အယောင်ဆောင်များဆီမှထွက်ပြေးချိန်
လီကျစ်ယွမ်က ထိုသို့ပြောလိုက်သည်ကို မြင်သောအခါ ဝိုင်းထဲမှ လူကြီးများ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြေလျော့သွားကြပြီး တချို့က"သူမ စားချင်ရင်လည်း စားပါစေ၊ ကိစ္စမရှိပါဘူး။"
"ဟင်းပန်းကန်ကို သူမရှေ့ပဲ ရွှေ့ပေးလိုက်လေ။" ဟု ဝိုင်းဝန်းပြောဆိုကြသည်။
လီကျစ်ယွမ်က လက်ကိုအဆက်မပြတ်ယမ်းကာ ခေါင်းခါရင်း"ဒါတော့ မဖြစ်သေးပါဘူးဗျာ၊ စည်းစနစ်နဲ့ မညီညွတ်ပါဘူး" ဟု ငြင်းဆိုလိုက်သည်။
"ဒိုင်း... ဖြောင်း ဖြောင်း!"
အပြင်ဘက်မှ ယမ်းဖောက်သံများ ထွက်ပေါ်လာရာ ဘေးနားရှိ ကလေးငယ်များမှာ နားကိုလက်ဖြင့်ပိတ်ကာ အော်ဟစ်ငိုယိုကြတော့သည်။ ယမ်းများ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါက်ကွဲသွားပြီး နောက်ဆုံးတစ်ခု အဆုံးသတ်သွားချိန်တွင်မူ တစ်ခန်းလုံး ရုတ်တရက်အမှောင်ကျသလိုဖြစ်သွားကာ သူတို့ဝိုင်းရှိ လူတိုင်းမှာ ကြောင်အမ်းအမ်းဖြင့် နေရာတွင်တင် တောင့်တင်းသွားကြသည်။ ဘေးဝိုင်းမှ လူများလည်း ထို့အတူပင်။
လူတိုင်းက ရှေ့သို့ စိုက်ကြည့်ရင်း တောင့်တောင့်မတ်မတ် ထိုင်နေကြသည်။ ဘာဖြစ်နေမှန်း သေသေချာချာ မသိသော်လည်း လီကျစ်ယွမ်သည် ချက်ချင်းပင် ဘေးလူများကို အတုယူကာ ထိုအတိုင်း လိုက်လုပ်လိုက်ပြီး မျက်လုံးထောင့်မှနေ၍ ဘေးနားရှိ အာလီကို ခိုးကြည့်လိုက်သည်။ စိတ်ပူစရာမလိုဘဲ အာလီကမူ အတုခိုးနေစရာပင်မလို၊ သူမက လုပ်သက်ရင့်ပညာရှင်ပီပီ အလိုက်သင့် အငြိမ်သားလေး ရှိနေချေပြီ။
တံခါးအပြင်ဘက်မှနေ၍ ကောင်လေး၊ ကောင်မလေးတစ်အုပ် ခြံရံထားသော အဘွားအိုတစ်ဦး လမ်းလျှောက်ဝင်လာသည်။ သူမ ရောက်ရှိလာမှုကြောင့် တစ်ခန်းလုံးရှိ လေထုမှာ တင်းမာအေးစက်သွားသလို ခံစားလိုက်ရသည်။ လူအများ၏ ခေါင်း များကြားမှတစ်ဆင့် လီကျစ်ယွမ် ထိုအဘွားအိုကို မှတ်မိသွားသည်။ သူမသည် လျူကျန့်ရှားအိမ်မက်ထဲတွင် နျူဖူ ကျောပိုးထားသော ထိုအဘွားအိုပင် ဖြစ်သည်။
သူမက ဘာလို့ ဒီကို ရောက်နေရတာလဲ။ နျူဖူ ဆရာကြီးအိမ်တော်ကနေ ထွက်သွားတုန်းက ကျောကုန်းကုန်းကြီး ဖြစ်နေခဲ့တာကို သူ အထင်အရှား မှတ်မိနေသည်။
