ငွေရှိရင် ဘာမဆိုခိုင်းလို့ရတယ်
အဖွားအိုလျူက သူမမြေးမလေး၏ အော်တစ်ဇင် ဝေဒနာသည် သာမန်မဟုတ်ကြောင်း ပြောခဲ့ဖူးရာ ယခုတော့ လီကျစ်ယွမ်တစ်ယောက် တကယ်ပဲ ယုံကြည်သွားမိတော့သည်။
“ဆန်းကျန်းဦးလေး... ဆန်းကျန်းဦးလေး။”
သူ့နောက်ကွယ်ဆီမှ နျူဖူ၏ အော်ဟစ်သံနှင့်အတူ ခြေသံများက တစ်စတစ်စ ပို၍နီးကပ်လာနေပြီး ထိုမိန်းကလေး၏ အကြည့်ကလည်း နျူဖူ့ထံ၌သာ စွဲမြဲနေဆဲဖြစ်သည်။ သို့သော် ထိုအတိုင်း ဆက်ပြီး အကြည့်ခံထား၍ မဖြစ်ချေ။ လီကျစ်ယွမ်သည် မိန်းကလေးရှိရာဆီသို့ လျှောက်သွားလိုက်ပြီး တံခါးအုပ်ခုံနှင့် လေးမီတာအကွာတွင် ခြေလှမ်းကို ရပ်တန့်လိုက်သည်။ ထို့နောက် ဘေးသို့ နှစ်လှမ်းခန့် တိုးလိုက်ပြီး မိန်းကလေး၏ အမြင်အာရုံထဲမှ နျူဖူကို ကွယ်ပိတ်ပစ်ရန် သူ၏ ကိုယ်လုံးဖြင့် လှမ်း၍ အုပ်မိုးတားဆီးလိုက်၏။
တကယ်တော့ ထိုမိန်းကလေးအနားသို့ တိုးသွားပြီး သူမ၏ မျက်လုံးနှစ်လုံးကို လက်ဝါးဖြင့် အုပ်ပိတ်လိုက်ရုံနှင့် ပို၍လွယ်ကူစေမည် ဖြစ်သော်လည်း သူ မဝံ့ရဲခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် အဖွားအိုလျူ၏ ကြိုတင်သတိပေးချက်က အခြေအမြစ်မရှိဘဲ ပြောခဲ့ခြင်းမဟုတ်သည့်အပြင် လီဆန်းကျန်း၏ သွေးထွက်သံယို သင်ခန်းစာကလည်း မျက်မှောက်၌ ရှိနေသေးသည်မဟုတ်ပါလား။
လီကျစ်ယွမ်သည် မိန်းကလေး၏ မျက်တောင်ရှည်များ အနည်းငယ် တုန်ခါသွားသည်ကို သတိပြုမိလိုက်သည်။ သူကဲ့သို့ စိမ်းသက်သောသူတစ်ဦး ချဉ်းကပ်လာခြင်းကြောင့်လား၊ သို့မဟုတ် သူမ တစ်ခုခုကို “မြင်” လိုက်ရခြင်းကြောင့်လားဟူသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရချေ။ သို့သော်လည်း ထိုမိန်းကလေးသည် နျူဖူကို ဆက်လက်ကြည့်ရှုနိုင်ရန် ဘေးသို့ တိုးဖယ်ခြင်းမျိုး မလုပ်ဘဲ သူမ၏ လည်ပင်းကို မူလအနေအထားအတိုင်း ပြန်မတ်လိုက်ကာ ရှေ့တည့်တည့်သို့သာ စိုက်ကြည့်နေတော့သည်။ သူမသည် တစ်ဖန် ပြန်လည်ငြိမ်သက်သွားခဲ့ပြီ။
