ဘေးကင်းအောင်မွေးစားခြင်း
ဒါကို ကြားလိုက်ရတော့ လျိူကျင်ရှန်းတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး “ဆိုလိုတာက လူရှင်အတွက် ယတြာချေပေးမလို့လား” ဟု မေးလိုက်သည်။ ပုံမှန်အားဖြင့်တော့ လူရှင်အတွက် ယတြာချေပေးသည်ဟူ၍ မရှိပေ။ အကြောင်းမှာ နာရေးတစ်ခုတွင် ကွယ်လွန်သူအတွက် ပြုလုပ်ပေးသည့် အခမ်းအနားသည် အပုပ်အသိုး ဘေးရန်ကောင်များကို မောင်းထုတ်ရန်ဖြစ်ပြီး၊ အကယ်၍ လူရှင်တစ်ယောက်အတွက် ထိုသို့လုပ်ပေးပါက ထိုသူ၏ ကံဇာတာညံ့ဖျင်းမှုများကို မိမိဆီသို့ လွှဲပြောင်းယူသလို ဖြစ်သွားတတ်သောကြောင့် မည်သူမျှ မလုပ်ချင်ကြပေ။
“ရဟန်းဝတ်တယ်” ဆိုသည်မှာလည်း မိသားစုနှင့် ယာယီအဆက်အသွယ်ဖြတ်ပြီး သံသရာအထုံးအဖွဲ့ကို ဖြတ်တောက်လိုက်ခြင်းကို ဆိုလိုခြင်း ဖြစ်သော်လည်း အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် လူဝတ်လဲ၍ လူ့ဘောင်ထဲ ပြန်ဝင်နိုင်သည်။ တရုတ်နိုင်ငံ၏ ဝေးလံခေါင်ဖျားသော ဒေသများနှင့် အရှေ့တောင်အာရှတို့တွင် မိသားစုမှ ကလေးငယ်များကို ဘုန်းကြီးကျောင်းသို့ ခေတ္တပို့ထားပြီးမှ အိမ်ပြန်ခေါ်ကာ လူ့ဘဝကို ဆက်လက်ဖြတ်သန်းစေသည့် ရိုးရာဓလေ့တစ်ခု ရှိနေဆဲ ဖြစ်သည်။ ပြည်တွင်းဘက်တွင်မူ ထိုဓလေ့ကို ပိုမိုရိုးရှင်းအောင် ပြုလုပ်ပြီး ကလေးများအတွက် “မွေးစားမိဘ” ရှာပေးသည့် အလေ့အထမျိုး ရှိကြသည်။
လီဆန်းကျန်းက လျိူကျင်ရှန်းကို ကြည့်ကာ “ဖြစ်နိုင်မယ် ထင်လား” ဟု မေးလိုက်သည်။
လျိူကျင်ရှန်းက ခေါင်းညိတ်ရင်း “ဦးလေးက ဒီလောက်အထိ အရင်းအနှီးစိုက်ဖို့ ဆုံးဖြတ်ထားမှတော့ ဖြစ်နိုင်တာပေါ့” ဟု ပြန်ပြောသည်။
သူမသည် ဤလောကထဲသို့ ဘဝတစ်ဝက်ကျမှ ရောက်လာသူဖြစ်ပြီး အများစုကို မိမိဘာသာ စမ်းတဝါးဝါးဖြင့်သာ သင်ယူခဲ့ရခြင်း ဖြစ်သည်။ သို့သော် လွန်ခဲ့သောနှစ်များက လီဆန်းကျန်းထံမှ တကယ့်ပညာရပ်အစစ်အမှန်အချို့ကို သင်ယူရန် စဉ်းစားခဲ့ဖူးသည်။ ထိုသို့ မဖြစ်လာခဲ့ရခြင်းမှာ သူမအမြင်တွင် လီဆန်းကျန်းသည် အားကိုး၍မရဟု ထင်ခဲ့သောကြောင့် ဖြစ်သည်။ သူက ပညာမရှိဘူး ပြောရအောင်လည်း ဒုက္ခတစ်ခုခုနှင့် ကြုံရတိုင်း အမြဲတမ်း နည်းလမ်းတစ်ခုခု ရှာတွေ့တတ်ပြန်သည်။ သို့သော် ပညာရှိတယ် ပြောရအောင်ကျတော့လည်း ကိစ္စအတော်များများကို အမှားမှားအယွင်းယွင်းနှင့် ဗရမ်းဗတာဖြစ်အောင် လုပ်ပြီးမှ ကံသီလို့ လွတ်သွားတတ်သည်၊ ယခုတစ်ကြိမ်လိုမျိုးပေါ့။
