အိမ်မက်ထဲကနန်တော်ကြီး
ဖယောင်းတိုင်မီးရောင်က လှုပ်ခတ်တုန်ယင်သွားပြီး လီဆန်းကျန်းက နှုတ်ခမ်းထဲကနေ တိုးတိုးတိတ်တိတ် ရွတ်ဖတ်ပူဇော်တော့သည်။ သူက နန်ထုန်းဒေသိယစကားနဲ့ ခပ်သွက်သွက် ရွတ်ဆိုနေခြင်းဖြစ်ရာ လီကျစ်ယွမ်တစ်ယောက် အသေအချာ နားစွင့်ထားသော်လည်း ဘာတစ်ခုမှ နားမလည်ခဲ့ပေ။ သို့သော်လည်း အဘိုးဆရာ ထမင်းစားပြီး ဝါးကုလားထိုင်ပေါ်မှာ လှဲလျောင်းရင်း ညည်းလေ့ရှိတဲ့ သီချင်းအေးအေးလေးတွေရဲ့ အသံနေအထားနဲ့ တော်တော်လေး တူသည်ဟု သူ ခံစားလိုက်ရသည်။
အတန်ကြာ ရွတ်ဖတ်ပြီးနောက် လီဆန်းကျန်းက နောက်ဆုံးတွင် ရပ်လိုက်သည်။ သူက နှုတ်ခမ်းကို တသသ လုပ်လိုက်ရာ အာခေါင်တွေ ခြောက်ကပ်နေ၍ ဖြစ်တန်ရာသည်၊ သို့သော်လည်း အစီအရင်ဝိုင်းထဲကနေ ထွက်ပြီး ရေသွားသောက်ဖို့ အဆင်ပြေတဲ့အချိန်မဟုတ်ပေ။ ထို့ကြောင့် သူက ချောင်းခြောက်တစ်ချက် ဟန့်လိုက်ပြီး အနောက်ဘက်သို့ လက်လှမ်းလိုက်သည်။ လက်ကို ပြန်ရုပ်သိမ်းလိုက်ချိန်တွင်တော့ သူ့လက်ထဲမှာ အင်းစာရွက်တစ်ရွက် ပါလာလေပြီ။ အဘိုးဆရာက ဘောင်းဘီတိုတစ်ထည်ပဲ ဝတ်ထားတာမို့ ထိုအင်းစာရွက်က ဘယ်နားကနေ ထွက်လာသလဲဆိုတာကို လီကျစ်ယွမ် အတော်လေး စိတ်ဝင်စားမိသွားသည်။
လီဆန်းကျန်းက ဖယောင်းတိုင်မီးနဲ့ အင်းစာရွက်ကို ရှို့လိုက်ပြီးနောက် လေထဲမှာ ဝေ့ယမ်းလိုက်သည်။
"ရှဲ..."
အင်းစာရွက်က သူ့လက်ကို မီးလောင်လုနီးပါး ဖြစ်သွားတဲ့အချိန်ကျမှ လီစန်းကျန်းက ထိုအင်းစာရွက်ကို သူ့ဇာတာနဲ့ လီကျစ်ယွမ်ရဲ့ ကြားထဲသို့ ရိုက်ချလိုက်တော့သည်။
"ဖြန်း..."
ချက်ချင်းဆိုသလိုပင် ဖယောင်းတိုင်အားလုံး ငြိမ်းသွားခဲ့ပြီး အခန်းထဲက လျှပ်စစ်မီးသီးကလည်း ခဏမျှ ဖျတ်ခနဲ လင်းကနဲ ဖြစ်သွားပြီးမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ လီကျစ်ယွမ်က ဘယ်ညာ ဝဲယာကို ကြည့်လိုက်ပြီးနောက် သူ့ကိုယ်မှာ ချည်နှောင်ထားတဲ့ ကြိုးနက်တွေကို ငုံ့ကြည့်မိရင်း— တကယ်ပဲ ပြီးသွားတာလား... ဘာမှလည်း ထူးထူးခြားခြား ဖြစ်မလာပါလား ဟု တွေးနေမိသည်။
"ကဲ... အားလုံး ပြီးပြီ"
လီဆန်းကျန်းက မတ်တတ်ရပ်ကာ လီကျစ်ယွမ်အနား တိုးလာပြီး၊ ကိုယ်ကို ငုံ့လိုက်ရင်း ကြိုးသုံးချောင်းရဲ့ ပိုနေတဲ့အပိုင်းတွေကို သွားနဲ့တစ်လှည့် လက်နဲ့တစ်လှည့် ဆွဲဖြတ်ပေးလိုက်သည်။ သို့သော်လည်း လီကျစ်ယွမ်ရဲ့ လည်ပင်း၊ လက်ကောက်ဝတ်နဲ့ ခြေကျင်းဝတ်တွေမှာတော့ ကြိုးကွင်းနက်လေးတွေ ကျန်ရစ်ခဲ့ဆဲပင်။