လီကျစ်ယွမ်လည်း ရင်ထဲက အလုံးကြီးကျသွားကာ သက်ပြင်းချနိုင်တော့သည်။ သူမ ရုတ်တရက် ထသောင်းကျန်းပြီး သူ့ကို ကိုက်ခဲလာမည်ကို တကယ်ပင် စိုးရိမ်နေခဲ့မိခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်သည် သူမနှင့် ဤမျှလောက် နီးနီးကပ်ကပ် ရှိဖူးသည့် ပထမဆုံးအကြိမ်ပင် ဖြစ်၏။ သူမ ဝတ်ဆင်ထားသည့် ရှေးဆန်ဆန် အဝတ်အစားများက သူမနှင့် အလွန်ပင် လိုက်ဖက်လှပြီး တစ်ဦးနှင့်တစ်ဦး ပြီးပြည့်စုံအောင် ပံ့ပိုးပေးနေသယောင် ရှိသည်။ ထိုနေရာတွင် ထိုင်နေသည့် သူမကို ကြည့်ရသည်မှာ အခြားသော ခေတ်ကာလတစ်ခုဆီက ရောက်ရှိလာသူနှင့်တူပြီး သူကိုယ်တိုင်ကသာ သူမ၏ အချိန်ကာလ၊ သူမ၏ ဥယျာဉ်ငယ်လေးထဲသို့ အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်လာသည့် အပြင်လူတစ်ဦး ဖြစ်နေသလိုပင်။
ထိုစဉ် လျူယွီမေက လျှောက်လာပြီး လီကျစ်ယွမ်၏ ပုခုံးပေါ်သို့ လက်ကလေး ခပ်ဖွဖွတင်ကာ လေသံညှင်ညှင်ဖြင့် ပြောလာသည်။
“ယွမ်လေး... အဖွား သတိပေးထားတယ်လေ။ အာလီနဲ့ သိပ်နီးနီးကပ်ကပ် မနေပါနဲ့ဆိုတာ။”
“သား မှတ်မိပါတယ် အဖွား။” လီကျစ်ယွမ်က သူ့ရှေ့က တံခါးခုံကို ညွှန်ပြရင်း “သား ဒီထက်ပိုပြီး အနားမတိုးတော့ပါဘူး” ဟု ဆိုလိုက်သည်။
ယခင်က အပြန်အလှန် ဆက်ဆံဖူးခဲ့ကြ၍ ဖြစ်လိမ့်မည်၊ လျူယွီမေသည် ထိုကောင်လေးအပေါ် အမြင်ကောင်းရှိနေသဖြင့် မစနောက်ဘဲ မနေနိုင်ဖြစ်ကာ မေးလိုက်သည်။
“ဘယ်လိုလဲ... ငါ့မြေးမလေး အာလီက ချောတယ်မလား။”
“ဟုတ်ကဲ့... အရမ်းချောပါတယ် အဖွားလိုပဲ။”
“ဟိဟိဟိ...”
လျူယွီမေက သဘောကျစွာ ရယ်မောလိုက်ပြီး အိမ်ထဲသို့ ဝင်သွားကာ ဘိုးဘွားဘီဘင်များ၏ နာရေးအထိမ်းအမှတ် သစ်သားဆိုင်းဘုတ်များ (တရုတ်ရိုးရာ စင်မြတ်) ခြောက်ထပ်စီ စီထားသည့် စင်ကြီးကို လှမ်းကြည့်လိုက်သည်။ ထိုစင်၏ ဘယ်ဘက်တွင် လျူ (Liu) ဟူသော မျိုးရိုးအမည်များရှိပြီး ညာဘက်တွင်မူ ချင် (Qin) ဟူသော မျိုးရိုးအမည်များ ရှိကြ၏။ သူမက ဗန်းအလွတ် အသေးလေးတစ်ခုကို ကောက်ကိုင်လိုက်ပြီး အောက်ထပ်ရှိ ကန်တော့ပွဲပန်းကန်ထဲမှ မုန့်အချို့ကို ရွေးချယ်ကာ လီကျစ်ယွမ်ဘက်သို့ ပြန်လှည့်၍ ကမ်းပေးလိုက်သည်။
“ရော့... အဖွားက မုန့်ကျွေးတာ စားလိုက်ဦး။”
