နတ်ဆိုးရောက်လာခြင်း
ကြောင်မျက်နှာနှင့် အဘွားအိုက "လူစုံပြီလားကွယ်" ဟု မေးလိုက်သည်။
"လောလောဆယ် ကျွန်တော်တို့ပဲ ရှိပါသေးတယ် အဘွား။"
"အိမ်ရှင်မိသားစုကော။"
ဝတုတ်တုတ် စားဖိုမှူးကြီးက ခေါင်းကိုကုတ်ရင်း—
"အိမ်ရှင်ဆိုလို့ အဘွားတစ်ယောက်ပဲ ရှိတာပါ၊ အဘွားရဲ့ သားသမီးတစ်ယောက်မှ ရောက်မလာကြပါဘူး" ဟု ဖြေသည်။
"သူတို့ကို ပြောတာမဟုတ်ဘူး၊ သူများအိမ်၊ သူများခုံ၊ သူများပန်းကန်ခွက်ယောက်တွေကို ငှားသုံးထားပြီးတော့ အိမ်ရှင်တွေကိုကျ ပွဲတော်ထဲဝင်စားဖို့ ဖိတ်မခေါ်ဘူးဆိုရင် ဒါက လူကြီးသူမ ကိုမလေးစားရာရောက်တာပေါ့။"
လီကျစ်ယွမ်က—
"အဘွား... သူတို့ ဗိုက်မဆာကြပါဘူး၊ အိပ်တောင် ပျော်နေကြပြီမို့လို့ သွားမနှိုးပါနဲ့တော့" ဟု ဝင်ပြောလိုက်သည်။
"ဒါ ဘယ်ဖြစ်မလဲ။" ကြောင်မျက်နှာနှင့် အဘွားအို၏ အကြည့်က ရုတ်တရက် မဆုံးမချင်း ရက်စက်ယုတ်မာသော အရိပ်အယောင်များဖြင့် လီကျစ်ယွမ်ထံသို့ စိုက်ကျလာသည်၊ "ဒီပွဲသိမ်းဝိုင်းကိုတော့ လူစုံတက်စုံဖြစ်အောင် အားလုံးကို လာခေါ်ရမယ်၊ မဟုတ်ရင် လူမှုရေး ပျက်ကွက်ရာ ရောက်ပြီး သူများတွေ နောက်ကွယ်မှာ အတင်းပြောတာ ခံရလိမ့်မယ်။"
"တကယ် မလိုပါဘူး အဘွားရယ်။"
"ဝုန်း!"
ကြောင်မျက်နှာနှင့် အဘွားအိုသည် လက်တစ်ဖက်ဖြင့် လီကျစ်ယွမ်၏ လည်ပင်းကို လှမ်းညှစ်ကာ မြေကြီးပေါ်မှ မြှောက်ချီလိုက်တော့သည်။
"မြေးလေး... မင်း ခုနက တော်တော်လေး ဆိုးသွမ်းနေတယ်နော်၊ ဟိဟိဟိ။"
...
ထိုအချိန်တွင် ဒုတိယထပ်ရှိ အိပ်ခန်းထဲ၌ စားပွဲခုံပေါ် ခေါင်းတင်၍ အိပ်ပျော်နေသော လီကျစ်ယွမ်သည် အသက်ရှူကျပ်ကာ မခံမရပ်နိုင်အောင် နာကျင်ခံစားနေရသည့် ပုံစံ ပေါ်ပေါက်လာသည်။
...
"အဘွား... ကျွန်တော် မှားပါပြီ... ကျွန်တော် မှားပါပြီ..." လီကျစ်ယွမ်က အဘွားအို၏ လက်များကို အတင်းဆွဲဖယ်ရန် ကြိုးစားသော်လည်း မည်မျှပင် အားစိုက်ပါစေ လုံးဝ ဖယ်ရှား၍ မရချေ။ သူ၏ ခြေထောက်နှစ်ဖက်မှာသာ လေထဲတွင် အူကြောင်ကြောင်ဖြင့် ယမ်းခါနေမိသည်။
သေခြင်းတရား၏ အငွေ့အသက်ကို အထင်အရှား ခံစားနေရပြီ။
မလှမ်းမကမ်းရှိ လူအုပ်ကြားထဲတွင် ရပ်နေသော ချင်လီသည် တစ်ကိုယ်လုံး တုန်ယင်လာပြီး သူမ၏ ခန္ဓာကိုယ်လေးမှာ တစ်စတစ်စ ပိုမိုပြင်းထန်စွာ တုန်ရီလာတော့သည်။
"ဖျတ်!"