သို့သော် လျိူကျင်ရှန်းသေချာပေါက် သိထားသည့် အချက်တစ်ချက်မှာမူ ဤအဖိုးကြီးတွင် ပြောမပြတတ်သော ထူးခြားချက်တစ်ခု ရှိနေခြင်းပင် ဖြစ်သည်။ သူမ ဒီအိမ်သို့ စတင်အိမ်ထောင်ကျစဉ်က ယောက္ခမဖြစ်သူက လီဆန်းကျန်းသည် သမ္မတနိုင်ငံခေတ်က သုံးကြိမ်တိုင်တိုင် စစ်ထဲသို့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရဖူးကြောင်း ပြောပြခဲ့သည်။ သူနှင့်အတူ ဖမ်းဆီးခံရသူအားလုံး အစအနမကျန် ပျောက်ကွယ်သွားခဲ့သော်လည်း သူတစ်ဦးတည်းသာ အနာအဆာမရှိ အိမ်သို့ အမြဲတမ်း ပြန်ရောက်လာနိုင်ခဲ့သည်။ အမင်္ဂလာဖြစ်ရပ်များကို ကိုင်တွယ်ဖြေရှင်းနေရသော်လည်း သူသည် ရောဂါဘယ ကင်းဝေးပြီး ဘေးဒုက္ခများနှင့် ဝေးကွာခဲ့သည်။ သူ့ကို အထီးကျန်လူပျိုကြီးဟု ခေါ်ရန်ပင် မဆီလျော်လှပေ။ အကြောင်းမှာ သူမနှင့်မတူဘဲ သူသည် မည်သည့်အခါမျှ အိမ်ထောင်မပြုခဲ့ဘဲ အမြဲတမ်း စိုးရိမ်ပူပန်မှုကင်းကာ အေးအေးလူလူ နေထိုင်တတ်သောကြောင့် ဖြစ်သည်။ သူ အသက်မရှိတော့ဘဲ သေဆုံးသွားနိုင်သည့် အကြောင်းပြချက်များစွာ ရှိခဲ့သော်လည်း သူသည် အလွန် ကျန်းမာသန်စွမ်းပြီး အသက်ရှည်နေဆဲ ဖြစ်သည်။ လျိူကျင်ရှန်းသည် သူထက် တစ်ဆက်စာမျှ ငယ်သော်လည်း သူမက သူ့ထက် အရင် သေသွားနိုင်သည်ဟုပင် ခံစားနေရသည်။
ဤလူရှင်ယတြာချေပြီး ကံဆိုးမှုများကို လွှဲပြောင်းယူခြင်းသည် ထိုဒဏ်ကို ခံနိုင်ရည်ရှိမည့် ကံဇာတာ ရှိ၊ မရှိ ပေါ်တွင်သာ မူတည်ပြီး၊ လီဆန်းကျန်းတွင် ထိုသို့သော ကံဇာတာမျိုး ရှိနေသည်မှာ အမှန်ပင် ဖြစ်ရုံတင်မက လျှံပယ်နေဆဲလည်း ဖြစ်သည်။
လီဆန်းကျန်းက မတ်တတ်ထရပ်ကာ မြေကြီးပေါ်တွင် စီးကရက်တိုကို နင်းခြေငြှိမ်းသတ်ပြီး ထွက်ခွာရန် ပြင်လိုက်စဉ် လျိူကျင်ရှန်းက လှမ်းတားလိုက်သည်– “နေပါဦး ဦးလေးဆန်းကျန်း။”
“ဟင်?”
