နတ်ဆိုးနဲ့တိုက်ခိုက်ခြင်း
"ဂလွင်!"
ကြောင်မျက်နှာနှင့် အဘွားအိုသည် ထမင်းစားပွဲပေါ်သို့ ခုန်တက်လိုက်ပြီး သူမရှေ့မှ နတ်ဆိုးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေတော့သည်။
ဤအခွင့်အရေးကို အမိအရယူ၍ လီကျစ်ယွမ်သည် ပါးစပ်ထဲရှိ အခွံမာသီးခြောက်ကို ခပ်သွက်သွက် ထွေးထုတ်ပစ်လိုက်ပြီး နဖူးကို လက်ဖြင့် အလိုအလျောက် ဖိထားမိသည်။ စောစောက ထိုအသီးကို ဝါးနေရသည်မှာ ပါးစပ်ထဲတွင် နာနတ်ပွင့် အပြည့် သွတ်သွင်းခံထားရသလိုမျိုး ခံစားခဲ့ရ၍ ဖြစ်သည်။
ယခုအချိန်တွင်မူ သူသည် လက်ရှိအခြေအနေကို လုံးဝ သဘောမပေါက်နိုင်တော့ပေ။ ကြောင်မျက်နှာနှင့် အဘွားအိုက ဤနေရာတွင် မွေးနေ့ပွဲလုပ်သည်ကတော့ သဘာဝကျပါသည်၊ သူ နားလည်နိုင်သလို ဤနေရာ၏ စည်းမျဉ်းများကို အသုံးချပြီး ဖြစ်သလို လှည့်ပတ်ကျော်ဖြတ်ရန်လည်း ကြိုးစားခဲ့သည်။ သို့သော် ဤနတ်ဆိုးက ဘာဖြစ်လို့ ရုတ်တရက်ကြီး ရောက်လာရတာလဲ။
ဒါက အိမ်မက်ဆန်သလိုလိုနှင့် အိမ်မက်အစစ်မဟုတ်တဲ့ ပတ်ဝန်းကျင်တစ်ခုပဲဥစ္စာ၊ ဒါမို့ သူမရဲ့ ပိုင်နက်နယ်မြေ ဖြစ်သင့်တာ မဟုတ်ဘူးလား။ အဘွားအိုက ခြောက်ကပ်ကပ်ကြီး ဖြစ်နေလို့၊ ကလေးဖျော်ဖြေရေးအဖွဲ့ ငှားထားတာနဲ့တင် မလောက်ဘူးအထင်နဲ့ ပွဲလည်တင့်အောင် နတ်ဆိုးတစ်ကောင်ကိုပါ ဖိတ်ခေါ်ပြီး ပွဲအသက်သွင်းခိုင်းတာလို့တော့ လီကျစ်ယွမ် မယုံကြည်ပေ။
ယခုအခိုက်အတန့်တွင် လီကျစ်ယွမ်သည် မိမိကိုယ်ကိုယ် အတန်းထဲတွင် အဆင့်အောက်ဆုံးမှ ကျောင်းသားတစ်ဦးကဲ့သို့ တကယ့်ကို အူကြောင်ကြောင် ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ ဆရာက ရှင်းပြနေသည့် ပုစ္ဆာတစ်ပုဒ်ကိုပင် ဇဝေဇဝါ ဖြစ်နေရသည့်ကြားထဲ "ကဲ... နောက်ထပ် ပုစ္ဆာတစ်ပုဒ်ကို ထပ်ကြည့်ရအောင်၊ ဒါက ခုနကပုစ္ဆာရဲ့ ပုံစံပြောင်းပဲ၊ အတူတူတွဲပြီး ရှင်းကြစို့" ဟု ဆရာက ထပ်မံဖြည့်စွက်လိုက်သည့်အလား။ လီကျစ်ယွမ်တစ်ယောက် ပို၍ပင် ခေါင်းရှုပ်သွားရတော့သည်။
သို့သော်လည်း လီကျစ်ယွမ် မသိရှိသည်မှာ စားပွဲပေါ်တွင် တည်တည်တံ့တံ့ ရပ်နေသော ကြောင်မျက်နှာနှင့် အဘွားအိုသည် သူ့ထက်ပင် ပို၍ ဇဝေဇဝါဖြစ်နေကာ... ကြောက်ရွံ့ထိတ်လန့်ခြင်းပင် ရှိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုနတ်ဆိုးသည် ထိုနေရာတွင် ဒီအတိုင်းရပ်နေရုံမျှသာ ရှိသေးသော်လည်း ၎င်းထံမှ ထွက်ပေါ်နေသည့် နတ်ဆိုးအငွေ့အသက်တစ်ခုတည်းနှင့်တင် သူမကို တုန်လှုပ်ခြောက်ခြားသွားစေ၍ ဖြစ်သည်။