"ယွမ်ဟောက်လေး... ဒီညတော့ ဒီကြိုးအထုံးသုံးခုကို မဖြည်လိုက်နဲ့ဦးနော်။ ဒီအတိုင်းပဲ အိပ်လိုက်၊ မနက်ဖြန် မနက်စာစားပြီးမှ အဘိုး ဖြတ်ပေးမယ်"
"ဟုတ်ကဲ့ပါ အဘိုးဆရာ"
"အင်း... သွား အိပ်တော့"
"ကောင်းသောညပါ အဘိုးဆရာ"
"အေးအေး... ကောင်းသောညပါ"
လီကျစ်ယွမ် မတ်တတ်ရပ်ပြီး တံခါးဝနားအရောက်မှာပဲ အနောက်ကနေ "ဒုန်း" ဆိုတဲ့ အသံကြီး ထွက်လာသည်။ လှည့်ကြည့်လိုက်တော့ လီစန်းကျန်းက သူ့ခြေထောက်သူ ခလုတ်တိုက်ပြီး ကြမ်းပြင်ပေါ် မှောက်ရက်လဲနေတာကို တွေ့လိုက်ရသည်။ စောစောက သူ လီကျစ်ယွမ်အတွက် ကြိုးကို သွားနဲ့ ကိုက်ဖြတ်ပေးနေတုန်းက ဖြစ်ရမည်၊ သူ့ခြေကျင်းဝတ်က ကြိုးကို ကိုက်ဖြတ်ဖို့ ကြိုးစားရင်း အမှတ်မထင် လဲကျသွားခြင်း ဖြစ်နိုင်သည်။
လီဆန်းကျန်းက ခြေထောက်ကို ချိတ်လိုက်ပြီး လက်တစ်ဖက်နဲ့ ခေါင်းကို ထောက်ကာ အခြားလက်တစ်ဖက်ကိုတော့ လီကျစ်ယွမ်ဆီ ယမ်းပြရင်း— "သွားအိပ်တော့ လို့ ဆိုနေ" ဟု ပြောလေသည်။
"ဪ... ဟုတ်"
လီကျစ်ယွမ် သူ့အိပ်ခန်းထဲ ပြန်ရောက်ပြီး ကုတင်ပေါ်မှာ လှဲချလိုက်သည်။ စောစောကအထိ အိပ်ချင်စိတ် သိပ်မရှိခဲ့သော်လည်း လှဲလိုက်တာနဲ့ တပြိုင်နက် အိပ်ချင်စိတ်က ဒလဟော ပြိုဆင်းလာတော့သည်။ သူက စောင်ပါးလေးကို ဗိုက်ပေါ် ဆွဲခြုံလိုက်ပြီး ချက်ချင်းပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
ဘေးခန်းထဲတွင်မူ...
"အလုပ်ဖြစ်သွားတာပဲ မဟုတ်လား" လီဆန်းကျန်းက သူ့ဘာသာ တိုးတိုးရေရွတ်ရင်း— "သေချာပေါက် အလုပ်ဖြစ်တာပေါ့။ မီးသီးတောင် ဖျတ်ခနဲ လင်းသွားတာပဲ။ လျှပ်စစ်လိုင်း ချောင်နေတာတော့ မဖြစ်နိုင်ပါဘူး" ထို့နောက် လီစန်းကျန်းက ကြမ်းပြင်ပေါ် ပစ်ထားတဲ့ စာအုပ်ကို တစ်ချက် လှမ်းကြည့်မိပြီး သူ့ကိုယ်သူ ပြန်သံသယဝင်သွားကာ— "နေဦး... ဒီစာအုပ်ကို ရေးခဲ့တဲ့လူက အဲဒီခေတ်တုန်းက လျှပ်စစ်မီးသီးတွေကို မြင်ဖူးပါ့မလား"
မကြာခင်မှာပဲ လီဆန်းကျန်းက အခြားသက်သေတစ်ခုကို ရှာတွေ့သွားပြန်သည်— "ငါ ဘာတွေ လျှောက်တွေးနေတာလဲ။ ဖယောင်းတိုင်တွေအကုန် ငြိမ်းသွားတာပဲလေ။ သေချာပေါက် အလုပ်ဖြစ်တာပေါ့"