အဘွားအို၏ ခန္ဓာကိုယ်မှာ အနည်းငယ် ကိုင်းညွတ်နေသော်လည်း သူမ၏ စိတ်ဓာတ်ခွန်အားမှာမူ အံ့သြစရာကောင်းလောက်အောင် တက်ကြွလန်းဆန်းနေပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ သူမ၏ မျက်လုံးများက စိမ်းဖန့်ဖန့် တောက်ပနေကာ မျက်နှာပေါ်တွင်လည်း နုညံ့သော အမွှေးအမျှင်လေးများ ပေါက်နေသည်။ ထို့အပြင် မျက်နှာပေါ်တွင် မည်းနက်သော မျဉ်းကြောင်းအချို့ ရှိနေပုံရပြီး... ရုတ်တရက် ထွက်ပေါ်လာသည့် ကြောင်နှုတ်ခမ်းမွေး အမည်းရောင်များနှင့် တူလှသည်။ ကြည့်ရသည်မှာ... ကြောင်မျက်နှာနှင့် အတော်လေး ဆင်တူနေသည်။
အဘွားအိုက စင်အောက်ရှိ ပင်မဝိုင်းဆီသို့ လမ်းလျှောက်သွားရင်း ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းကို ပြုံးပြကာ—
"ဒီနေ့က ငါ့မွေးနေ့မို့လို့ လာပေးကြတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်ကွယ်၊ အဝစား၊ အဝသောက်ကြပါနော်၊ ဟိဟိ" ဟု ပြောလိုက်သည်။
သူမ ပြောပြီးသည်နှင့် မှေးမှိန်နေသော ခေါင်မိုးအောက် အလင်းရောင်များက ပြန်လည်လင်းထိန်လာသည်။ တောင့်တောင့်ကြီး ထိုင်နေကြသော လူတိုင်းသည်လည်း ဘာမှမဖြစ်ခဲ့သလို သဘာဝအတိုင်း ဟင်းများ နှိုက်စားရင်း၊ စကားစမြည် ပြန်ပြောရင်း ပုံမှန်အတိုင်း ဖြစ်သွားကြပြန်သည်။
သူနှင့် အာလီသည် အဘွားအို၏ ကျောဘက် မလှမ်းမကမ်းတွင် ရှိနေပြီး ဝိုင်းအနည်းငယ် ခြားနေသဖြင့် စိတ်သက်သာရာ ရသွားသည်။ ကလေးတွေပဲမို့ သိပ်ပြီး သတိထားမိမှာ မဟုတ်ပါဘူးဟု တွေးကာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေစဉ်မှာပင် အဘွားအိုက တစ်ဝိုင်းပြီးတစ်ဝိုင်း လိုက်လံ အရက်ခွက်မြှောက် နှုတ်ဆက်နေသည်ကို ရုတ်တရက် မြင်လိုက်ရသည်။
သူက သူမကို မှတ်မိနေမှတော့ သူမကလည်း သူ့ကို အသေအချာ မှတ်မိနေလိမ့်မည်။ ဒါ သူမရဲ့ အိမ်မက်... မဟုတ်သေးဘူး၊ လီကျစ်ယွမ်သည် ယခုရှိနေသော ပတ်ဝန်းကျင်ကို "အိမ်မက်" တစ်ခုတည်းဟု ရိုးရိုးရှင်းရှင်း မသတ်မှတ်နိုင်တော့ပေ။ သူနှင့် အာလီသည် အခြား ထူးခြားသော နယ်မြေတစ်ခုထဲသို့ ရောက်ရှိနေခြင်း ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် သူမ မျက်စိထဲ အမိမခံနိုင်။
အဘွားအိုက ခပ်သွက်သွက်ပင် လိုက်လံ နှုတ်ဆက်နေပြီး စကားအနည်းငယ်ပြောကာ ဝိုင်းတစ်ခုလုံးနှင့် ခွက်ချင်းတိုက်သည်။ ယခုအရှိန်အတိုင်းဆိုလျှင် သူတို့ဝိုင်းသို့ ရောက်လာရန် မကြာတော့ပေ။
လီကျစ်ယွမ်က ချက်ချင်းပင် အာလီကို အော်ပြောလိုက်သည်—