နတ်ဆိုး၏ ပါးစပ်နှင့် နှာခေါင်းထဲမှ အငွေ့ဖြူများ အဆက်မပြတ် ထွက်ပေါ်နေပြီး ၎င်းသည် ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် သေသေချာချာ ကြည့်ရှုနေကာ နောက်ဆုံးတွင်မူ ၎င်း၏ အကြည့်က ကြောင်မျက်နှာနှင့် အဘွားအိုထံ၌ ရပ်တန့်သွားသည်။
ထိုအစွမ်းထက်လှသော သတ္တဝါကြီး၏ အကြည့်ကို ခံလိုက်ရသဖြင့် အဘွားအို၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး လက်မောင်းနှစ်ဖက်ကို အနည်းငယ် ရုတ်လိုက်ကာ လက်သည်းများကို ကွေးညွတ်လျက် တစ်ကိုယ်လုံး ကိုင်းညွတ်သွားတော့သည်။ ၎င်းမှာ အညံခံအရှုံးပေးသည့် အမူအရာမျိုး ပြသနေခြင်း ဖြစ်သည်။
သူမသည် အလောင်းကောင်မိစ္ဆာ ဖြစ်လာသည်မှာ မကြာသေးသဖြင့် ဤကဲ့သို့ စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသော တည်ရှိမှုကြီးနှင့် ရုတ်တရက် ရင်ဆိုင်လိုက်ရသည့်အခါ သဘာဝအတိုင်း ထိတ်လန့်သွားရပြီး ပြန်လည်ခုခံရန် သတ္တိကိုပင် မနည်းမွေးမြူနေရသည်။
"မင်းက ဘာလို့ ငါ့နယ်မြေထဲကို ရောက်လာရတာလဲ၊ ငါ မင်းကို ဘာများ ပြစ်မှားမိလို့လဲ။"
...
"ဟင်။"
နန်းတော်အဟောင်း ထဲတွင် နတ်ဆိုးများကို ဦးဆောင်ကာ လေ့ကျင့်ခန်း လုပ်ခိုင်းနေသော လီဆန်းကျန်းသည် အူကြောင်ကြောင်ဖြင့် ခေါင်းကို ကုတ်လိုက်သည်။
သူသည် သုံးတန်း၊ ကိုယ်စီဖြင့် စီတန်းထားသော အုပ်စုကြီးကို အကွေ့တစ်ခုသို့ ဦးဆောင်ခေါ်သွားခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံးအတန်းတွင် ဘာဖြစ်လို့ နှစ်ကောင်တည်းသာ ကျန်တော့ရတာလဲ။
"နတ်ဆိုးတစ်ကောင် ပျောက်သွားတာလား။ နတ်ဆိုးတွေလည်း ပင်ပန်းတတ်လို့ ခိုးနားနေကြတာလား။"
...
"ဝေါင်း!"
နတ်ဆိုးသည် လက်မောင်းနှစ်ဖက်ကို ရှေ့သို့ ဆန့်တန်းလျက် အဘွားအိုထံသို့ တန်းတန်းမတ်မတ်ကြီး ခုန်အုပ်တော့သည်။
၎င်းသည် အဘွားအို၏ အညံခံပြသမှုနှင့် ချော့မော့မှုများကို ဘာလို့ ဂရုစိုက်နေရမည်နည်း။ အဓိပ္ပာယ်မရှိလိုက်တာ၊ ၎င်းကိုယ်တိုင်ပင် ဤနေရာသို့ ဘာကြောင့် ရောက်နေရမှန်း မသိချေ။
