ပညာပြိုင်တဲ့ပွဲ
အိပ်မက်ထဲတွင် လီဆန်းကျန်းတစ်ယောက် အရှိန်ယူပြီး ခုန်လိုက်ရုံရုံရှိသေး၊ စူးစူးဝါးဝါး အော်ဟစ်သံကြီးနှင့်အတူ တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ မှောက်ရက်လဲကျသွားတော့သည်။ သူ၏နောက်ကွယ်မှ ဖုတ်ကောင်အားလုံးသည်လည်း ပြိုင်တူ ခုန်လိုက်ကြပြီးနောက် ဖားများကဲ့သို့ မြေပြင်ပေါ်တွင် ပြားပြားဝပ် လဲကျသွားကြလေသည်။
"အား..."
လီဆန်းကျန်း ကျောပြင်တစ်ခုလုံး စုတ်ပြတ်မတတ် နာကျင်သွားသဖြင့် စကားပင် ကောင်းကောင်းမဆိုနိုင်တော့ပေ။ သို့သော်လည်း မည်သည့်အရာကိုမျှ မမြင်ရသဖြင့် ဗီဇစိတ်အရသာ သူ၏ညာဘက်လက်ကို နောက်ပစ်ပြီး ကျောပြင်ကို စမ်းသပ်ကြည့်လိုက်မိသည်။ သူ၏နောက်မှ ဖုတ်ကောင်အားလုံးသည်လည်း ဘယ်ဘက်လက်မောင်းများဖြင့် ကိုယ်ခန္ဓာကို ထောက်ထားကြပြီး ညာဘက်လက်မောင်းများကို ဘေးသို့ မြှောက်ထားကြလေသည်။ လီဆန်းကျန်း မိမိလက်ကို ပြန်ရုပ်ပြီး ကြည့်လိုက်ရာ လက်တစ်ပြင်လုံး သွေးများ ရဲရဲနီနေသည်ကို မြင်လိုက်ရသဖြင့် မျက်လုံးများ အဝိုင်းသား ဖြစ်သွားရတော့သည်။
ဒီလိုမဖြစ်သင့်ဘူးလေ။ မနေ့ညက အိပ်မက်ထဲတုန်းက ဘေးအန္တရာယ်တွေ ဘယ်လောက်ပဲများများ၊ သူ လွတ်အောင်ခုန်ပေါက်ပြီး လိုက်ဖမ်းနေတဲ့ ဖုတ်ကောင်အုပ်ကြီးကို တစ်ချက်လေးတောင် မထိမိဘဲ ရှောင်ကွင်းနိုင်ခဲ့တာပဲ မဟုတ်ပါလား။ တကယ့်ကို ကောင်းလှချည်ရဲ့ဆိုတဲ့ အကြံဉာဏ်တစ်ခု ထုတ်မိကာမှ ဒီနေ့ ဘာလို့ အခြေအနေက ပိုဆိုးသွားရတာလဲ။
ဒီနေ့ အိပ်ပျော်သွားပြီး မနေ့ညက နန်းတော်ကြီး (တားမြစ်ထားသော မြို့တော်) ရဲ့ အခင်းအကျင်းထဲမှာပဲ အိပ်မက်ပြန်မက်နေတာကို သိသိချင်း၊ သူသည် ခြေထောက်ကို လာပွတ်သပ်နေသည့် ကြောင်ဝါကြီးကို ချက်ချင်းခါချကာ အလယ်တံခါးဝဆီသို့ အပြေးအလွှား သွားခဲ့သည်။ လေးလံလှသည့် တံခါးကြီးပွင့်လာသံ ဆုံးသွားပြီးနောက် အတွင်းထဲမှ "ဒုန်း... ဒုန်း... ဒုန်း..." ဆိုသည့် အသံများ ထွက်ပေါ်လာချိန်တွင် သူသည် စိတ်ကို အတင်းအကျပ် တည်ငြိမ်အောင် ထိန်းလိုက်သည်။ ရဲရဲဝံ့ဝံ့ သတ္တိမွေးပြီး ဖုတ်ကောင်အုပ်ကြီး အနားရောက်လာချိန်တွင် သူက အရင်ဆုံး ဦးဆောင်ကာ ခုန်ထွက်လိုက်ခြင်း ဖြစ်သည်။
ဒီလိုနဲ့ပဲ သူက အရှေ့ဆုံးက ဦးဆောင်ပြေးသူ ဖြစ်လာခဲ့သည်။ ဒီလောက် စမတ်ကျတဲ့ အစီအစဉ်က ဘာဖြစ်လို့ ရလဒ်ဆိုးကြီး ထွက်လာရတာလဲ။