“ဦးလေးဆန်းကျန်း၊ စောစောက ကျွန်မ သားဖြစ်သူရဲ့ အခြေအနေကို ပူပန်လွန်းလို့ စကားတွေ ကြမ်းသွားမိတယ်။ တောင်းပန်ပါတယ်ရှင့်။”
လီဆန်းကျန်းက လျိူကျင်ရှန်းကို တစ်ချက်ကြည့်ပြီး “ပြောစရာရှိတာ မြန်မြန်ပြောစမ်းပါ” ဟု ဆိုလိုက်သည်။
လျိူကျင်ရှန်းက အတင်းပြုံးပြရင်း “ဦးလေးလည်း လုပ်ပေးဖို့ စဉ်းစားထားပြီးပြီပဲ၊ ကလေးတစ်ယောက်အတွက် ယတြာချေတာပဲဖြစ်ဖြစ် နှစ်ယောက်အတွက်ပဲဖြစ်ဖြစ် အတူတူပါပဲ။ ကျွန်မရဲ့ သားလေး ဆွေဟောက်ကိုလည်း ယွမ်ဟောက်လေးဆီ ပို့ပေးပြီး အဖော်လုပ်ခိုင်းမလို့၊ ဘယ်လိုလဲ ဦးလေး” ဟု ဆိုသည်။
“တကယ်ပဲ အပိုတွေ လျှောက်ပြောနေတာ” လီဆန်းကျန်းသည် လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။
ယွမ်ဟောက်လေးအတွက် ယတြာချေပေးခြင်းက သူ့တာဝန်လည်းဖြစ်သလို ဟန်ဟောက် အသက်ကြီးလာလျှင် သူ့ကို လုပ်ကျွေးပြုစုနိုင်ရန်အတွက်လည်း ဖြစ်သည်။ သူသည် တစ်သက်လုံး အပူအပင်မရှိ နေထိုင်လာခဲ့သူဖြစ်ပြီး၊ အသက်ကြီးလာချိန်တွင် မိမိဘဝ၏ ကံအနည်းငယ်ကို ပေးဆပ်ကာ ဒါကို အာမခံချက်ယူခြင်းက ဘာမှ မရှုံးပေ။ မိမိတို့၏ သားသမီးများအတွက် ဘဝတစ်ဝက်နီးပါးကို ပေးဆပ်ပြုစုနေရသည့် အခြားလူကြီးများနှင့် ယှဉ်လျှင် အများကြီး ပိုတန်သေးသည်။ သို့သော် လျူရှာဇီအိမ်စုအတွက်ပါ ယတြာချေပေးဖို့ကျတော့ လီဆန်းကျန်းက အကယ်၍ သူ ယနေ့ ထိုသို့လုပ်ပေးလိုက်လျှင် မနက်ဖြန် သေဖို့သာ ပြင်ထားရမည်ဟု ခံစားမိသည်။
“ယွမ်ဟောက်လေး၊ လာ... အဘိုးကြီးက မင်းကို အိမ်ပြန်ခေါ်သွားမယ်။”
“လာပြီ အဘိုးကြီး။”
လီဆန်းကျန်းက လီကျစ်ယွမ်၏ လက်ကိုဆွဲကာ လျိူကျင်ရှန်း၏ အိမ်မှ ထွက်လာခဲ့သည်။ လမ်းတွင် သူက “ယွမ်ဟောက်လေး၊ အဘိုးကြီးက မင်းနဲ့ ကိစ္စတစ်ခု တိုင်ပင်ချင်လို့” ဟု ပြောလိုက်သည်။
“အဘိုးကြီး ပြောပါဗျ။”
“မင်းတို့အိမ်မှာ အခု ကလေးတွေ အရမ်းများပြီး ကျပ်ညပ်နေတယ်၊ အိပ်ဖို့နေရာတောင် ရှိတာမဟုတ်ဘူး။ အဘိုးကြီးအိမ်က ကျယ်လည်းကျယ်တယ်၊ ပြီးတော့ တစ်ယောက်တည်း နေရတာ ပျင်းစရာကြီး။ မင်း အဘိုးကြီးအိမ်မှာ ခေတ္တလာနေပြီး အဖော်လုပ်ပေးမလား၊ အဆင်ပြေပါ့မလား။”
“အဘိုးကြီး...”