နတ်ဆိုး၏ လှုပ်ရှားမှုကို မြင်လိုက်ရသဖြင့် အဘွားအိုသည်လည်း မလွှဲသာဘဲ အားတင်းကာ ခုန်တက်လိုက်ရပြီး လက်သည်းနှစ်ဖက်စလုံးဖြင့် လှမ်းခြစ်လိုက်တော့သည်။ နှစ်ကောင်သား စားပွဲအထက် လေထဲတွင် ခဏမျှ လုံးထွေးသတ်ပုတ်ပြီးနောက် စားပွဲပေါ်သို့ ပြိုင်တူ ပြန်လည်ကျဆင်းလာရာ စားပွဲခုံကြီးမှာ ချက်ချင်းပင် အပိုင်းပိုင်းအစစ ပြိုကွဲပျက်စီးသွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် လီကျစ်ယွမ်သည် ဘေးကင်းရန်အတွက် စားပွဲဘေးမှ စောစောစီးစီး ရှောင်ထွက်သွားခဲ့ပြီး ဖြစ်သည်။ သူသည် ချင်လီထံသို့ ချက်ချင်း ပြေးသွားလိုက်ရာ သူမသည် ရန်ပွဲကို မလှုပ်မယှက် စိုက်ကြည့်နေဆဲဖြစ်သည်ကို မြင်သဖြင့် သူမ၏လက်ကို လှမ်းဆွဲကာ—
"မကြည့်နဲ့တော့၊ မြန်မြန် ပုန်းရအောင်!" ဟု ဆိုလိုက်သည်။
သူသည် ချင်လီကို ထောင့်စွန်းတစ်ခုဆီသို့ ဆွဲခေါ်သွားပြီး ဘေးကင်းလုံခြုံမှု အနည်းငယ် ပေးနိုင်မည့် ဆင့်စီထားသော စားပွဲခုံအကာအကွယ် တစ်ခု၏ ရှေ့တွင် ပုန်းကွယ်လိုက်ကြသည်။ အကာအကွယ်အောက်တွင် ဆောင့်ကြောင့်ထိုင်ရင်း လီကျစ်ယွမ်သည် အက်ကြောင်းလေးတစ်ခုကြားမှနေ၍ ဖြစ်ပွားနေသော တိုက်ပွဲကို အကဲခတ်နေခဲ့သည်။
အဘွားအိုသည် ခန္ဓာကိုယ်ကို ဘေးသို့ စောင်းလိုက်ပြီး ကြောင်တစ်ကောင်ကဲ့သို့ ဖျတ်လတ်မှုဖြင့် နတ်ဆိုး၏ စူးရှသော လက်ညှိုးများကို ရှောင်ကွင်းကာ ၎င်း၏ ညာဘက်လက်မောင်းကို လှမ်းခြစ်ပစ်လိုက်သည်။
"ဖြတ်!"
နတ်ဆိုး၏ အဝတ်အစားများ ဆုတ်ပြဲသွားပြီး ၎င်းအောက်ရှိ ပုပ်ပွနေသော အရေပြားများ ပေါ်ထွက်လာကာ ပြည်ပုပ်များ အဆက်မပြတ် စီးကျလာတော့သည်။ သို့သော်လည်း လင်းတကျနတ်ဆိုးသည် ချက်ချင်းပင် သူ၏လက်မောင်းကို လွှဲရိုက်လိုက်ရာအဘွားအိုကို ပြင်းထန်စွာ ထိမှန်သွားတော့သည်။
"ဘုန်း!"
အဘွားအိုသည် လွင့်ထွက်သွားပြီး နံရံကို ပြင်းထန်စွာ ဆောင့်မိကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထို့နောက် သူမသည် မိမိ၏ လက်ချောင်းများကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်လိုက်ပြီး နတ်ဆိုးပေါ်ရှိ ဒဏ်ရာကို ပြန်လည်ကြည့်ရှုလိုက်သည်။
"ဒါ... ဘယ်လိုဖြစ်လို့ ငါခံစားခဲ့ရသလောက်ကြီး ကြောက်ဖို့မကောင်းရတာလဲ။"
...
ဒုတိယထပ်ရှိ အိပ်ခန်းထဲတွင်မူ လီဆန်းကျန်း၏ ညာဘက်လက်မောင်းပေါ်၌ ကုတ်ခြစ်ရာတစ်ခု ပေါ်ပေါက်လာပြီး သွေးများ စီးကျလာတော့သည်။
"အား... နာလိုက်တာ!"
