နာရေးပွဲစတင်ခြင်း
“ဟင့်အင်း၊ ဆရာကြီးတို့ရှိတဲ့နေရာကို အရင်သွားကြရအောင်။”
“ကောင်းပြီလေ။”
သူတို့က မြို့ကိုဖြတ်ပြီး ရွာထဲဆင်းလာခဲ့ကြရာ လမ်းက ပိုကျဉ်းလာသည်။ သိပ်မကြာခင်မှာပဲ ရှေ့ဘက်ဆီက လမ်းမထက်မှာ နာရေးအာရုဏ်ဆွမ်းကျွေးပွဲတစ်ခု လုပ်နေတာကို မြင်လိုက်ရသည်။
“ဦးလေး၊ ဒီမှာပဲ ရပ်ပေးတော့။”
“ရောက်ခါနီးနေပြီဥစ္စာ။”
“ကျွန်တော် ညောင်းလို့။”
“ဟိုရောက်မှ နားပေါ့၊ ရေလည်း သောက်ရတာပေါ့။”
“ကျွန်တော် သေးပေါက်ချင်လို့၊ မအောင့်နိုင်တော့ဘူး။”
“အေးအေး။”
ဦးလေးချင်က စက်ဘီးကိုရပ်ပေးလိုက်ရာ လီကျစ်ယွမ်က စက်ဘီးပေါ်ကနေ ဝုန်းခနဲခုန်ဆင်းသွားပြီး မိုးမခပင်အောက်က လူကွယ်ရာတစ်နေရာမှာ အပေါ့အပါးသွားကာ မြောင်းဘေးမှာ ဆောင့်ကြောင့်ထိုင်ပြီး လက်ဆေးလိုက်သည်။ ချင်လီကတော့ ထိုကလေးငယ် အလုပ်ကိစ္စပြီးရင် စက်ဘီးပေါ်ပြန်တက်လာလိမ့်မည်ဟု ထင်နေခဲ့သော်လည်း ကောင်လေးက လယ်ကန်သင်းဘေးက ချောမွတ်နေသည့် ကျောက်တုံးတစ်တုံးပေါ်မှာ ဝင်ထိုင်လိုက်ပြီး ရင်ခွင်ထဲကနေ ဖျော်ရည်တစ်ပုလင်း၊ ဘီစကွတ်မုန့်အချို့နှင့် စာအုပ်နှစ်အုပ်ကို ထုတ်လိုက်လေသည်။ ချင်လီ ထိုဘူးသီးပုံသဏ္ဌာန်ပုလင်းကို မှတ်မိနေသည်။ လီဆန်းကျန်း မှာထားသည့်အတိုင်း သူကိုယ်တိုင် ထိုကောင်လေးအတွက် ဝယ်ပေးခဲ့ခြင်း ဖြစ်သည်။ ကောင်လေး စက်ဘီးပေါ်တက်လာတုန်းက အင်္ကျီတွေ ဖောင်းပွနေသည်မှာ မဆန်းတော့ချေ။ တစ်ကိုယ်စာ မုန့်တွေအများကြီး ခိုးထည့်လာခဲ့ခြင်း ဖြစ်သည်။ ဒါကိုကြည့်ခြင်းအားဖြင့် သူက ဘယ်မှသွားဖို့ စိတ်ကူးမရှိဘဲ လေညင်းခံ ပျော်ပွဲစားထွက်ရင်း စာဖတ်ဖို့ ပြင်ဆင်လာခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
“မင်း ဘာလုပ်နေတာလဲ။”
“ကျွန်တော် ပင်ပန်းလို့ ခဏနားမလို့၊ ဦးလေးချင်လည်း လာထိုင်လေ။”
“မင်း ဆရာကြီးဆီ ဓားသွားပို့ရမှာ မဟုတ်ဘူးလား။ ဟိုရှေ့တင် ရောက်တော့မှာကို။ မြန်မြန်သွားပို့စမ်းပါ၊ ငါလည်း အလုပ်ပြန်လုပ်ရအောင်။ အဒေါ်လေးလျူ တစ်ယောက်တည်း အလုပ်တွေ အကုန်မလုပ်နိုင်ဘူး၊ အလုပ်အပ်ရက်ကလည်း ကပ်နေပြီ။ အချိန်မှန်မပြီးရင် ကုန်ပစ္စည်းတွေ မပေးနိုင်ဘဲ ဖြစ်လိမ့်မယ်၊ အဲဒီကျရင် မင်းတို့ဆရာကြီးက စိတ်တိုပြီး ဆဲဆိုကြိမ်းမောင်းနေဦးမယ်။”
“ဆရာကြီးက အဲဒီလိုမလုပ်ပါဘူး၊ ဆရာကြီးက သူ့ရဲ့အမွေတွေကို ကျွန်တော့်နာမည်နဲ့ လွှဲပေးမယ်လို့ ပြောထားတာ။ ဆရာကြီး တစ်ခုခုဖြစ်သွားရင် ကျွန်တော်က အိမ်ရှင်အလုပ်ရှင်အသစ် ဖြစ်လာမှာ၊ ကျွန်တော်ကတော့ စိတ်တိုပြီး လူတွေကို ဆဲဆိုမှာမဟုတ်ဘူး။”
“မင်းကတော့လေ...”