“ဟင်?”
“ကျွန်တော့်မှာ တစ်ခုခု ဖြစ်နေလို့လား။”
“အဲ...”
ဒီနေ့မှပဲ လီဆန်းကျန်းတစ်ယောက် ကလေးက အရမ်းဉာဏ်ကောင်းလွန်းလျှင်လည်း ပြဿနာဖြစ်နိုင်ကြောင်း သဘောပေါက်သွားတော့သည်၊ “စိတ်ချပါ ယွမ်ဟောက်လေး။ မင်းကို ဒုက္ခပေးနေတဲ့ အရာမှန်သမျှကို အဘိုးကြီးက ဖြေရှင်းပေးမှာပါ။ ကြောက်စရာမလိုဘူး။”
“ရပါတယ် အဘိုးကြီး၊ ကျွန်တော် နေသားကျသွားမှာပါ။”
“ဟဲ့... မြန်မြန် တံတွေးထွေးလိုက်စမ်း။ အဲဒါက နေသားကျရမယ့် အရာမဟုတ်ဘူး။”
“ပလူး... ပလူး... ပလူး။”
...
လီကျစ်ယွမ်ကို လီဆန်းကျန်းက ပြန်ခေါ်လာချိန်တွင် ယိန်းဇီသည် ရေကာတာပေါ်၌ သူမ၏ ညီမငယ်နှစ်ယောက်နှင့်အတူ သားရေကွင်းခုန်တမ်း ကစားနေသည်။ လေးမီတာခန့် ကွာဝေးသော ခုံတန်းရှည်နှစ်ခုကို တစ်ဖက်တစ်ချက်စီတွင် ကန့်လန့်ဖြတ် ချထားပြီး ခုံခြေထောက်များတွင် သားရေကွင်းများကို စွပ်ထားသည်။
“ဘောလုံးလေး၊ မွှေးကြိုင်တဲ့ ငှက်ပျောသီး သစ်တော်သီး၊ ကန္နားစိမ်းပန်းက နှစ်ဆယ့်တစ်ပွင့် ပွင့်တယ်။ နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်၊ နှစ်ဆယ့်ခွန်၊ နှစ်ဆယ့်ရှစ်၊ နှစ်ဆယ့်ကိုး၊ သုံးဆယ့်တစ်...”
