အသက်လုရမယ့် အချိန်
လီဝေဟန်က ဘာမှပြန်မပြောဘဲ အံကိုကြိတ်ကာ ဝါးလုံးကိုသာ ဆက်တိုက်ထိုးနေခဲ့သည်။ နဖူးမှစီးကျလာသော ချွေးများ မျက်လုံးထဲ ဝင်နေသော်လည်း သုတ်ဖို့ပင် မဝံ့ရဲချေ။ နောက်ဆုံးတွင် လှေကလေးသည် အိမ်အနီးသို့ ဆိုက်ကပ်သွားတော့သည်။ လီဝေဟန်က လက်ထဲမှ ဝါးလုံးကို ပစ်ချကာ လှေကိုပင် ချည်မနေတော့ဘဲ လီကျစ်ယွမ်ကို ပွေ့ချီ၍ လှေပေါ်မှ ဆင်းခဲ့တော့သည်။ သူ အတော်ပင် ပင်ပန်းနေပြီဖြစ်ရာ လှေပေါ်မှ ခုန်ဆင်းလိုက်စဉ် ခြေလှမ်းများ ယိုင်ထွက်သွားသည်။ ရင်ခွင်ထဲမှ မြေးဖြစ်သူကို မထိခိုက်စေရန်အတွက် အုတ်ပြာလှေကားထစ်များနှင့် ဒူးကို အားပြုကာ ထိန်းလိုက်ရသည်။ "အား..." ဒူးခေါင်းတစ်ခုလုံး ပြဲလန်သွားသော်လည်း သူ အားတင်းကာ ထရပ်လိုက်ပြီး ကလေးကို ပွေ့ချီကာ အိမ်ထဲသို့ ပြေးဝင်သွားတော့သည်။ "ကွေရင်... ကွေရင်!"
"အော်... စောစောစီးစီး ပြန်လာပါလား"
ဆွန်းကွေရင်တစ်ယောက် မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်နေစဉ် အသံကြားသဖြင့် မတ်တပ်ရပ်ကြည့်လိုက်ရာ ခင်ပွန်းဖြစ်သူက ကလေးကို ပွေ့ချီလာသည်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်တကြား အော်ဟစ်မိတော့သည်။ "ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ... ကလေး ဘာဖြစ်လာတာလဲ"
လီဝေဟန်က ကလေးကို အိမ်တွင်းခန်းရှိ ဖျာပေါ်တွင် အရင်ဆုံး ချသိပ်လိုက်သည်။ အိမ်တွင် ကလေးကများပြီး အိပ်ရာက မလောက်သဖြင့် ယခုလို နွေရာသီဆိုလျှင် ညဘက်၌ အားလုံး ဖျာခင်းပြီး ကြမ်းပြင်ပေါ်တွင်သာ အိပ်ကြရသည်။ ဆွန်းကွေရင်က လီကျစ်ယွမ်၏ ခေါင်းကို မကာ ပါးကို ဖွဖွလေး ပုတ်နှိုးကြည့်သော်လည်း ကလေးက လုံးဝ နိုးမလာသဖြင့် ချက်ချင်းပင် ငိုယိုအော်ဟစ်တော့သည်။ "ဖြစ်ရလေ... ငါ့မြေးလေးရဲ့... သားလေး... ဘာဖြစ်ရတာလဲကွယ်"
"မငိုစမ်းနဲ့!" လီဝေဟန်က ဆွန်းကွေရင်၏ ခြေထောက်ကို ကန်ကာ "မြန်မြန်... ကလေးကို အဝတ်အစားအခြောက်လဲပေး" ဟု ငေါက်လိုက်သည်။
ဆွန်းကွေရင်လည်း မျက်ရည်များကို သုတ်ကာ အဝတ်အစားများ သွားယူရန် ချက်ချင်း ထလိုက်တော့သည်။
"ဖန်ဇီ... ကျန်းတာထုံကို သွားခေါ်ချေ!"
"ဟုတ်ကဲ့ အဘိုး"
ကျန်းတာထုံ ဆိုသူ၏ နာမည်အရင်းမှာ ကျန်းဟွာမင်း ဖြစ်ပြီး စစ်ယွမ်ရွာ၏ ဆေးခန်းပြဆရာဝန် (သို့မဟုတ်) ဖိနပ်မပါဘဲ လျှောက်သွားတတ်သည့် 'ခြေဗလာဆရာဝန်' တစ်ဦးဖြစ်သည်။ သူက ကလေးများကို ကြီးမားသော ဆေးထိုးပြွန်ကြီးဖြင့် ခြောက်လှန့်ရသည်ကို သဘောကျသဖြင့် ကလေးများက ထိုအမည်ပြောင်ကို ပေးခဲ့ကြခြင်းဖြစ်သည်။ ကြာလာသောအခါ လူကြီးများကပါ ထိုအမည်အတိုင်း လိုက်ခေါ်ကြတော့သည်။
"လေဇီ... လျိုမျက်မမြင်မကို သွားခေါ်ချေ!"
