉ်းစားဦးနော်၊ ဖဲလှန်ကစားရင် ခဏခဏ ရှုံးတတ်တယ်"
"ငါ ထပ်ပြီး စဉ်းစားလိုက်ဦးမယ်" လီကျစ်ယွမ်သည် ဖဲချပ်များကို ကိုင်ကာ အတွေးနက်နေရင်း၊ မျက်လုံးကမူ ငိုက်မြည်းနေသော ဆရာကြီး၊ ဒူးထောက်ခေါင်းအုံးပေါ်တွင် ထိုင်နေကြသည့် နျူမောင်နှမ သုံးယောက်၊ လျူကျန့်ရှားနှင့် ဆရာရှမ်းတို့ဆီသို့ တိတ်တဆိတ် ဝေ့ဝဲကြည့်လိုက်မိသည်။
ယခင်က ပုံမှန်ဟု ထင်ရသော အရာမှန်သမျှသည် ယခုအခါတွင်မူ ရုတ်တရက် ထိတ်လန့်ခြောက်ခြားဖွယ် ကောင်းလာတော့သည်။ သူ၏ နားထဲတွင် အသံမျိုးစုံကို ကြားနေရသော်လည်း သူတို့အားလုံး၊ လူတိုင်းသည် လုံးဝ မလှုပ်မယှက်ဘဲ တောင့်တောင့်ကြီး ဖြစ်နေကြသည်။ ဆရာကြီး ဟောက်နေသည့် အချိန်တွင်ပင် သူ၏ ခန္ဓာကိုယ်က ဟောက်သံနှင့်အညီ လှုပ်ရှားခြင်း မရှိချင်— ထိုဟောက်သံကြီးမှာ ဘယ်ကနေမှန်းမသိ ဟာလာဟင်းလင်းထဲကနေ ထွက်ပေါ်လာသကဲ့သို့ပင်။
"အစ်ကိုရန့်ရှန်း..."
"ဘာဖြစ်လို့လဲ၊ ဖဲလှန်မလား မလှန်ဘူးလား ဆုံးဖြတ်ပြီးပြီလား"
လီကျစ်ယွမ်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။ ရန့်ရှန်းကတော့ ပုံမှန်အတိုင်း ရှိနေဆဲပင်၊ သို့သော် ထိုအချက်က သူ အခု ဖဲလှန်ပြရန် တကယ်လိုအပ်နေပြီဟူသော သဘောပင် ဖြစ်သည်။ အကယ်၍ ရန့်ရှန်းသာ ဤနေရာတွင် မရှိခဲ့ရင်၊ ထိုအဖိုးအို အဖွားအို အနည်းငယ်က ဘာများ တတ်နိုင်ကြမှာလဲ။
"ဖဲလှန်လိုက်ပြီ!" လီကျစ်ယွမ်က သူ၏ ဖဲချပ်များကို ချပြလိုက်သည်။
ရန့်ရှန်းက ဇဝေဇဝါဖြင့် "ဟေ့... မင်းဖဲတွေက သိပ်လည်း မကောင်းပါဘူး။ ငါက မင်းမှာ ဗုံးတွဲပါတယ် အောက်မေ့လို့" ဟု ပြောလိုက်လေတော့သည်။