သိုဝှက်ထားတဲ့ပညာ
"ဒါပေမဲ့လည်း ဆရာကြီးဗျာ..."
"စိတ်မပူပါနဲ့ကွာ၊ အဘိုးအကုန်လုံး နားလည်ပါတယ်၊ ဆရာကြီးက အကုန်သိပြီးသားပါ"
လီကျစ်ယွမ်က ခေါင်းညိတ်ပြလိုက်သည်၊ အမှန်ပင် ဆရာကြီးက အရာအားလုံးကို နားလည်သဘောပေါက်ထားသည်။
"ဆရာကြီး... နောက်တစ်ပြဿနာကလေ၊ ဒေါ်လေးလျူတို့တစ်သိုက် ဒီမှာလာနေပြီး အဘိုးအတွက် အလုပ်အကျွေးပြုနေကြတာကို ပုံမှန်မဟုတ်တဲ့ လက္ခဏာရပ်တွေ ရှိနေတယ်လို့ သတိမထားမိဘူးလားဟင်"
"သတိထားမိတာပေါ့ကွ၊ အဘိုး သိနေတာ ကြာလှပြီ၊ ဟားဟား"
လီကျစ်ယွမ်က ထပ်မံခေါင်းညိတ်မိပြန်သည်၊ အမှန်ပင် ဆရာကြီးက သိထားပြီးသား ဖြစ်သည်။
လီဆန်းကျန်းကတော့ စိတ်ထဲတွင် ရယ်မောနေခဲ့သည်— 'ဒီလူတွေက ငါ့အတွက် လယ်လည်းစိုက်ပေးတယ်၊ စက္ကူရုပ်တွေလည်း လုပ်ပေးတယ်၊ ပွဲလမ်းသဘင်တွေအတွက် စားပွဲကုလားထိုင်နဲ့ ပန်းကန်ခွက်ယောက်တွေကိုလည်း လိုက်ပို့ပေးသေးတယ်၊ ပြီးတော့ ထမင်းဟင်းချက်တာကအစ သန့်ရှင်းရေးလုပ်တာအဆုံး အကုန်လုပ်ပေးကြတာ... ဒါတောင် သူတို့ရတဲ့ လုပ်အားခက နည်းနည်းလေးရယ်။ ဟီးဟီး... ဒါ အူကြောင်ကြောင်နိုင်လွန်းလို့ မဟုတ်ရင် ဘာဖြစ်မလဲ။ ဒီဘက်ခေတ်မှာ အလုပ်ပိုလုပ်ပြီး လုပ်ခနည်းနည်းပဲယူတဲ့ ရေရှည်အလုပ်သမားမျိုး ရှာဖို့က တော်တော်မလွယ်ဘူး၊ ငါ့အနေနဲ့ သူတို့ကို တန်ဖိုးထားရမယ်။'
"နောက်ထပ် ဘာပြောစရာ ရှိသေးလဲ ယွမ်ဟောက်လေးရာ၊ မရှိရင်လည်း ပြန်သွားအိပ်တော့လေ၊ ဆရာကြီးလည်း ပင်ပန်းနေပြီ"
"နောက်ဆုံးတစ်ချက်ပါ၊ အမှန်တော့ အမြဲတမ်း ယိန်းဇီအစ်မကို စာပြပေးနေရတာ ကျွန်တော်ပါ၊ ယိန်းဇီအစ်မက ဉာဏ်နည်းနည်းထုံတော့ စာသင်ရတာ တော်တော်လေး နှေးတယ်"
လီကျစ်ယွမ်က စကားဆုံးသွားသည်နှင့် လီဆန်းကျန်း၏ နှုတ်ခမ်းများ စူထွက်လာပြီး ပါးပြင်နှစ်ဖက်ကလည်း တဖြည်းဖြည်း ဖောင်းကားလာကာ ရယ်ချင်စိတ်ကို အောင့်အည်းထားရသဖြင့် အတော်လေး အဆင်မပြေဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ ဆယ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင်တော့—
"ဟားဟားဟားဟားဟားဟားဟား!"