"ဟုတ်ကဲ့ အဘိုး"
လျိုမျက်မမြင်မ၏ နာမည်အရင်းမှာ လျိုကျင်ရှန်း ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မိဘမဲ့ဖြစ်ခဲ့ပြီး စစ်အန်းမြို့မှနေ၍ ဦးလေးဖြစ်သူ၏ စီစဉ်မှုဖြင့် ယခုရွာသို့ အိမ်ထောင်ကျကာ ရောက်ရှိလာခြင်းဖြစ်သည်။ သူ ရောက်လာသည့် ပထမဆုံးနှစ်မှာပင် ယောက္ခမနှစ်ယောက်စလုံး ရောဂါဖြင့် တစ်ယောက်ပြီးတစ်ယောက် ဆုံးပါးသွားခဲ့ရာ ရွာရှိ ချွေးမအချို့က သူမကို (ယောက္ခမရန် ကင်းဝေးသွားသဖြင့်) တိတ်တဆိတ် မနာလိုဖြစ်ခဲ့ကြသည်။ ဒုတိယမြောက်နှစ်တွင်မူ သူမ၏ ခင်ပွန်းဖြစ်သူသည် ညဘက်၌ အရက်မူးပြီး အိမ်သာတက်ရာမှ မစင်ကျင်းထဲသို့ ကျကာ ရေနစ်သေဆုံးသွားခဲ့ပြန်ရာ မွေးကင်းစ သမီးငယ်လေးတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ ထိုအချိန်မှစ၍ လျိုကျင်ရှန်းသည် 'လင်ယောက္ခမ ကံကျွေးကမ္မ ကြီးမားလွန်းသူ (လူကို အသေဘေးကျရောက်စေသည့် ဇာတာရှင်)' ဟု ရွာထဲတွင် ကောလာဟလများ ထွက်ပေါ်ခဲ့တော့သည်။ လင်သေသားကွဲဘဝဖြင့် ဘဝကို ရုန်းကန်ရသည်မှာ မလွယ်ကူလှပေ။ လယ်ယာလုပ်ငန်းအပြင် လျိုကျင်ရှန်းသည် ဝမ်းရေးအတွက် ဗေဒင်ဆရာမအလုပ်ကိုပါ တွဲဖက်လုပ်ကိုင်ခဲ့သည်။ သူမအပေါ် ထွက်ပေါ်နေသည့် ကောလာဟလများက ပိုမိုဆိုးရွားလာလေလေ၊ လူများက သူမ၏ ဗေဒင်ဟောချက်များကို ပိုမိုယုံကြည်လာလေလေ ဖြစ်သည်။
ယခုခေတ်ကာလတွင် ကိုယ်တိုင်စိုက်ပျိုးစားသောက်ရုံမျှဖြင့် ဝမ်းဝရုံသာရှိပြီး အနည်းငယ် ချောင်ချောင်လည်လည် နေနိုင်ရန်အတွက် အခြားဝင်ငွေလမ်းစ ရှိဖို့လိုသည်။ လျိုကျင်ရှန်းသည် ထိုဗေဒင်ဟောသည့် အလုပ်ဖြင့်ပင် သမီးဖြစ်သူ လီကျူရှန်းကို သတို့သားဘက်က တင်တောင်းစရာ မလိုဘဲ အမျိုးသားကို အိမ်ခေါ်ကာ လက်ထပ်ပေးနိုင်ခဲ့သည်။ သို့သော်လည်း သမီးရည်းစား အိမ်ထောင်ကျပြီး နောက်တစ်နှစ်မှာပင် သမီးဖြစ်သူ၏ ခင်ပွန်းသည် လယ်ကွင်းထဲတွင် အလုပ်လုပ်ရင်း ရုတ်တရက် နှလုံးရပ်ကာ ဆုံးပါးသွားခဲ့ပြန်သည်။ လီကျူရှန်းတွင်လည်း မွေးကင်းစ သမီးငယ်လေးတစ်ယောက် ကျန်ရစ်ခဲ့ပြန်သည်။
