အစားကြီးတဲ့ကလေး
ဒါက ပုံပြင်ပြောနေခြင်း ဖြစ်မှန်း သိသာလှသော်လည်း သီချင်းဆိုသံနှင့် ပိုတူနေသည်။ ဤအရာက တိုင်းပြည်၏ အစောဆုံး ရက်ပ် ဂီတပုံစံမျိုး ဖြစ်နိုင်ကောင်း ဖြစ်ပါလိမ့်မည်။ နျူလျန်၏ ငိုချင်းချသံ နောက်သို့ သူမ၏ အစ်ကိုနှစ်ယောက်က လိုက်ပါသွားကြပြီး သံပြိုင်ညည်းတွားသလိုမျိုး လိုက်ငိုကြလေသည်။ လီကျစ်ယွမ်က ထိုအရာကို စိတ်ဝင်စားစရာ ကောင်းသည်ဟု ယူဆမိသည်။ ထိုအဘွားအိုနှင့် သူ၏ ပတ်သက်မှုတွေကို ခေတ္တဘေးဖယ်ထားလျှင်တောင် ဤငိုချင်းထဲက အကြောင်းအရာတွေကတင် လူကို ရယ်ရခက်၊ ငိုရခက် ဖြစ်စေသည်။ သားသမီးတွေ အခုမှ လူလားမြောက်လို့ အမေဖြစ်သူက ကုသိုလ်ကံ မခံစားရသေးခင် ခွဲခွာသွားရတယ် ဟုတ်လား...။ သူတို့ အခုမှ အရွယ်ရောက်လာကြတာတဲ့လား။ ကြည့်ရတာ သူတို့တစ်ယောက်ချင်းစီက မြေးချီနေရမည့် အဘိုး၊ အဘွားအရွယ်တွေ ရောက်နေကြပြီ ဖြစ်သည်။ တကယ်လို့ သူတို့အမေကို ကောင်းကောင်းမွန်မွန် လုပ်ကျွေးချင်စိတ် တကယ်ရှိခဲ့လျှင် ယခုလို နောက်ကျနေစရာ အကြောင်းမရှိချေ။
ပြီးခဲ့သည့်တစ်ခေါက် မုတ်ဆိတ်ကြီး တို့မိသားစု၏ နာရေးတုန်းက အဖြစ်အပျက်ကို ပြန်တွေးမိသည်။ သူတို့က နေ့ခင်းဘက်တွင် အမေအတွက် ဆိုပြီး သားသမီးကောင်းပီသစွာ ငိုကြွေးပြခဲ့ကြသော်လည်း ညဘက်ကျတော့လည်း သားဖြစ်သူကို ခေါ်ပြီး မကောင်းမှုအလုပ်တွေ သွားလုပ်ဖို့ လက်မနှေးခဲ့ကြချေ။ ထို့ကြောင့် ညနေခင်း နာရေးဆိုင်းအဖွဲ့၏ သရုပ်ဆောင်မှုက မနက်ခင်းက ပင်မဇာတ်ဆောင်တွေ၏ ဖျော်ဖြေမှုလောက် မမှီနိုင်တော့ချေ။ ထိုမနက်ခင်းကမှ စစ်မှန်သည့် သရုပ်ဆောင်ပညာပြိုင်ပွဲ ဖြစ်သည်။
သို့သော်လည်း ယခု နာရေးအခမ်းအနားက တိတ်ဆိတ်လွန်းနေသလို ရှိသည်။ ထုံးစံအရဆိုလျှင် ဧည့်ခံကျွေးမွေးသည့် ထမင်းဝိုင်းလည်း ရှိရမည် ဖြစ်သည်။ လီကျစ်ယွမ်က ဆေးလိပ်သောက်နေသည့် လီဆန်းကျန်း ဘက်သို့ ကိုင်းညွတ်ကာ -
“ဆရာကြီး၊ ဒီမှာ ဘာလို့ လူ ဒီလောက်နည်းနေရတာလဲ၊ ဧည့်သည်တွေကို ထမင်းမကျွေးဘူးလားဟင်။” ဟု မေးလိုက်သည်။
သို့သော်လည်း မလှမ်းမကမ်းတွင် စားဖိုမှူးက အလုပ်ရှုပ်နေသည်ကို လှမ်းမြင်လိုက်ရသည်။