“ကျေးဇူးတင်ပါတယ် အဖွား။” လီကျစ်ယွမ်က မုန့်ပန်းကန်ကို လှမ်းယူလိုက်သည်။
“ကန်တော့ပွဲပေါ်က မုန့်တွေဆိုပေမဲ့ သန့်ရှင်းပါတယ်ကွယ်။”
“ဟုတ်ကဲ့ပါဗျာ။” လီကျစ်ယွမ်က ဂျီးများမနေဘဲ မွမွကြွပ်ကြွပ် မုန့်တစ်ခုကို ကောက်ယူကာ ကိုက်လိုက်သည်။ နူးညံ့ပျော့အိသော အရသာက လျှာဖျားတွင် စွဲကျန်ရစ်စေ၏။
လျူယွီမေက “ချိုရဲ့လား” ဟု မေးသည်။
လီကျစ်ယွမ်က ခေါင်းခါပြကာ “စားလို့ကောင်းတယ်၊ ဒါပေမဲ့ သိပ်မချိုဘူးဗျ” ဟု ဖြေလိုက်၏။
လျူယွီမေက တံခါးအုပ်ခုံပေါ်တွင် ဝင်ထိုင်လိုက်ရင်း လီကျစ်ယွမ်ကို လှမ်းကြည့်ကာ မေးပြန်သည်။
“မင်းအမေက ဘေဂျင်းကို ပြန်ခေါ်ဖို့ ဘယ်တော့လောက် လာကြိုမှာလဲ။”
“အမေ အားတဲ့အချိန်ကျရင် လာမှာပါဗျ။”
“မင်း အမေကို လွမ်းလား။”
“လွမ်းတာပေါ့။”
“လွမ်းတယ်ဟုတ်လား... ကြည့်ရတာတော့ တစ်စက်မှ မပေါ်လွင်ပါလား။”
“ရင်ထဲမှာ ရှိနေတာပါ အဖွားရဲ့။”
“မင်းက တည်ငြိမ်တဲ့ ကောင်လေးပဲပဲ။ မင်းမှာ မောင်နှမတွေရော ရှိလား။”
“မရှိပါဘူး၊ သားက မိဘတွေရဲ့ တစ်ဦးတည်းသော သားပါ။”
“ငါတို့ အာလီလေးကလည်း တစ်ဦးတည်းသောသမီးပဲကွယ်...”
လျူယွီမေက မိန်းကလေးကို လှမ်းကြည့်ရင်း ပြောလိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် ကြင်နာဂရုဏာသက်မှုများ ပြည့်လျှံနေတော့သည်။ သူမသည် မြေးမလေး၏ ခေါင်းကို ပွတ်သပ်ပေးချင်သည့်ဟန်ဖြင့် လက်ကို ဆန့်ထုတ်လိုက်သော်လည်း ချက်ချင်းပင် ပြန်ရုပ်သိမ်းလိုက်မိ၏။
“အဖွားအိုလျူ... အဖွားတို့ရဲ့ ဇာတိက ဘယ်ကလဲဟင်။”
“အဖွားတို့ရဲ့ ဘိုးဘွားတွေက မြစ်ထဲမှာ လှေထိုးလိုက်ပြီး အသက်မွေးခဲ့ကြတာဆိုတော့ အတည်တကျ ဇာတိရယ်လို့ မရှိကြပါဘူး။ ဒါပေမဲ့ တကယ်တမ်း ပြောရရင်တော့ ဒီယန်ဇီမြစ်ကြီး ကပဲ အဖွားနဲ့ အဖွားရဲ့ ယောကျ်ားဖြစ်သူတို့ရဲ့ ဇာတိမြေပေါ့ကွယ်။”
ချင်လီ၏ အဖိုးအကြောင်းကို ပြောမိသောအခါ လျူယွီမေ၏ မျက်နှာထက်တွင် အတိတ်ကို တမ်းတလွမ်းဆွတ်သည့် အရိပ်အယောင်များ ယှက်သန်းသွားတော့သည်။ သူမက လီကျစ်ယွမ်ကို ထိုကဲ့သို့သော မျက်နှာပေးဖြင့် ကြည့်လိုက်ရာ သူလည်း သဘောပေါက်သွားပြီး မေးမြန်းလိုက်၏။
