ကန်တော့ပွဲစပြီ
ကံကောင်းချင်တော့ ရွှေဝါငှက်မလေး ကျွန်တော့်ကို လမ်းပြခိုင်းတုန်းက တိုးခဲ့တာ မွေးကင်းစကလေးအလောင်း မဟုတ်လို့ပေါ့။ ရက်တွက်ကြည့်ရရင် ကျွန်တော့်ရဲ့ ခေါင်းချပြီး သတ္တမမြောက်နေ့ (ဝိညာဉ်ပြန်လာမည့်ရက်) က အခုလောက်ဆို ရောက်နေပြီထင်တယ်။
"ဟဲဟဲ... တကယ်တော့ အဲဒီနေ့က ကံကောင်းသွားတာဗျ။ ကျွန်တော်နဲ့ ဆရာကြီးက အလုပ်ပြီးရင် အိမ်ရှင်အိမ်မှာ အဝအပြဲ နှိုက်ရတော့မယ်ဆိုပြီး မျှော်လင့်ချက်အပြည့်နဲ့ နေ့လယ်စာကို တမင်အလွတ်ခံပြီး သွားခဲ့တာ။ တကယ်လို့သာ ဗိုက်ထဲမှာ အစားအသောက်တွေ ရှိနေရင် အဲဒီအလောင်းကြောင့် ဒီထက်မကပျို့အန်ပြီး စုတ်ပြတ်သတ်သွားမှာ သေချာတယ်ဗျာ။"
"ဒီတစ်ခေါက်တော့ မသွားခင် ဗိုက်ပြည့်အောင် အဝစားသွားမှဖြစ်မယ်။"
"ဒါပေါ့... ကျွန်တော်က ဆရာကြီးရဲ့အိမ်ကို အကြိုက်ဆုံးပဲ။ ဒီကိုလာတိုင်း ဗိုက်ပြည့်အောင် စားရတာ၊ ဟင်းတွေကလည်း အမြဲတမ်း ကောင်းမှကောင်းပဲ
"အဲဒီ မွေးကင်းစကလေးအလောင်းကို နောက်ဆုံးတော့ ဆယ်မိသွားလား။"
"ဆယ်မိတာပေါ့ဗျာ။ အဲဒီကောင်က တကယ့်ကို ပါးနပ်တာ။ ကျွန်တော့်ကို လုပ်ကြံလို့မရမှန်း သိတော့ ရေမှော်ပင်တွေကြားထဲ ဝင်ပုန်းဖို့ ကြိုးစားသေးတာ။ ကျွန်တော်လည်း ရေအောက်မှော်ပင်တွေအတိုင်း လိုက်ဆွဲထုတ်လိုက်တာပေါ့။ အဲဒီနေရာမှာ ပုန်းလို့မရတော့မှန်း သိပြန်တော့ မြစ်ကြမ်းပြင်အောက်ထဲ တိုးဝင်ပုန်းဖို့ လုပ်ပြန်ရော။ အဲဒါနဲ့ ကျွန်တော်လည်း ကန်စွန်းဥ တူးသလိုမျိုး နှိုက်တူးပြီး ဆွဲထုတ်လိုက်တာပေါ့။ သိလား... ရေဖောင်းပြီး ဖြူဆွတ်နေတဲ့ သူ့ကိုယ်လုံးကြီးက ရေထဲမှာ စိမ်ထားလို့ ဖောင်းကားနေတာ ကွင်းကွင်းကွက်ကွက်ပဲ၊ ကြည့်ရတာ အခွံနွှာပြီး ပြုတ်ထားတဲ့ ကန်စွန်းဥကြီးအတိုင်းပဲဗျာ။ ချို့တဲ့နေတာဆိုလို့ ပဲငါးပိရည်တစ်ခွက်နဲ့ ကြက်သွန်ဖြူထောင်းလေး ဖြူးဖို့ပဲ ကျန်တော့တယ်။"
ရွန်ရှန့်က ဤနေရာအထိ ပြောပြီးသောအခါ လျှာလေးသပ်လိုက်သည်ကို လီကျစ်ယွမ် သတိပြုမိသွားသည်။ အခြားအကြောင်းအရာများနှင့် ပတ်သက်၍မူ လီကျစ်ယွမ် အများကြီး ဆက်မတွေးချင်တော့ဘဲ ထိုအချိန်က သူ တကယ် ဗိုက်ဆာနေ၍ ဖြစ်လိမ့်မည်ဟုသာ သဘောထားလိုက်တော့သည်။
"မားကီးရွန်ရှန့်... မားကီးရွန်ရှန့်!"