အိမ်မက်ထဲတွင် လင်းတကနတ်ဆိုးများကို ဦးဆောင်၍ လေ့ကျင့်ခန်း လုပ်ခိုင်းနေသော လီဆန်းကျန်းသည် ထိုနာကျင်မှုကြောင့် ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျသွားရာ သူ့နောက်မှ နတ်ဆိုးများ အားလုံးပါ သူတို့၏ ဘယ်ဘက်အခြမ်းသို့ ပြိုင်တူ လဲကျကုန်ကြတော့သည်။
လီဆန်းကျန်းက ဇဝေဇဝါဖြင့် သူ့နောက်ရှိ ပထမဆုံးအတန်းမှ နတ်ဆိုး သုံးကောင်ကို လှည့်ကြည့်ကာ—
"မင်းတို့ထဲက ဘယ်ကောင် ငါ့ကို လာတိုက်ခိုက်တာလဲ" ဟု မေးလိုက်သည်။
ထိုနတ်ဆိုး သုံးကောင်က ဘာမှပြန်မပြောဘဲ အနောက်ဘက်ဆီသို့သာ လှည့်ကြည့်ကြရာ ကျန်ရှိသော လင်းတကျနတ်ဆိုးများ အားလုံးကလည်း ထိုအတိုင်း လိုက်လံကြည့်ရှုကြသည်။
"တောက်... အိမ်မက်ထဲမှာ ဒဏ်ရာရတာက ဘာလို့ ဒီလောက်တောင် နာကျင်နေရတာလဲ။"
လီဆန်းကျန်းသည် ဒဏ်ရာကို ဆေးထည့်ရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ ခပ်သွက်သွက် ပြန်ထကာ ဆက်လက်ခုန်ဆွနေရသည်။ ဤလင်းတကနတ်ဆိုးများကို သေသေချာချာ စဉ်းစားတွေးတောရန် အချိန်မပေးနိုင်မှန်း သူ သိနေသည်၊ ခဏမျှ အနားယူမိရုံနှင့်တင် ၎င်းတို့က သူ့ကို ဝိုင်းအုံကိုက်ခဲပြီး အပိုင်းပိုင်း ဆုတ်ဖြဲပစ်ကြပေလိမ့်မည်။
"ကဲ... လာကြစို့၊ ဆက်ခုန်ကြစို့!"
...
"ဝေါင်း!"
ခန်းမကြီးထဲတွင် နတ်ဆိုးသည် အဘွားအိုထံသို့ ထပ်မံ ခုန်အုပ်ပြန်သည်။ ယခုအကြိမ်တွင်မူ အဘွားအိုသည် ထိပ်တိုက်မရင်ဆိုင်တော့ဘဲ ပတ်ဝန်းကျင်ကို ဝှေ့ယမ်းကြည့်လိုက်ရာ သူမ၏ စိမ်းဖန့်ဖန့် မျက်ဝန်းများ ဝင်းခနဲ ဖြစ်သွားပြီး စောစောက ကြောင်တောင်တောင်ဖြင့် မတ်တတ်ရပ်နေကြသော စက္ကူရုပ်များအားလုံး နတ်ဆိုးထံသို့ တရဟော ပြေးဝင်တိုက်ခိုက်ကြတော့သည်။
အချို့က နတ်ဆိုး၏ ခြေထောက်များကို ဖက်တွယ်ထားကြပြီး အချို့က လက်မောင်းများကို ဆွဲထားကြကာ အချို့ကမူ ၎င်း၏ ခေါင်းပေါ်သို့ပင် ခုန်တက်သွားကြသည်။ နတ်ဆိုးသည် လက်မောင်းများကို လွှဲယမ်းကာ လိုက်လံကိုက်ခဲတော့ရာ ကိုက်လိုက်တိုင်း စက္ကူရုပ်အချို့မှာ အပိုင်းပိုင်းအစစ ပြဲစုတ်ကုန်ကြသည်။ သို့သော် ကံကောင်းသည်မှာ ဆရာကြီးအိမ်တော်တွင် စက္ကူစက်ရုံ ရှိနေခြင်း ဖြစ်သည်။
စက္ကူရုပ်များကို အသုံးချ၍ နတ်ဆိုးကို အနှောင့်အယှက်ပေးထားစဉ် အဘွားအိုသည် ဘေးပတ်ပတ်လည်သို့ လှည့်ပတ်လှုပ်ရှားနေခဲ့ပြီး နောက်ဆုံးတွင် အခွင့်အရေးကို အမိအရရရှိကာ နတ်ဆိုး၏ ကျောဘက်သို့ ခုန်အုပ်လိုက်ပြီး လက်သည်းများကို အသင့်ပြင်ကာ ၎င်း၏ ကျောပြင်ကို ကုတ်ခြစ်ချလိုက်တော့သည်။
"ဖြတ်!"
ယခုအကြိမ်တွင်မူ နတ်ဆိုး၏ ကျောဘက်ရှိ အရာရှိဝတ်စုံအများစုမှာ စုတ်ပြဲသွားပြီး ထိုလက်သည်းရာ ဆယ်ကြောင်းကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများထဲမှ ပြည်ပုပ်များ တရဟော စီးကျလာတော့သည်။
...
ဒုတိယထပ်ရှိ အိပ်ရာပေါ်တွင်မူ လီဆန်းကျန်း၏ ခန္ဓာကိုယ်ကြီး တောင့်တင်းသွားပြီးနောက် သူ၏ အိပ်ရာခင်းပေါ်တွင် သွေးစိမ်းများ တဖြည်းဖြည်း ချင်းချင်းနီကာ စိုရွှဲလာတော့သည်။
"တောက်... နာလိုက်တာကွာ!"