လီဆန်းကျန်းက အလွန်အမင်း အူလှိုက်သဲလှိုက် ရယ်မောမိသဖြင့် ဒဏ်ရာကို သွားထိခိုက်ကာ နာကျင်မှုကြောင့် တရှူးရှူး တရှဲရှဲ ညည်းတွားနေရသော်လည်း မရယ်ဘဲ မနေနိုင်ဘဲ ဆူပူကြိမ်းမောင်းလိုက်တော့သည်— "မင်းလို ကောင်လည်လေးကတော့ကွာ... စာမကျက်ချင်ရင်လည်း မကျက်ချင်ဘူးလို့ အရှိအတိုင်း ပြောရော့ပေါ့၊ ဒီလို ပေါက်ကရ ဆင်ခြေတွေ ပေးနေဖို့ မလိုပါဘူးကွာ၊ မင်းရဲ့ ဆရာကြီးကို လူအ ထင်နေတာလား။ ကဲပါ... ကဲပါ... စကားတွေ အများကြီး ပြောမနေနဲ့တော့၊ ပြန်သွားအိပ်တော့၊ မနက်ဖြန်ကျရင်တော့ ဆရာမလေး ယိန်းဇီက ဧကန်မုချ ရောက်လာမှာပဲ၊ မင်း ဘယ်လောက်ပဲ ဆော့ချင်ဆော့ချင် စာကျက်ရမယ့်ဘေးကတော့ ပြေးမလွတ်ပါဘူးကွာ!"
"ဆရာကြီး... ဂွတ်နိုက်ပါဗျာ"
လီကျစ်ယွမ်က ဆက်လက်၍ အငြင်းမပွားတော့ပေ၊ ဆရာကြီးပဲဖြစ်ဖြစ် အရာခပ်သိမ်းကို သိမြင်နိုင်စွမ်းရှိသည် မဟုတ်ရာ အချို့သောအရာများကို နားမလည်ခြင်းက သဘာဝကျလှပါသည်။
သူ့အိပ်ခန်းထဲသို့ ပြန်ရောက်သောအခါ ကုတင်ပေါ်တွင် လှဲလျောင်းလျက် စောင်ကို ခြုံကာ မျက်စိမှိတ်၍ အိပ်စက်လိုက်တော့သည်။ ထိုညက သူသည် အိပ်မက်ပင်မမက်ဘဲ အလွန်အမင်း အေးချမ်းစွာ အိပ်ပျော်သွားခဲ့သည်။
အရုဏ်ဦးအလင်းရောင် သန်းစပြုလာချိန်တွင် လီကျစ်ယွမ် နိုးလာခဲ့ပြီး ကုတင်ပေါ်တွင် ခေတ္တမျှ ထိုင်နေမိစဉ် အိပ်မက်မက်စဉ်ကထက် အိပ်စက်ခြင်းအရည်အသွေးမှာ များစွာ လျော့နည်းသွားသည်ကို ခံစားလိုက်ရသည်။ သူသည် ကုတင်ပေါ်မှထကာ ရေခွပ်ကို မတင်၍ မျက်နှာသစ်ရန် ပြင်ဆင်ပြီး တံခါးကို ဖွင့်လိုက်ရာ အခန်းဝတွင် ရပ်နေသော မိန်းကလေးငယ်တစ်ဦးကို မြင်လိုက်ရသည်၊ သူမမှာ ချင်လီ ဖြစ်သည်။ ယနေ့တွင် သူမသည် ဆံပင်ကို သစ်သားဆံထိုးလေးဖြင့် ထုံးဖွဲ့ထားပြီး အပေါ်က အင်္ကျီအဖြူရောင်နှင့် အောက်က မြင်းစီးစကတ်အမည်းရောင်ကို ဝတ်ဆင်ထားသဖြင့် ကြည့်ရသည်မှာ သေသပ်ကျနပြီး စမတ်ကျလှပေသည်။ ချောမောလှပသူတစ်ဦးသည် မိမိနှင့် လိုက်ဖက်ညီသော လှပသည့် ဝတ်စုံနှင့် ပေါင်းစပ်လိုက်မှသာ တစ်ဦးကိုတစ်ဦး ပိုမို ပေါ်လွင်စေနိုင်ခြင်း ဖြစ်သည်။