အောက်ထပ်မှ ရှမ်းဦးလေး၏ အော်သံ ထွက်ပေါ်လာသည်။
"ဆရာကြီး နေ့လယ်စာမစားခင် တစ်ရေးတစ်မော အိပ်ချင်လို့တဲ့... အောက်ဆင်းပြီး အိပ်ရာပြင်ပေးလိုက်ဦး။"
"လာပြီ ဆရာကြီး။"
ရွန်ရှန့်က ထရပ်ကာ အောက်ထပ်သို့ ဝုန်းဒိုင်းကြဲပြေးဆင်းသွားတော့သည်။ အာလီက သစ်သားခုံတန်းပေါ်ရှိ စာအုပ်ကို ကိုယ်တိုင်ဦးအောင် လှန်လှောကြည့်ရှုလိုက်သည်။ လီကျစ်ယွမ် သူမ၏ ရည်ရွယ်ချက်ကို နားလည်ပါသည်၊ သူမသည် ဘယ်သူ့နှောင့်ယှက်မှုမှမပါဘဲ သူနှင့်အတူတူ စာအုပ်အေးအေးဆေးဆေး ဖတ်ချင်နေခြင်း ဖြစ်သည်။
"အစ်ကိုရွန်ရှန့်က ဧည့်သည်ပဲဟာ... ပြီးတော့ မနက်ဖြန်ဆိုရင် ဆရာကြီးတို့က အစ်ကိုရွန်ရှန့်ကိုပဲ အားကိုးကြရမှာ။"
မနက်ဖြန် နျူဖူ၏ မိသားစု သေဆုံးခြင်းနှစ်ပတ်လည် ဆွမ်းကျွေးပွဲသို့ သွားမည့်အဖွဲ့ကို တွေးမိရင်း လီကျစ်ယွမ် စိတ်မကောင်းဖြစ်မိသည်။ တစ်ယောက်က ဒဏ်ရာရထားသည်၊ တစ်ယောက်က လမ်းမလျှောက်နိုင်လောက်အောင် အသက်ကြီးလှပြီ၊ နောက်တစ်ယောက်က မျက်စိမမြင်... ရွန်ရှန့်တစ်ယောက်တည်းသာ သူတို့ အားကိုးစရာအဖြစ် ကျန်တော့သည်။
အာလီက ခေါင်းမော့ကာ လီကျစ်ယွမ်ကို စိုက်ကြည့်လာသည်။ သူမ၏အကြည့်များက အနည်းငယ် မှေးမှိန်နေပြီး မကျေမနပ်ဖြစ်နေသည့် ခံစားချက်ကို ဖော်ပြနေသယောင် ရှိသည်။ လီကျစ်ယွမ်က သူမ၏လက်ကလေးကို အသာအယာ ဆိတ်ဆွဲလိုက်ရင်း -
"ကဲပါ... လိမ္မာပါတယ်၊ တို့တွေ စာဆက်ဖတ်ကြရအောင်နော်။"
သို့သော် ရွန်ရှန့်တစ်ယောက် အောက်ထပ်သို့ အိပ်ရာပြင်ရန် ဆင်းသွားပြီးနောက် ပြန်တက်မလာတော့ချေ။
နေ့လယ်စာစားချိန်တွင် လီကျစ်ယွမ်က အာလီကို ခေါ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ဆရာကြီးနှင့် ရှမ်းဦးလေးတို့သည် ပထမထပ်ရှိ ဝိုင်းတော်စားပွဲကို ကုတင်အဖြစ် ပြင်ဆင်ကာ အိပ်ပျော်နေကြသည်ကို တွေ့ရပြီး သူတို့လည်း နေ့လယ်စာစားရန် ထလာကြသည်။ မနက်စာ ပမာဏမှာ မနက်စာသက်သက်သာ ဖြစ်သော်လည်း နေ့လယ်စာကိုမူ ဒေါ်လေးလျူက တကယ့် စားပွဲသောက်ပွဲအသေးစားလေးတစ်ခုကဲ့သို့ အသေအချာ ချက်ပြုတ်ပြင်ဆင်ပေးထားသည်။ ဘိုးဘွားမြေးအုပ်စုသည် ဗိုက်များ စည်ဖောင်းလာသည်အထိ အဝစားသောက်ကြပြီးနောက် ဝိုင်းတော်စားပွဲကုတင်ပေါ်တွင် တစ်ရေးတစ်မော ပြန်လည်လှဲလျောင်းအိပ်စက်ကြရာ ညစာစားချိန်အထိပင် ရောက်သွားတော့သည်။