လီဆန်းကျန်းက နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးရင်း -
“လွန်ခဲ့တဲ့ ခြောက်လက အဘွားကြီး ဆုံးတုန်းက အဲဒီမောင်နှမ သုံးယောက်က နာရေးကို စီစဉ်ခဲ့ပေမဲ့ အဆင့်မြင့် နာရေးဆိုင်းအဖွဲ့ကို မငှားခဲ့ဘူး။ အစားအသောက် အသုံးစရိတ်ကိုလည်း ရှိသမျှအကုန် ချွေတာပြီး စျေးပေါတဲ့စွပ်ပြုတ်ရည်ပဲ ကျွေးခဲ့တာ။ ရွာသားတွေက အလှူငွေတွေ လာထည့်ကြပေမဲ့ ဝအောင်တောင် မစားခဲ့ရဘူး။ ဒီတစ်ခေါက်ကျတော့ သူတို့က သရဲအိမ်ထောင်ဖက် မင်္ဂလာဆောင်အခမ်းအနားကို ကျင်းပနေတာဆိုတော့ ရွာသားတွေက မလာကြတော့ဘူးလေ၊ သိပ်ပြီး သိက္ခာမရှိလွန်းလို့။” ဟု ဆိုသည်။
လီကျစ်ယွမ် သဘောပေါက်သွားသည်။ ထိုမောင်နှမ သုံးယောက်က ပြီးခဲ့သည့်တစ်ခေါက် အမေဖြစ်သူ၏ နာရေးကို အလှူငွေ ကောက်ခံစရာ ကိရိယာတစ်ခုအဖြစ် ရိုးရိုးရှင်းရှင်းပဲ အသုံးချခဲ့ခြင်း ဖြစ်သည်။ ကျေးလက်ရိုးရာ ထုံးတမ်းစဉ်လာအရ အလှူငွေ ထည့်ဝင်ခြင်းဆိုသည်မှာ နာရေးအိမ်ရှင်ကို ကုန်ကျစရိတ် ကာမိစေရန် လူတိုင်းက ဝိုင်းဝန်းကူညီကြခြင်း ဖြစ်သည်။ စေးနဲတတ်သည့် လူအနည်းငယ် ရှိတတ်သော်လည်း အများအားဖြင့်တော့ အရှုံးမပေါ်စေရချေ။ သို့သော် ယခုလို အရှက်မရှိသည့် လူစားမျိုးနှင့် ကြုံရလိမ့်မည်ဟု ဘယ်သူက ထင်ထားပါ့မည်နည်း။
လျူကျန့်ရှား ကတော့ ပူဇော်ရာစားပွဲ၏ နောက်ကွယ်တွင် ထိုင်နေပြီး မီးခိုးတွေကြောင့် မျက်ရည်များကို လက်ကိုင်ပဝါဖြင့် ခဏခဏ သုတ်နေရသော်လည်း ဇွဲကောင်းကောင်းဖြင့်ပင် ဂါထာမန္တန်များကို ဆက်လက်ရွတ်ဖတ်နေကာ တစ်ခါတစ်ရံတွင် သတ်မှတ်ထားသည့် အဆောင်စက္ကူများကို ထုတ်ယူပြီး ဝမ်းနည်းပူဆွေးနေသည့် သားသမီးများကို မီးရှို့ရန် ကမ်းပေးနေသည်။ သူမ၏ တာဝန်မှာ ယင်နှင့်ယန် ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးပြီး ကွယ်လွန်သူနှင့် အသက်ရှင်ကျန်ရစ်သူတို့အကြား ဆက်သွယ်ပြောဆိုနိုင်အောင် ကူညီပေးရခြင်း ဖြစ်သည်။
