“ဒါနဲ့ မောင်လေး ယွမ်ဟောက်၊ နင် နန်းတော်ဟောင်းကြီး ကို ရောက်ဖူးလား။”
“အင်း၊ ရောက်ဖူးတယ်။”
“ငါလည်း နောင်ကျရင် အဲဒီကို သွားချင်တယ်”
“ရတာပေါ့၊ သွားခါနီးရင် ငါ့ကိုသာ လှမ်းခေါ်လိုက်၊ ငါ လိုက်ပို့ပေးမယ်။”
“တကယ်လား။ နင် ငါ့ကို ညာနေတာတော့ မဟုတ်ပါဘူးနော်။”
“မညာပါဘူး၊ ငါက နန်းတော်ဟောင်းကြီးအကြောင်းကို အကုန်ကျွမ်းနေတာ။”
လီကျစ်ယွမ်ရဲ့ အမှတ်တရတွေထဲမှာတော့ အဒေါ်ဖြစ်သူ နန်းတော်ဟောင်းကြီးထဲမှာ အလုပ်လုပ်ခဲ့စဉ်က သူ့ကို အဲဒီထဲမှာပဲ တစ်ယောက်တည်း ပစ်ထားပြီး ဆော့ခိုင်းခဲ့တဲ့ အချိန်ကာလတစ်ခု ရှိခဲ့ဖူးပါတယ်။ ရံဖန်ရံခါဆိုရင် သူဟာ နန်းတော်ရဲ့ ဘေးဘက် လှေကားထစ်တွေပေါ်မှာ ထိုင်ရင်း ရင်ခွင်ထဲမှာ လိမ္မော်ရောင် ကြောင်ကလေးတစ်ကောင်ကို ပွေ့ပိုက်လို့၊ ပင်မတံခါးကြီးကနေ တဖွဲဖွဲ တိုးဝင်လာကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို တစ်မွန်းလွဲခင်းလုံး ငေးကြည့်နေတတ်တာပေါ့။
“ဒါနဲ့ မောင်လေး ယွမ်ဟောက်၊ နင် ပဲငပိရည် သောက်ဖူးလား။”
“အင်...”
“သောက်ဖူးလားလို့။” ခြူးခြူးက စူးစမ်းလိုစိတ်ပြည့်နေတဲ့ မျက်လုံးဝိုင်းကြီးတွေနဲ့ သူ့ကို ကြည့်လိုက်ပါတယ်။
“သောက်ဖူးတယ်။”
“အရသာရှိလား။ ပဲငပိရည်က ဘယ်လိုအရသာမျိုးလဲ။”
ဘယ်လိုအရသာမျိုးလဲ ဟုတ်လား... လီကျစ်ယွမ်ရဲ့ ခေါင်းထဲမှာတော့ ပြီးခဲ့တဲ့အပတ်က အဖွားကျောက်စစ်မေတစ်ယောက် အိမ်မှာ သိုးပုပ်နေတဲ့ သနပ်စုံအိုးကြီးကို ဆေးကြောနေတဲ့ ပုံရိပ်က ဖျတ်ခနဲ ပေါ်လာပါတယ်။
“ကြိုက်တဲ့လူလည်း ကြိုက်ကြတယ်၊ မကြိုက်တဲ့လူလည်း ရှိတာပေါ့။”
“အော်... အဲလိုလား။ ငါ ပေကျင်းကို ရောက်ရင်တော့ အပြတ်မြည်းကြည့်ဦးမယ်။”
“အင်း။”
“မောင်လေး ယွမ်ဟောက်၊ ဟိုမှာကြည့်၊ အဲဒါ တို့အိမ်လေ။”
ခြူးခြူး ညွှန်ပြတဲ့ဘက်ကို လီကျစ်ယွမ် လှမ်းကြည့်လိုက်တော့ လယ်ကွင်းပြင်ရဲ့ တစ်ဖက်မှာ ရှိနေတဲ့ နှစ်ထပ်တိုက်အိမ်ကြီးတစ်လုံးကို လှမ်းမြင်လိုက်ရပါတယ်။
“နင်တို့အိမ်က နှစ်ထပ်တိုက်ကြီးကိုး။”
ရွာထဲမှာတော့ အိမ်ပုံစံမျိုးစုံ ရှိကြပါတယ်။ အများစုက အုတ်ကာ သွပ်မိုး ဒါမှမဟုတ် အုပ်ကြွပ်မိုး တစ်ထပ်အိမ်တွေဖြစ်ပြီး၊ ငွေကြေးမပြည့်စုံတဲ့ မိသားစုအချို့ကတော့ ရွှံ့အိမ်တွေနဲ့ နေကြတုန်းပါပဲ။ ဒါပေမဲ့ အလားတူပဲ လက်လုပ်လက်စား အဆင်ပြေတဲ့ အနည်းငယ်သော မိသားစုအချို့ကတော့ ရွာထဲမှာ အဦးဆုံး နှစ်ထပ်တိုက်ကြီးတွေ ဆောက်ပြီး နေထိုင်နေကြပြီ ဖြစ်ပါတယ်။