ကြောင်မျက်နှာနှင့် အဘွားအိုက လက်ကို လွှတ်လိုက်သဖြင့် လီကျစ်ယွမ် မြေကြီးပေါ်သို့ ဘုန်းကနဲ ပြုတ်ကျသွားပြီး အဘွားအို၏ လက်တွင်းမှ လွတ်မြောက်ကာ အသက်ကို လောလောလောလော ပြင်းပြင်းရှူသွင်းနေရသည်။
သူမက သူ့ကို သတ်ဦးမှာပဲ။ သူမက လူမဟုတ်ဘူး၊ အလောင်းကောင်မိစ္ဆာ ဖြစ်တယ်၊ ရက်စက်ကြမ်းကြုတ်တာက သူမရဲ့ သဘာဝပဲ။
လီကျစ်ယွမ်က လူအုပ်ကြားထဲရှိ ချင်လီကို လှည့်ကြည့်လိုက်သည်။ သူ၏ အကြည့်နှင့် ဆုံမိပြီးနောက်တွင်မူ သူမသည် စိတ်သက်သာရာ ရသွားပုံရကာ မျက်ဝန်းအစုံကို ဖြည်းညှိးစွာ ပြန်ချလိုက်ပြီး ခန္ဓာကိုယ် တုန်ယင်နေမှုများလည်း တဖြည်းဖြည်းနှင့် ငြိမ်သက်သွားတော့သည်။
...
ဒုတိယထပ်ရှိ အိပ်ခန်းထဲတွင်မူ စားပွဲခုံပေါ် ခေါင်းတင်အိပ်နေသော လီကျစ်ယွမ်၏ မျက်နှာပေါ်မှ နာကျင်မှု ဝေဒနာများ တဖြည်းဖြည်း လျော့ပါးသွားပြီး အသက်ရှူသံလည်း ပြန်လည်မှန်ကန်လာခဲ့သည်။
...
ကြောင်မျက်နှာနှင့် အဘွားအိုက—
"မြေးလေး၊ ကလေးဆိုတာ ငယ်ငယ်ကတည်းက သေသေချာချာ ဆုံးမသွန်သင်ရတယ်ကွ" ဟု ဆိုသည်။
"အဘွားပြောတာ မှန်ပါတယ်ဗျာ။" လီကျစ်ယွမ်က လူးလဲထကာ စားပွဲဝိုင်းဆီသို့ ပြန်လာခဲ့သည်။ "တကယ်လို့ ကလေးတွေကို ကောင်းကောင်းမွန်မွန် ဆုံးမလို့ မရဘူးလို့ ထင်ရင်တော့ ကြီးလာမှ အသည်းနှလုံးမရှိတဲ့ ဘေးဒုက္ခတွေ ဖြစ်မလာအောင် ငယ်ငယ်ကတည်းက ရေနှစ်သတ်ပစ်လိုက်တာ ပိုကောင်းတာပေါ့၊ ဟုတ်တယ်မလား။"
လီကျစ်ယွမ်က စားပွဲပေါ်မှ ငါးပေါင်းပန်းကန်ကို ယူကာ ကြောင်မျက်နှာနှင့် အဘွားအို၏ ရှေ့တွင်ရှိသော မြေပဲဆန်ကြော်ပန်းကန်နှင့် လဲလှယ်ပေးလိုက်သည်။ ထို့နောက် ပြန်ထိုင်ကာ ခေါင်းညိတ်ရင်း—
"ကွက်တိပါပဲ၊ အမှန်ပဲဗျာ။"
"အင်း..." ကြောင်မျက်နှာနှင့် အဘွားအို၏ မျက်နှာတွင် အပြုံးပန်း ပြန်ပွင့်လာပြီး လီကျစ်ယွမ်၏ လည်ပင်းပေါ်ရှိ နီရဲနေသော အမှတ်အသားကို အသာအယာ တို့ထိရင်း—
"မင်းက တကယ့်ကို လိမ္မာတဲ့ မြေးလေးပဲ။ ခုနက အဘွား လုပ်လိုက်တာ နာသွားလားကွယ်။"
"အဘွားက ကျွန်တော့်ကို ပညာပေး ဆုံးမတာပဲဥစ္စာ၊ ကျွန်တော် နားလည်ပါတယ်ဗျာ။"