အဘိုးရှန်းကတော့ စုတ်ပြဲနေသည့် ဖျာတစ်ချပ်ကို ခင်းကာ အနောက်မြောက်ထောင့်တွင် ထိုင်နေပြီး ရေပြွန်ဆေးတံကို ကိုင်ကာ တစ်ချိန်လုံး ဆေးလိပ်သောက်နေသည်။ လီကျစ်ယွမ် စာအုပ်ထဲက ဖတ်ဖူးသည်များကို ပြန်သတိရမိသည်။ ပူဇော်ရာစားပွဲကို ဗဟိုအချက်အချာအဖြစ် သတ်မှတ်လျှင် အဘိုးရှန်း ထိုင်နေသည့်နေရာက မကောင်းဆိုးဝါး ဖျက်ဆီးရေးအချက် ဖြစ်သည်။ တကယ်လို့ မကောင်းဆိုးဝါး လေပြင်းတွေ ဝင်ရောက်ချင်တယ်ဆိုလျှင် ထိုနေရာကို အရင်ဖြတ်ကျော်ရမည် ဖြစ်သည်။
ရန့်ရှန်း ကလည်း နားမနေဘဲ ဟိုဟိုဒီဒီ အဆက်မပြတ် လှုပ်ရှားနေကာ အလံတော်ကို စက်ဝိုင်းပုံစံ လှည့်ပတ်ယမ်းခါနေသည်။ ထိုအရာက အလံကို အောက်သို့ မကျစေဘဲ တစ်ချိန်လုံး လည်ပတ်နေအောင် လုပ်ရသဖြင့် ကိုယ်ခန္ဓာ အင်အားတော်တော် စိုက်ထုတ်ရသည့် အလုပ်တစ်ခု ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ မိမိ၏ ဆရာကြီးဖြစ်သူက မိုးကာတဲအောက်တွင် ထိုင်ကာ လက်ဖက်ရည်ကို အေးအေးလူလူ သောက်နေသည်။ လီကျစ်ယွမ်က မိမိ၏ အသိပညာ ဗဟုသုတ နည်းပါးသေးသဖြင့် ဆရာကြီးက မည်သည့် တာဝန်နေရာကို ယူထားမှန်း မခွဲခြားနိုင်ချေ။ သို့သော်... ၎င်းက အလွန်အရေးကြီးသည့် နေရာတစ်ခု ဖြစ်ရမည်။
သူတို့ နေ့လယ်စာ စားပြီးကြပြီ ဖြစ်သည်။ မွန်းလွဲပိုင်းတွင် နာရေးဆိုင်းအဖွဲ့က သရုပ်ဆောင်များအားလုံး ရဟန်းဝတ်စုံများသို့ စုပေါင်းလဲလှယ် ဝတ်ဆင်လိုက်ကြပြီး ဘုန်းကြီးများအသွင် ဖန်တီးကာ သစ်သားငါးရုပ်တူရိယာကို တီးခတ်ရင်း ကျမ်းစာများကို ရွတ်ဖတ်ပူဇော်ကြတော့သည်။ အချို့ဆိုလျှင် ကတုံးတုံးထားသဖြင့် ကြည့်ရသည်မှာ တကယ့်ရဟန်းများနှင့် တော်တော်လေး တူနေသည်။
ရန့်ရှန်းက နောက်ဖိုဆောင်ထဲကနေ ပန်းကန်လုံးများနှင့် တူများကို ယူဆောင်လာခဲ့သည်။ သူ ဗိုက်ဆာနေပြီ ဖြစ်သည်။ အခြားလူများ ညနေခင်း လက်ဖက်ရည် သောက်ချိန်တွင် သူကတော့ အခြေအနေပေးလျှင် ပေးသလို ညနေစာကိုပါ တစ်ခါတည်း စားလေ့ရှိသည်။ သူက လီကျစ်ယွမ်ကိုပါ အတူတူစားရန် ဖော်ရွေစွာ ဖိတ်ခေါ်သဖြင့် လီကျစ်ယွမ်ကလည်း ငြင်းမနေတော့ဘဲ အလွတ်ပန်းကန်လုံး တစ်လုံးကို ကောက်ကိုင်ကာ အစားအစာအချို့ကို ခပ်ယူပြီး စတင်စားသောက်တော့သည်။ ဦးလေးချင်ကိုတော့ လီကျစ်ယွမ်နှင့် ရန့်ရှန်းတို့ သွားခေါ်ခဲ့ကြသော်လည်း သူက မစားခဲ့ချေ။ ဒီနေရာကို ရောက်ကတည်းက ဦးလေးချင်က မိုးကာတဲ၏ အစွန်းတစ်နေရာတွင် ရပ်နေခဲ့ပြီး လှုပ်ရှားမှု သိပ်မရှိချေ။