"ဘာလဲ၊ နင်က အဘွားကို လွမ်းလို့လား။"
အာလီက သူ့ကို လှည့်ကြည့်လာပြီး ထပ်မံ၍ ဇဝေဇဝါ ဖြစ်သွားပြန်သည်။
လီကျစ်ယွမ်က တမင်သက်သက် စားပွဲအောက်ခြေကို ပင့်ရိုက်လိုက်ရာ ဝိုင်းတစ်ခုလုံး တုန်ခါသွားပြီး လူအများအပြား ညှပ်ထားသော ဟင်းများ စားပွဲပေါ်သို့ ပြန်ပြုတ်ကျကုန်သည်။
"ဟေ့ ညီမလေး၊ တော်တော့လေ၊ ငါတို့ ထမင်းစားနေတာကို၊ နင်မစားချင်ရင်လည်း သူများကို လာမနှောင့်ယှက်နဲ့။"
အာလီ၏ မျက်ဝန်းထဲတွင် ဇဝေဇဝါဖြစ်မှုများ ပိုမိုနက်ရှိုင်းလာသည်။
လီကျစ်ယွမ်က ဝိုင်းထဲမှ အခြားသူများကို ကြည့်ကာ တောင်းပန်လိုက်သည်—
"ဆောရီးပါဗျာ၊ ကျွန်တော့် ညီမလေးက..." သူက မိမိနဖူးကို လက်ညှိုးထိုးပြလိုက်သည်။
လူတိုင်းကလည်း နားလည်မှုရှိသော မျက်လုံးများဖြင့် ကြည့်ကြသည်။ ဦးနှောက် မကောင်းရှာဘူးပဲ၊ မဟုတ်ကဟုတ်က လုပ်တာ ဆန်းတော့မဆန်းပါဘူးလေဟူသော အကြည့်မျိုး ဖြစ်သည်။
လီကျစ်ယွမ်က အာလီကို ဝိုင်းမှ ဆွဲထူလိုက်ပြီး—
"ကဲပါ၊ နင့်ကို အဘွားဆီ လိုက်ပို့ပေးမယ်၊ ဟူး... နင်နဲ့တော့ ခက်တာပဲ၊ ငါဖြင့် ဝအောင်တောင် မစားရသေးဘူး။"
ချက်ချင်းပင် လီကျစ်ယွမ်သည် အာလီကို တံခါးဝဆီသို့ ခေါ်ဆောင်သွားသော်လည်း အနားသို့ ရောက်သည်နှင့် အပြင်ဘက်တွင် အိမ်စေဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်စု တန်းစီရပ်နေသည်ကို မြင်လိုက်ရသည်။ အချို့က စကားစမြည် ပြောဆိုနေကြပြီး အချို့ကမူ ယမ်းများ ပြင်ဆင်နေကြသည်။ အလုပ်ရှုပ်နေကြသော်လည်း ထွက်ပေါက်ကိုမူ လုံးဝ ပိတ်ဆို့ထားကြသည်။
ဒီလမ်းကနေ ထွက်သွားဖို့ မဖြစ်နိုင်တော့ပေ။ ထို့အပြင် အဘွားအို၏ အပြုအမူအရ သူမသည် တစ်ပတ်တင်မကဘဲ အကြိမ်ကြိမ် လိုက်လံနှုတ်ဆက်ရန် ကြံရွယ်ထားပုံရသည်ကို လီကျစ်ယွမ် သတိပြုမိလိုက်သည်။ ဒီမှာ ဆက်နေပြီး ပုန်းတမ်းကစားနေလျှင်ပင် သူမ သတိထားမိသွားရန် အလွန်လွယ်ကူသည်။
ပတ်ဝန်းကျင်ကို ဝှေ့ယမ်းကြည့်လိုက်ရာ ဒုတိယထပ်သို့ တက်မည့် လှေကားမှာ ပျောက်ကွယ်နေပြီ ဖြစ်သည်။ ယခု ပုန်းစရာနေရာဟူ၍ မီးဖိုချောင်သို့ ဦးတည်သော အနောက်မြောက်ဘက် ထောင့်စွန်းတစ်ခုသာ ကျန်တော့သည်။ ထိုအချိန်တွင် မီးဖိုချောင်ထဲမှ ဟင်းချက်သံများ ထွက်ပေါ်လာသည်။
လီကျစ်ယွမ်သည် အာလီကို မီးဖိုချောင်ဘက်သို့ ဆွဲခေါ်သွားရင်း အများက သတိမထားမိစေရန် အာလီကို ဆက်တိုက် ဆူပူအော်ငေါက်နေခဲ့သည်—
