သေတမ်းစာတစ်စောင်
“အဖွား... ရေနွေးကြမ်း ရပါပြီ။”
“အေး... အေး...”
လျူယွီမေက ရေနွေးတစ်ငုံ သောက်လိုက်ပြီးနောက် လေသံခပ်ပြတ်ပြတ်ဖြင့် ဆက်ပြောလာသည်။
“နောက်ဆိုရင် ဒီရေနွေးဖျော်တဲ့အလုပ်ကို မင်းပဲ တာဝန်ယူတော့။ ဒီကအဖွားဆီမှာ မုန့်တွေ အများကြီး ရှိတယ် ဟုတ်ပြီလား။”
“ဟုတ်ကဲ့ပါ အဖွား။”
ထိုစဉ် ဒုတိယထပ် ဝရန်တာဆီမှ လှုပ်လှုပ်ရှားရှား အသံအချို့ ကြားလိုက်ရသည်။ မကြာခင်မှာပဲ လီဆန်းကျန်းတစ်ယောက် အပေါ်ထပ်ကနေ ဆင်းလာလေသည်။ သူ့မျက်နှာတစ်ခုလုံး နွမ်းလျပိန်ချောင်နေပြီး လူလည်း တစ်စက်မှ အားမရှိသလို ဖြစ်နေ၏။
လျူယွီမေက ဘေးစောင်းကြည့်ကာ ပြုံးစိစိဖြင့် လှောင်ပြောင်ကျီစယ်လိုက်သည်။
“ဘာဖြစ်လာတာလဲ ဆရာကြီးရဲ့... မနေ့ညက တစ်ညလုံးမအိပ်ဘဲ သူခိုး ထွက်ဖမ်းနေတာလား။”
လီဆန်းကျန်းက သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိသည်။ သူ့အဖြစ်က သူခိုးထက်တောင် ဆိုးနေသေး၏။ မနေ့ညက မက်ခဲ့တဲ့အိပ်မက်ထဲမှာ ချင်းမင်းဆက်ခေတ်က ဖုတ်ကောင်အုပ်ကြီးနောက်ကနေ သူ့နောက်ကို တစ်ညလုံး အသေအလဲ လိုက်လံအမဲလိုက်နေခဲ့သည်မဟုတ်ပါလား။
“ယွံဟောက်လေး... မနေ့ညက အိပ်လို့ ကောင်းရဲ့လား။”
“ဆရာကြီး... သား အရမ်းကောင်းကောင်း အိပ်ပျော်တယ်ဗျ။”
“အေး... ကောင်းတယ်... ကောင်းတာပေါ့...”
လီဆန်းကျန်း ရင်ထဲက အလုံးကြီး ကျသွားသလို သက်ပြင်းချနိုင်တော့သည်။ ကြည့်ရတာ အစီအရင်က တကယ်ပဲ အောင်မြင်သွားပုံရ၏။ သူ ခံစားခဲ့ရသမျှ ဆင်းရဲဒုက္ခတွေလည်း အရာထင်ခဲ့ပြီပေါ့။
ဒေါ်လေးလျူက လီဆန်းကျန်းအတွက် မနက်စာ လာချပေးသည်။ သူ မနက်စာ စားနေတုန်း လှမ်းမြင်နေရတဲ့ လမ်းစွန်းကနေ လီဝေဟန်နှင့် ဆွန်းကွေရင်တို့ ဇနီးမောင်နှံ ပေါ်လာကြသည်။ သူတို့လက်ထဲမှာတော့ လီကျစ်ယွမ်အတွက် အဝတ်အစားတွေနှင့် မုန့်ပဲသရေစာတွေ ပါလာ၏။
အရင် အိမ်မှာတုန်းကတော့ ကလေးတွေအများကြီးမို့ မုန့်ဝယ်လာရင် ခွဲဝေကျွေးခဲ့ရသော်လည်း ယခု လီကျစ်ယွမ်တစ်ယောက်တည်း အပြင်မှာ ခွဲနေရပြီမို့ ရှိသမျှမုန့်တွေအကုန်လုံးကို စုပြုံယူလာပေးကြခြင်း ဖြစ်သည်။
“.... ဒီမှာနေရင် ဆရာကြီးစကားကို သေချာနားထောင်ရမယ်နော်။ ဆရာကြီး စိတ်အနှောင့်အယှက်ဖြစ်အောင် ဆိုးတာပွေတာတွေ မလုပ်ရဘူး... ကြားလား။”
“အဖိုး..မကြာမကြာ လာကြည့်မယ်နော် မြေးလေး။ လိမ္မာရမယ်။ တကယ်လို့ အိမ်ပြန်ချင်ရင်လည်း အိမ်ဘက်ကို ခေတ္တခဏ ပြေးလာခဲ့ဦး... ဟုတ်ပြီလား။”
“ဖြောင်း! ဖြောင်း! ဖြောင်း!”