အမွှေးတိုင် ကုန်သွားသည်ကို စောင့်ဆိုင်းနေစဉ် ရန့်ရှန်းက လီကျစ်ယွမ်ကို -
“ငါ့အဘိုးကို မင်း အဲဒီစာအုပ်တွေ ဖတ်နေတဲ့အကြောင်း ပြောပြတော့၊ အဘိုးက မင်းက ငါ့ထက် အများကြီး ပိုတော်တယ်လို့ ပြောတယ်၊ ပြီးတော့ နောက်နောင်ကျရင် မင်းနဲ့ ပိုပြီး စကားပြောဖို့လည်း ငါ့ကို မှာထားသေးတယ်” ဟု ဆိုသည်။
မိမိ၏ မြေးမြစ်ဖြစ်သူက ပေကျင်းက တက္ကသိုလ်တစ်ခုခုတွင် မဖြစ်မနေ ပညာသင်ရမည်ဟု ယုံကြည်ထားသည့် လီဆန်းကျန်း နှင့်မတူဘဲ အဘိုးရှန်းကတော့ လီကျစ်ယွမ်ကို အစောကြီးကတည်းက အလောင်းရှာဖွေရေး ရေငုတ်သမား အတွက် ထူးချွန်ထက်မြက်သည့် အလားအလာရှိသူတစ်ဦးအဖြစ် မြင်ထားခဲ့ခြင်း ဖြစ်သည်။
“ရတာပေါ့၊ မင်း ငါ့ဆီကို အချိန်မရွေး လာကစားလို့ ရပါတယ်” ဟု လီကျစ်ယွမ်က ဆိုလိုက်သည်။
လီကျစ်ယွမ်၏ အမြင်တွင် ရန့်ရှန်းက စာတွေ့နှင့် လက်တွေ့ကို ပြီးပြည့်စုံစွာ ပေါင်းစပ်ပေးနိုင်မည့် ပေါင်းကူးတံတားတစ်ခု ဖြစ်သည်။
“တကယ်လား။ အဲဒါဆို သိပ်ကောင်းတာပေါ့၊ ဟားဟား၊ မင်း ယုံမှာမဟုတ်ဘူး... ငါ့အဘိုးရဲ့ ကျန်းမာရေးက သိပ်မကောင်းတော့ ခဏခဏ ဆေးသောက်နေရတာ။ အိမ်ကလည်း အဆင်မပြေဘူး၊ ငါကလည်း အစားကြီးတဲ့လူဆိုတော့လေ၊ ဟူး...။ မင်းတို့အိမ်ကို လာရင် ငါ ဗိုက်ဝအောင် စားရရုံတင်မကဘဲ အဖွားအိုရဲ့ ဝန်ထုပ်ဝန်ပိုးကိုလည်း လျှော့ချပေးရာ ရောက်တာပေါ့။ အလုပ်ရှိတဲ့အခါကျရင်လည်း ငါ အဘိုးဆီ ပြန်သွားပြီး အလောင်းရှာဖွေတဲ့နေရာမှာ ကူညီပေးလို့ ရတယ်၊ အချိန်လည်း မပုပ်တော့ဘူး။”
“မင်း ဒီမှာ အကြာကြီး နေချင်တာလား။”
“အင်... မရဘူးလား” ရန့်ရှန်းက ခေါင်းကို ကုတ်လိုက်သည်။
“အဲဒါကတော့ ငါ့ဆရာကြီးကို မေးကြည့်ရမယ်။”
“ဒါဆို ငါ့အဘိုးကို မင်းတို့ဆရာကြီးနဲ့ စကားပြောခိုင်းလိုက်မယ်။ အဘိုးပြောတာတော့ သူ ဆုံးပါးသွားပြီးရင် ငါက မင်းတို့ဆရာကြီးဆီမှာ အလုပ်လုပ်ရမှာတဲ့။”
“အင်း” လီကျစ်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။
