နိုးထခက်ခဲသောအိမ်မက်ရန်
"ဂျင်အစ်ကို... အဆင်ပြေရဲ့လား။"
"ရုန်းအာ... ကိုယ်ဘာမှမဖြစ်ပါဘူး။"
"ဟွန်း... အော်ရန်ဖုန်း၊ ရှင်ဟာလေ..."
နွေရာသီနဲ့ ဆောင်းရာသီ ကျောင်းပိတ်ရက်တိုင်းမှာ တီဗီဖန်သားပြင်ထက် ရိုးအီမသွားဘဲ အမြဲတမ်း ပြန်လည်ပြသလေ့ရှိတာကတော့ "မြှားပစ်သူရဲကောင်းလုပ်ရပ်မှတ်တမ်း" ဇာတ်လမ်းတွဲပင်။ သူတို့နှစ်ယောက် ကုတင်ပေါ်မှာ ထိုင်ပြီး ခဏတာ တီဗီကြည့်နေရင်း လီကျစ်ယွမ် ရုတ်တရက် အိပ်ငိုက်လာခဲ့သည်။ မနေ့ညကတည်းက သူ တစ်ရေးမှမအိပ်ရသေးချေ။ အစပိုင်းက စိတ်သောက ရောက်လွန်းသဖြင့် အိပ်မပျော်နိုင်ခဲ့သော်လည်း ယခုအခါ စိတ်ခံစားချက်များ ငြိမ်သက်သွားပြီဖြစ်၍ ပင်ပန်းနွမ်းနယ်မှုများက လှိုင်းလုံးကြီးပမာ ချက်ချင်း အရှိန်အဟုန်ဖြင့် လွှမ်းမိုးလာတော့သည်။
လွှမ်းမိုးလာသော အိပ်စက်ခြင်းလှိုင်းတံပိုးကြောင့် လီကျစ်ယွမ် တီဗီ ဆက်မကြည့်ချင်တော့ဟု ခြူးခြူးက အထင်မှားသွားကာ ကုတင်ပေါ်က ဆင်းသွားသည်။ ထို့နောက် သူမအခန်းထဲရှိ အရုပ်မျိုးစုံ၊ ကစားစရာများနှင့် ရုပ်ပြစာအုပ်များကို သူ့အား လိုက်လံပြသတော့သည်။ အလွန်အမင်း အိပ်ငိုက်နေသော်လည်း လီကျစ်ယွမ်သည် သူမကို စိုက်ကြည့်ပေးရင်း ထိုကစားစရာလေးများအကြောင်း မိတ်ဆက်ပေးသမျှကို အားယူကာ တုံ့ပြန်ပေးနေရှာသည်။
မိန်းကလေးငယ်လေးမှာမူ မိမိအကြိုက်ဆုံးအရာများကို မျှဝေပြသရသည့် ပျော်ရွှင်မှုထဲတွင် နစ်မျောနေသော်လည်း မကြာမီမှာပင် တစ်ဖက်မှ ဘာတုံ့ပြန်သံမျှ မကြားရတော့သည်ကို သတိပြုမိသွားသည်။ သူမ ခေါင်းလှည့်၍ ကုတင်ဆီသို့ ကြည့်လိုက်သောအခါ လီကျစ်ယွမ်မှာ ကုတင်စောင်းကို မှီလျက် အိပ်ပျော်သွားချေပြီ။
ခြူးခြူးသည် ချက်ချင်းပင် စကားပြောသံကို ရပ်တန့်လိုက်ပြီး ခြေဖွဖွနင်းကာ လျှောက်သွားသည်။ ထို့နောက် လီကျစ်ယွမ်ကို ကုတင်ပေါ်တွင် သေသေချာချာ အိပ်စက်နိုင်ရန် ပြင်ဆင်ပေးပြီး နွေရာသီမှာ ခြုံလေ့ရှိသည့် စောင်ပါးလေးကို ခေါက်ကာ လီကျစ်ယွမ်၏ ဗိုက်ပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။ ၎င်းနောက် လျှပ်စစ်ပန်ကာကို သူ့ဘက်သို့ တိုးပေးကာ ပန်ကာနောက်ကျောရှိ ခလုတ်လေးကို နှိပ်လိုက်ရာ ပန်ကာမှာ ဘယ်ပြန်ညာပြန် လည်ပတ်သွားတော့သည်။
ဒီအရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူမသည် ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ကုတင်ဘေးမှာ ထိုင်လိုက်သည်။ လက်နှစ်ဖက်ဖြင့် မေးထောက်ရင်း လီကျစ်ယွမ် အိပ်ပျော်နေသည်ကို ငေးကြည့်နေမိသည်။ အတန်ကြာ ငေးကြည့်နေပြီးနောက် သူမက ခိုးပြုံးလိုက်ရာ နားရွက်ကလေးများပင် နီရဲသွားတော့သည်။ သူမ မျက်နှာကို တခြားဘက်သို့ လွှဲလိုက်သော်လည်း ခေတ္တမျှကြာလျှင် သူ့ကို ဆက်၍ မကြည့်ဘဲ မနေနိုင်ပြန်ချေ။
ဤသို့ဖြင့် အချိန်တို့သည် သတိမထားမိဘဲ ကုန်ဆုံးသွားခဲ့သည်။
"ယွမ်ဟောက်လေး... ယွမ်ဟောက်လေးရေ... ယွမ်ဟောက်လေးကို ထမင်းစားဖို့ ခေါ်ခဲ့ဦးလေ" ဟု လီကျူးရှန်၏ လှမ်းခေါ်သံက အောက်ထပ်မှ ထွက်ပေါ်လာသည်။
ခြူးခြူးချက်ချင်းပင် အောက်ထပ်သို့ ပြေးဆင်းသွားပြီး လီကျူးရှန်ကို ပြောလိုက်သည်။ "မေမေ... ယွမ်ဟောက်အစ်ကို အိပ်ပျော်နေတယ်။"
"ဒါဆိုရင် သမီးပဲ အရင်စားနှင့်လိုက်လေ၊ အမေတို့ သူ့အတွက် ထမင်းချန်ထားပေးမယ်။"
"ဟင့်အင်း... သမီး မဆာသေးဘူး၊ ယွမ်ဟောက်အစ်ကို နိုးလာမှ အတူတူ စောင့်စားချင်လို့။"
ကျေးလက်တောရွာများတွင် အလိုက်သိတတ်သော မိဘအများစုသည် ထမင်းစားချိန်နီးကပ်လာလျှင် မိမိတို့ကလေးများကို အပြင်ထွက်၍ သူငယ်ချင်းများနှင့် ဆော့ကစားခြင်းကို တားမြစ်လေ့ရှိကြသည်။ သူတစ်ပါးအိမ်၌ ထမင်းစားပွဲသို့ ဖိတ်ခေါ်ခံရပြီး တမင်တကာ အခွင့်ကောင်းယူ စားသောက်သည်ဟု အထင်ခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သို့သော် တစ်ခါတရံတွင် ရှောင်လွှဲမရဘဲ ထမင်းစားပွဲသို့ သဘာဝကျကျ ရောက်ရှိသွားတတ်ကြသည်လည်း ရှိသည်။ ဆွန်းကွေရင်ကမူ ထိုသို့သော အရေးအရာများကို တစ်ခါမျှ မကြုံဖူးချေ။ သူမသည် လီကျစ်ယွမ် နိုးလာသည်အထိ စိတ်ကြည်လင်စွာဖြင့် စောင့်ဆိုင်းကာ အတူတူ ထမင်းစားလိုရုံသာ ဖြစ်သည်။
လီကျူးရှန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး ဧည့်ခန်းထဲသို့ သွားကာ မိခင်ဖြစ်သူနှင့် ဖဲရိုက်ဖော်များကို နေ့လယ်စာ စားရန် သွားရောက်ခေါ်ယူတော့သည်။
ခြူးခြူးက အပေါ်ထပ်သို့ ပြန်ပြေးတက်လာကာ မိမိနေရာတွင် ပြန်ထိုင်ရင်း လီကျစ်ယွမ်ကို ဆက်၍ ငေးကြည့်နေမိသည်။ "ဟင်?"
ဆွန်းကွေရင်သည် အနည်းငယ် ဇဝေဇဝါဖြစ်ကာ အနားသို့ တိုးကပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ယွမ်ဟောက်အစ်ကို၏ မျက်ခုံးအစုံက တွန့်ချိုးနေသည်ကို သူမ သတိပြုမိလိုက်၍ ဖြစ်သည်။ "သူ အိပ်မက်မက်နေတာလား..."
...
"အဖွား... သမီး ယွမ်ဟောက်အစ်ကိုခေါ်ပြီး လာဆော့တာ။"
"အေးအေး... ဆော့ကြဆော့ကြ။ ဖုန်း!"
