ယွမ်လေးရဲ့စကားသာနားထောင်သူ
သူမက နောက်ကနေ ထပ်ချပ်မကွာ လိုက်လာခဲ့သည်။ "အာ..." လီကျစ်ယွမ်ခမျာလည်း ဖန်ဇီနှင့် လေဇီအစ်ကိုကြီးတို့ သင်ပေးထားခဲ့သမျှ သွန်သင်ချက်တွေကို သစ္စာဖောက်ဖျက်ဖို့ကလွဲလို့ အခြားရွေးချယ်စရာ မရှိတော့ပေ။ သူသည် လှည့်၍ လိုက်ကာကို ပင့်မြှောက်ကာ သန့်စင်ခန်းထဲသို့ ဝင်လိုက်သည်။ သူ ပြန်အငြိမ်မတ်တတ်ရပ်လိုက်စဉ်မှာပဲ လိုက်ကာက တစ်ခါပြန်ပွင့်သွားပြီး သူမက နောက်ကနေ ထပ်ဝင်လာပြန်သည်။ လီကျစ်ယွမ်မှာ သူမကို သန့်စင်ခန်းအပြင်ဘက်သို့ ပြန်တွဲခေါ်လာခဲ့ရပြီး—
"ငါက သန့်စင်ခန်းသုံးမလို့လေ၊ နင်ပါ လိုက်ဝင်လာရင် ငါ အဆင်မပြေဘူး၊ အဲဒါကြောင့် ဒီမှာပဲရပ်ပြီး ငါပြန်ထွက်လာတာကို စောင့်နေပေးမလား၊ ဟုတ်ပြီလား" ဟု ပြောလိုက်သည်။
ချင်လီက ဘာတုံ့ပြန်မှုမျှ မရှိပေ။ လီကျစ်ယွမ်က လိုက်ကာကို တစ်ဖန်ပြန်ပင့်ကာ သန့်စင်ခန်းထဲ ဝင်သွားခဲ့သည်။ ခဏမျှ စောင့်ကြည့်နေသော်လည်း လိုက်ကာလှုပ်ရှားသံ မကြားရတော့မှသာ သူလည်း ခါးပတ်ကို ဖြုတ်လိုက်တော့သည်။ သန့်စင်ခန်းဘေးတွင် ရေကန်တစ်ကန် ရှိနေပြီး ရေခပ်၍ လက်ဆေးပြီးနောက် လီကျစ်ယွမ် အပြင်သို့ ထွက်လာခဲ့ရာ ချင်လီတစ်ယောက် မူလနေရာမှာတင် လိမ္မာရေးခြားရှိရှိ မတ်တတ်ရပ် စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။
"နင်ကော သန့်စင်ခန်း သုံးချင်လို့လား၊ နင်လည်း ဝင်သုံးလိုက်လေ"
ချင်လီက သန့်စင်ခန်းဘက်သို့ လျှောက်လှမ်းသွားပြီး လိုက်ကာကို ပင့်မြှောက်လိုက်စဉ်မှာပင် သူမ၏လက်ကို အဆွဲခံလိုက်ရသည်။ သူမ ခြေလှမ်းတန့်သွားပြီး ဇဝေဇဝါဖြစ်နေသော မျက်ဝန်းအစုံဖြင့် လီကျစ်ယွမ်ကို လှည့်ကြည့်လာခဲ့သည်။ ဤဝေခွဲမရဖြစ်နေမှုက မနေ့ညက သူမကို ထမင်းစားခိုင်းပြီးမှ ထမင်းစားပွဲမှာ ကျတော့ ပေးမစားခဲ့သည့် ဖြစ်စဉ်နှင့် ဆင်တူနေသည်။ လီကျစ်ယွမ် အနည်းငယ် စိုးရိမ်သွားမိသည်။ ဒေါ်လေးလျူက သူမကို ပုံမှန်အတိုင်း ဘယ်လိုမျိုး ပြုစုစောင့်ရှောက်ပေးလဲဆိုတာကို ထည့်တွေးပြီး သူမဘာသာသူမ သန့်စင်ခန်း သုံးနိုင်ပါ့မလားဟု တွေးတောမိခြင်းပင်...။ ဘာပဲဖြစ်ဖြစ် သူ ချင်လီအကြောင်း သိထားတာ အလွန်နည်းပါးပြီး... သူမက ချောမောလှပတယ်ဆိုတာလောက်ပဲ သိထားခြင်းဖြစ်သည်။ လီကျစ်ယွမ်တစ်ယောက် ဒေါ်လေးလျူကို သွားမေးရန် ဆုံးဖြတ်လိုက်သော်လည်း လမ်းမဘက်သို့ မော့အကြည့်တွင် လျူယွီမေက ခေါင်းပြူ၍ ချောင်းကြည့်နေသည်ကို လှမ်းမြင်လိုက်ရသည်။
"ဒေါ်လေးလျူ..."
