လူသေဝတ်စုံဝတ်ထားတဲ့အဘိုးကြီး
နိုးလာတဲ့အခါ အိပ်ရေးပျက်သွားလို့ စိတ်တိုဒေါသထွက်ရင် ထွက်လိမ့်မည်။ ဒါမှမဟုတ်လည်း သူ့ရဲ့ချိုမြိန်တဲ့အိပ်မက်ကို နှောင့်ယှက်ရဲတဲ့၊ အရှိတရားမှာ မတည်ရှိသင့်တဲ့ ပုစွန်ဆိတ်လေးနှစ်ကောင်ကို ညှစ်သတ်ပြီးမှ ပြန်အိပ်သွားရင် သွားလိမ့်မည်။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် လီကျစ်ယွမ်အတွက်တော့ အခုလက်ရှိမှာ အဆင်မပြေလှတာ အမှန်ပင်။
ဒါကြောင့် သူကိုယ်တိုင်ပဲ အစပြုပြီး ရှေ့ကိုတစ်လှမ်းတိုးကာ ချင်လီရဲ့ရှေ့မှာ မားမားမတ်မတ် ရပ်လိုက်သည်။ ပြီးနောက် ပြုံးရွှင်သောမျက်နှာထားဖြင့်-
"ညီမလေး... အစ်ကိုကြီး မင်းကို နောက်ဆုံးတော့ ရှာတွေ့ပြီ။ အစ်ကိုကြီး မင်းကို ဘယ်လောက်တောင် လိုက်ရှာနေခဲ့ရလဲ မသိဘူး"
ထို့နောက် လီကျစ်ယွမ်က ချင်လီရဲ့လက်ကို ဆွဲထားသည့် အမျိုးသမီးနှစ်ယောက်ဘက်သို့ လှည့်ကာ ပြောလိုက်သည်-
"ကျွန်တော့်ညီမလေးကို ရှာပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ သူက တစ်ယောက်တည်းဆို လျှောက်သွားတတ်လို့ပါ၊ ပြီးတော့ သူ့ဦးနှောက်က သိပ်ပြီး..."
စကားပြောရင်း လီကျစ်ယွမ်က သူ့နဖူးကို လက်ညှိုးဖြင့် ထောက်ပြလိုက်သည်။
"အော်... ဒါကြောင့်မို့လို့ကိုး"
"ရော့... မင်းညီမလေး ဒီမှာ"
အမျိုးသမီးနှစ်ယောက်ရဲ့ မျက်နှာပေါ်တွင် သဘောပေါက်နားလည်သွားသည့် အရိပ်အယောင်များ ယှက်သန်းသွားသည်။
ယခင်က တဖြည်းဖြည်း ပြန့်ကားလာနေသည့် အမှောင်ရိပ်မည်းကြီးသည် ရှေ့ဆက်မတိုးတော့သော်လည်း ပြန်လည်လိပ်ဝင်မသွားသေးပေ။ အမှောင်ရိပ်အပြင်ဘက်က လူများသည် ဘာမှမဖြစ်ခဲ့သလိုမျိုး သူတို့အလုပ်သူတို့ ဆက်လုပ်နေကြသော်လည်း အမှောင်ရိပ်အတွင်း၌ ရှိနေသူများကတော့ ၎င်းတို့၏အကြည့်များကို ဤနေရာဆီသို့သာ စူးစိုက်ထားဆဲ ဖြစ်သည်။
မလုံလောက်သေးဘူး!
