ကြားခံနယ်မြေနှစ်ခု
နံရံတစ်ခုတည်းသာ ခြားနေသော်လည်း ထိုနေရာတွင် ကုတင်နှစ်လုံး ရှိနေသည်။ အနောက်ဘက်ခြမ်းက ကုတင်ပေါ်တွင်တော့ လီဆန်းကျန်း၏ မျက်ခုံးအစုံက အလိပ်လိပ် တွန့်ချိုးနေပြီး၊ တစ်ချက်တစ်ချက်တွင် အိပ်မက်ယောင်ကာ စကားတိုးတိုး ရေရွတ်နေရင်း လက်ခြေမိုးပျံလျက် အဆက်မပြတ် လူးလိမ့်နေရှာသည်။ ယခုကဲ့သို့ ပြင်းထန်လှသော တုံ့ပြန်မှုများ ဖြစ်ပေါ်နေသော်လည်း သူသည် ထိုအိပ်မက်ဆိုးကြီးထဲမှ ရုန်းထွက်နိုးထလာနိုင်ခြင်း မရှိသေးပေ။ အမှောင်ထုအောက်ဝယ် မမြင်ရသော လူတစ်ယောက်က သူ့ကိုယ်ပေါ်ကနေ ဖိနှိပ်ထားသကဲ့သို့ ခံစားနေရသည်။ ထိုအရာက အလွန်လေးလံလှပြီး ရင်ဘတ်ကို အသက်ရှူရခက်လောက်အောင် ဖိထားသဖြင့် အသက်ပင် မနည်းရှူနေရသည်။ သို့သော်လည်း သူ မည်မျှပင် ကြိုးစားရုန်းကန်ပါစေ၊ ထိုအရာကို တွန်းဖယ်ပစ်၍မရချေ။ တစ်သက်လုံး လူသေကောင်တွေကို လမ်းပြသယ်ဆောင်လာခဲ့ရသည့် လီဆန်းကျန်းတစ်ယောက်၊ တစ်နေ့ကျမှ သရဲမောက် (အိပ်ပျော်နေစဉ် ကိုယ်လက်လှုပ်ရှားမရဘဲ စိတ်နဲ့ကိုယ် မကပ်သည့်ဝေဒနာ) လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့မိပေ။ သို့သော်လည်း ယခုကဲ့သို့ အလန့်တကြားဖြစ်ပြီး ပူပန်သောကရောက်နေရသည့် အခြေအနေတွင်ပင်၊ သူသည် မိမိကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်နိုင်စွမ်း ရှိနေသေးသည်— "ကြည့်ရတာ... ယွမ်ဟောက်လေးရဲ့ အမင်္ဂလာအငွေ့အသက်တွေက ငါ့ဆီ တကယ်ပဲ ကူးစက်လာတာပဲ။ အစီအရင်ကတော့ အောင်မြင်သွားပြီဟေ့"
ထိုအချိန်တွင် အရှေ့ဘက်ခြမ်းက ကုတင်ပေါ်၌မူ... လီကျစ်ယွမ်က ငြိမ်သက်စွာ လှဲလျောင်းနေသည်။ သူ့မျက်နှာထက်တွင် နာကျင်ရိပ် အနည်းငယ်မျှပင် မရှိဘဲ ထွက်သက်ဝင်သက်က မှန်မှန်ကန်ကန် ရှိနေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။ သို့သော်လည်း သူ၏ အိပ်မက်ကမ္ဘာထဲတွင်မူ လီကျစ်ယွမ်က မျက်လုံးပွင့်လာခဲ့ပြီ ဖြစ်သည်။ သူက ကုတင်ပေါ်မှာ ထိုင်လိုက်ပြီး အစပိုင်းတွင်တော့ မိမိကိုယ်ကိုယ် နိုးလာပြီဟု ထင်မှတ်ခဲ့သော်လည်း၊ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ မှောင်အတိကျနေသည်ကို တွေ့ရသည်။ သူသည် အိပ်မက်မက်နေဆဲဖြစ်ကြောင်း ရိပ်မိလိုက်သည်၊ အကြောင်းမှာ သူ၏ အိပ်ခန်းပြတင်းပေါက်ရှိ ခြင်ဇကာဆီကနေ လမင်းကြီး၏ အလင်းရောင် ဖြာကျနေရမည်ဖြစ်ပြီး၊ ယခုကဲ့သို့ လုံးဝမှောင်မည်းနေစရာ အကြောင်းမရှိသောကြောင့်ပင်။ ဘေးပတ်ပတ်လည်ကို ဝေ့ဝဲကြည့်လိုက်ရာ... လီကျစ်ယွမ်သည် သူထိုင်နေသည့် အောက်က ကုတင်ကိုသာ မြင်တွေ့နိုင်တော့သည်။ ၎င်းက အချိန်ကာလကြာမြင့်မှုကြောင့် အသေးစိတ် အနုစိတ်လက်ရာအချို့ ပွတ်တိုက်ပျက်စီးနေပြီဖြစ်သော သစ်သားကုတင်အိုကြီးတစ်လုံး ဖြစ်သော်လည်း၊ သေချာစွာ စမ်းသပ်ကြည့်မည်ဆိုပါက လက်ရာမြောက်လှသော ပန်းပုထုဆစ်မှုများကို ရှာဖွေတွေ့ရှိနိုင်သေးသည်။
လီကျစ်ယွမ်က သူ့ကိုယ်ပေါ်က စောင်ကို ဖယ်လိုက်ပြီး ကုတင်အစွန်းဆီသို့ ဒူးထောက်တိုးကပ်သွားကာ၊ အပြင်ဘက်က တစ်စုံတစ်ရာကို ထိတွေ့နိုင်ရန် လက်ကို လှမ်းဆန့်ထုတ်ကြည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒါက အိပ်မက်တစ်ခုပဲလေ။ နေ့ခင်းတုန်းက လျူမန့်ထင်က သူ့ကို ကျေးလက်တောရွာမှာ နေရတာ ပျင်းစရာမကောင်းဘူးလားဟု မေးခဲ့ဖူးသည်။ သူက ဒီမှာ ဆော့စရာတွေ အများကြီးရှိတယ်လို့ ပြန်ဖြေခဲ့သည်။ ဟုတ်ပါသည်၊ တကယ်လည်း ရှိနေသည်။ လွန်ခဲ့သည့် နှစ်များစွာက... သူသည် "စာသင်ခြင်း" ဆိုသည့် စကားလုံး၏ အရှေ့တွင် "ပင်ပန်းဆင်းရဲခြင်း" ဆိုသည့် စကားရပ်ကို ဘာကြောင့် တွဲရက် သုံးနှုန်းလေ့ရှိကြသည်ကို နားမလည်နိုင်ခဲ့ပေ။ စာသင်တယ်ဆိုတာ အယူအဆတွေ၊ သီအိုရီတွေ၊ ပုံသေနည်းတွေကို တစ်ခေါက်လောက် ဖတ်ကြည့်ပြီးတာနဲ့ အဲဒီရိုးရှင်းတဲ့ ပုစ္ဆာတွေကို တွက်ချက်ဖြေရှင်းလိုက်ရုံပဲ မဟုတ်ဘူးလား။ နောက်ပိုင်းကျမှသာ အချို့သောလူများသည် စာလေ့လာသင်ယူသည့် ဖြစ်စဉ်တွင် တကယ်ပင် နာကျင်ခံခက်မှုကို ခံစားရတတ်ကြောင်း သူ သဘောပေါက်သွားခဲ့သည်။ သူသည် ထိုအရာကို အားကျမိသည်။ သူက အသက်ငယ်ရွယ်သေးပြီး ကျယ်ပြန့်လှသော လူ့ဘဝနှင့် လူမှုရေးအတွေ့အကြုံများ မရှိခဲ့သလို၊ အချိန်အများစုကိုလည်း ကျောင်းသားတစ်ယောက်အဖြစ် စာသင်ခန်းထဲမှာပဲ ကုန်ဆုံးခဲ့ရသူ ဖြစ်သည်— ခက်ခဲတဲ့ ပုစ္ဆာတွေကြောင့် စိတ်ပျက်အားလျော့ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခံရမှုကို မခံစားရသလို၊ ၎င်းတို့ကို