ညစာစားပြီးနောက် သူတို့သည် ညတွင်းချင်းပင် တန်းပြီး အိပ်ပျော်သွားကြပြန်ရာ ဟောက်သံများမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည်။ မနက်ဖြန် ကိစ္စရပ်များအတွက် ကြိုတင်၍ အင်အားစုဆောင်းထားသည့် အထူးနည်းလမ်းတစ်ခုခု သူတို့တွင် ရှိနေသလားဟုပင် သံသယဝင်စရာ ကောင်းလှသည်။
လီကျစ်ယွမ်မှာမူ မနေ့ကအတိုင်း စာအုပ်ကို ဆက်လက်ဖတ်ရှုခွင့်ရခဲ့ပြီး ယနေ့တွင် ပို၍ပင် အရှိန်ရလာကာ အပိုင်း (၂၄) အထိ ရောက်ရှိသွားခဲ့သည်။ ယခင်က အခြေခံနှင့် ဗဟုသုတများ စုဆောင်းမိထားပြီးဖြစ်သောကြောင့် နောက်ပိုင်းပေါ်လာသည့် အလောင်းများ၏ အကြောင်းကိုမူ ၎င်းတို့၏ အမည်များနှင့် ဝိသေသလက္ခဏာများကိုသာ မှတ်သားထားရန် လိုအပ်တော့သည်။ လီကျစ်ယွမ်သည် နောက်ထပ် တစ်ရက်အပြည့်သာ အချိန်ရလျှင် "လောကီဇာတ်ခုံ မှတ်တမ်း" စာအုပ်ကို အပြီးသတ်ဖတ်ရှုနိုင်တော့မည်ဟု ခံစားမိကာ နောက်ထပ်စာအုပ်တွဲအသစ်ကိုလည်း အလွန် မျှော်လင့်နေမိတော့သည်။
ယနေ့တွင် အစ်မယိန်းဇီ ရောက်မလာခြင်းက အနည်းငယ် ဆန်းကြယ်နေသဖြင့် လီဆန်းကျန်းက တတွတ်တွတ် ရေရွတ်ညည်းညူနေသော်လည်း မနက်ဖြန်တွင် လုပ်ဆောင်ရမည့် အရေးကြီးကိစ္စများ ရှိနေသောကြောင့် မနက်ဖြန် ကိစ္စအဝဝ ပြီးမြောက်မှသာ မားကီးဟန်နှင့် ဆွေးနွေးရန် စောင့်ဆိုင်းလိုက်ရတော့သည်။
ဤညတွင်လည်း မည်သည့်အိပ်မက်မျှ ထပ်မံမက်ရခြင်း မရှိဘဲ ကုန်ဆုံးသွားခဲ့သည်။
မနက်ခင်းတွင် လီကျစ်ယွမ်သည် မနေ့ကထက် တမင်တကာ ပို၍စောစော နိုးလာခဲ့သည်။ ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း အိပ်မက်မှနိုးထလာပြီးနောက် ခံစားရတတ်သည့် လန်းဆန်းမှုကို စတင်လွမ်းဆွတ်မိသလို ခံစားလိုက်ရသည်။ ကုတင်ပေါ်မှ ထထိုင်လိုက်စဉ် လီကျစ်ယွမ် ဆတ်ခနဲ လန့်သွား၏။ အဘယ်ကြောင့်ဆိုသော် အာလီက သူ့အိပ်ခန်းရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေသည်ကို သတိပြုမိလိုက်သောကြောင့် ဖြစ်သည်။ ထိုမိန်းကလေးသည် သူမကြောင့် သူ လန့်သွားသည်ကို ရိပ်မိသွားပုံရကာ မတ်တပ်ရပ်ပြီး ခေါင်းလေး ငုံ့သွားရှာသည်။ သူမ၏ စိုးရိမ်ပူပန်မှုနှင့် ဂဏာမငြိမ်ဖြစ်နေမှုကို ခံစားမိနိုင်သည်။
လီကျစ်ယွမ်က ကုတင်ပေါ်မှဆင်းကာ သူမထံသို့ လျှောက်လှမ်းသွားပြီး လက်ကလေးကို ဆုပ်ကိုင်လိုက်ရင်း -