လီကျစ်ယွမ် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ သူကပဲ ဦးဆောင်ကာ လက်ကိုဆန့်ထုတ်ပြီး ချင်လီရဲ့လက်ကို ဖမ်းဆွဲလိုက်၏။ ပြီးနောက် ကျန်လက်တစ်ဖက်ကို သူမရဲ့ကျောပြင်မှတစ်ဆင့် ပခုံးပေါ်တင်ကာ ချင်လီရဲ့ခေါင်းကို အသာအယာ ပွတ်သပ်ပေးရင်း-
"ညီမလေး... လိမ္မာတယ်၊ မကြောက်နဲ့နော်၊ အစ်ကိုကြီး ရှိတယ်။ အစ်ကိုကြီး ညီမလေးကို သေချာစောင့်ရှောက်မှာမို့လို့"
ပြောစရာရှိတာပြော၊ လုပ်စရာရှိတာလုပ်ပြီးနောက် လီကျစ်ယွမ်တစ်ယောက် နောက်ဆက်တွဲအနေနဲ့ ကြုံတွေ့ရနိုင်ခြေရှိသည့် ကုတ်ဖဲ့ခြင်း၊ ကိုက်ခဲခြင်းနှင့် ဆွဲဆုတ်ခြင်းတို့ကို ရင်ဆိုင်ရန် စိတ်ပိုင်းဖြတ်ကာ အံကြိတ်ထားလိုက်သည်။ သို့သော်လည်း သူ ဤသို့ လောင်းကြေးထပ်ရမည်ပင်။ အဘယ်ကြောင့်ဆိုသော် ယခင်က အောက်ထပ်တွင်ရှိစဉ်က ချင်လီသည် သူ့ကို ရည်ရွယ်ချက်ရှိရှိ မော့ကြည့်ခဲ့ဖူးသောကြောင့် ယခုတစ်ကြိမ်တွင်လည်း သူမ ဆက်လက်အောင့်အည်းသည်းခံနိုင်လိမ့်မည်ဟု သူ လောင်းကြေးထပ်လိုက်ခြင်း ဖြစ်သည်။
သူတို့နှစ်ယောက်သည် အလွန်နီးကပ်စွာ ရှိနေကြပြီး လီကျစ်ယွမ်အနေဖြင့် ကောင်မလေးရဲ့လက်များ တုန်ယင်နေသည်ကို ခံစားနေရသည်။ အရှိတရားတွင် လွန်ခဲ့သည့် နှစ်ရက်လုံးလုံး သူတစ်ဖက်သတ် စောင့်ကြည့်လေ့လာခဲ့ရသရွေ့ ဤကောင်မလေးသည် ပြင်ပလောကရှိ မည်သည့်ထိတွေ့ဆက်ဆံမှုကိုမဆို ငြင်းပယ်တတ်မှန်း သူ သိထားသည်။ သူမရဲ့အဖွားဖြစ်သူကသာ ဘေးနားတွင် ချော့မော့ပြောဆိုပြီး ထမင်းကျွေးနိုင်ခြင်းဖြစ်ကာ အဖွားအိုလျူပင်လျှင် သူမအပေါ် စည်းကျော်ပြီး ရင်းနှီးလွန်းသည့် အမူအရာမျိုး မလုပ်ရဲပေ။
သို့သော်လည်း လီကျစ်ယွမ်ကို ဝမ်းသာပီတိဖြစ်စေသည်မှာ ကောင်မလေးရဲ့ တုန်ယင်မှုက တဖြည်းဖြည်း လျော့ပါးသွားပြီး အသက်ရှူသံကလည်း တည်ငြိမ်စပြုလာခြင်းပင်။ သူမသည် သူ့ကို တွန်းမထုတ်ရုံတင်မကဘဲ သူဆွဲထားသည့် လက်ကိုပင် ပြန်လည်ရုန်းဖယ်ခြင်း မရှိခဲ့ချေ။