ထိုသို့ပြောပြီးနောက် လီဆန်းကျန်းက အကြောဆန့်လိုက်ပြီး ကုတင်ဆီ လျှောက်သွားကာ လှဲချလိုက်သည်။ "အို... ဒီနေ့တော့ တကယ် ပင်ပန်းသွားတာပဲ၊ အိပ်... အိပ်ဦးမှ" ဒီနေ့ သူ လုပ်ခဲ့ရတာတွေက နည်းတာမဟုတ်— လူသေကောင်တွေကို လမ်းပြရတာကနေ ပြန်လည်သိမ်းဆည်းရတာအထိ၊ ပြီးတော့ အစီအရင်မြေပုံကိုပါ ဆွဲရသေးသည်။ အသက်ကြီးပြီမို့ သူ တကယ် မခံနိုင်တော့ပေ။ ခေါင်းနဲ့ ခေါင်းအုံး ထိလိုက်တာနဲ့ တပြိုင်နက် ဟောက်သံတွေ ဆူညံစွာ ထွက်ပေါ်လာတော့သည်။
သို့သော်လည်း အိပ်ပျော်နေရင်း လီဆန်းကျန်းက တစ်ကိုယ်လုံး လူးလိမ့်ကာ စကားတွေ တောင်စဉ်ရေမရ ရေရွတ်နေပြီး မျက်ခုံးအစုံကလည်း တဖြည်းဖြည်း တွန့်ချိုးလာသည်။ သူ အိပ်မက်မက်နေခြင်း ဖြစ်သည်။
အိပ်မက်ထဲတွင်မူ... သူက ကျောက်စိမ်းဖြူ ကျောက်တုံးပလ္လင်တစ်ခုပေါ်မှာ ထိုင်နေပြီး၊ ဘေးပတ်ပတ်လည်တွင် မြင့်မားလှသော နန်းရင်ပြင်တံတိုင်းကြီးများနှင့် ခန့်ညားထည်ဝါသော နန်းဆောင်ကြီးများ ဝန်းရံလျက် ရှိနေသည်။ သူ့ရဲ့ အရှေ့ဘက် ညာစောင်းစောင်းမှာ တံခါးပေါက်တစ်ခု ရှိနေပြီး၊ ဘယ်ဘက်မှာတော့ ရေကန်ကြီးတစ်ခုနဲ့ နဂါးတံတားဆီသို့ ဦးတည်သွယ်တန်းနေသည့် ကျယ်ဝန်းလှသော ကွက်လပ်ကြီး ရှိနေသည်။
"တောက်... ဒါ နန်းတော်ကြီး မဟုတ်လား"
လီဆန်းကျန်းတစ်ယောက် ပေကျင်းကို တစ်ခါမှ မရောက်ဖူးသလို နန်းတော်ကြီးဆီလည်း မရောက်ဖူးခဲ့ပေ၊ သို့သော်လည်း ပြက္ခဒိန်တွေနဲ့ အပြင်က ရုပ်ရှင်ကားချပ်တွေပေါ်မှာတော့ မြင်ဖူးသည်။ ဒါက ဧကရာဇ်မင်းမြတ် နေထိုင်တဲ့နေရာ မဟုတ်လား။ ဟားဟား... အိပ်မက်ထဲမှာ ဒီလိုနေရာမျိုးကို မက်ရတာ တကယ် စိတ်ဝင်စားဖို့ကောင်းပေသည်။ လီဆန်းကျန်းက မသိစိတ်အရ အိတ်ကပ်ထဲက ဆေးလိပ်ကို လှမ်းနှိုက်လိုက်ပြီး တစ်ခါလောက် ရှို့သောက်ကြည့်ရမလားဟု တွေးမိသည်။ သို့သော်လည်း လက်ကို အောက်ချလိုက်တဲ့အချိန်မှာတော့ အမွေးပွပွ အရာတစ်ခုကို သွားစမ်းမိသည်။ ငုံ့ကြည့်လိုက်ရာ... သူ့ပေါင်ပေါ်မှာ ကြောင်ဝါကြီးတစ်ကောင် လှဲအိပ်နေတာကို တွေ့လိုက်ရသည်။ ထိုကြောင်ဝါကြီးက အိပ်ပျော်နေတုန်း အနှောင့်အယှက်ပေးခံလိုက်ရတာမို့ စိတ်ပျက်သွားပုံရပြီး မကျေမနပ်နဲ့ ဟိုဘက်လှည့်သွားသည်။
"ဖယ်စမ်း"
လီဆန်းကျန်းက အားမနာတမ်း ကြောင်ကို တွန်းဖယ်လိုက်သည်။ ကြောင်ဝါကြီးက ကြမ်းပြင်ပေါ် တစ်ပတ်လိမ့်သွားပြီးမှ မတ်တတ်ရပ်ကာ သူ့ကို မကျေမနပ်နဲ့ "မြောင်..." ဟု အော်လေသည်။ လီစန်းကျန်းက ဂရုမစိုက်ဘဲ သူ့ပေါင်ပေါ်က ကျန်နေတဲ့ ကြောင်မွေးတွေကို ခါထုတ်လိုက်ပြီး၊ ဆေးလိပ်ဗူးကို ပြန်ထုတ်ကာ မီးခြစ်နဲ့ တစ်ခွက် ရှို့လိုက်သည်။