“ဦးလေး၊ လာထိုင်ပါဦး။ နေ့တိုင်း အလုပ်တွေလုပ်နေရတာ ဦးလေး ဘယ်လောက်ပင်ပန်းနေလဲ ကြည့်ပါဦး။ အလုပ်နဲ့ အနားယူခြင်းကို မျှတအောင်လုပ်ပြီး ဒီနေ့တစ်ရက်တော့ နားလိုက်ရအောင်။”
ချင်လီက ကောင်လေးနား လျှောက်သွားပြီးမှ ဒါက တမင်သက်သက် လုပ်နေခြင်းဖြစ်မှန်း ရိပ်မိသွားသည်။ လီဆန်းကျန်းဆီ ဓားသွားမပို့သရွေ့ ကောင်လေးက တာဝန်မကျေသေးသဖြင့် သူ့မှာ ကောင်လေးအနားမှာပဲ ဆက်ပြီး အဖော်လုပ်ပေးနေရဦးမည် ဖြစ်သည်။ ချင်လီကို ပို၍အံ့အားသင့်စေသည်မှာ ထိုကောင်လေးက ‘ပဲငါးပိအိုး လဲကျရင်တောင် ကူမထူချင်တဲ့’ သူ့ရဲ့ ပျင်းရိတတ်သည့် စရိုက်ကို ကြိုတင်တွက်ဆထားပုံရခြင်း ဖြစ်သည်။ ဒါ ကလေးတစ်ယောက် တကယ်ပဲလား။ ကလေးအရေခြုံထားတဲ့ မြေဖုတ်ဘီလူးလေး ဖြစ်ရမည်။
ချက်ချင်းဆိုသလိုပဲ ချင်လီ စိတ်ထဲ သဘောပေါက်သွားပြီး ‘အော်... ဒါကြောင့်မို့လည်း မြေးမလေး အာလီက တခြားလူတွေအပေါ် အေးစက်ပေမဲ့ သူ့အပေါ်ကျမှ ရင်းရင်းနှီးနှီး ရှိနေတာကိုး’ ဟု တွေးမိသွားသည်။ ချင်လီက ရှေ့သို့ ကိုင်းညွတ်လိုက်ပြီး ကောင်လေးကို အတင်းအဓမ္မ ပွေ့ချီကာ တာဝန်ကျေပွန်အောင် ဆောင်ရွက်ဖို့ ပြင်လိုက်သည်။
“ဦးလေး၊ ကျွန်တော်တို့ မိသားစုနှစ်စု အတူတူနေရတာ တကယ်ကို နွေးထွေးဖို့ကောင်းတယ်နော်၊ အဖွားအိုလျူကလည်း သိပ်သဘောကောင်းတာ၊ အဒေါ်လေးလျူကလည်း သိပ်နူးညံ့တာပဲ။”
ချင်လီ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။
“စာအုပ်ထဲမှာ ရေးထားတယ်၊ လူလူချင်း သဟဇာတဖြစ်တဲ့ ဆက်ဆံရေးဆိုတာ အခြေခံအကျဆုံးဖြစ်တဲ့ အပြန်အလှန် လေးစားမှုပေါ်မှာ တည်ဆောက်ထားတာတဲ့။”
ချင်လီက “ဟဲဟဲ၊ ငါတို့က အဲဒီလိုမဟုတ်လို့လား” ဟု ဆိုလိုက်သည်။
လီကျစ်ယွမ်က ခေါင်းပြန်လှည့်လာပြီး သူ့အနားသို့ မထင်မှတ်ဘဲ ကပ်နေသည့် ချင်လီကို ကြည့်ကာ ပြုံးပြလိုက်ရင်း -
“ဟုတ်လို့လား၊ ဟုတ်ပါတယ်နော်။”