ကောင်မလေး နောက်ဆုံးတွင် တည်ငြိမ်သွားသည်ကို မြင်မှသာ သူတို့ခြေဖဝါးအောက်ရှိ အမှောင်ရိပ်မည်းကြီးသည် ပြန်လည်လိပ်ဝင်သွားပြီး နောက်ဆုံးတွင် ကွယ်ပျောက်သွားတော့သည်။ မလှုပ်မယှက်ဘဲ စိုက်ကြည့်နေခဲ့ကြသည့် လူများအားလုံးသည်လည်း အမျိုးသမီးနှစ်ယောက်အပါအဝင် မိမိတို့အလုပ်ဆီသို့ အကြည့်များကို ပြန်လည်လွှဲပြောင်းသွားကြတော့သည်။
ဟူး... လောလောဆယ်တော့ ဘေးကင်းသွားပြီ။
လီကျစ်ယွမ်က ချင်လီကို ကြည့်ကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်-
"နောက် ဘာဆက်လုပ်ရမလဲ သိလား"
ချင်လီက ဘာမှပြန်မပြောဘဲ သူ့ကိုသာ စိုက်ကြည့်နေမြဲ ကြည့်နေသည်။
ကောင်းပြီလေ... သူမလည်း သိပုံမရပါဘူး။
အကယ်၍သာ နေ့ခင်းဘက်ဖြစ်ပြီး သူမရဲ့လက်ကို ဆွဲထားကာ သူမက သူ့ကို ဤသို့ စိုက်ကြည့်နေမည်ဆိုပါက လီကျစ်ယွမ်တစ်ယောက် အတော်လေး ပျော်ရွှင်မိမှာ အမှန်ပင်။ ဤခံစားချက်က ပြီးပြည့်စုံသော အနုပညာလက်ရာတစ်ခုနှင့် မိမိအကြား အပြန်အလှန် စီးမျောခံစားနေရသကဲ့သို့ပင်။ သို့သော် အခုလို ပတ်ဝန်းကျင်မျိုးတွင်တော့ လီကျစ်ယွမ်တစ်ယောက် ထိုသို့ ခံစားနိုင်ရန် ခဲယဉ်းလှသည်။
"နေရာယူကြတော့၊ လူတိုင်း မြန်မြန် နေရာယူကြပါ!"
"ကဲ... ထိုင်ကြ စို့၊ ထိုင်ကြစို့၊ ထိုင်ရအောင်!"
တစ်စုံတစ်ယောက်က ထိုင်ခုံနေရာများကို စီစဉ်ပေးနေသည်။ ဤအချိန်မျိုးတွင် အကောင်းဆုံးနှင့် အန္တရာယ်အကင်းဆုံး ရွေးချယ်မှုမှာ လူအုပ်ကြီးထဲတွင် ရောနှောနေထိုင်ခြင်းပင် ဖြစ်သည်။
"ငါတို့လည်း ထိုင်ဖို့နေရာ သွားရှာရအောင်"
လီကျစ်ယွမ်က ချင်လီကို ပြောလိုက်ပြီး ကောင်လေးတစ်ယောက်တည်းသာ ထိုင်နေသည့် စားပွဲတစ်ခုဆီသို့ သူမရဲ့လက်ကိုဆွဲကာ ခေါ်သွားလိုက်သည်။
သူ ထိုင်မည်အလုပ်တွင် ထိုကောင်လေးက ချက်ချင်းပင် ကိုယ်ကိုညွှတ်ကာ ခုံတန်းလျားကို သူ့ခန္ဓာကိုယ်ဖြင့် အုပ်မိုးလိုက်ပြီး အော်ဟစ်တော့သည်-
"ဒါ ကျွန်တော် နေရာဦးထားတာ! ကျွန်တော့်အဖေ၊ အမေ၊ အဖိုး၊ အဖွား၊ ဦးလေးနဲ့ ဒုတိယဦးလေးတို့ အခု လာတော့မှာ၊ ခင်ဗျားတို့ ဒီမှာ ထိုင်လို့မရဘူး!"