ချင်လီ၏ အဝတ်အစားများသည် ဆိုင်များတွင် အလွယ်တကူ ဝယ်ယူ၍ရသော ပစ္စည်းမျိုး မဟုတ်သည်ကို လီကျစ်ယွမ် သိထားသည်၊ ပထမအချက်မှာ လက်ရှိခေတ်ရေစီးကြောင်းအရ ခေတ်မီဆန်းသစ်သော နိုင်ငံခြားဝတ်စုံစတိုင်များကိုသာ လူကြိုက်များကြပြီး ရှေးဟောင်းရိုးရာစတိုင်များကိုမူ ခေတ်နောက်ကျသည်ဟု ယူဆကာ တရားဝင်အခမ်းအနားများတွင် ဝတ်ဆင်လေ့မရှိကြသောကြောင့် ဖြစ်ကာ၊ ဒုတိယအချက်မှာ ချင်လီ၏ ဝတ်စုံမှာ စေ့စပ်သေချာစွာ ဒီဇိုင်းထွင် ချုပ်လုပ်ထားခြင်းဖြစ်ပြီး မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသည့် အပ်ချုပ်ဆိုင်ကြီးအချို့တွင်သာ သီးသန့် အော်ဒါမှာယူချုပ်လုပ်နိုင်ကာ ဈေးနှုန်းလည်း အလွန်ကြီးမြင့်နိုင်သောကြောင့် ဖြစ်သည်။ သို့သော် ပေကျင်းမြို့က အခန်းသုံးခန်းပါ အိမ်ရာတစ်စုစာ တန်ဖိုးရှိသော ကျောက်စိမ်းလက်စွပ်ကို လက်ဆောင်အဖြစ် အလွယ်တကူ ပေးနိုင်သည့် အဖွားအိုလျူ၏ လက်ကြီးလှပုံကို ထောက်ရှုရလျှင်မူ သူမတို့မိသားစုအနေဖြင့် ငွေကြေးပြတ်လပ်မည့်ပုံ မပေါ်သည်မှာ သေချာပါသည်။
ထိုမိန်းကလေး၏ ဆံပင်ဖျားလေးများတွင် နှင်းစက်ကလေးများ အနည်းငယ် တင်ကျန်နေသဖြင့် လီကျစ်ယွမ်က မသိစိတ်ဖြင့် လက်လှမ်း၍ သူမ၏ဆံပင်ကို တို့ထိကြည့်လိုက်ရာ စိုစွတ်စွတ် ခံစားချက်ကို ရရှိလိုက်သည်။
"နင် ဒီမှာ စောင့်နေတာ ကြာပြီလား"
မိန်းကလေးက ဘာမှမပြောဘဲ လီကျစ်ယွမ်ကိုသာ စိုက်ကြည့်နေခဲ့သည်။
"နောက်တစ်ခါ ငါအိပ်ရာထရင် အရှေ့ဘက်အခန်းကို လာပြီး နင့်ကို အတူတူစာဖတ်ဖို့ လာခေါ်မယ်လေ၊ ဒါဆိုရင် နင် ဒီမှာ မတ်တတ်ရပ်ပြီး စောင့်နေစရာ မလိုတော့ဘူး၊ ဟုတ်ပြီလား"
မိန်းကလေး၏ မျက်ဝန်းအစုံရှိ အလင်းရောင်က အနည်းငယ် မှိန်ပျပျ ဖြစ်သွားသည်။
"ဒါဆိုရင်လည်း နောက်ဆို ငါ ပိုပြီး စောစောထဖို့ ကြိုးစားပါ့မယ်၊ ကဲ... နင်ရောက်လာတဲ့အချိန်အထိ ငါအိပ်ရာမထသေးရင်လည်း အခန်းထဲကို ဝင်လာပြီး ကုလားထိုင်ပေါ်မှာ ထိုင်စောင့်နေလိုက်လေ၊ ဘာပဲဖြစ်ဖြစ် ဒီတံခါးက ဂျက်ထိုးထားတာမှ မဟုတ်တာ"
ထိုအခါမှ မိန်းကလေး၏ မျက်ဝန်းများက တစ်ဖန် ပြန်လည်တောက်ပလာခဲ့တော့သည်။