"နင်ကလည်း အဘွားကို တွေ့ချင်လှချည်ရဲ့လို့ ဇွတ်ပူဆာနေတာ။"
"ငါတို့ ကောင်းကောင်းမွန်မွန် စားရခါမှ၊ မစားဖူးသေးတဲ့ ဟင်းကောင်းတွေ အများကြီး ကျန်သေးတာကို။"
"ဟာ... ကြက်စွပ်ပြုတ်တောင် လာတော့မှာ၊ နင့်ကြောင့် ကြက်ပေါင်ကြီးနဲ့ လွဲရပြီ။"
အမှန်ပင်၊ သူတို့ ရွေ့လျားသွားစဉ် ဘေးဝိုင်းများမှ လူများသည် ပုံမှန်အတိုင်း သောက်စားနေကြပြီး သူတို့၏ခြေဖဝါးအောက်တွင် မည်သည့်အရိပ်မှ ရှိမနေပေ။ လူတိုင်းက ဒါကို သဘာဝကျသည်ဟုသာ ထင်မှတ်နေကြသည်။
နောက်ဆုံးတွင် လီကျစ်ယွမ်နှင့် အာလီတို့ မီးဖိုချောင်ထဲသို့ ဝင်လာခဲ့ရာ ပလတ်စတစ် ဇလုံကြီးတစ်လုံးကို ဝိုင်းရံထားသည့် ပေရေနေသော ပန်းကန်ခွက်ယောက် အပုံလိုက်ကြီးကို တွေ့လိုက်ရသည်။ အသက်ကြီးကြီး အဘွားအို ခုနစ်ယောက်၊ ရှစ်ယောက်ခန့်မှာ ဇလုံဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ အဝတ်စများကို ကိုင်ပြီး ပန်းကန်များ ဆေးကြောနေကြသည်။ သို့သော် ဇလုံထဲတွင် ရေဖြည့်ထားခြင်းမဟုတ်ဘဲ သဲများသာ ဖြည့်ထားခြင်း ဖြစ်ပြီး ၎င်းတို့သည် သဲများဖြင့် ပွတ်တိုက်ဆေးကြောနေကြခြင်း ဖြစ်သည်။
မီးဖိုကြီး၏ ဘေးတွင်မူ ခါးမှာအဝတ်စည်းထားသော ဝတုတ်တုတ် စားဖိုမှူးကြီးတစ်ဦးက ကျွမ်းကျင်ပိုင်နိုင်စွာ ဟင်းချက်နေပြီး သူသည် လက်ရာမြောက်သော မာစတာစားဖိုမှူးတစ်ဦး ဖြစ်ကြောင်း သိသာလှသည်။ သို့သော် သူ့ဘေးရှိ ခြင်းတောင်းများထဲတွင် ရှိနေသော ဟင်းချက်စရာများမှာမူ စက္ကူဖြူအထပ်လိုက်ကြီးများသာ ဖြစ်နေသည်။
သူ့၏ ဟင်းခတ်မှုန့်ဗူးများထဲတွင် ဆီ၊ ဆား၊ ရှာလကာရည်များ မဟုတ်ဘဲ အမျိုးမျိုးသော ဆေးရောင်စုံများ ဖြစ်နေသည်။
ထို့အပြင် သူ့ဘေးတွင် ကော်ရည်များ ပြည့်နေသော ပုံးကြီးတစ်ပုံးလည်း ရှိနေသည်။ သူက ဒယ်အိုးထဲတွင် ကော်ရည်များကို အရင်အပူပေးပြီးနောက် စက္ကူဖြူအထပ်လိုက်ကြီးကို ပစ်ထည့်ကာ ဆက်တိုက် မွှေနှောက်ရင်း ဆေးရောင်စုံအမျိုးမျိုးကို ထည့်လိုက်သည်။ နောက်ဆုံးတွင် ဟင်းရည် ပျစ်သွားစေရန် မီးအရှိန်ကို မြှင့်လိုက်ပြီး ဟင်းပန်းကန်ထဲသို့ လောင်းထည့်ရန် အိုးကြီးကို မလိုက်သောအခါ ဆွဲဆောင်မှုရှိသော အရောင်အသွေး၊ ရနံ့တို့နှင့် ပြည့်စုံသည့် ဟင်းပွဲတစ်ပွဲအဖြစ် အိုးထဲမှ စီးကျလာတော့သည်။