"ငါတို့ အာလီလေးက သူ့ဘာသာသူ ထမင်းစားနိုင်တယ်၊ သန့်စင်ခန်းလည်း သုံးတတ်တယ်၊ ရေလည်း ချိုးတတ်တယ်ကွ။ ငါတို့ အာလီလေးကလည်း တခြားလူတွေလိုပါပဲ"
"ဟုတ်ကဲ့ပါ" လီကျစ်ယွမ်က ခေါင်းညိတ်ပြရင်း သူမ၏လက်ကို လွှတ်ပေးလိုက်သည်။
ချင်လီက သန့်စင်ခန်းထဲ ဝင်သွားခဲ့သည်။ လီကျစ်ယွမ်ကတော့ မူလနေရာမှာပဲ ရပ်ကျန်နေခဲ့ပြီး လျူယွီမေ၏ စူးစိုက်လှသော အကြည့်များက သူ့အပေါ်သို့ ဝဲပျံကျရောက်လာသည်ကို ခံစားနေရသည်။
"ရှောင်ယွမ်"
"ဗျာ ဒေါ်လေးလျူ"
"ငါတို့ အာလီလေးကိုပဲ အဖော်လုပ်ပေးပါ၊ သူနဲ့ အတူတူ ဆော့ပေးပါဦးနော်"
"ရပါတယ် ဒေါ်လေးလျူ"
သန့်စင်ခန်းထဲမှ လက်ဆေးသံများ ကြားလိုက်ရပြီးနောက် ချင်လီက လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လျက် အပြင်သို့ ထွက်လာခဲ့သည်။ ဒေါ်လေးလျူက ဘေးမှ အလျင်အမြန် သတိပေးလိုက်သည်—
"လက်သုတ်ဦးလေ၊ လက်သုတ်ဦး"
"အော်" လီကျစ်ယွမ်က ရှေ့သို့ လှမ်းတက်သွားပြီး ချင်လီ၏ လက်ကလေးနှစ်ဖက်ကို ဆွဲယူကာ သူ့အင်္ကျီပေါ်တွင် ပွတ်သုတ်ပေးလိုက်သည်။ "ကဲ... သန့်စင်သွားပြီ"
ချင်လီက သူမလက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ လီကျစ်ယွမ်က သူမလက်ကို တွဲကိုင်ကာ အပေါ်ထပ်သို့ ပြန်တက်မည့် လမ်းတွင် သန့်ရှင်းသော တဘတ်တစ်ထည်ကို လှမ်းယူ၍ ပုခုံးပေါ်သို့ တင်လိုက်သည်။ ရင်ပြင်၏ အရှေ့မြောက်ဘက်ထောင့်သို့ ပြန်ရောက်သောအခါ လီကျစ်ယွမ်က စာဖတ်ရန် ထိုင်လိုက်ပြီး ချင်လီ ထိုင်ချလိုက်ပြီးနောက်တွင် ထိုချောမောလှပသော မျက်နှာလေးကလည်း သူ့အမြင်အာရုံထဲသို့ တည့်တည့်တိုးဝင်လာခဲ့သည်။
ဆဋ္ဌမမြောက်အတွဲ ဖတ်ပြီးသွားပြီ။
လီကျစ်ယွမ်က အကြောဆန့် ပျင်းရိလိုက်ပြီးနောက် မတ်တတ်ရပ်ကာ ကွင်းပြင်ကျယ်ထဲသို့ ရွှေ့သွားပြီး နိုင်ငံတော်အဆင့် အလယ်တန်းကျောင်းသားများ၏ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို စနစ်တကျ စတင်လုပ်ဆောင်တော့သည်။ လေ့ကျင့်ခန်း ပြီးဆုံးသွားရုံရှိသေး၊ သတ္တမမြောက်အတွဲကို လှမ်းထုတ်လိုက်စဉ်မှာပဲ အောက်ထပ်မှ အန်တီလျူက နေ့လယ်စာစားရန် လှမ်းခေါ်သံကို ကြားလိုက်ရသည်။
လီကျစ်ယွမ်နှင့် ချင်လီတို့ အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။ လီဆန်းကျန်းက သူတို့နှင့် သီးသန့်ခွဲ၍ စားလေ့ရှိပြီး ယခုအကြိမ်လည်း ထူးမခြားနားပင် ဖြစ်ကာ ချင်လီကို ဒေါ်လေးလျူက သူတို့အုပ်စုရှိရာဘက်သို့ ခေါ်ဆောင်သွားခဲ့သည်။ လီဆန်းကျန်းက နေရာတကျ ထိုင်လိုက်ပြီးနောက် ပိုင်ကျို (တရုတ်ချက်အရက်) တစ်ပုလင်းကို ထုတ်လိုက်သည်။