ထိုစဉ် လီဆန်းကျန်းသည် မိမိနောက်တွင် ပြားပြားဝပ်လဲနေသော ဖုတ်ကောင်များ ပြန်ထရန် ပြင်နေကြပြီး စီတန်းထားသည့်အဖွဲ့ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်လာသည်ကို သတိပြုမိလိုက်သည်။ သူ သွားကို ကြိတ်လိုက်မိ၏။ ကျောပြင်က နာလွန်းသဖြင့် မတ်တပ်ပင် မရပ်နိုင်တော့ရာ လက်နှစ်ဖက်ကို အရှေ့သို့ ဆန့်တန်း၊ ခြေဖျားများဖြင့် မြေပြင်ကို တွန်းကန်ကာ စတင်တွားသွားရတော့သည်။
ခေါင်းဆောင်လုပ်သူ လှုပ်ရှားသွားသည်ကို မြင်သည်နှင့် ပထမဆုံးအစီအရင်မှ ဖုတ်ကောင်များက လိုက်လုပ်ကြပြီး၊ အနောက်ကကောင်များကလည်း အရှေ့ကကောင်များကို အတုခိုးကြရာ ပရမ်းပတာဖြစ်လုနီးပါး ဖြစ်နေသော ဖုတ်ကောင်အုပ်ကြီးသည် ချက်ချင်းပင် စနစ်တကျ စီတန်းလျက်သား ပြန်ဖြစ်သွားတော့သည်။
ကျယ်ပြောလှသည့် နန်းတော်ကြီးအတွင်း၌ ချင်းမင်းဆက် အရာရှိဝတ်စုံများ ဝတ်ဆင်ထားသည့် ဖုတ်ကောင်တစ်အုပ်သည် စုတ်ပြဲနေသော အတွင်းခံဘောင်းဘီအဖြူကို ဝတ်ထားသည့် လူတစ်ယောက်၏ ဦးဆောင်မှုနောက်တွင် လိပ်များကဲ့သို့ တရွေ့ရွေ့ တွားသွားနေကြလေသည်။
တွားသွားရင်းနှင့် လီဆန်းကျန်းတစ်ယောက် တကျိကျိနှင့် ကျိန်ဆဲနေမိသည်။ တွားသွားရခြင်းက ပြေးရသည်ထက် အဆပေါင်းများစွာ ပို၍ ပင်ပန်းလှသဖြင့် စိတ်ပျက်လက်ပျက် ဖြစ်နေရသည်။ ဒီလိုမှန်းသိရင် မနေ့ကလိုပဲ ပုန်းတမ်းကစားခဲ့ပါတော့်မည်။ သူက အသက်အရွယ်ကြီးရင့်နေပြီဖြစ်ပြီး တကယ့်လက်တွေ့ဘဝတွင်လည်း ချွေတာပြီးအေးအေးလူလူ နေထိုင်လာခဲ့သူ ဖြစ်သည်။ ဒီအသက်အရွယ် ရောက်လာကတည်းက ခန္ဓာကိုယ်ကျန်းမာရေးကိုပင် သိပ်ဂရုမစိုက်တော့ဘဲ အချိန်တန်ရင် သေရုံပဲဟု သဘောထားခဲ့သူ ဖြစ်သော်လည်း ယခုတော့ အိပ်မက်ထဲတွင် လာရောက် လေ့ကျင့်ခန်း လုပ်နေရချေပြီ။
သို့သော်လည်း ယခုအချိန်တွင် မတွားသွားဘဲ မနေရဲပေ။ လက်မောင်းနှင့် ကျောပြင်မှ ဒဏ်ရာများကြောင့် မတ်တပ်ရပ်ပြီး ပုန်းတမ်းကစားရန် မစွန့်စားရဲတော့ပါ၊ အဘယ်ကြောင့်ဆိုသော် သူသည် အနောက်က အုပ်စုကို အမြန်နှုန်းချင်း ယှဉ်နိုင်မည်မဟုတ်သောကြောင့် ဖြစ်သည်။
"ယွမ်ဟောက်လေးရေ... မင်းရဲ့ ကံဇာတာက ဘယ်တော့မှ ပွင့်မှာလဲကွယ်၊ ဆရာကြီးတော့ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး... အား..."