လီကျစ်ယွမ်က အဝတ်လှန်းကြိုးဆီသို့ လျှောက်လှမ်းသွားပြီး မနေ့ညက ဖွတ်လျှော်ထားသော တဘတ်ကို လှမ်းယူလိုက်ရာ တစ်ညလုံး လှန်းထားသော်လည်း လုံးဝခြောက်သွေ့မနေသေးသော်လည်း အသုံးပြု၍တော့ ရနေပြီဖြစ်သည်။ သူသည် မနေ့က ခုံတန်းလျားဆီသို့ သွားကာ ၎င်းကို သုတ်သင်ပြီးနောက် တဘတ်ကို သစ်သားခုံတန်းလျားပေါ်တွင် တင်ပေးလိုက်ရင်း—
"နင် အရင်ထိုင်နေဦး၊ ငါ သွားပြီး ကိုယ်လက်သန့်စင်လိုက်ဦးမယ်" ဟု ပြောလိုက်သည်။
ချင်လီက ထိုင်ချလိုက်သည်။ လီကျစ်ယွမ်ကတော့ ကိုယ်လက်သန့်စင်ရန် ထွက်သွားခဲ့သည်။ ခုံတန်းလျားပေါ်တွင် ထိုင်နေသော ချင်လီ၏ အကြည့်များက သေသပ်စွာ တင်ထားသော တဘတ်ပေါ်သို့ ကျရောက်သွားပြီး သူမသည် လက်လှမ်း၍ ယူရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။
သွားတိုက်၊ မျက်နှာသစ်ပြီးနောက် မျက်နှာသုတ်ပုဝါကို ချလိုက်စဥ်မှာပင် သူ့ရှေ့တွင် မတ်တတ်ရပ်နေသော အဖွားအိုလျူကြောင့် သူ ဆတ်ခနဲ လန့်သွားရသည်။
"ရှောင်ယွမ်... ဟီးဟီး၊ ဒုက္ခပေးမိပြန်ပြီ"
လီကျစ်ယွမ်အနေဖြင့် အဖွားအိုလျူ တစ်ခါမျှ ပင်မအဆောက်အအုံထဲသို့ ဝင်မလာဖူးသည်ကို သတိပြုမိရာမှ ယခုကဲ့သို့ ဒုတိယထပ်အထိ တက်လာသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ချင်လီက သူ့ကို ဤနေရာတွင် စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် အဖွားအိုလျူကလည်း သူမနှင့်အတူ လိုက်ပါစောင့်ဆိုင်းပေးနေခဲ့ခြင်း ဖြစ်တန်ရာသည်။
"အဘွား... ကျွန်တော်လည်း အာလီလေးနဲ့ အတူတူ ဆော့ရတာ ပျော်ပါတယ်ဗျ"
"ဒါဆိုရင်လည်း မြေးတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ဆော့ကြလေ၊ ဘာကိစ္စပဲရှိရှိ အဘွားကို လှမ်းခေါ်လိုက်နော်" အဖွားအိုလျူက ပြုံး၍ အောက်ထပ်သို့ ဆင်းသွားခဲ့သည်။
လီကျစ်ယွမ်က ရေခွပ်ကို အခန်းထဲသို့ ပြန်လည်သိမ်းဆည်းလိုက်သည်၊ အချိန်က စောလွန်းသေးသဖြင့် နေပင်မထွက်သေးရာ စာဖတ်ချင်စိတ်လည်း မရှိသေးပေ။ သူက အခန်းထဲကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် သစ်သားသေတ္တာအသေးလေးတစ်ခုကို ကောက်ကိုင်ကာ အပြင်သို့ ထွက်လာခဲ့သည်။