အဲဒီအချိန်မှာပဲ အရှေ့ဘက် စောင်းစောင်းဆီကနေ "ကျိ... ကျွတ်..." ဆိုတဲ့ နန်းတော်တံခါးကြီး ပွင့်လာတဲ့အသံနဲ့အတူ လေးလံထိုင်းမှိုင်းတဲ့ ပွတ်တိုက်သံကြီး ထွက်ပေါ်လာသည်။ လီဆန်းကျန်းက ဆေးလိပ်ကို တစ်ချက် ဖွာလိုက်ရင်း— "ငါ မှတ်မိသလောက်တော့ နန်းတော်ကြီးထဲ ဝင်ဖို့ လက်မှတ်ဝယ်ရတယ် ထင်တယ်။ ခိုးဝင်မိလို့ အဖမ်းခံရမလား မသိဘူး" ထို့နောက် လီဆန်းကျန်းက သူ့ခေါင်းအနောက်ကို သူ ပြန်ရိုက်လိုက်မိပြီး— "ငါ အိပ်မက်မက်နေတာပဲ၊ တောက်... ဘယ်သူက လက်မှတ်တောင်းမှာလဲ"
ဆေးလိပ်ငွေ့ဝိုင်းလေးတွေကို လှပစွာ မှုတ်ထုတ်လိုက်ရင်း လီဆန်းကျန်းက ကျေနပ်အားရစွာ ပြုံးလိုက်မိသည်— "ဒါက တကယ့် အမြတ်ပဲ။ လူတွေက ပေကျင်းကို ရထားစီး၊ လက်မှတ်တွေဝယ်ပြီးမှ နန်းတော်ကြီးထဲ ဝင်ရတာ။ ငါကတော့ ဒီအိပ်မက်ထဲတင် လည်ပတ်လို့ ရပြီ"
နန်းတော်တံခါးကြီး ပွတ်တိုက်ပွင့်သွားတဲ့ အသံက နောက်ဆုံးတွင် ရပ်တန့်သွားသည်။ အရှေ့ဘက် တံခါးပေါက်သုံးခု အတွင်းဆီကနေ ခြေသံတွေ ပဲ့တင်ထွက်လာတော့သည်။
"ဒုန်း..."
"ဒုန်း..."
"ဒုန်း..."
ခြေလှမ်းတွေက လေးလံလှပြီး အချက်ကျကျ ညီညာလွန်းလှသည်။ လီဆန်းကျန်းက ကိုယ်ကို အနည်းငယ် ရှေ့သို့ ကိုင်းလိုက်ရင်း စူးစမ်းမိသည်— နန်းတော်ကြီးထဲမှာ လည်ပတ်ဖို့အတွက် တန်းစီပြီး စစ်ချီသလို လျှောက်ရတာလား
သို့သော်လည်း မကြာခင်မှာပဲ လီစန်းကျန်းတစ်ယောက် ကြက်သေ သေသွားခဲ့ရသည်၊ အကြောင်းကတော့ တံခါးပေါက်သုံးခုထဲကနေ ထွက်လာတာက ကမ္ဘာလှည့်ခရီးသည်တွေမဟုတ်ဘဲ... မွဲပြာခြောက်ကပ်ပြီး သွေးမရှိတဲ့ မျက်နှာတွေနဲ့၊ ချင်းမင်းဆက်ခေတ်က အရာရှိဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ လူတန်းကြီးသုံးတန်း ဖြစ်နေလို့ပင်။ သူတို့က ညီညာတဲ့ စနစ်တကျ အတိုင်း ခုန်ဆင်းလာကြခြင်း ဖြစ်သည်။
"ဒုန်း..."
"ဒုန်း..."
"ဒုန်း..."
လီဆန်းကျန်းရဲ့ လက်ထဲက ဆေးလိပ်က ဘယ်အချိန်ကတည်းက လွတ်ကျသွားမှန်းမသိ လွတ်ကျသွားခဲ့ပြီ။
ရုတ်တရက်ဆိုသလိုပင်... ထိုလူအားလုံးက ခြေလှမ်းတွေကို ရပ်လိုက်ကြပြီး တောင့်တောင့်ကြီး ဖြစ်သွားကြသည်။ နောက်တစ်စက္ကန့်မှာတော့... သူတို့အားလုံးက ဘယ်ဘက်သို့ ပြိုင်တူ လှည့်လာကြပြီး လီဆန်းကျန်းကို စိုက်ကြည့်လိုက်ကြလေတော့သည်။