လီဆန်းကျန်း နောက်တစ်ကြိမ် စူးစူးဝါးဝါး အော်ဟစ်လိုက်မိပြန်သည်။ လှည့်ကြည့်လိုက်ရာ ဒဏ်ရာရထားပြီးသား ဖြစ်သော သူ၏ညာဘက်လက်မောင်းတွင် ငါးချောင်းရာ အပေါက်အသစ်များ ထပ်မံပေါ်ပေါက်လာပြီး သွေးများ တရဟော စီးကျနေသည်ကို မြင်လိုက်ရသည်။ သူ ဆက်ပြီး မတွားသွားနိုင်တော့ပေ။ ထို့ကြောင့် ဘယ်ဘက်အခြမ်းကို မြေပြင်ပေါ်သို့ စောင်းချလိုက်ပြီး၊ လုံးဝ အားပျော့သွားသည့် ညာဘက်လက်မောင်းကို တရွတ်တိုက်ဆွဲကာ ဘယ်ဘက်လက်တစ်ဖက်တည်းဖြင့် မြေပြင်ကို အတင်းဆွဲ ခြေထောက်များကိုပါ အားပြုပြီး ရှေ့သို့ တရွေ့ရွေ့ သွားနေရတော့သည်။
အနောက်က ဖုတ်ကောင်အားလုံးသည်လည်း သူတို့၏ လှုပ်ရှားမှုကို စစ်မြေပြင်တွင် စစ်သားများ ဝပ်တွားသွားသကဲ့သို့ ပုံစံမျိုး ချက်ချင်း ပြောင်းလဲလိုက်ကြလေသည်။
...
ခန်းမဆောင်အတွင်း၌မူ... ဖုတ်ကောင်တစ်ကောင်သည် အဘွားအို၏ လက်သည်းငါးချောင်းက မိမိ၏ညာဘက်လက်မောင်းထဲသို့ စိုက်ဝင်သွားပြီး နက်ရှိုင်းလှသည့် သွေးပေါက်ကြီးများ ဖြစ်သွားရသဖြင့် အကြီးအကျယ် ဒေါသပုန်ထနေသည်။ မူလက မာန်မာနထောင်လွှားလှသည့် သတ္တဝါဖြစ်သော်လည်း ယခုကဲ့သို့ နေရာမျိုးတွင် အဖန်ဖန်အထပ်ထပ် အနှောင့်အယှက်ပေးခံနေရသဖြင့် အငြိုးအတေးကြီးစွာ ပေါက်ကွဲနေခြင်း ဖြစ်သည်။
သို့သော်လည်း အဘွားအိုက နောက်သို့ ထပ်မံဆုတ်ခွာကာ အကွာအဝေးကို ပိုမိုကျယ်ပြန့်စေပြီး စက္ကူကြောင်များနှင့် စက္ကူခွေးများကို ဖုတ်ကောင်အား အတင်းအဓမ္မ ခုန်အုပ်ချုပ်နှောင်ထားရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူမသည် မိမိ၏ လက်သည်းများကို ငုံ့ကြည့်လိုက်မိ၏။ အကြိမ်ကြိမ် အောင်မြင်စွာ ချောင်းမြောင်းတိုက်ခိုက်နိုင်ခဲ့ပြီးနောက် သူမ၏ စိတ်ထဲတွင် ရှိနေသော မွေးရာပါ ကြောက်ရွံ့စိတ်များသည် လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့ချေပြီ။
မည်မျှပင် ထိတ်လန့်စရာကောင်းသည့် အရာဖြစ်ပါစေ... နာကျင်အောင် လုပ်လို့ရနေသရွေ့၊ သွေးထွက်အောင် လုပ်လို့ရပြီး သတ်ပစ်လို့ ရနိုင်နေသရွေ့တော့ ယင်းအရာအပေါ်တွင် ကြောက်ရွံ့ရိုသေစိတ်ဆိုသည်မှာ ရှိတော့မည်မဟုတ်ပေ။
ဒေါင့်တစ်နေရာတွင် ပုန်းနေသော လီကျစ်ယွမ်သည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ရင်း၊ ယခု ထူးဆန်းစွာ ပေါ်လာသည့် ဖုတ်ကောင်သည် အဘွားအိုကို ယှဉ်နိုင်မည့်ပုံမပေါ်ကြောင်း အကဲခတ်မိသွားသည်။ နောက်ထပ် သူ ဘာဆက်လုပ်သင့်သနည်း။