"အင်း။" ကြောင်မျက်နှာနှင့် အဘွားအိုက ဝတုတ်တုတ် စားဖိုမှူးကြီးကို လှည့်ကြည့်ကာ—
"သွား... လူသွားဖိတ်ချေ၊ အိမ်ရှင်မိသားစုဝင် အားလုံးကို သွားခေါ်ခဲ့၊ ထမင်းစားဖို့ အချိန်တန်ပြီ" ဟု အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ၊ အခုပဲ သွားခေါ်လိုက်ပါ့မယ်။"
ဝတုတ်တုတ် စားဖိုမှူးကြီးနှင့် ပန်းကန်ဆေးနေသော အဘွားအိုများ အားလုံး စားပွဲမှ ထရပ်ကာ လူသွားခေါ်ရန် ပြင်ကြတော့သည်။ စားဖိုမှူးကြီး လှေကားဝဆီသို့ ရောက်ရှိသွားချိန်တွင်မူ ပျောက်ကွယ်နေသော လှေကားထစ်များမှာ ပြန်လည်ပေါ်ပေါက်လာပြီး သူသည် ခြေလှမ်းတိုင်းတွင် သူ၏ ဝတုတ်သော အဆီပြင်ကြီးများ တုန်ခါလျက် အပေါ်သို့ ခပ်သွက်သွက် တက်သွားတော့သည်။
ဒုတိယထပ် ဝရန်တာသို့ ရောက်သောအခါ သူသည် လီဆန်းကျန်း၏ အိပ်ခန်းဆီသို့ သွားကာ တံခါးကို တွန်းဖွင့်လိုက်ရာ ကုတင်ပေါ်တွင် အိပ်ပျော်နေသော လီဆန်းကျန်းကို တွေ့လိုက်ရသည်။
"ကဲ... လာဗျာ၊ ပွဲတော်စားဖို့ အချိန်တန်ပြီ!"
ဝတုတ်တုတ် စားဖိုမှူးကြီးက ကုတင်ဘေးသို့ လမ်းလျှောက်သွားပြီး လီဆန်းကျန်း၏ လက်ကောက်ဝတ်ကို လှမ်းကိုင်ကာ ဝိညာဉ်ကို ဆွဲထုတ်၍ ပွဲတော်ဆီသို့ ခေါ်ဆောင်သွားရန် ပြင်လိုက်သည်။
သို့သော်လည်း...
ရုတ်တရက်ဆိုသလို၊
ဝတုတ်တုတ် စားဖိုမှူးကြီးသည် မိမိပတ်ဝန်းကျင်ရှိ လေထုကြီးတစ်ခုလုံး လိမ်ရှုံ့သွားသလို ခံစားလိုက်ရပြီး အိပ်ခန်းထဲတွင် ရပ်နေရာမှ သပ္ပာယ်လှသော ဘုရားကျောင်း အဆောက်အအုံများ ဝန်းရံထားသည့် ရင်ပြင်ကျယ်ကြီးတစ်ခုထဲသို့ ရောက်ရှိသွားတော့သည်။
ထို့နောက် သူ့ရှေ့တည့်တည့်တွင်—
စုတ်ပြဲနေသော အတွင်းခံဘောင်းဘီတိုအဖြူကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးသည် နတ်ဆိုးအုပ်စုကြီးကို ဦးဆောင်ကာ ရှေ့ဆုံးမှနေ၍ ခုန်ဆွခုန်ဆွနှင့် ကပြနေလေသည်။
အဘိုးအိုက ခုန်လျှင် နောက်ကနတ်ဆိုးများကလည်း ပြိုင်တူ လိုက်ခုန်ကြသည်။ အဘိုးအိုက မြေပြင်သို့ အကျတွင် မတော်တဆ ခြေချော်သွားရာ နောက်က နတ်ဆိုးများပါ ပြိုင်တူ ယိုင်ထိုးကုန်ကြသည်။