ဒါကတော့ နေရာကြိုဦးထားသည့် ဖြစ်ရပ်မျိုးပင်။ အကယ်၍ ထိုကောင်လေးရဲ့မျက်နှာပေါ်တွင် ပေါင်ဒါနှင့် နှုတ်ခမ်းနီများ ရဲရဲနီအောင် လိမ်းကျံထားခြင်းမရှိဘဲ စက္ကူဖြင့် ပြုလုပ်ထားမှန်း ထင်ရှားမနေပါက လီကျစ်ယွမ်တစ်ယောက် ဤကောင်လေးကို ဟုဇီ သို့မဟုတ် ရှစ်ထို ဟုပင် သံသယဝင်မိလိမ့်မည်။ လွန်ခဲ့သည့်အကြိမ် မုတ်ဆိတ်ကြီးအိမ်တွင် ထမင်းစားစဉ်ကလည်း ဟုဇီနှင့် ရှစ်ထိုတို့သည် သူတို့အစ်ကိုများအတွက် နေရာဦးရန် စောစောစီးစီး ရောက်လာခဲ့ကြဖူးသည်။ အမူအရာ၊ လေသံနှင့် ပုံစံတို့က အခုနှင့် ထပ်တူထပ်မျှပင်။
"မြေးတို့... မြေးတို့၊ ဒီမှာ လွတ်တဲ့နေရာ နှစ်နေရာ ရှိတယ်၊ ဒီမှာ လာထိုင်ကြ၊ ဒါဆို ငါတို့စားပွဲလည်း လူစုံသွားတာပေါ့"
ဘေးစားပွဲမှ ရင်ခွဲအင်္ကျီအဝတ်အစား (လူသေဝတ်စုံ) ဝတ်ဆင်ထားသည့် အဖိုးအိုတစ်ဦးက သူတို့ကို လှမ်း၍ ဖိတ်ခေါ်လိုက်သည်။
"ဟုတ်ကဲ့... အဖိုး"
လီကျစ်ယွမ်က ချင်လီကို ဘေးဘက်သို့ ချက်ချင်း ဆွဲခေါ်သွားလိုက်သည်။
သူ ထိုင်ချလိုက်ပြီးနောက် ချင်လီက မတ်တတ်ရပ်နေဆဲဖြစ်သည်ကို မြင်သဖြင့် လေသံတိုးတိုးဖြင့်သာ-
"ထိုင်လေ" ဟု ပြောလိုက်ရသည်။
ချင်လီက မလှုပ်မယှက်ဘဲ မတ်တတ်ရပ်နေမြဲ ရပ်နေသည်။ လီကျစ်ယွမ်လည်း မတတ်နိုင်တော့ဘဲ လက်ကိုဆန့်ကာ သူမရဲ့ခါးကို ကိုင်၍ အောက်သို့ အသာအယာ ဖိချလိုက်မှသာ သူမ ထိုင်ချလိုက်တော့သည်။
သို့သော်လည်း သူမရဲ့ခါးကို ထိမိလိုက်သည့်အချိန်တွင် ချင်လီတစ်ယောက် တစ်ဖန် ပြန်လည် တုန်ယင်သွားသည်ကို လီကျစ်ယွမ် ခံစားလိုက်ရသည်။ သူ လက်ကို လွှတ်လိုက်ပြီးနောက်တွင်မှ သူမ ပြန်လည် တည်ငြိမ်သွားသည်။ သူ ဆွဲထားဆဲဖြစ်သည့် လက်ကို ငုံ့ကြည့်ရင်း... လီကျစ်ယွမ်တစ်ယောက် အကြမ်းဖျင်း သဘောပေါက်သွားမိသည်။ ဒါက အခုလက်ရှိ သူမ သည်းခံနိုင်သည့် အမြင့်ဆုံး ထိတွေ့မှု အတိုင်းအတာ ဖြစ်ပုံရသည်။
"မြေးတို့... မြေးတို့ရဲ့ မိဘတွေကော ဘယ်မှာလဲ"
ရင်ခွဲအင်္ကျီဝတ်ထားသည့် အဖိုးအိုက မေးလိုက်သည်။ သူ၏လေသံက အတော်လေး ကြင်နာမှုရှိသော်လည်း အခုလို မိတ်ကပ်ပြင်ဆင်မှုမျိုးနှင့်ဆိုတော့... ဘယ်လောက်ပဲ ကြင်နာတတ်တဲ့သူဖြစ်ပါစေ ကြောက်မက်ဖွယ်ရာ ကောင်းနေသည်မှာ အမှန်ပင်။