လီကျစ်ယွမ်သည် မိမိရှေ့တွင် မတ်တတ်ရပ်နေသော ဆွန်းကွေရင်ကို တစ်လှည့်၊ ဧည့်ခန်းထဲတွင် အပေါင်းအဖော် သုံးဦးနှင့် ဖဲရိုက်နေသော လျိုကျိန်းရှားကို တစ်လှည့် ကြည့်လိုက်ရင်း မိမိကိုယ်မိမိ အိပ်မက်မက်နေသည်ကို သိလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင်ရှိ မြင်ကွင်းများသည် လက်တွေ့နှင့် အလွန်အမင်း ကွာဟနေပြီး သူမြင်သမျှ အရာအားလုံးက အဖြူအမဲ အရိပ်အယောင်များသာ ဖြစ်နေသောကြောင့်ပင်။ လူများနှင့် အရာဝတ္ထုအားလုံးသည် မီးသွေးခဲဖြင့် အကြမ်းဖျင်း ခြစ်ဆွဲထားသည့် ရုပ်ပုံများအလား ရှိနေသည်။ လူနှင့် အရာဝတ္ထုများ၏ ပုံသဏ္ဌာန်ကို ခွဲခြားသိသာနိုင်သော်လည်း ၎င်းတို့သည် အနည်းငယ် ဝေဝါးကာ ပုံပျက်ပန်းပျက် ဖြစ်နေပြီး ကြမ်းတမ်းလှသော လိုင်းကြောင်းများသည် အမှောင်ထု၏ မရေရာမှုကို ဆောင်ကျဉ်းနေသည်။
လီကျစ်ယွမ် မိမိကိုယ်ကိုယ် ငုံ့ကြည့်လိုက်ရာ မိမိမှာမူ ပုံမှန်အတိုင်း ဖြစ်နေသော်လည်း အိပ်မက်ထဲရှိ အခြားလူများနှင့် အရာဝတ္ထုအားလုံးက ပုံမှန်မဟုတ်သည်ကို တွေ့လိုက်ရသည်။ ဤအခြေအနေက သူ့အား မိခင်ဖြစ်သူ၏ စာကြည့်ခန်းထဲရှိ ပုံဆွဲစက္ကူများအကြောင်း သတိရစေသည်။ အဖြူရောင် နောက်ခံပေါ်တွင် မီးသွေးရာများ ထင်ကျန်နေသည့် ပုံစံမျိုးပင် ဖြစ်သည်။
သူသည် မိမိနှင့် ခြူးခြူးတို့ ၎င်းတို့အိမ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာပြီး လျိုကျိန်းရှားကို နှုတ်ဆက်ခဲ့သည့် မြင်ကွင်းကို အိပ်မက်မက်နေခြင်း ဖြစ်သည်။ ထို့နောက် ရှေ့တွင်ရှိသော ခြူးခြူးက သူ့လက်ကို ဆွဲကာ အထဲသို့ လျှောက်လှမ်းသွားသည်။ သူ့လက်ကို ဆုပ်ကိုင်ထားသည့် မိန်းကလေးငယ်လေး၏ နုနယ်သော လက်ကလေးသည် ယခုအခါတွင်မူ အလွန်ကြမ်းတမ်းနေပြီး ပွပုံကြမ်းဆွဲစက္ကူ ကဲ့သို့ အနည်းငယ် နာကျင်မှုကို ပေးစွမ်းနေသည်။
သူ မနေနိုင်ဘဲ ရုန်းထွက်လိုက်ကာ ခြေလှမ်းများကို ရပ်တန့်လိုက်သော်လည်း ခြူးခြူးကမူ တစ်ယောက်တည်း အထဲသို့ ဆက်လက် လျှောက်လှမ်းသွားဆဲပင်။ သို့သော် သူမ၏ လက်မောင်းမှာမူ လူတစ်ဦးကို တွဲခေါ်လာသည့် ပုံစံအတိုင်းပင် တောင့်တင်းနေဆဲ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လျိုကျင်ရှန်းနှင့် လူလေးဦး ဖဲရိုက်နေသည့် ဧည့်ခန်းဆီမှ ရုတ်တရက် အသံဗလံများ အားလုံး ကင်းဆိတ်သွားသည်။ လီကျစ်ယွမ် လှည့်ကြည့်လိုက်ရာ ထိုလူလေးဦးစလုံးသည် လှုပ်ရှားမှုမရှိဘဲ တောင့်တောင့်ကြီး ဖြစ်နေသည်ကို မြင်လိုက်ရသည်။ လျိုကျင်ရှန်းမှုတ်ထုတ်လိုက်သော ဆေးလိပ်ငွေ့ဝိုင်းလေးများပင်လျှင် လေထဲ၌ မလွင့်ပြယ်ဘဲ တစ်ဆို့ရပ်တန့်နေသည်။