လီဆန်းကျန်းက ဒေါသတကြီးဖြင့် သူကိုင်ထားသည့် တရုတ်တူကို သစ်သားခုံတန်းလျားပေါ် ရိုက်ချလိုက်ပြီး ငေါက်ငမ်းတော့သည်။
“ဝေဟန်... မင်းကတော့ တကယ့်ကောင်ပဲ။ မနက်စောစောစီးစီး ပစ္စည်းတွေ လာပို့တယ်ဆိုကတည်းက နောက်ကျရင် မင်းဦးလေးက ထမင်းကျွေးထားမှာကို အသည်းအသန် ကြောက်နေတာမလား။ ဟဲ... အခုတော့ မင်းတို့က အရမ်းကို အခြေအနေတွေ ကောင်းနေကြပြီဆိုတော့ ဦးလေးနဲ့အတူ ထိုင်ပြီး အရက်တစ်ခွက်တောင် မသောက်နိုင်ကြတော့ဘူးပေါ့။ စိမ်းကားလိုက်ကြတာ... နည်းနည်းလေးတောင် သံယောဇဉ်မရှိကြဘူး။ မင်းတို့စိတ်ထဲမှာ ငါ့ကို မိသားစုလို့ရော သဘောထားရဲ့လားဟန်။”
လီဝေဟန်နှင့် ဆွန်းကွေရင်တို့လည်း ထိုအခြေအနေကို မြင်သည်နှင့် ချက်ချင်းပင် အနားသို့ တိုးသွားကာ တစ်ပြိုင်နက် ချော့မော့တောင်းပန်ကြရတော့သည်။ လီဆန်းကျန်း၏ ဒေါသအရှိန် တန့်သွားပြီး စိတ်ပြေသွားမှပဲ သူတို့ဇနီးမောင်နှံလည်း လှည့်ပြန်သွားကြတော့၏။
လီဆန်းကျန်းက ပန်းကန်ထဲက ကျန်နေတဲ့ ဆန်ပြုတ်အစအနလေးတွေကို ပါးစပ်ထဲ ကော်ထည့်လိုက်ပြီး လက်ဖမိုးဖြင့် နှုတ်ခမ်းကို သုတ်ရင်း ဘေးမှာရပ်နေသည့် လီကျစ်ယွမ်ကို ပြောလိုက်သည်။
“မင်းအဖေက သိပ်ကို စည်းကမ်းကြီးလွန်းတာ။ တစ်ပါးသူဆီက အခွင့်အရေး နည်းနည်းလေး ယူမိတာနဲ့တင် ညဘက် အိပ်မပျော်နိုင်တော့တဲ့ လူစားမျိုး။ ကြည့်ရတာ ငါ့ကို စိတ်တိုအောင် သက်သက်လုပ်နေသလိုပဲ။”
တကယ်တော့ ထိုလယ်ကွင်းကို လီဝေဟန်ဆီ အငှားချထားခဲ့ခြင်း ဖြစ်သော်လည်း ထိုခေါင်းမာတဲ့လူကြီးက အငှားစာချုပ်ကို ဖျက်သိမ်းပြီး ပြန်အပ်လိမ့်မည်ဆိုတာ သူ ကြိုသိနေခဲ့သည်။
“ဒါကြောင့်မို့လည်း အဖေက အဖိုး အိုမင်းမစွမ်းဖြစ်တဲ့အထိ ပြုစုစောင့်ရှောက်ဖို့ စိတ်ကူးထားတာပေါ့။”
လီဆန်းကျန်းက နှုတ်ခမ်းကို စုပ်သပ်လိုက်သည်။ ထိုစကားလုံးများက သူ့ရင်ကို တည့်တည့်ကြီး ထိမှန်သွားစေ၏။ သူ တကယ်ပဲ အိုမင်းမစွမ်းဖြစ်ပြီး ပါးစပ်ရွဲ့၊ မျက်စိစောင်းကာ အိပ်ရာထဲလဲသွားခဲ့ရင်တောင် လီဝေဟန်က သူ့ကို ပစ်မထားဘဲ ပြုစုမည့်အပြင် အဓိကအချက်က... သူ့အပေါ် ဘယ်တော့မှ မျက်နှာအမူအရာ ပျက်ကွက်ပြမှာမဟုတ်မှန်း သူ ကောင်းကောင်းသိသည်။