လီကျစ်ယွမ်က-
"ကျွန်တော့်အဖိုးနဲ့ အဖွားက မီးဖိုချောင်ထဲမှာ ကူညီပေးနေကြလို့ပါ၊ ကျွန်တော့်ကို ညီမလေးကိုခေါ်ပြီး အရင်လာစားနှင့်ဖို့ ပြောလိုက်လို့"
"အော်... ဒါကြောင့်ကိုး၊ ဟားဟား"
ထို့နောက်တွင် ရင်ခွဲအင်္ကျီဝတ်ထားသည့် အဖိုးအိုက ချင်လီကို ထပ်မံကြည့်ရှုကာ-
"ဒီသမီးလေးက တကယ့်ကို ချောမောလှပတာပဲ၊ အသက် ဘယ်လောက်ရှိပြီလဲ"
ချင်လီက သူ့ကို လုံးဝ အရေးမစိုက်ပေ။
လီကျစ်ယွမ် သိသည်မှာ သူမအနေဖြင့် အရေးစိုက်ချင်လျှင်ပင် ပြန်လည်ဖြေကြားနိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် နန်ထုံဒေသစကားကို နားလည်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။ အဖွားအိုလျူတို့ မိသားစုက ဆရာကြီးရဲ့နေရာတွင် နေထိုင်ကြပြီး ဒေါ်လေးလျူနှင့် ဦးလေးချင်တို့က ဆရာကြီးအတွက် အလုပ်လုပ်ပေးကြခြင်း ဖြစ်သော်လည်း ရွာသူရွာသားများနှင့်မူ လုံးဝ အဆက်အဆံ မရှိသလောက်ပင်။ သူတို့ လီကျစ်ယွမ်နှင့် စကားပြောလျှင်ပင် ရုံးသုံးတရုတ်စကားကိုသာ သုံးကြရာ၊ တစ်နေ့လုံး တံခါးနောက်ကွယ်တွင် မလှုပ်မယှက် ထိုင်နေတတ်သည့် ချင်လီဆိုလျှင် ပို၍ပင် ဝေးသေးသည်။
ကံကောင်းထောက်မစွာဖြင့် သူမ နှုတ်ဆိတ်နေခြင်းကလည်း ကောင်းကျိုးတစ်ခု ဖြစ်စေသည်။ အကယ်၍ သူမက ရုံးသုံးတရုတ်စကားဖြင့်သာ ပြန်ပြောလိုက်ပါက ပိုမိုစပ်စုလိုသည့် မေးခွန်းထုတ်မှုများကို ဆွဲဆောင်မိပေလိမ့်မည်။ အခုလို အရေးကြီးသည့် အချိန်မျိုးတွင် စကားနည်းလေ၊ ကောင်းလေပင်။
"အဖိုး... ကျွန်တော့် ညီမလေးက အသက် ဆယ်နှစ် ရှိပါပြီ။ သူ ငယ်ငယ်တုန်းက ဖျားတာကို ဆေးခန်းကို အချိန်မီ မပို့မိလိုက်လို့ ဦးနှောက်ထိသွားတာပါ။ အခုတော့ သူ ကောင်းကောင်းမကြားရသလို စကားလည်း မပြောနိုင်တော့ဘူး"
လီကျစ်ယွမ်က စားပွဲတစ်ဝိုင်းလုံး ကြားနိုင်စေရန် ရည်ရွယ်ချက်ရှိရှိ လေသံကို ကျယ်ကျယ်မြှင့်၍ ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် ချင်လီအပေါ် ရောက်လာနိုင်သည့် စပ်စုမေးမြန်းမှု မှန်သမျှကို ကြိုတင်ပိတ်ဆို့ထားရန် သူ လိုအပ်ပေသည်။