ဆရာကြီးကလည်း အသက်ကြီးလာပြီ ဖြစ်သဖြင့် နောင်တစ်ချိန်တွင် ရန့်ရှန်းကဲ့သို့ လူမျိုးက အလုပ်ကို ဆက်ခံပေးမည်ဆိုလျှင် မဆိုးလှချေ။ အဆုံးစွန် ပြောရလျှင် အလောင်းရှာဖွေရေး အလုပ်က ဆရာကြီး၏ စစ်မှန်သည့် သက်မွေးဝမ်းကျောင်း လုပ်ငန်းနှင့် အရေးကြီးသည့် ပုံရိပ်တစ်ခု ဖြစ်သည်။ ဆရာကြီး၏ အခြားသော စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ဖြစ်ထွန်းနေရခြင်းမှာလည်း သူက အလောင်းရှာဖွေရေး ရေငုတ်သမားတစ်ဦး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
အမွှေးတိုင် မီးကုန်သွားသည့်အခါ ရန့်ရှန်းက စိတ်မရှည်တော့ဘဲ အစားအစာများကို အမွှေးတိုင်ပြာများနှင့် တူဖြင့် အတူတူမွှေနှောက်လိုက်ပြီး မြိန်ရေယှက်ရေ စတင်စားသောက်တော့သည်။
လီကျစ်ယွမ်က စူးစမ်းလိုစိတ်ဖြင့် -
“တကယ်လို့ မင်း အမွှေးတိုင် မထွန်းထားရင် တကယ်ပဲ စားလို့မရဘူးလား။” ဟု မေးလိုက်သည်။
“အင်းလေ” ရန့်ရှန်းက တစ်လုတ်ချင်း ဝါးရင်း -
“ငါ စားလို့မရဘူး၊ တကယ်လို့ ပါးစပ်ထဲ ထည့်လိုက်ရင် အရသာမရှိရုံတင်မကဘူး၊ တကယ့်ကို အော့အန်ချင်စရာကြီး ဖြစ်နေတာ။” ဟု ပြန်ဖြေသည်။
“မင်း တစ်ခါမှ... အဲဒါကို စားဖူးလား...” လီကျစ်ယွမ် အနည်းငယ် တွန့်ဆုတ်သွားသော်လည်း မေးရန် ဆုံးဖြတ်လိုက်ရင်း -
“လူသေအလောင်းကို စားဖူးလား။”
ရန့်ရှန်း လန့်သွားပြီး ချက်ချင်း အသံကို နှိမ့်ကာ -
“အဘိုးက ငါ့ကို သတိပေးထားတယ်၊ အပြင်မှာ အဲဒါကို စားဖူးတယ်လို့ လုံးဝ ဝန်မခံရဘူးတဲ့။” ဟု ဆိုသည်။
“ဒါဆိုရင်လည်း မင်းအဘိုးရဲ့ သတိပေးချက်ကို သေသေချာချာ မှတ်ထားလိုက်ပေါ့။”
“ဒါပေါ့၊ ငါ အမြဲတမ်း မှတ်ထားပါတယ်။”
လီကျစ်ယွမ်က အစားအစာကို မြန်မြန်ဆန်ဆန် စားသောက်ပြီးနောက် ရန့်ရှန်း တစ်ယောက်တည်း မြိန်ရေယှက်ရေ စားနေသည်ကို ကြည့်ကာ ‘တကယ်လို့ ရန့်ရှန်းသာ လွန်ခဲ့တဲ့ နှစ်ရက်က အစောကြီး ရောက်လာခဲ့ရင် အဘွားအိုရဲ့ စက္ကူရုပ်ပုံတူ စားပွဲတော်ပွဲ ကို အချိန်မှီ ကြုံတွေ့ရမှာ ဖြစ်ပြီး စားပွဲတစ်ဝိုင်းလုံးကို သူတစ်ယောက်တည်း သိမ်းကျုံးစားနိုင်လောက်တယ်’ ဟု တွေးနေမိတော့သည်။