သူ့ဘေးနားရှိ ချင်လီဘက်သို့ လှည့်ကြည့်လိုက်ရာ သူမသည် အံ့သြစရာကောင်းလောက်အောင် ခေါင်းငုံ့နေပြီး၊ အပြင်တွင် ဖြစ်ပျက်နေသမျှကို စိတ်ဝင်စားပုံမရဘဲ တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားနေပုံရသည်။ ခဏမျှတော့ လီကျစ်ယွမ်တစ်ယောက် မနာလိုပင် ဖြစ်မိသွားသည်။ သူသည် ချင်လီ၏ လက်ကို အသာအယာ ဆုပ်ကိုင်လိုက်ရာ သူမက သူ့ကို မော့ကြည့်လာသည်။
"အပြင်က အိမ်စေတွေ အထဲကို ဝင်လာတာနဲ့ ငါတို့ ဒီကနေ ဖောက်ထွက်ဖို့ အခွင့်အရေးရှာမယ်။ ရသလောက် ဝေးဝေးကိုပြေး၊ လုံးဝ မရပ်နဲ့၊ နားလည်လား"
မူလက လီကျစ်ယွမ်သည် ပင်မတံခါးကြီးမှတစ်ဆင့် ထွက်ပြေးရန် ကြံရွယ်ထားသော်လည်း အပြင်ဘက်တွင် အိမ်စေတစ်စုက ပိတ်ဆို့ ကန်ကျောက်ကာ လမ်းကို ပိတ်ထားကြသည်။ သို့သော် လက်ရှိ အခြေအနေအရ အဘွားအိုသည် စက္ကူရုပ်များကို အသုံးပြုပြီး ဖုတ်ကောင်ကို အချိန်ဆွဲကာ အင်အားကုန်အောင် လုပ်နေသည်မှာ သိသာလှသဖြင့် မကြာမီ အပြင်ကလူများကို အထဲသို့ လှမ်းခေါ်မည်မှာ သေချာသည်။ ထိုအချိန်သည်ပင် ထွက်ပြေးရမည့် အချိန်ဖြစ်၏။ ဤအိပ်မက်ဆိုးတွင် အဆုံးအစမရှိ နယ်နိမိတ်မရှိဟု သူ မယုံကြည်ပေ။
ဒုတိယထပ်သို့ ထွက်ပြေးမည့် ရွေးချယ်မှုကိုမူ လီကျစ်ယွမ်က ပြတ်ပြတ်သားသား ပယ်ချလိုက်သည်။ လှေကားက ပြန်ပေါ်လာပြီ ဖြစ်သော်လည်း အပေါ်ထပ် ရောက်သွားလျှင်ကော ဘာဆက်လုပ်ရမည်နည်း။ အဆောက်အအုံပေါ်ကနေ ခုန်ချရမှာလား။
ချင်လီက လီကျစ်ယွမ်ကို ကြည့်ပြီး ဘာစကားမှ ပြန်မပြောပေ။
"နားလည်ရဲ့လား"
ချင်လီက ခေါင်းကို ပြန်ငုံ့သွားသည်။ ကောင်းပြီလေ... နားလည်သွားတယ်လို့ပဲ မှတ်ယူလိုက်တော့မည်။
လီကျစ်ယွမ်တစ်ယောက် ရှေ့က အခြေအနေကို ဆက်ပြီး အကဲခတ်ရန် ခေါင်းအလှည့်တွင်ပင်၊ သူ့ဘက်သို့ လှမ်းကြည့်နေသည့် ကြောင်မျက်နှာနှင့် အဘွားအို၏ အကြည့်နှင့် ဆုံမိသွားတော့သည်။ လီကျစ်ယွမ် ထိတ်လန့်သွားရပြီး အဘွားအိုက သူ့ကို ကြည့်ကာ ပြုံးပင် ပြုံးပြလိုက်သေးသည်။
"ဝူး..."
ဖုတ်ကောင်ကြီးက ထပ်မံ ဟိန်းဟောက်လိုက်ပြန်သဖြင့် အဘွားအို၏ အကြည့်က လီကျစ်ယွမ်ထံမှ ဖုတ်ကောင်ဆီသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
"ဟဲဟဲ... နင် အော်နေလည်း အပိုပဲ၊ ငါကတော့ နင့်ကို တစ်ကယ့် အကောင်ကြီးအမှတ်လို့၊ ကြည့်ရတာတော့ ဒီလောက်တပဲ ရှိတာကိုး... ဟင်"
အဘွားအို၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ဖုတ်ကောင်၏ ဒဏ်ရာမှ ပျစ်ခဲလှသော အမည်းရောင် မိစ္ဆာစွမ်းအင်များ စတင် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။ ၎င်းကို ဝိုင်းရံထားသည့် စက္ကူရုပ်များသည် ထိုမိစ္ဆာစွမ်းအင်နှင့် ထိမိသည်နှင့်တစ်ပြိုင်နက် တစ်ကိုယ်လုံး အမည်းရောင်များ စိမ့်ထွက်လာပြီး၊ လူရုပ်မပီသတော့ဘဲ စက္ကူစုတ်များနှင့် သစ်သားစအစအနများအဖြစ်သို့ ပြန်ပြောင်းလဲသွားကြလေတော့သည်။