"အာလီ... ငါ နင့်ကို စစ်တုရင်ကစားနည်း သင်ပေးရမလား"
ချင်လီက ဘာမှမပြောဘဲ ထိုသစ်သားသေတ္တာအသေးလေးကိုသာ စိုက်ကြည့်နေခဲ့သည်။
လီကျစ်ယွမ်က သေတ္တာအသေးလေးကို ဖွင့်လိုက်ရာ ၎င်းမှာ ဆရာကြီး၏ အမိန့်အရ အန်တီလျူက မုန့်များနှင့် စာအုပ်စာတမ်းများ ဝယ်ယူစဉ်က တစ်ပါတည်း ဝယ်ယူလာခဲ့သော စစ်တုရင်ခုံ ဖြစ်နေသည်။ ကစားကွင်းအိမ်ကွက်များမှာ တစ်ပိုင်းတစ်စ လင်းထိန်နေသော ဆီစိမ်စက္ကူပေါ်တွင် ပုံနှိပ်ထားခြင်းဖြစ်ပြီး၊ ကစားရုပ်တုံးများမှာမူ ပိုးစုန်းကြူးအရွယ်အစားခန့်ရှိသော ပလတ်စတစ်အဝိုင်းလေးများ ဖြစ်ကြသဖြင့် ခြုံငုံကြည့်ရလျှင် အလွန် သေးငယ်ပြီး ရိုးရှင်းလှပေသည်။ သို့သော် ၎င်းက ဈေးနှုန်းချိုသာပြီး တန်ဖိုးနည်းလှရာ ရှီနန်မြို့နယ်ရှိ စာရေးကိရိယာဆိုင်များတွင် စနစ်တကျ ပြုလုပ်ထားသော ကစားခုံအကောင်းစားများကို မည်သူကမျှ ဝယ်ယူမည်မဟုတ်သဖြင့် တင်ထားလေ့မရှိကြပေ။
"ငါ နင့်ကို စစ်တုရင်ကစားနည်းရဲ့ စည်းကမ်းချက်တွေကို အရင် ရှင်းပြမယ်..."
လီကျစ်ယွမ် စကားပင် မဆုံးသေးခင်မှာပဲ အာလီက အမည်းရောင် ကစားရုပ်တုံးတစ်ခုကို ကောက်ကိုင်ကာ ကစားကွက်ပေါ်သို့ ချလိုက်တော့သည်။
လီကျစ်ယွမ်လည်း စကားဆက်မပြောတော့ဘဲ အဖြူရောင် ကစားရုပ်တုံးတစ်ခုဖြင့် ပြန်လည်ရွှေ့ကစားလိုက်သည်။ ကစားကွက် အနည်းငယ် ရွှေ့ပြီးနောက်တွင်မူ ထိုမိန်းကလေးငယ်သည် စစ်တုရင် ကစားတတ်သည်ကို လီကျစ်ယွမ် သတိပြုမိသွားခဲ့သည်။ သူ မသိစိတ်ဖြင့် ပြုံးလိုက်မိပြီး ဤကစားပွဲထဲတွင် အာရုံအပြည့်ဖြင့် နစ်မြုပ်သွားတော့သည်။ သူတို့သည် များစွာ စဉ်းစားတွေးတောမနေဘဲ အရှိန်အဟုန်ဖြင့် အပြန်အလှန် ရွှေ့ကစားခဲ့ကြသည်။ တဖြည်းဖြည်းနှင့် လီကျစ်ယွမ်တစ်ယောက် အရေးနိမ့်သည့်ဘက်သို့ စောင်းလာခဲ့ပြီး နောက်ဆုံးတွင်မူ...
"ငါ ရှုံးသွားပြီ"
လီကျစ်ယွမ်က တမင်အရှုံးပေးခဲ့ခြင်း မဟုတ်ဘဲ အမှန်တကယ်ကို စွမ်းဆောင်ရည်မမှီဘဲ ရှုံးနိမ့်သွားခဲ့ခြင်းသာ ဖြစ်တော့သည်။