“အဖွားနဲ့ အဖိုးတို့က အရင်က သိပ်ချစ်ကြတာပေါ့ ဟုတ်လား။”
“အစပိုင်းကတော့ မဟုတ်ပါဘူးကွယ်။ ငါတို့ မိသားစုနှစ်စုက ရန်သူတွေလို ဖြစ်ခဲ့ကြတာ။ နောက်ပိုင်းကျတော့ အဲဒီ အရှက်မရှိတဲ့လူက ငါ့ကို စိတ်ဝင်စားလာပြီး အတင်းအဓမ္မ လက်ထပ်ယူဖို့ ဆုံးဖြတ်ခဲ့တာလေ။ အဲဒီတုန်းက ငါ့အဖေနဲ့ ငါ့အစ်ကိုတွေကို စိတ်တိုလွန်းလို့ သူ့ကိုကြိုး တုပ်ပြီး မြစ်ထဲ ပစ်ချဖို့အထိ လုပ်ခဲ့ကြတာ။ မိသားစုနှစ်စုကြားမှာ ရန်ပွဲအကြီးကြီး တစ်ကျော့ပြန် ဖြစ်လုနီးပါးအထိပဲ။”
လျူယွီမေတွင် ပြောစရာ စကားများ ကျန်ရှိနေသေးသည်ကို မြင်ရသဖြင့် လီကျစ်ယွမ်က “အဲဒီနောက်ပိုင်းကော ဘာဆက်ဖြစ်လဲဟင်” ဟု ဆက်မေးလိုက်သည်။
“အဲဒီနောက်တော့... အင်း... ငါလည်း သူ့ရဲ့ လှည့်စားမှုကို ခံလိုက်ရပြီး လက်ထပ်ဖြစ်ခဲ့ကြတယ်၊ ပြီးတော့ သူ့အတွက် သားသမီးတွေ မွေးပေးခဲ့တာပေါ့။”
“ဒါဆို အဖွားတို့ မိသားစုက အဖိုးကို လက်ခံပေးခဲ့ကြတာလား။”
“အေးပေါ့... လက်ခံပေးခဲ့ကြပါတယ်၊ ပြီးတော့ နောက်ဆုံးကျတော့ အားလုံးဟာ ဒီမြစ်မင်းကြီးထဲမှာပဲ အတူတူ ပေါင်းစည်းသွားခဲ့ကြတာပေါ့ကွယ်။”
ထိုနေရာသို့ ရောက်သောအခါ လျူယွီမေ ရုတ်တရက် သတိဝင်လာပြီး သူမ အဘယ်ကြောင့် ဤအကြောင်းအရာအထိ ရောက်သွားရသနည်းဟု တွေးမိသွားသည်။
“ဒါနဲ့ စကားမစပ် ယွမ်လေး... မင်းမိဘတွေက ဘာလို့ ကွာရှင်းလိုက်ကြတာလဲ။”
မေးပြီးသွားမှပဲ လျူယွီမေ အနည်းငယ် နောင်တရသွားမိသည်— ကလေးတစ်ယောက်ကို ဤကဲ့သို့သော မေးခွန်းမျိုး မည်သို့ မေးရက်ပါမည်နည်း။
“ဘာလို့လဲဆိုတော့ သူတို့ အတူတူ ဆက်ပြီး မနေနိုင်ကြတော့လို့ပါ အဖွား။”
“အဲဒါ မင်းအဖေရဲ့ အပြစ်ကြောင့်လား။”
“အဖေက အမေကို အရမ်းချစ်တာပါ။”
ထိုစဉ် ဝေးလံသော နေရာဆီမှ နျူဖူ၏ အသံ လှမ်းကြားလိုက်ရသည်။
“ကဲ... ဆန်းကျန်းဦးလေး... ဒါဆို ဒါပဲနော်၊ ကျွန်တော် သွားတော့မယ်။ အိမ်ကနေပဲ စောင့်နေပါ့မယ်ဗျာ။”
လီကျစ်ယွမ် အနည်းငယ် အံ့အားသင့်သွားရသည်၊ ဤမျှလောက် မြန်မြန်ဆန်ဆန်ကြီးလား။ သူ ခိုးကြောင်ခိုးဝှက်ဖြင့် နောက်လှည့်ကြည့်လိုက်ရာ ခါးကြီး ကုန်းနေဆဲဖြစ်သော နျူဖူတစ်ယောက် ဆည်အနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