ဝတုတ်တုတ် စားဖိုမှူးကြီးသည် ထိုမြင်ကွင်းကြောင့် အသဲထိတ်စရာဖြစ်သွားကာ သူ၏ မူလရုပ်သွင်အစစ် ဖြစ်သော စက္ကူဖြူကဲ့သို့ ဖြူလျော်သော မျက်နှာကြီး ပေါ်လာတော့သည်။
အတိအကျပင် ထိုအခိုက်အတန့်၌ အတန်းနောက်ဆုံးတွင် ရှိနေပြီး တုံ့ပြန်မှု အနှေးဆုံးဖြစ်သော နတ်ဆိုးတစ်ကောင်မှာ မှောက်လျက်လဲကျသွားသည်။ ၎င်း၏မျက်နှာက နောက်သို့ လှည့်သွားရာ ထိုနေရာတွင် ရပ်နေသော ဝတုတ်တုတ် စားဖိုမှူးကြီးကို မြင်သွားတော့သည်။
ထိုနတ်ဆိုးသည် ထူးဆန်းသော အရာတစ်ခုကို တွေ့လိုက်ရသည့်အလား ဝတုတ်တုတ် စားဖိုမှူးကြီးထံသို့ တန်းတန်းမတ်မတ်ကြီး ခုန်ဆွခုန်ဆွဖြင့် လာတော့သည်။ စားဖိုမှူးကြီးလည်း ချက်ချင်းပင် လှည့်ပြေးရပြီး နတ်ဆိုးကလည်း နောက်မှ တကောက်ကောက် လိုက်လံဖမ်းဆီးတော့သည်။
"ဝုန်း!"
ဝတုတ်တုတ် စားဖိုမှူးကြီး ကုတင်ဘေးရှိ အိပ်ခန်းထဲသို့ ပြန်လည်ရောက်ရှိလာသည်။ သူသည် မိမိမျက်နှာကို ပြန်ပွတ်ကြည့်လိုက်ရာ ထူထဲလှသော မိတ်ကပ်ခြယ်သမှုများ ကွာကျလာပြီး ထိုကြောက်မက်ဖွယ်ရာ ဘေးဒုက္ခကြောင့် ဝိညာဉ်ပင် လွင့်မတတ် ထိတ်လန့်သွားရှာသည်။
"ဒုန်း!"
ကြမ်းပြင်ကြီးတစ်ခုလုံး ရုတ်တရက် တုန်ခါသွားသည်။
ကြီးမားထွားကျိုင်းလှသော သတ္တဝါကြီးတစ်ကောင် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည့်အလား။
...
"ကဲ... လာလေ မြေးလေး၊ သူတို့တွေ တခြားလူတွေကို သွားခေါ်တုန်း ငါတို့ အရင် စားနှင့်ကြရအောင်။"
ကြောင်မျက်နှာနှင့် အဘွားအိုက အခွံမာသီးခြောက်တစ်ဆုပ်ကို လှမ်းယူကာ လီကျစ်ယွမ်၏ ရှေ့သို့ ချပေးလိုက်သည်။ လီကျစ်ယွမ်၏ မျက်နှာမှာ မအီမသာ ဖြစ်သွားရသည်၊ သူ ၎င်းတို့ကို စောစောက စမ်းကြည့်ဖူးသည်မို့ စားဖို့နေနေသာသာ ပါးစပ်ထဲ ထည့်ရန်ပင် ခဲယဉ်းလှသောအရာများ ဖြစ်ကြောင်း သိနေ၍တည်း။
"စားလေ..." အဘွားအို၏ လေသံက ဖိအားပေးလာသည်။
လီကျစ်ယွမ်မှာ မလွှဲသာဘဲ တစ်လုံးကို ကောက်ယူကာ ပါးစပ်ထဲထည့်ပြီး မျိုချလိုက်ရသည်။ ချက်ချင်းပင် ပြင်းထန်လှသော ရင်ပြည့်ရင်ကယ် ရွံရှာဖွယ် ခံစားချက်ဆိုးကြီးက တိုးဝှေ့တက်လာသော်လည်း အဘွားအို၏ မျက်နှာအမူအရာကို မြင်နေရသဖြင့် အန်မထွက်စေရန် လက်ဖြင့် ပါးစပ်ကို အတင်းပိတ်ထားလိုက်ရတော့သည်။