"နိုးနိုးချင်း မင်းကို အရင်ဆုံး မြင်တွေ့ရတာ သိပ်ကောင်းတာပဲ။"
မိန်းကလေးက ခေါင်းမော့ကြည့်လာရာ သူမ၏မျက်ဝန်းများ ဝင်းပသွားသည်။ ယနေ့တွင် သူမသည် ခေါင်းတွင် ပန်းထိုးကလစ်လေး ညှပ်ထားပြီး အဖြူရောင် ချောင်ဆမ် ဝတ်စုံကို ဆင်မြန်းထားရာ အလွန်ပင် ယဉ်ကျေးသိမ်မွေ့ပြီး မြင့်မြတ်လှပသော ပုံစံ ပေါက်နေကာ သူမထံမှ သစ်ခွပန်းရနံ့သင်းသင်းလေးပါ လှိုင်နေသည်။
လီကျစ်ယွမ် မျက်နှာသစ် သန့်စင်ပြီးနောက် သူမနှင့်အတူ စစ်တုရင် သုံးပွဲ ကစားခဲ့ရာ သုံးပွဲစလုံးကို ပျော်ပျော်ရွှင်ရွှင်ပင် ရှုံးနိမ့်ပေးလိုက်သည်။
သူတို့ မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာကြသောအခါ ဒေါ်လေးလျူက သစ်သားခုံတန်းအရှည်ကို ညွှန်ပြကာ -
"ရှောင်ယွမ်... မင်းနဲ့ အာလီ ဒီမှာ ထိုင်စားကြ။"
လီကျစ်ယွမ်သည် ၎င်း၏ဘေးတွင် အခြားစားပွဲတစ်ခု ပြင်ဆင်ထားသည်ကို မြင်လိုက်ရသည်။ နံနက်စောစောစီးစီးတွင် ထိုစားပွဲပေါ်၌ အသားများနှင့် အရက်ဝိုင်များ ပြည့်နှက်နေပြီး ရွန်ရှန့်အတွက်လည်း အမွှေးတိုင်များကို ကြိုတင်၍ သေချာစွာ ထိုးစိုက်ပေးထားသည်။ အမွှေးတိုင်များက တငွေ့ငွေ့ လောင်ကျွမ်းနေကာ စားပွဲတစ်ခုလုံးမှာ ယဇ်ပူဇော်ရန် ပြင်ဆင်ထားသည့် ပုံစံနှင့် အလွန် တူလှသည်။
လျိူကျန့်ရှားသည် လီကျူးရှန့်၏ သုံးဘီးဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လီဆန်းကျန်းတစ်ကိုယ်လုံး ပတ်တီးများ ပတ်ထားသည်ကို မြင်သောအခါ လန့်ဖျတ်ပြီး ငိုလုမတတ် ဖြစ်သွားကာ သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးရင်း အော်ဟစ်လေတော့သည်။
"လီဆန်းကျန်း... နင်က တိရစ္ဆာန်အိုကြီး၊ နင်က လူမဟုတ်ဘူး... လူမဟုတ်ဘူး!"
လျိူကျန့်ရှားသည် အချိန်အတော်ကြာအောင် ငိုယိုကာ သောင်းကျန်းနေခဲ့သော်လည်း နောက်ဆုံးတွင်တော့ လက်လျှော့ရန် အလိုမရှိဘဲ မိမိသမီးဖြစ်သူကိုသာ အရင်ပြန်ရန် ဖျောင်းဖျလွှတ်လိုက်တော့သည်။
လီကျစ်ယွမ်နှင့် အာလီတို့သည် မိမိတို့နေရာတွင် မနက်စာကို စတင်စားသောက်ကြသည်။ ခေတ္တမျှကြာသော် လီဆန်းကျန်းက ရှမ်းဦးလေး၊ ရွန်ရှန့်နှင့် လျိူကျန့်ရှားတို့ကို စားရန် ခေါ်လိုက်လေသည်။
"ကဲ လာကြ... လူစုံပြီဆိုတော့ စားပွဲမှာ ကန်တော့ကြစို့။"