ဤဖြစ်ရပ်နောက်ပိုင်းတွင်တော့ ရွာထဲတင်မကဘဲ ပတ်ဝန်းကျင်တစ်ဝိုက်ရှိ လူအားလုံးကပါ လျိုကျင်ရှန်း၏ နိမိတ်မကောင်းသော ဇာတာခွင်ကို အကြွင်းမဲ့ ယုံကြည်သွားကြပြီး သူမ၏ ဗေဒင်လုပ်ငန်းမှာလည်း ပိုမိုဖြစ်ထွန်းလာခဲ့သည်။ ထို့ကြောင့် သူမသည် မိမိ၏ လယ်ယာများကို သူတစ်ပါးထံ တိုက်ရိုက်အငှားချထားလိုက်ပြီး သမီးဖြစ်သူကို မြို့မှ စက်ဘီးတစ်စီး ဝယ်ခိုင်းကာ ဗေဒင်ဟောရန် ပင့်ဖိတ်သည့် နေရာမှန်သမျှသို့ သမီးဖြစ်သူ လီကျူရှန်း၏ နင်းပို့မှုဖြင့် လိုက်လံလုပ်ကိုင်တော့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က လျိုကျင်ရှန်းတွင် အတွင်းတိမ်စွဲကာ မျက်စိသိပ်မမြင်ရတော့ခြင်းကပင် သူမ၏ 'မျက်မမြင်ဗေဒင်ဆရာမ' ဟူသော ဂုဏ်ပုဒ်ကို ပိုမိုပီပြင်သွားစေခဲ့သည်။
ထိုအတောအတွင်း ဆွန်းကွေရင်က လီကျစ်ယွမ်၏ ရေစိုအဝတ်အစားများကို လဲပေးပြီးစတွင် ခင်ပွန်းဖြစ်သူက ဒူးခေါင်းမှ သွေးများကို စင်ကြယ်စေရန် ရေတွင်းရေဖြင့် ဆေးချနေသည်ကို မြင်လိုက်ရသည်။ ထို့နောက် လီဝေဟန်က သေတ္တာကို သော့ဖွင့်ကာ စီးကရက်သုံးထုပ် ထုတ်လိုက်ပြီး တစ်ထုပ်ကို ဆွန်းကွေရင်ထံ ပစ်ပေးရင်း မှာကြားလိုက်သည်။ "ကျန်းတာထုံ ရောက်လာရင် သူ့ရှေ့မှာပဲ တစ်ထုပ်ဖောက်ပြီး စီးကရက်တစ်လိပ် ကမ်းလိုက်၊ သူ ပြန်ခါနီးကျရင်လည်း နောက်တစ်လိပ် ထပ်ပေးလိုက်၊ ဆေးဖိုးဝါးခကိုတော့ အကြွေးစာရင်းထဲပဲ မှတ်ခိုင်းထားလိုက်"
ထို့နောက် လီဝေဟန်က နောက်ထပ် စီးကရက်တစ်ထုပ်ကို ပစ်ပေးပြန်သည်။ "ဒီတစ်ထုပ်လုံးကိုတော့ လျိုမျက်မမြင်မကို ပေးလိုက်၊ တခြားဘာမှ လျှောက်မပြောနဲ့"
ဆွန်းကွေရင်က သတိပေးလိုက်သည်။ "အခုတလော လျိုမျက်မမြင်မက အစီအမံလုပ်ရင် အဖိုးအခ အတော်များတယ်လို့ ကြားတယ်နော်"
လီဝေဟန်က ခေါင်းခါလိုက်ပြီး "သူမ မျက်စိသာ ကွယ်ချင်ကွယ်သွားမယ်၊ လူ့ကျင့်ဝတ် သိက္ခာတော့ မကွယ်လောက်ပါဘူး" ဟု ဆိုသည်။
လျိုကျင်ရှန်း၏ ခင်ပွန်းသည် လီဝေဟန်နှင့် ငယ်သူငယ်ချင်းများ ဖြစ်ကြပြီး၊ သူ ဆုံးပါးသွားပြီးနောက် မုဆိုးမနှင့် မိဘမဲ့ကလေး ဒုက္ခရောက်နေသည့် နှစ်များတွင် လီဝေဟန်က ရိက္ခာအချို့ ထောက်ပံ့ပေးခြင်း၊ လယ်ကူထွန်ပေးခြင်းများ မကြာခဏ ပြုလုပ်ပေးခဲ့သဖြင့် ထိုစဉ်က အတင်းအဖျင်း ကောလာဟလများပင် ထွက်ပေါ်ခဲ့သေးသည်။ ယခုအခါ အိမ်နှစ်အိမ်လုံးက သိပ်ပြီး အဆက်အသွယ်မရှိကြတော့သော်လည်း လျိုမျက်မမြင်မသာ သူတို့ဆီက ငွေယူဝံ့လျှင် လီဝေဟန်အနေဖြင့် သူမ၏ မျက်နှာကို တံတွေးနှင့် ထွေးပစ်ရန် ဝန်လေးမည်မဟုတ်ပေ။