လီဆန်းကျန်းက တစ်သက်လုံး လွတ်လွတ်လပ်လပ်နှင့် မာန်မာနရှိရှိ နေထိုင်လာခဲ့သူမို့ ဘဝရဲ့ နောက်ဆုံးအချိန်အပိုင်းအခြားမှာတောင် အနှိမ်ခံရတာမျိုး၊ စိတ်ဆင်းရဲရတာမျိုး မခံစားချင်ပေ။ သို့သော်လည်း ကလေးတစ်ယောက်ရှေ့တွင်မို့ လီဆန်းကျန်းတစ်ယောက် လူကြီးလူကောင်းအရှိန်အဝါကို ဟန်ဆောင်ထိန်းသိမ်းလိုက်ရသေးသည်။
“ဘာလဲ... သူက ငါ့ကို ပြုစုရလို့ ရှုံးသွားတယ်လို့ ထင်နေတာလား။ ဒီလယ်မြေတွေက ရွာပိုင်မြေတွေ ဖြစ်နေပေမဲ့ ငါပိုင်တဲ့ ဒီအိမ်၊ ဒီစီးပွားရေးနဲ့ ငါစုဆောင်းထားသမျှ ပစ္စည်းတွေအကုန်လုံးက နောက်ဆုံးကျရင် သူ့ဆီပဲ ရောက်သွားမှာမဟုတ်ဘူးလား။ ဟွန်း... သူ ဘာမှ နစ်နာမသွားပါဘူး။”
ထို့နောက် လီဆန်းကျန်းက လီကျစ်ယွမ်၏ မေးစေ့ကို ပုတ်ကာ ဆက်ပြောလေသည်။
“ဒါပေမဲ့လည်း ငါ့ပစ္စည်းတွေကို အဖိုးမတန်တဲ့ မင်းရဲ့ဦးလေးတွေလက်ထဲတော့ အရောက်မခံနိုင်ဘူး။ ယွံဟောက်လေး... မင်းက လိမ္မာပါးနပ်ပြီး ဆရာကြီးစိတ်ချမ်းသာအောင် ထားစမ်းပါ။ ဆရာကြီးက သေတမ်းစာတစ်စောင် ရေးပေးခဲ့ရင် နောက်ကျ ဒီပစ္စည်းတွေအကုန်လုံး မင်းတစ်ယောက်တည်းဆီ တိုက်ရိုက်ရောက်သွားမှာ။ အဲဒါ ကောင်းတယ်မလား။”
“ကောင်းတာပေါ့ ဆရာကြီး။ သား ကြီးလာရင် ဆရာကြီးကို ပြုစုစောင့်ရှောက်မှာပါ။”
“ဟားဟားဟား... မင်းကြီးလာတဲ့အချိန်ကျရင် ဆရာကြီးက ဒီလောကမှာ ရှိချင်မှ ရှိတော့မှာပါ။”
သို့သော်လည်း ကလေးငယ်၏ စကားလုံးများက ရင်ထဲကို နွေးထွေးသွားစေကာ ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးသလို ခံစားလိုက်ရသည်။
လီကျစ်ယွမ်က မနေ့က မြေအောက်ခန်းအကြောင်းကို ဒေါ်လေးလျူ ပြောပြခဲ့သည်များကို ပြန်လည်တွေးတောမိသွားသည်။ ထို့နောက် မနေ့ညက လီဆန်းကျန်း၏ အခန်းထဲတွင် ကြမ်းပြင်ပေါ်၌ တွေ့ခဲ့ရသည့် “ရွှေ သဲ ကျောက်စာပေကျမ်း” ကို အမှတ်ရသွားပြီး မေးမြန်းလိုက်သည်။
“ဆရာကြီး... ဆရာကြီးရဲ့ မြေအောက်ခန်းထဲမှာ ဘာတွေ ရှိတာလဲဟင်။”
“တန်ဖိုးရှိတဲ့အရာအားလုံးကိုတော့ ပထမထပ်မှာ ခင်းကျင်းပြသထားတာပဲ။ မြေအောက်ခန်းထဲမှာတော့ အဖိုးတန်တာ ဘာမှမရှိပါဘူး။ ငါ အရင်က ကောက်ရထားတဲ့ အဟောင်းအစုတ်တချို့ရယ်၊ ပြီးတော့ တခြားလူတွေ ငါ့ဆီမှာ လာထားသွားတဲ့ အသုံးမလိုတော့တဲ့ စာအုပ်သေတ္တာ တစ်ဒါဇင်လောက်ပဲ ရှိတယ်။ အဲဒီစာအုပ်တွေပေါ်မှာ မန္တန်ဆွဲထားတဲ့ ပုံတွေလိုမျိုး အက္ခရာတွေအပြည့်ပဲ... ဘာတွေမှန်းလည်း ဖတ်လို့မရပါဘူး။”