ချင်လီ မျက်လုံးမှိတ်ကာ ကိုယ်ကိုပြန်မတ်လိုက်ပြီး ကလေးတစ်ယောက်ရဲ့ ကစားခြင်းကို ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။ အတန်ကြာမှ ချင်လီက -
“ရှောင်ယွမ်၊ တကယ်လို့ ငါက မင်းကို ဒီခေါ်လာဖို့ သဘောမတူရင် မင်းတစ်ယောက်တည်း လာမလို့လား။”
လီကျစ်ယွမ်က ခေါင်းခါပြလိုက်ပြီး -
“ကျွန်တော်က ကလေးပဲဥစ္စာ၊ ဘာမှလည်း ကူညီနိုင်တာမဟုတ်ဘူး၊ တစ်ယောက်တည်းတော့ မလာပါဘူး၊ ဘာလို့လဲဆိုတော့ လာရင်လည်း ရှုပ်အောင် ပိုလုပ်သလိုပဲ ဖြစ်မှာလေ။”
“ကဲပါ၊ မင်း ဆရာကြီးဆီ သွားတော့။ ငါတော့ ပြန်မလိုက်တော့ဘူး၊ ဒါပေမဲ့ မှတ်ထားဦး၊ ပဲငါးပိအိုး လဲကျရင်တောင် ငါကတော့ ကူမထူပေးနိုင်ဘူးနော်။”
“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဦးလေး။”
လီကျစ်ယွမ်က သူ့ပစ္စည်းများကို မြန်မြန်ဆန်ဆန် ပြန်သိမ်းကာ စက်ဘီးနားသို့ လျှောက်သွားပြီး -
“ဦးလေး၊ စက်ဘီးပေါ်တက်တော့၊ ရောက်တော့မယ်၊ ဟီး။” ဟု လောဆော်လိုက်သည်။
...
“ဘာဖြစ်လို့လဲ။”
လီဆန်းကျန်းက လီကျစ်ယွမ်ကို အရင်ကြည့်ပြီးမှ ချင်လီဘက်သို့ လှည့်ကာ -
“မင်းက ကလေးကို ဘာလို့ ဒီအထိ ခေါ်လာရတာလဲ။”
“ဆရာကြီး၊ ကျွန်တော် ဆရာကြီးကို လွမ်းလို့ ဦးလေးချင်ကို လိုက်ပို့ပေးဖို့ အတင်းပူဆာလိုက်တာ၊ ဦးလေးချင်က ကျွန်တော့်ကို မငြင်းရက်လို့ပါ။”
“ယွမ်ဟောက်လေး၊ ဒါ မင်းလာရမယ့်နေရာလား။ သွား... သွား... လီဟောက်ကို မင်းကို ပြန်ခေါ်သွားခိုင်းလိုက်မယ်။”
“ဟင့်အင်း၊ ကျွန်တော်မပြန်ဘူး၊ ဒီမှာပဲ နေမှာ။”
လီကျစ်ယွမ်က လီဆန်းကျန်း၏ အင်္ကျီကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်ထားပြီး မျက်နှာလေး ငယ်သွားကာ မကျေမချမ်း ဖြစ်နေသည့်ပုံစံ ဖမ်းလိုက်သည်။ လီဆန်းကျန်းက သူ့ကို မောင်းထုတ်ရန် ပို၍ပြတ်သားသည့် စကားများ ပြောဆိုဖို့ ရည်ရွယ်ထားသော်လည်း ကောင်လေး၏ ယခုလိုပုံစံကို မြင်လိုက်ရသည့်အခါ အိမ်ထောင်မပြုဖူး၊ သားသမီးမရှိဖူးသည့် လူအိုကြီး၏ စိတ်နှလုံးထဲက