ဖြေရှင်းပြီးသွားသည့်တိုင်အောင်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး စိတ်လှုပ်ရှားတက်ကြွမှုကို မရရှိခဲ့ချေ။ ဖိနှိပ်ချုပ်ချယ်မှု အာရုံမရှိ၊ ကြိုးစားအားထုတ်ရမှု အာရုံမရှိသဖြင့် သဘာဝကျကျပင် အောင်မြင်မှုရရှိခြင်းဟူသော ပီတိအာရုံလည်း မရှိခဲ့ပေ။ ကျယ်ပြောလှသည့် ပုစ္ဆာပင်လယ်ကြီးကို ရင်ဆိုင်ရခြင်းသည် အလွန်တရာ ငြီးငွေ့စရာကောင်းသည့် စက္ကူကွက်တွေပေါ်မှာ ခဲခြစ်နေရသကဲ့သို့ပင်။ အထူးသဖြင့်... သူသည် အခြားကျောင်းသားများကဲ့သို့ မိမိ၏ စာမေးပွဲရလဒ်မှတ်တမ်းကို မိဘများထံ အစီရင်ခံပြီး အသိအမှတ်ပြုမှုကို မျှော်လင့်မိသည့်အခါတိုင်း၊ သူ့အရင်းအမြစ်ဖြစ်သော အမေကတော့ သူ့ကို ပိုမိုအေးစက်လှသော အကြည့်များဖြင့်သာ အမြဲတမ်း စိုက်ကြည့်လေ့ရှိသည်။ သူသည် အမှားတစ်ခုခုကို ကျူးလွန်နေသကဲ့သို့ဖြစ်ပြီး အမှားတွေ ပိုများလေလေ၊ အခြေအနေက ပိုဆိုးရွားလေလေ ဖြစ်သည်။ ထို့ကြောင့် သူသည် စာသင်ခြင်းကနေ မည်သည့် စိတ်ခံစားမှုကိုမျှ မရရှိခဲ့ဘဲ... ထုံထိုင်းခြင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။
အပြောင်းအလဲကတော့... သူ ရေထဲကျသွားပြီး ရွှေဝါငှက်မလေးကို မြင်လိုက်ရသည့် ထိုအခိုက်အတန့်ကစပြီး ဖြစ်ပေါ်လာခဲ့သည်။ သူ ဖိနှိပ်မှုကို ခံစားခဲ့ရသည်၊ နာကျင်မှုကို ခံစားခဲ့ရသည်၊ ထို့ထက်ပို၍ မုတ်ဆိတ်ကြီးနှင့် သူ့သားဖြစ်သူ ရေကန်ထဲတွင် ရေနစ်သေဆုံးသွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရချိန်နှင့်၊ ရွှေဝါငှက်မလေး ရေမျက်နှာပြင်ထက်တွင် နောက်ဆုံးအကြိမ် ကပြသွားသည့်အခါမျိုးတွင်... သူသည် အောင်မြင်မှုရရှိခြင်းဟူသော ပီတိကို ခံစားလိုက်ရသည်။ ထိုအချိန်တုန်းက အဘိုးဆရာက သူ ထုံအအဖြစ်နေသည်ကို မြင်တော့ စားပွဲသောက်ပွဲကြီးကြီး စားရသလိုမျိုး ပျော်စရာကောင်းတဲ့ အရာတွေကို တွေးဖို့ ဖျောင်းဖျခဲ့ဖူးသည်။ သူ အဘိုးဆရာကို မပြောခဲ့မိတာက... ထိုအခိုက်အတန့်တွင် သူ့ရင်ထဲ၌... အလွန်အမင်း စိတ်လှုပ်ရှားတက်ကြွနေခဲ့ခြင်း ဖြစ်သည်။ ဆန်းသစ်လှသော တံခါးချပ်အသစ်ကြီးတစ်ခုက သူ့ရှေ့မှောက်တွင် ပွင့်ဟသွားခဲ့လေပြီ။ သူသည် ယခုကဲ့သို့ မသိနားမလည်နိုင်သော၊ ထူးဆန်းအံ့သြဖွယ်ကောင်းသော ခံစားချက်ကို သဘောကျလာမိပြီး၊ နောက်ဆုံးတွင်တော့ မသိနားမလည်ခြင်းနှင့် ဝေခွဲမရဖြစ်ခြင်းတို့ကို ခံစားလိုက်ရကာ၊ ထိုတန်ခိုးမဲ့မှုနှင့် ထိန်းချုပ်ရခက်ခဲမှုတို့က သူ့ထံသို့ စိတ်ကျေနပ်မှုအချို့ကို သယ်ဆောင်လာပေးသည်။ သူ့အဘွားက အပ်တစ်ချောင်းကို သုံးပြီး ရေပန်းကန်ထဲ ချကာ သူ့ဝိညာဉ်ကို ပြန်ခေါ်ပေးခဲ့သည့် လုပ်ရပ်က တကယ်ကို အံ့သြစရာကောင်းသည်ဟု သူ တွေးမိသည်။ သူက လျူကျန့်ရှားကို ကြည့်သည်၊ လီဆန်းကျန်းကို ကြည့်သည်၊ ထို့နောက် သူတို့က ပို၍ အံ့သြစရာကောင်းကြောင်း သဘောပေါက်သွားသည်။ သူတို့က အယူအဆတွေ အများကြီးကို နားလည်ကြသည်၊ ပုံသေနည်းတွေ အများကြီးကို မှတ်မိကြသည်၊ ပုစ္ဆာတွေကို ဖြေရှင်းနိုင်ကြသည်၊ သူကတော့... သနားစရာကောင်းတဲ့ ကျောင်းသားညံ့လေးတစ်ယောက်သာ ဖြစ်သည်။
လီကျစ်ယွမ်၏ လက်သည် ကုတင်အစွန်း၏ အပြင်ဘက်ဆီသို့ စမ်းသပ်ရှာဖွေနေမိရာ၊ သူသည် လေပြည်အေးလေးတစ်ခုကို ခံစားလိုက်ရသလိုပင်— အလွန်တရာ သာယာညင်သာလှပြီး အလွန်အမင်း သေးငယ်လွန်းသဖြင့် မိမိ၏ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်နေမလားဟုပင် သံသယဝင်မိသည်။ ထို့အပြင်... သူသည် ကုတင်အစွန်းဘက်သို့ ဆန့်ထုတ်ထားသည့် မိမိ၏ လက်ကို မမြင်ရချေ။ လက်ကို ပြန်ရုပ်သိမ်းပြီး သူ့ရှေ့တွင် ချထားကြည့်လိုက်ရာ— အင်း... လက်က ဒီမှာ ရှိနေသေးသည်။ ထို့နောက် သူသည် လက်ကို ထပ်မံဆန့်ထုတ်လိုက်ပြန်သည်၊ ယခုတစ်ကြိမ်တွင်တော့ အောက်ဘက်သို့ ဦးတည်၍ ဖြစ်သည်။ အနည်းငယ် အေးစက်စက်ဖြစ်နေသလို ခံစားလိုက်ရသည်၊ အလွန်အမင်း သေးငယ်နေဆဲဖြစ်သော်လည်း အနည်းဆုံးတော့ ထိတွေ့မှုအာရုံတွင် ကွာခြားချက်ရှိနေသည်ကို သူ သေချာပေါက် အတည်ပြုနိုင်သည်။ သူ့ကုတင်ဘေးနှင့် တန်းတူညီမျှသော၊ အပြင်ဘက်က မမြင်နိုင်သည့် လဟာပြင်ထဲတွင် ကွဲပြားခြားနားသော အာရုံခံစားမှုဆိုင်ရာ ကြားခံနယ်မြေနှစ်ခု ရှိနေသည်။
လီကျစ်ယွမ် မျက်လုံးကို မှိတ်လိုက်ပြီး၊ အာရုံကို စုစည်းကာ အတတ်နိုင်ဆုံး ခံစားသိရှိနိုင်ရန် ကြိုးစားတော့သည်၊ အောက်ဘက်သို့ ဆန့်တန်းထားသည့် သူ၏ လက်သည်လည်း ဖြည်းညှင်းစွာ ဘယ်ပြန်ညာပြန် ဝေ့ယမ်းလာပြီး၊ လက်ချောင်းလေးများကလည်း ပုံသဏ္ဌာန်မမှန်သော လှုပ်ရှားမှုများကို ပြုလုပ်လာသည်။ ပိုမိုစစ်မှန်လာသည်၊ ပိုမိုနူးညံ့သိမ်မွေ့လာသည်၊ ဆက်လက်လုပ်ဆောင်နေဆဲပင်။ ယခင် အိပ်မက်နှစ်ခုတုန်းက... ပထမတစ်ခုက ရွှေဝါငှက်မလေး အိမ်ပြန်လာတာကို မက်ခဲ့တာဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ ကုန်းကုန်းကြီးက အဘွားအိုကို ပိုးချီထားတာကို မက်ခဲ့တာ ဖြစ်သည်။ ဒါဆိုရင်... ယခုတစ်ကြိမ် အိပ်မက်ကတော့ ရိုးရိုးရှင်းရှင်း မှောင်မည်းနေရုံသက်သက် မဖြစ်နိုင်ချေ။
နောက်ဆုံးတွင်တော့ သူ ခံစားသိရှိလိုက်ရသည်၊ စောစောကတင် သူ၏ လက်ချောင်းထိပ်ဖျားလေးများကို နူးညံ့သွယ်လျသောအရာတစ်ခုက ပွတ်တိုက်သွားသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။ သူသည် ကုတင်ပေါ်တွင် ချက်ချင်းပင် မှောက်ချလိုက်ပြီး မိမိ၏ လက်မောင်းကို အောက်ဘက်သို့ အတတ်နိုင်ဆုံး အစွမ်းကုန် ဆန့်တန်းချလိုက်သည်။ မကြာမီမှာပင် ထိုခံစားချက်က ထပ်မံပေါ်ပေါက်လာပြီး အကြိမ်ရေလည်း တဖြည်းဖြည်း စိပ်လာသည်။ ဘာနဲ့တူသလဲဆိုတော့... ရေမှော်တွေနဲ့လား။ လီကျစ်ယွမ်သည် သူ နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရသည့် ရေမှော်နက်တွေကို ချက်ချင်းပင် တွေးမိသွားသည်၊ ဒါက... ဆံပင်တွေ ဖြစ်နေမလား။ အဆက်မပြတ် ပွတ်တိုက်သွားပြီး၊ ကြားထဲကနေ တိုးဝှေ့ကာ၊ သူ့လက်ချောင်းထိပ်ဖျားလေးများနှင့် လက်မောင်းအောက်ပိုင်းကို ပွတ်သပ်နေသည်၊ လက်ချောင်းလေးများကို ပိတ်လိုက်သည့်တိုင်အောင် သေးငယ်ပြီး မာကျောသော အထိအတွေ့ကို ဆုပ်ကိုင်ထားနိုင်စဲပင်။ ကြည့်ရတာ... တကယ်ပဲ ဆံပင်တွေနဲ့ တူလှသည်။
"ဖျတ်..."
လီကျစ်ယွမ်၏ မျက်လုံးများက ခဏမျှ ဝင်းခနဲ ဖြစ်သွားသည်၊ စောစောကတင် တစ်စုံတစ်ခုက သူ့လက်ဖဝါးကို အသာအယာ ပုတ်လိုက်သလို ခံစားလိုက်ရခြင်း ဖြစ်သည်၊ ဆံပင်၏ နူးညံ့သောအထိအတွေ့မျိုး မဟုတ်ဘဲ အခြားအရာတစ်ခု ဖြစ်သည်။ နေဦး... နေဦး... နေဦး...
"ဖျတ်..."
ဒုတိယအကြိမ် ပုတ်ခတ်မှု ရောက်ရှိလာပြန်သည်။ ဘာနဲ့ တူတာလဲ... တကယ်ပဲ ဘာနဲ့ တူနေတာပါလိမ့်။ လီကျစ်ယွမ်တစ်ယောက် စဉ်းစားတွေးတောနေမိပြီး၊ မိမိ၏ မှတ်ဉာဏ်ထဲတွင် ရှိသမျှ တူညီသော အရာဝတ္ထုများ၏ ပွတ်တိုက်တိုက်မိမှုများကို အတတ်နိုင်ဆုံး နှိုင်းယှဉ်ကြည့်ရန် ကြိုးစားနေတော့သည်။