သူက နောက်ဆုံး စီးကရက်တစ်ထုပ်ကို မိမိအိတ်ကပ်ထဲ ထည့်လိုက်သည်။ ဆွန်းကွေရင်က အံ့သြတုန်လှုပ်စွာဖြင့် "ရှင် အပြင်သွားမလို့လား" ဟု မေးရာ၊
လီဝေဟန်က ခေါင်းငြိမ့်ပြပြီး "ငါ ဆန်းကျန်းဦးလေးကို သွားရှာမလို့" ဟု ပြောသည်။
"ဘာ! ရှင်... တစ်ခုခုနဲ့ တိုးလာတာလား"
လီဝေဟန်က ဘေးပတ်ပတ်လည်ရှိ ကလေးများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဇနီးဖြစ်သူကို စူးစူးစိုက်စိုက် စိုက်ကြည့်ကာ "ငါ ပြန်လာမှ ပြောမယ်" ဟု ဆိုကာ ၂၈ လက်မတန်း စက်ဘီးအိုကြီးကို တွန်း၍ ခြံဝင်းတံခါးပြင်သို့ ထွက်ခွာသွားတော့သည်။
ဆွန်းကွေရင်သည် ဖျာဘေးတွင် ပြန်ထိုင်ကာ လီကျစ်ယွမ်၏ ကိုယ်လေးကို အသာအယာ ပွတ်သပ်ရင်း သူ့နာမည်ကို အဆက်မပြတ် ခေါ်နေခဲ့သည်။
မြေးမလေးတစ်ယောက်က စုစုစိုက်စိုက်ဖြင့် "ယွမ်ဇီ ဘာဖြစ်တာလဲဟင်" ဟု မေးရာ၊
ဟုဇီက လွှတ်ခနဲ ပြောချလိုက်သည်။ "ငါသိတယ်... ယွမ်ဇီ ရေတစ္ဆေနဲ့ တိုးတာနေမှာ၊ သေတဲ့လူနေရာမှာ အစားဝင်ဖို့ အောက်ကို ဆွဲချသွားတာ!"
ရုတ်တရက်ဆိုသလို ဘေးနားရှိ ကလေးများအားလုံး ကြောက်လန့်တကြား မျက်နှာပျက်ကာ နောက်သို့ ဆုတ်သွားကြတော့သည်။
"ဖြန်း!"
ဟုဇီ၏ ပါးပြင်ပေါ်တွင် လက်ဝါးရာကြီး ထင်ကျန်သွားတော့သည်။ ဆွန်းကွေရင်က "ပါးစပ်ပိတ်စမ်း... လျှောက်မပြောနဲ့၊ အပြင်ထွက်ပြီး ဧည့်သည်တွေ ရောက်ပြီလား သွားကြည့်ချေ၊ အခုသွား!" ဟု ငေါက်ငမ်းလိုက်သည်။
"ဟုတ်... သွားပြီ သွားပြီ!" ဟုဇီက ဂျပိုးမလေး မဟုတ်ပေ။ ပါးစပ်က နာကျင်နေသော်လည်း စိတ်ထဲမထားဘဲ ရှစ်ထိုနှင့်အတူ ဧည့်သည်များကို စောင့်ကြိုရန် အပြင်သို့ ပြေးထွက်သွားတော့သည်။
ဆွန်းကွေရင်က မြေးအကြီးဆုံးဖြစ်သူ ယိန်းဇီကို ရေတစ်ခွက်နှင့် အပ်တစ်ချောင်း ယူလာရန် ခိုင်းလိုက်သည်။ သူမက အပ်ကိုယူကာ လီကျစ်ယွမ်၏ နဖူးနှင့် ထိပ်ကွက်တို့တွင် အကြိမ်ကြိမ် ခြစ်လိုက်ပြီးနောက် ထိုအပ်ကို ရေခွက်ထဲတွင် လှဲ၍ ချထားလိုက်သည်။ ဤသည်မှာ ဒေသခံတို့၏ ဓလေ့တစ်ခုဖြစ်ပြီး လူတစ်ယောက် နေမကောင်းဖြစ်လျှင် သို့မဟုတ် ထိတ်လန့်သွားလျှင် အပ်ဖြင့် 'လိပ်ပြာခေါ်' သည့် နည်းလမ်းဖြစ်သည်။
မကြာမီမှာပင် အပြင်ဘက်မှ အော်ဟစ်သံများ ကြားလိုက်ရတော့သည်။ "ကျန်းတာထုံ ရောက်ပြီ... ကျန်းတာထုံ ရောက်ပြီ!"