"ဆရာကြီး... အဘိုးမှာ ဒဏ်ရာရထားတာလေ၊ အရက်မသောက်ရဘူး"
"ဖူး... မင်းတို့ရဲ့ ဆရာကြီးက ခန္ဓာကိုယ်တစ်ဝက်က မြေကြီးထဲ ဝင်နေပြီဟ၊ တစ်ငုံသောက်ရရင် တစ်ငုံမြတ်တာပဲ"
သူ့မြစ်တော်စပ်သူ၏ တားမြစ်ချက်ကို ဂရုမစိုက်ဘဲ လီဆန်းကျန်းက အရက်ကို ဖန်ခွက်အပြည့် ငှဲ့လိုက်ပြီး ဟင်းတစ်ဖတ်ကို တုတ်ဖြင့် ညှပ်၍ တစ်ငုံမျှ သောက်ရန် ပြင်လိုက်စဉ်မှာပင် လူရိပ်တစ်ခု ချက်ချင်း ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည် ၎င်းမှာ ချင်လီ ဖြစ်သည်။ သူမ၏ နောက်ကွယ်တွင် လျူယွီမေနှင့် အန်တီလျူတို့က ထပ်ချပ်မကွာ လိုက်ပါလာကြသည်။
"အားနာလိုက်တာရှင်၊ ကျွန်မတို့ ဟိုဘက်မှာ ထမင်းစားမလို့ ပြင်နေတုန်း အာလီလေးက ထမင်းစားပွဲကနေ ထပြီး ဒီဘက်ကို ပြေးလာလို့ပါ"
"လာပါ အာလီလေးရယ်၊ အဘွားနဲ့အတူ ဟိုဘက်မှာ အရင်ပြန်စားရအောင်နော်၊ စားပြီးမှ ရှောင်ယွမ်နဲ့ လာဆော့လေ"
ချင်လီက တုပ်တုပ်မျှ မလှုပ်ပေ။ သူမက လီကျစ်ယွမ်ကိုသာ စိုက်ကြည့်ရင်း ထိုနေရာမှာတင် မတ်တတ်ရပ်နေခဲ့သည်။ လျူယွီမေက ဆွဲခေါ်လိုက်သောအခါတွင် သူမ၏ မျက်တောင်လေးများက အနည်းငယ် တုန်ခါလာပြီး ခန္ဓာကိုယ်လေးပါ တဖြည်းဖြည်း တုန်ယင်လာခဲ့သည်။ လျူယွီမေမှာလည်း ဆက်မဆွဲရဲတော့ဘဲ လက်လွှတ်လိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
လီဆန်းကျန်းသည် လီဝေဟန်၏ ကျေးဇူးကန်းသော သားလေးယောက်နှင့်သာ ပြဿနာရှိခဲ့သူဖြစ်ပြီး သဘောထားသေးသိမ်သူ မဟုတ်ပေ။ သူက လက်ကာပြရင်း—
"ဒီကောင်မလေးကို ဒီမှာပဲ စားပါစေဗျာ၊ ထမင်းစားတုတ် တစ်စုံ ထပ်တိုးပေးလိုက်" ဟု ပြောလိုက်သည်။
"ဒါဆိုရင် ကျေးဇူးတင်ပါတယ်ရှင်" လျူယွီမေက အလျင်အမြန်ပင် ကျေးဇူးတင်စကား ဆိုလိုက်သည် "ဒုက္ခပေးမိပြီ"
လီဆန်းကျန်းက လက်ယမ်းပြကာ— "ဒုက္ခမရောက်ပါဘူးဗျာ၊ ကလေးတွေ အချင်းချင်း အဖော်ရတာ ကောင်းတာပေါ့၊ အထီးမကျန်တော့ဘူး"
အန်တီလျူက ပန်းကန်၊ ထမင်းစားတုတ်များနှင့် ခုံတန်းလျားအသေးလေးတစ်ခုကို ယူဆောင်လာခဲ့သည်။ လီကျစ်ယွမ်က သူ့ပုခုံးပေါ်မှ တဘတ်ကို ဖယ်ရှားကာ ခုံတန်းလျားကို သုတ်ပေးရင်း—
"လာလေ၊ အတူတူထိုင်စားရအောင်" ဟု ပြောလိုက်သည်။
ချင်လီက မလှုပ်ရှားပေ။
လျူယွီမေ— "အာလီ၊ လာထိုင်ပြီး စားလေ"
ချင်လီကတော့ ထိုင်မည့်ပုံမပေါ်ဘဲ လီဆန်းကျန်းဘက်သို့ ကိုယ်ကို စောင်းလိုက်သည်။ သူ့ကို စိုက်မကြည့်သော်လည်း သူမ၏ ရည်ရွယ်ချက်က ရှင်းလင်းနေပါသည်— သူမ လီဆန်းကျန်းနှင့် အတူတူ ထမင်းမစားချင်ပေ။