အနုညံ့ဆုံးနေရာကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားလေသည်။ ထို့ကြောင့် လူကြီးများက ကလေးများကို အလိုလိုက်သည့်အခါမျိုးတွင်... အထူးသဖြင့် မြေးအရွယ်ကလေးများနှင့် ပတ်သက်လာလျှင် စည်းမျဉ်းစည်းကမ်းတွေကို ဘေးဖယ်ထားတတ်ကြသည်မှာ အမှန်ပင်ဖြစ်သည်။
“ကဲပါ၊ လီဟောက်... ကလေးကို သေချာကြည့်ထားဦး၊ လျှောက်မပြေးစေနဲ့။”
ချင်လီက ခေါင်းညိတ်ပြလိုက်ပြီး -
“ဟုတ်ကဲ့၊ ကျွန်တော် စောင့်ကြည့်ထားပါ့မယ်။”
လီကျစ်ယွမ်က ထိုနေရာမှာ အောင်မြင်စွာ နေရစ်ခဲ့ခွင့်ရပြီးနောက် သာသနာရေးဆိုင်ရာ ဈာပနအခမ်းအနားကို စတင်လေ့လာတော့သည်။ ထိုထုံးတမ်းစဉ်လာ အခမ်းအနားကို ရွာထဲရှိ ဆန်ဖွတ်ကွင်းဟောင်းအဖြစ် အသုံးပြုခဲ့ဖူးသည့် မြေကွက်လပ်အလွတ်တစ်ခုပေါ်တွင် ကျင်းပနေခြင်းဖြစ်ပြီး ဝတ်စုံဖြူဝတ်ဆင်ထားသည့် လူနည်းစုအဖွဲ့ငယ်လေးတစ်ခုက အလုပ်ရှုပ်ကာ ပြင်ဆင်နေကြသည်။ ဝတ်စုံဝတ်ထားသည့် သရုပ်ဆောင် ရှစ်ယောက်က အခမ်းအနားကို ဦးဆောင်ကျင်းပနေပြီး တစ်ယောက်ချင်းစီက လက်ထဲတွင်တူရိယာ ကဲ့သို့သော ပူဇော်မှုဆိုင်ရာ အသုံးအဆောင်ပစ္စည်းများကို ကိုင်ဆောင်ထားကာ စတေးပူဇော်ရာ စားပွဲကို ဝိုင်းပတ်လျက် ဂါထာမန္တန်များကို တတွတ်တွတ် ရွတ်ဖတ်နေကြသည်။
ပူဇော်ရာစားပွဲပေါ်တွင် ထုံးတမ်းစဉ်လာအရ လှူဖွယ်ပစ္စည်းများကို ခင်းကျင်းထားပြီး အလယ်တည့်တည့်တွင် အဘွားအိုနျူ၏ အဖြူအမည်း ဓာတ်ပုံကို ချိတ်ဆွဲထားသည်။ နာရေးဆိုင်းဘုတ်ပေါ်တွင် ‘နျူ’ ဟု ကမ္ပည်းထိုးထားသည်။ အဘွားအိုမှာ ငယ်စဉ်ကတည်းက လင်ပါသား (သို့မဟုတ်) သူစိမ်းကလေးအဖြစ် လင်ယောက်ျား၏ မိသားစုထံ ရောက်ရှိလာခဲ့ခြင်း ဖြစ်သောကြောင့် မိမိကိုယ်ပိုင် မိသားစုလည်းမရှိ၊ အမည်ရင်းလည်း မရှိခဲ့ပေ။ နောက်ပိုင်း ရွာတွင် လူဦးရေစာရင်း ကောက်ယူသည့်အခါကျမှ လင်ယောက်ျား၏ မျိုးရိုးအမည်ဖြင့်သာ စာရင်းသွင်းခဲ့ခြင်း ဖြစ်သည်။