“ယွမ်ဟောက်လေး၊ မင်းရဲ့ အဘိုးနဲ့ အဘွား ပြန်ရောက်ပြီလား” လီဆန်းကျန်းက လှမ်းမေးလိုက်သည်။
“အာ... အဘိုးကြီး၊ ယွမ်ဇီ” သူတို့က လူတွေကို သတိထားမိသွားပြီး “အဘိုး... အဘွား အခုတင်ပဲ ပြန်ရောက်တယ်” ဟု ပြန်ဖြေသည်။
“ကောင်းပြီ။” လီဆန်းကျန်းက လီကျစ်ယွမ်၏ လက်ကို လွှတ်ပေးလိုက်ပြီး အိမ်ထဲသို့ လှမ်းဝင်သွားရာ လီဝေဟန်နှင့် ဆွန်းကွေရင်တို့ကို တွေ့လိုက်ရသည်။ အဖိုးအိုလင်မယားသည် လီဆန်းကျန်းက “အစီရင်ခံစာ” ကိစ္စအတွက် လာသည်ဟု ထင်မှတ်ကာ အလျင်အမြန်ပင် အကျိုးအကြောင်း ပြောပြကြသည်။
နားထောင်ပြီးနောက် လီဆန်းကျန်းက စိတ်အေးသွားဟန်ဖြင့် ခေါင်းညိတ်ကာ “ကောင်းပြီ၊ မုတ်ဆိတ်ကြီးအိမ်က ကိစ္စကတော့ ပြီးသွားပါပြီ။ နောက်ထပ် ပတ်သက်မှုတွေ ရှိလာတော့မှာ မဟုတ်ဘူးလို့ ထင်တာပဲ” ဟု ပြောလိုက်သည်။
လီဝေဟန်က စိုးရိမ်တကြီးဖြင့် “ဦးလေး၊ ဝရွှေဝါငှက်မလေးကို ဖြေရှင်းလိုက်ပြီလား” ဟု မေးသည်။
လီဆန်းကျန်း၏ မျက်ခွံများ တွန့်သွားသည်၊ ဖြေရှင်းလိုက်ပြီ ဆိုတာက ဘယ်လိုလဲ? သူက ပေါက်တူးတစ်ချောင်းယူပြီး မုတ်ဆိတ်ကြီးရဲ့ ငါးကန်အောက်ခြေကို တူးဆွကာ သူမ ရှိသေးလားလို့ လှမ်းအော်မေးရမှာလား။ ယုတ္တိဗေဒအရ ပြောရလျှင် လတ်လတ်ဆတ်ဆတ် သေဆုံးသွားသော အလောင်းက ဤမျှအထိ ရက်စက်ကြမ်းကြုတ်နိုင်စရာ အကြောင်းမရှိပေ။ ကုန်းပေါ်အထိ တက်လာပြီး သူတို့အိမ်အထိ လိုက်လံရန်ပြုနိုင်ခြင်းကပင် စဉ်းစား၍မရနိုင်လောက်အောင် ထူးဆန်းလွန်းနေပြီ ဖြစ်သည်။ သို့သော် ရွှေဝါငှက်မလေးသည် သူမ၏ ကလဲ့စားချေမှု ပြီးဆုံးသွားပြီးနောက် ပျော်ဝင်ကွယ်ပျောက်သွားပြီလား သို့မဟုတ် ငါးကန်ထဲတွင် ပုန်းအောင်းနေဆဲဖြစ်ပြီး မုတ်ဆိတ်ကြီး၏ အိမ်ဟောင်းကို သရဲတစ္ဆေအဖြစ် စောင့်ကြည့်နေဆဲလား ဆိုသည်ကိုမူ လီဆန်းကျန်းက လိုက်လံစုံစမ်းရန် စိတ်မကူးတော့ပေ။
“သူ မင်းတို့မိသားစုဆီ နောက်ထပ် လာတော့မှာ မဟုတ်ဘူး။ ရက်စွဲတွေကို မှတ်ထားပြီး နောက်နှစ်ကျရင် သူ့အတွက် အမျှဝေတဲ့ အခမ်းအနားလေးတစ်ခု လုပ်ပေးလိုက်ပါ။ ရိုးရိုးရှင်းရှင်းလေး လုပ်ပေးရင် ရပါပြီ။”
“ဟုတ်ကဲ့ ဦးလေး၊ ကျွန်တော်တို့ မှတ်ထားပါ့မယ်။”