"အင်း... လိမ္မာတယ် မြေးလေး၊ ဒါမှပေါ့၊ အစားအစာဆိုတာ အမြဲတမ်း တန်ဖိုးထားရတယ်ကွ။ ဒီက အဘွားက လွတ်မြောက်ရေးမတိုင်ခင် ခေတ်တုန်းကလည်း ငတ်မွတ်ခဲ့ရဖူးတယ်၊ လွတ်မြောက်ရေးပြီးတော့လည်း မုဆိုးမဘဝနဲ့ သားသမီးသုံးယောက်ကို ငတ်တလှည့် ပြတ်တလှည့်နဲ့ ပြုစုပျိုးထောင်ခဲ့ရတာ၊ ကလေးတွေ ကြီးလာတော့လည်း ပိုလို့တောင် ငတ်ကြသေးတယ်။ ဒါကြောင့် အဘွားက အစားအသောက်ရဲ့ တန်ဖိုးကို တကယ်ကို နားလည်တာကွ။"
လီကျစ်ယွမ်သည် ရင်ထဲမှ လှိုက်တက်လာသော အန်ချင်စိတ်ကို အတင်းအောင့်အည်း ထိန်းချုပ်ရင်း ခေါင်းညိတ်ပြလိုက်ရသော်လည်း ပါးစပ်ထဲရှိ အရာကိုမူ တကယ်ကို ဆက်ပြီး မျိုမချနိုင်တော့ပေ။
ထိုအခိုက်အတန့်တွင် ဝတုတ်တုတ် စားဖိုမှူးကြီးသည် လှေကားပေါ်မှနေ၍ အလန့်တကြား လိမ့်ဆင်းလာပြီး အော်ဟစ်လိုက်သည်—
"အဘွားအို... အကြီးအကျယ် ဒုက္ခရောက်ကုန်ပြီဗျို့၊ အဘွားအို... ပြဿနာအကြီးကြီး တက်နေပြီ!"
"ဘာဖြစ်တာလဲ။" ကြောင်မျက်နှာနှင့် အဘွားအို မတ်တတ်ရပ်လိုက်သည်၊ ဒါက သူမ၏ ‘နယ်မြေ’ ဖြစ်ပြီး သူမကသာ ဤနေရာ၏ အရှင်သခင် မဟုတ်ပါလော။
"ဘုန်း!"
စစ်ဖိနပ်တစ်စုံ မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး ဝတုတ်တုတ် စားဖိုမှူးကြီး၏ အပေါ်တည့်တည့်သို့ နင်းခြေချလိုက်ရာ သူ့ခန္ဓာကိုယ်ကြီးမှာ စက္ကူစုတ်များနှင့် သစ်သားစအပုံလိုက်ကြီးအဖြစ် ပြိုကွဲပေါက်ကွဲသွားတော့သည်။
"အား..."
ခြောက်ခြားဖွယ်ရာ လည်ချောင်းသံနက်ကြီးတစ်ခုက တစ်ခန်းလုံးရှိ စားသောက်ပွဲခန်းမကြီးတစ်ခုလုံးကို လွှမ်းခြုံသွားပြီး လေထု၏ အပူချိန်ကိုလည်း ရုတ်တရက် ထိုးဆင်းအေးစက်သွားစေသည်။
လီကျစ်ယွမ် မော့ကြည့်လိုက်ရာ သူ့ရှေ့တွင် ရုတ်တရက် ပေါ်ပေါက်လာသော သတ္တဝါကြီးကြောင့် မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ အထိုင်းသား ပေါ်လာတော့သည်။
ဒါဟာ... ချင်းမင်းဆက်ခေတ်က အရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းပေါ်တွင် ငှက်မွေးအလှဆင် ဦးထုပ်ကို ဆောင်းထားသည့် နတ်ဆိုးကြီး တစ်ကောင်ပင် ဖြစ်တော့သည်။