ဝမ်းနည်းပူဆွေးနေကြသည့် သားသမီးမြေးမြစ်များက ဖျာများပေါ်တွင် ဒူးထောက်ထားကြပြီး ၎င်းတို့၏ ခေါင်းများကို အဖြူရောင်ကြိုးများဖြင့် စည်းနှောင်ထားကာ လျှော်တေအင်္ကျီများကို ဝတ်ဆင်ထားကြသည်။ လက်မောင်းများတွင် အနက်ရောင် ဝမ်းနည်းခြင်းအထိမ်းအမှတ် လက်ပတ်များကို ပတ်ထားရင်း ငိုကြွေးမြည်တမ်းကာ ရှေ့ရှိ မီးဖိုကျင်းထဲသို့ စက္ကူရွှေငွေ သပြေမိုးများကို ထည့်သွင်းမီးရှို့နေကြသည်။ နျူဖူ နှင့် နျူရွေ့ တို့ကတော့ အသံကျယ်ကျယ်ဖြင့် ဟန်ပြငိုကြွေးနေကြပြီး တစ်ခါတစ်ရံမှသာ မျက်ရည်ကို သုတ်လိုက်ကြသည်။ သူတို့တွင် အမူအရာသာရှိပြီး စစ်မှန်သည့် ခံစားချက်မရှိချေ။
သို့သော်လည်း သမီးအငယ်ဆုံးဖြစ်သူ နျူလျန် ကတော့ မျက်နှာအမူအရာနှင့် ကိုယ်အမူအရာ ကောင်းမွန်ရုံတင်မကဘဲ မျက်ရည်များမှာလည်း အေးခဲနေသည့် ရေပိုက်ခေါင်းတစ်ခု ပွင့်ထွက်သွားသလိုမျိုး မရပ်မနား စီးကျနေကာ လင်္ကာရှည်ကြီးများဖြင့် အော်ဟစ်ငိုကြွေး မြည်တမ်းနေရှာသည်။
“အမေရေ... အဖေ စောစောစီးစီး ဆုံးပါးသွားပြီးနောက်မှာ ကျွန်မတို့မောင်နှမ သုံးယောက်ကို အမေတစ်ယောက်တည်း ပင်ပန်းဆင်းရဲခံပြီး ကျွေးမွေးစောင့်ရှောက်ခဲ့ရတာ၊ ဖြစ်ရလေခြင်း အမေရယ်။
“အမေရေ... အဲဒီတုန်းက ခက်ခဲတဲ့အချိန်တွေမှာ အမေကတော့ ကောင်းကောင်းမွန်မွန် မစားရဘဲ ရှိသမျှအကုန်လုံးကို သမီးတို့ကိုပဲ ခွဲကျွေးခဲ့တာ၊ ဖြစ်ရလေခြင်း အမေရယ်။
“အမေရေ... အခုမှ သမီးတို့မောင်နှမ သုံးယောက်လုံး လူလားမြောက်လို့ အမေလည်း ကောင်းကောင်းမွန်မွန် မခံစားရသေးဘူး၊ ဘာလို့ ဒီလောက်စောစောကြီး ခွဲခွာသွားရတာလဲ၊ ဖြစ်ရလေခြင်း အမေရယ်။”
သူမ၏ စာကြောင်းတိုင်း၏ အဆုံးတွင် ပါဝင်သည့် “ဖြစ်ရလေခြင်း အမေရယ်” ဆိုသည့် ညည်းတွားသံက ရှေ့ကပြောခဲ့သည့် စကားကို နိဂုံးချုပ်လိုက်သလို၊ နောက်ထပ် ဝမ်းနည်းပူဆွေးမှုကို ပိုမိုပြင်းထန်လာစေရန် အရှိန်ယူလိုက်သလို ဖြစ်နေပြီး အသက်ရှူဖမ်းရန်အတွက်လည်း အထောက်အကူ ဖြစ်စေလေသည်။