“အင်း... ဒါပေမဲ့ မင်းတို့နဲ့ တိုင်ပင်စရာ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။” လီဆန်းကျန်းက လီကျစ်ယွမ်နှင့် ပတ်သက်သည့် ပြဿနာများကို ပြောပြသော်လည်း မိမိ၏ အမှားအယွင်းကိုမူ ချန်လှပ်ထားခဲ့သည်၊ အရှက်ကွဲခံစရာ မလိုဟု တွေးမိသောကြောင့် ဖြစ်သည်။
ဒါကို ကြားလိုက်ရတော့ ဆွန်းကွေရင်၏ နှုတ်ခမ်းများက ဖြူလျော်သွားပြီး ကြောက်လန့်တကြားဖြင့် “ဘုရားရေ... ဒါတွေက ဘယ်တော့မှ ပြီးမှာလဲ” ဟု ညည်းတွားလိုက်သည်။
လီဝေဟန်က ပို၍ တည်ငြိမ်ပြီး သူ၏ ဇနီးအား “အန္တရာယ်အရှိဆုံး အတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့ပြီပဲ၊ ဒါက ဘာမှမဟုတ်ပါဘူး။ ဦးလေးမှာ နည်းလမ်းရှိတယ်မဟုတ်လား။ သူ အကြံပြုတဲ့အတိုင်းပဲ လုပ်ကြစို့။ သွား... ယွမ်ဟောက်လေးအတွက် အဝတ်အစားနဲ့ အထုပ်အပိုးတွေ သွားပြင်လိုက်ဦး” ဟု ပြောလိုက်သည်။
လီဆန်းကျန်းက လက်ယမ်းပြရင်း “ငါ့အိမ်မှာ နေရတာက ထောင်ကျနေတာနဲ့ မတူပါဘူး။ လာလည်လို့ ရပါတယ်။ သူ့ပစ္စည်းတွေကို မနက်ဖြန်ကျမှ ယူလာခဲ့ပါ။ သိပ်မကြာပါဘူး၊ အလွန်ဆုံး လဝက်လောက်ပါပဲ။ ဒါက ငါ့အတွက် ကလေးတစ်ယောက်နဲ့ အချိန်ကုန်ခွင့်ရပြီး အဘိုးတစ်ယောက်ရဲ့ အရသာကို ခံစားခွင့်ရတာပေါ့၊ ဟဲဟဲ” ဟု ဆိုသည်။
လီဆန်းကျန်း၏ ပေါ့ပေါ့ပါးပါး ပြောဆိုသံကြောင့် ဆွန်းကွေရင်၏ စိတ်မှာ အတော်လေး တည်ငြိမ်သွားသည်။ သူမက မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်ရင်း “ဦးလေးဆန်းကျန်းကို တကယ်ပဲ အားနာရပါတယ်ရှင်” ဟု ပြောလိုက်သည်။
“အာ... အဲလိုမပြောပါနဲ့၊ ငါတို့က မိသားစုတွေပဲဟာ။ ကဲ... စားပွဲတစ်လုံး ပြင်လိုက်၊ ဖယောင်းတိုင်တွေ ထွန်း၊ ဂျုံအရက် သုံးခွက် ငှဲ့လိုက်ဦး။ ပုံစံလေးတင် လုပ်ပြီး အိမ်ကနေ ထွက်ခွာတဲ့ ယတြာလေး လုပ်လိုက်ရအောင်။”
ယတြာက ရိုးရှင်းပါသည်။ ရေကာတာ ဧရိယာတွင် စားပွဲတစ်လုံးကို ဖယောင်းတိုင်များ ထွန်းညှိ၍ ချထားသည်။ လီဆန်းကျန်းက ပါးစပ်မှ စာနာဂါထာအချို့ကို ရွတ်ဖတ်ရင်း လီကျစ်ယွမ်ကို ခေါ်ကာ စားပွဲကို သုံးပတ် လှည့်ပတ်စေသည်။ နောက်ဆုံးတွင် သူက လီကျစ်ယွမ်ကို ဂျုံအရက်သုံးခွက်ကို တစ်ခွက်ပြီးတစ်ခွက် မခိုင်းလိုက်သည်– တစ်ခွက်ကို ကောင်းကင်သို့ ပက်ဖျန်းစေပြီး၊ တစ်ခွက်ကို မိမိကိုယ်ပေါ်သို့ လောင်းချစေကာ၊ နောက်ဆုံးတစ်ခွက်ကို အိမ်ထဲတွင် မတ်တတ်ရပ်နေသော သူ၏ မိသားစုရှိရာ ဘက်သို့ ပက်ဖျန်းစေသည်။