ဤကဲ့သို့ ငြိမ်သက်သွားခြင်းက လီကျစ်ယွမ်အား အကဲခတ်ရန် အခွင့်အရေး ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ဖဲရိုက်ဖော် သုံးဦး၏ ကိုယ်ပေါ်ရှိ မီးသွေးလိုင်းကြောင်းများသည် နူးညံ့ပြီး ဖျော့တော့နေသော်လည်း လျိုကျင်ရှန်း၏ ပုံကြမ်းလိုင်းကြောင်းများကမူ ထူထဲ၊ နက်ရှိုင်းပြီး ကြမ်းတမ်းခက်ထန်လွန်းလှသည်။
ထိုနေရာတွင် အချိန်အတော်ကြာ မတ်တတ်ရပ်နေရင်း လီကျစ်ယွမ် ဇဝေဇဝါ ဖြစ်လာမိသည်။ အရင်က အိပ်မက်မက်သည့် အကြိမ်တိုင်းတွင် ၎င်းသည် အိပ်မက်ဖြစ်မှန်း သတိပြုမိသည်နှင့် ချက်ချင်း နိုးထလာနိုင်သော်လည်း ယခုအကြိမ်တွင်မူ သူသည် အိပ်မက်ထဲ၌ပင် ဆက်ရှိနေဆဲ ဖြစ်သည်။
နောက်ဆုံးတွင် လီကျစ်ယွမ်သည် အထဲသို့ ဆက်လက် လျှောက်လှမ်းသွားရန် ဆုံးဖြတ်လိုက်သည်။ လီကျူးရှန် ဟင်းသီးဟင်းရွက်များ ရွေးချယ်နေသည်ကို မြင်လိုက်ရပြီး သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ လိုင်းကြောင်းများသည်လည်း ကြမ်းတမ်းခက်ထန်နေကာ ဘေးပတ်ဝန်းကျင်ရှိ နူးညံ့သော လိုင်းကြောင်းများနှင့် သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေသည်။
လီကျစ်ယွမ်သည် လီကျူးရှန်၏ အနားသို့ လျှောက်သွားလိုက်သည်။ နက်ရှိုင်းသော မီးသွေးရာများက သူမ၏ မျက်နှာပေါ်ရှိ သေးငယ်သော အမူအရာများကို ပုံဖော်ပေးထားရာ သူမသည် ပြုံးနေပြီး သူမ၏ အကြည့်များထဲတွင် အတိတ်ကို လွမ်းဆွတ်တမ်းတမှုများဖြင့် ပြည့်နှက်နေသည်။
"ကျူးရှန်အန်တီ... ကျူးရှန်အန်တီ?" လီကျစ်ယွမ် သူမကို အကြိမ်နည်းငယ် လှမ်းခေါ်ကြည့်ပြီး သူမ မျက်နှာရှေ့တွင် လက်ကို ယမ်းပြလိုက်သော်လည်း လီကျူးရှန်မှာမူ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ လှုပ်ရှားမှုမရှိ တောင့်တင်းနေဆဲပင်။
ထိုနေရာမှ ထွက်ခွာပြီးနောက် လီကျစ်ယွမ် လှေကားထစ်များဆီသို့ လျှောက်သွားကာ အပေါ်သို့ မတက်မီ ဖိနပ်ကို ချွတ်လိုက်ပြီး ခြေဗလာဖြင့် လှေကားအတိုင်း တက်လာခဲ့သည်။ သူ အိပ်ခန်းထဲသို့ ရောက်ရှိလာသောအခါ ရပ်တည်နေသော ပန်ကာမှာ လည်ပတ်ခြင်း မရှိတော့ဘဲ ရပ်တန့်နေပြီး ဂိုကျင့်နှင့် ဟွမ်ရုန်းတို့၏ ပုံရိပ်ကို ပြသနေသည့် တီဗီဖန်သားပြင်ထက်တွင်လည်း ဝေဝါးလှသော ပုံကြမ်းလိုင်းများသာ ကျန်ရှိတော့သည်။ ဆွန်းကွေရင်ကမူ လက်ညှိုးထိုးပြလျက်...