လီကျစ်ယွမ် ရင်ထဲက သက်ပြင်းတစ်ချက်ကို လွှတ်ထုတ်လိုက်ပြီးနောက် လီဆန်းကျန်းကို ရှာဖွေရန် ချက်ချင်း ထွက်လာခဲ့တော့သည်။
“ဆရာကြီး... ဆရာကြီး။”
“ဘာဖြစ်လို့လဲ။” လီဆန်းကျန်းက ခေါ်သံကို ကြားသော်လည်း ခြေလှမ်းကို မရပ်တန့်ဘဲ အိမ်သာရှိရာဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ ထို့နောက် ဘောင်းဘီဇစ်ကို ဆွဲချကာ အိမ်သာခွက်ပေါ်တွင် ထိုင်ချလိုက်တော့၏။ အရပ်ပုသော လီကျစ်ယွမ်ကတော့ အောက်တွင် ရပ်နေရရှာသည်။
တကယ်တော့ လီဆန်းကျန်းအိမ်က အိမ်သာများကို အတော်အတန် ကောင်းမွန်စွာ ဆောက်လုပ်ထားခြင်းဖြစ်ပြီး အိမ်အသစ်၏ အနောက်ဘက်တွင် တည်ရှိသဖြင့် လူမြင်ကွင်းနှင့် ကွယ်နေသည်။ ရွာထဲရှိ အခြားအိမ်များတွင်မူ အိမ်သာအများစုမှာ အိမ်မကြီးနှင့် ကပ်လျက် ဆောက်ထားကြပြီး ရွာလမ်းမဘက်သို့ တည့်တည့်ကြီး မျက်နှာမူထားတတ်ကြသည်။ နေ့ခင်းဘက်တွင် လူအများ ဖြတ်သန်းသွားလာနေကြသည်ဖြစ်ရာ အိမ်သာတက်နေသည့်အချိန်၌ လူအုပ်ကြီး၏ စောင့်ကြည့်ခြင်းကို ခံနေရသလို ခံစားရစေသည်။ ရင်းနှီးသူများဆိုလျှင် အနား၌ ခေတ္တရပ်ကာ စကားစမြည်တောင် လာပြောကြသေး၏။
“ဆရာကြီး... ဆရာကြီးက သူ့ကို ကူညီဖို့ သဘောတူလိုက်တာလား။”
“အေး... ဘာဖြစ်လို့လဲ။”
“သူ့ရဲ့ ကျောပေါ်မှာ... အဲဒီအရာကြီး ရှိနေတာလေ။”
“ဆရာကြီး သိတာပေါ့။ မူလကတော့ ငါ သွားဖို့ အစီအစဉ် မရှိပါဘူး။ ဒါပေမဲ့ သူက နှုတ်ပိတ်ခကို နှစ်ဆတောင် တိုးပေးလာတဲ့အပြင် သူ့ရဲ့ မောင်နှမတွေကပါ ဝိုင်းပြီး တောင်းဆိုနေကြတာလေ။ ငါလည်း ငြင်းရခက်သွားတာပေါ့... ဟဲဟဲ... သူတို့ပေးတဲ့ ပမာဏက နည်းတာမှ မဟုတ်ဘဲ။”
“ဒါပေမဲ့ အန္တရာယ်က...”
“ယွမ်ဟောက်လေး... ငွေရှိရင် တစ္ဆေကိုတောင် ကြိတ်ဆုံလည်ခိုင်းလို့ရတယ် (ငွေရရင် ဘာမဆိုခိုင်းလို့ရတယ်) ဆိုတဲ့ စကားရှိတယ်။ အန္တရာယ်ဆိုတာ ငွေကြေး မလုံလောက်မှုအပေါ်မှာပဲ မူတည်နေတာပါ။ စောင့်ကြည့်နေလိုက်... လျိူကျင်ရှန်း(လျူမျက်စိကန်း) လည်း သေချာပေါက် သွားမှာပဲ။”