ဤယတြာအတွင်း အရေးကြီးဆုံး အသေးစိတ်အချက်မှာ လီဝေဟန်၊ ဆွန်းကွေရင်နှင့် ၎င်းတို့၏ မောင်နှမများ အားလုံးသည် အိမ်တံခါးအုပ်ခုံအတွင်း၌သာ မတ်တတ်ရပ်နေရပြီး၊ အပြင်သို့ ထွက်လာခြင်း သို့မဟုတ် အနှောင့်အယှက်ဖြစ်စေမည့် မည်သည့်အသံမျှ မပြုလုပ်ရခြင်းပင် ဖြစ်သည်။
ယတြာ ပြီးဆုံးသွားသောအခါ–
“ကဲ... ယွမ်ဟောက်လေး၊ မနက်ဖြန်မှ တွေ့ကြမယ်။” လီဆန်းကျန်းက လက်ပြလိုက်ရင်း “ငါ ကလေးကို အိမ်ခေါ်သွားတော့မယ်” ဟု ဆိုသည်။
ပြောပြီးသည်နှင့် လီဆန်းကျန်းက လီကျစ်ယွမ်ကို ကျောပိုးကာ ရေကာတာ၏ တစ်ဖက်သို့ လျှောက်လှမ်းသွားတော့သည်။ ကျောပိုးခံထားရသော လီကျစ်ယွမ်သည် သူ၏ ကိုယ်ကို လှည့်ကာ ပြုံးလျက်ပင် သူ၏ မိသားစုကို လက်ပြနှုတ်ဆက်နေခဲ့သည်၊ ဆွေမျိုးအိမ်သို့ ခေတ္တလည်ပတ်ရန် သွားနေသည့်အလား။
တံခါးခုံအတွင်း၌မူ လီဝေဟန်က ဆွန်းကွေရင်၏ ပခုံးကို ဖက်ထားရင်း ၎င်းတို့၏ မြေးငယ်လေးကို မျက်တောင်မခတ် တမ်းတမ်းတတ ကြည့်နေကြသည်။ ဖန်ဇီ၊ လေဇီ၊ ဟုဇီ နှင့် ရှစ်ထို တို့သည် ငြိမ်ငြိမ်နေရန် အမိန့်ပေးခံထားရသော်လည်း ၎င်းတို့၏ ပါးစပ်များကို လက်ဖြင့်ပိတ်ကာ အဘိုးနှင့် အဘွား၏ နောက်ကွယ်မှ ခေါင်းလေးများ ပြူးထွက်၍ လှမ်းကြည့်နေကြသည်။
ထိုအချိန်တွင် နေမင်းသည် အနောက်ဘက်သို့ ဝင်လုဆဲဆဲ ဖြစ်နေပြီး နွေးထွေးသော လိမ္မော်ရောင် အလင်းတန်းများသည် အရာအားလုံးပေါ်သို့ ဖြာကျကာ ဤမြင်ကွင်းကို ညင်သာသော အငွေ့အသက်များဖြင့် လွှမ်းခြုံထားသည်။
လီကျစ်ယွမ်၏ နှလုံးသားထဲတွင် ရုတ်တရက် ဝေဝါးသော ခံစားချက်တစ်ခု ဝင်ရောက်လာပြီး ဤအခိုက်အတန့်သည် သူ၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာတွင် ထာဝရ ကိန်းအောင်းနေကာ အနာဂတ်တွင် မကြာခဏ ပြန်လည်အမှတ်ရနေလိမ့်မည်ဟု ခပ်ရေးရေး ခံစားလိုက်ရသည်။
အတိတ်က... ဟောင်းနွမ်းပြီး ဝါကျင့်ကျင့် ဖြစ်နေသော ဓာတ်ပုံဟောင်းတစ်ပုံကို ပြန်လည်လှန်လှော ကြည့်ရှုနေရသကဲ့သို့ပင်။