လီဆန်းကျန်းက အရက်ခွက်ကို တစ်ငုံသောက်ရန် ပြင်နေစဉ် ဤအခြေအနေကို မြင်တွေ့ရသဖြင့် အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားကာ— "ဒါဆို... ငါပဲ ဖယ်ပေးရမလား" ဟု ဆိုလာသည်။
လျူယွီမေက ဘာမှမပြောသော်လည်း စိတ်ထဲတွင်မူ သူမ၏ မြေးမလေးက စိတ္တဇဝေဒနာ ခံစားရသလိုမျိုး ရူးသွပ်မှုပုံစံဖြင့် မဟုတ်ဘဲ အမှန်တကယ် စိတ်ခံစားချက် ပြသလာသည့်အတွက် ဝမ်းသာပီတိ ဖြစ်နေခဲ့သည်။
လီကျစ်ယွမ်က ဘာမှပြန်မပြောဘဲ ခုံတန်းလျားကို တိတ်တဆိတ် ထပ်မံသုတ်ပေးနေခဲ့သည်။
လီဆန်းကျန်းက နှုတ်ခမ်းကို သပ်ရင်း တဟားဟား ရယ်မောကာ— "ကဲ... ဒါဆိုလည်းငါ ဟိုဘက်မှာ သွားထိုင်စားလိုက်မယ်"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ အန်ကယ်၊ အားနာစရာကြီးရှင်" အန်တီလျူက အလျင်အမြန်ပင် ဟင်းများကို ခွဲပေးပြီး လီဆန်းကျန်းအတွက် သီးသန့်စားပွဲတစ်ခု ပြင်ဆင်ပေးလိုက်သည်။
ထိုအခါမှသာ ချင်လီလည်း ထိုင်ချလိုက်တော့သည်။
လျူယွီမေက လီကျစ်ယွမ်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ— "ရှောင်ယွမ်... အာလီလေးကို ထမင်းကျွေးလိုက်ဦးနော်" ဟု ပြောသည်။
မနက်ခင်းကလိုပဲ... သူမဆိုရင် အမြဲတမ်း စိတ်ရှည်လက်ရှည် တောင်းပန်တိုးလျှိုးနေရသော်လည်း ဤကောင်လေးကျတော့ စကားတစ်ခွန်း ပြောလိုက်ရုံဖြင့် အာလီလေးကို ထမင်းစားလာအောင် လုပ်နိုင်စွမ်းရှိပေသည်။
"ခဏလေးနော်" လီကျစ်ယွမ်က မတ်တတ်ရပ်ကာ မီးဖိုချောင်ထဲသို့ ပြေးဝင်သွားခဲ့သည်။
ချင်လီကလည်း လိုက်ရပ်ရန် ပြင်လိုက်သော်လည်း လီကျစ်ယွမ်က ပန်းကန်အပြားအသေးလေး လေးလုံးနှင့် စွပ်ပြုတ်ခွက်အသေးတစ်ခွက်ကို ကိုင်ဆောင်ကာ ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။ လီကျစ်ယွမ်က ဟင်းများကို ခွဲခြမ်းကာ ပန်းကန်ပြားတစ်ခုစီထဲသို့ အနည်းငယ်စီ ထည့်ပေးပြီးနောက် စွပ်ပြုတ်ကိုလည်း ခွက်ထဲသို့ ခပ်ထည့်ပေးလိုက်သည်။
ချင်လီ၏ မျက်ဝန်းအစုံထဲတွင် အလင်းသစ်တစ်ခု ဖြတ်သန်းလက်တောက်သွားသယောင် ရှိနေခဲ့သည်။
လျူယွီမေက ဤမြင်ကွင်းကို စူးစမ်းလိုစိတ်ဖြင့် စောင့်ကြည့်နေခဲ့သည်။
လီကျစ်ယွမ်— "ကဲ... စားကြစို့"
ချင်လီက ထမင်းစားတုတ်ကို ကောက်ကိုင်ကာ စတင်စားသောက်တော့သည်။ ပန်းကန်တစ်ခုလျှင် ဟင်းတစ်မျိုးစီဖြင့် ထမင်းတစ်လုတ်စားကာ ဟင်းများကို အစီအစဉ်တကျ လိုက်စားလျက်... ပန်းကန်ပြားတစ်တန်းလုံး ကုန်သွားသောအခါမှ စွပ်ပြုတ်တစ်ငုံ သောက်ပြီး ထိုသံသရာအတိုင်း ထပ်ခါတလဲလဲ ဆက်လက် စားသောက်နေတော့သည်။