စာအုပ်တွေ ဟုတ်လား။ လီကျစ်ယွမ်၏ မျက်ဝန်းများ ဝင်းပသွားသည်။ ထိုအရာများက အသုံးမလိုသည့် စာအုပ်အစုတ်များ မဟုတ်ဘဲ သူ လေ့လာသင်ယူရမည့် ပညာရပ်ဆိုင်ရာ ကျမ်းစာများ ဖြစ်နေနိုင်သည်မဟုတ်ပါလား။ သူက မိမိ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် အလွန်ပင် ထက်သန်နေသူဖြစ်သည်။
“ဆရာကြီး... သား အထဲကို ဝင်ကြည့်လို့ ရမလား။”
“ဘာ...” လီဆန်းကျန်း အနည်းငယ် အံ့အားသင့်သွားရသည်။ “အဲဒီအမှိုက်ပုံထဲမှာ ဘာကြည့်စရာ ရှိလို့လဲ။”
“ဆရာကြီးပဲ နောက်ကျရင် သားကို အကုန်လုံး ပေးခဲ့မယ်ဆို။ အခုကျတော့ ကတိမတည်ချင်တော့ဘူးလား။”
“အေးပါ... အေးပါ... မင်းက မွှေနှောက်ချင်တယ်ဆိုလည်း သွားကြည့်ပေါ့။ သော့ကတော့ တံခါးဝက ပိတ်ဖိနပ်ထဲမှာ ရှိတယ်။ ဖုန်တွေတော့ သတိထားဦး... အထဲမှာ အရမ်းညစ်ပတ်နေလိမ့်မယ်။ ငါကိုယ်တိုင်တောင် အဲဒီထဲမဝင်တာ နှစ်ပေါင်းမနည်းတော့ဘူး။”
“ကျေးဇူးတင်ပါတယ် ဆရာကြီး။”
လီကျစ်ယွမ်တစ်ယောက် မြေအောက်ခန်းထဲသို့ သွားရောက်စူးစမ်းရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက် လမ်းကလေးအတိုင်း ခါးကုန်းကုန်းနှင့် လူရိပ်တစ်ခု ထပ်မံပေါ်လာပြန်သည်။ ထိုလူကတော့ နျူဖူ ပင် ဖြစ်၏။
“ဆန်းကျန်းဦးလေး... ဆန်းကျန်းဦးလေး... ကျွန်တော့်ကို ကယ်ပါဦးဗျာ။ လာကူညီပါဦး။”
စိတ်အာရုံခံစားမှု၏ လှုံ့ဆော်မှုကြောင့် လီကျစ်ယွမ်၏ အကြည့်များက နျူဖူ၏ ကုန်းနေသော ကျောပြင်ကြီးဆီသို့ ချက်ချင်း ကျရောက်သွားသည်။ ထို့နောက် လျူကျန့်ရှား၏ သတိပေးချက်ကို အလျင်အမြန် သတိရလိုက်ကာ အကြည့်မမိစေရန်အတွက် သူ၏ ကိုယ်လုံးနှင့် ဦးခေါင်းကို ချက်ချင်း အခြားတစ်ဖက်သို့ လွှဲပစ်လိုက်တော့၏။
သို့သော်လည်း ထိုကဲ့သို့ လှည့်လိုက်မိခြင်းကြောင့်ပင်... အရှေ့ဘက်ခန်းထဲတွင် ရုပ်တုတစ်ခုကဲ့သို့ လုံးဝမလှုပ်မယှက် ထိုင်နေခဲ့သည့် ချင်လီတစ်ယောက် ရုတ်တရက် လည်ပင်းကို လှည့်ကာ နျူဖူ၏ ကျောပြင်ဆီသို့ အကြည့်ပို့လိုက်သည်ကို လီကျစ်ယွမ် အတိုင်းသား မြင်လိုက်ရသည်။
သူမ... မြင်နေရတာပဲ!