ခြူးခြူးတို့ရဲ့ အိမ်ဝင်းထဲကို ဝင်လို့ ပထမထပ်က ဧည့်ခန်းထဲ ရောက်သွားတဲ့အခါ၊ လျိုကျင်ရှန်းကတော့ ပါးစပ်မှာ ဆေးလိပ်တစ်လိပ် ခဲလို့ ဖဲရိုက်နေတာကို တွေ့လိုက်ရပါတယ်။ သူမရဲ့ ဖဲကစားဖော်တွေကတော့ အဖွားကြီး နှစ်ယောက်နဲ့ အဖိုးကြီး တစ်ယောက်ဖြစ်ပြီး၊ သူတို့တွေက လျိုကျင်ရှန်းနဲ့ ဖဲလာရိုက်ရင်း အိမ်မှာပါ တစ်ခါတည်း ထမင်းကပ်စားကြသူတွေပါ။ ကျွေးတဲ့အစာကလည်း အသားဟင်း၊ အရက်သေစာနဲ့မို့ တကယ့်ကို ဟန်ကျပန်ကျပါပဲ။ ဒါကြောင့်လည်း လျိုကျင်ရှန်းဆီမှာ ဖဲကစားဖော် ဘယ်တော့မှ မပြတ်တာဖြစ်ပြီး၊ သူမကိုယ်တိုင်ကလည်း အဖော်ရဖို့ အပန်းဖြေစရိတ်အဖြစ် အနည်းငယ် အကုန်အကျခံဖို့ ဝန်မလေးပါဘူး။ ဖဲဝိုင်းဆိုတာကတော့ တကယ့်ကို ထူးဆန်းအံ့ဩစရာ နေရာတစ်ခုပါပဲ။ လျိုကျင်ရှန်းဟာ အတွင်းတိမ်စွဲနေလို့ မျက်စိ သိပ်မကောင်းရှာပေမဲ့ ဖဲချတဲ့အခါမှာတော့ မြန်ဆန်လွန်းလို့ အံ့ဩရပါတယ်။
“အဖွား၊ သမီး မောင်လေး ယွမ်ဟောက်ကို အိမ်ခေါ်လာတယ် ဆော့ဖို့။”
“အဖွားလျို။” လီကျစ်ယွမ်က လှမ်းနှုတ်ဆက်လိုက်ပါတယ်။
“အေးအေး၊ သွားဆော့ကြ၊” လျိုကျင်ရှန်းက ဖဲချပ်တွေကိုပဲ အာရုံစိုက်ရင်း ပြန်ထူးလိုက်တယ် - “ဖမ်းတယ်ဟေ့!”
ခုနတင်ကပဲ ဖဲဝိုင်းကလူတွေ မုတ်ဆိတ်ကြီးရဲ့ အိမ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ပြောဆိုနေကြတာမို့၊ လျိုကျင်ရှန်းက ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်ရင်း ခပ်ပေါ့ပေါ့ပဲ ပြန်ပြောနေခဲ့တာပါ။ ဒါပေမဲ့ မြေးမလေးက လီကျစ်ယွမ်ကို ခေါ်လာတယ်လို့ ကြားလိုက်ရတဲ့အခါမှာတော့ သူမ အနည်းငယ် ကြောင်အမ်းသွားပြီး ဆေးလိပ်ငွေ့တွေကြားထဲကနေ မျက်လုံးကို မှေးစင်းလို့ လှမ်းကြည့်လိုက်ပါတယ်။
ဒီကလေးဟာ မနေ့ကတင်ပဲ ကျိန်စာတိုက်ခံထားရတာဖြစ်ပြီး၊ ဒီနေ့မနက်တင်ပဲ မုတ်ဆိတ်ကြီးနဲ့ သူ့သားက ငါးကန်ထဲမှာ အလောင်းအဖြစ် ပေါ်လာခဲ့ကြတာ။ အကယ်၍ နောက်ကွယ်မှာ ထူးဆန်းတဲ့ အကြောင်းရင်းတစ်ခုခုသာ မရှိရင် လျိုကျင်ရှန်းတစ်ယောက် လုံးဝ ယုံမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူမဟာ မြေးမလေးကို လီကျစ်ယွမ်နဲ့ အတူမဆော့ဖို့ တားဆီးမနေခဲ့ပါဘူး။ စိတ်ထဲကနေပဲ ‘အကုန်လုံးကလည်း ကံဆိုးမိုးမှောင်ကျနေကြတာပဲ၊ ဘယ်သူက ဘယ်သူ့ကို ဝိုင်းပယ်နေစရာ လိုသေးလို့လဲ’ ဟု နှာခေါင်းရှုံ့ရင်း ရေရွတ်လိုက်မိပါတယ်။
ခြူးခြူးက လီကျစ်ယွမ်ကို ဧည့်ခန်းဆောင်ကနေတစ်ဆင့် အတွင်းခန်းထဲကို ခေါ်လာခဲ့ရာ၊ အဲဒီမှာတော့ လီကျူးရှန်းတစ်ယောက် ခုံတန်းလျားလေးပေါ် ထိုင်ပြီး ဟင်းသီးဟင်းရွက်တွေ သင်နေတာကို တွေ့လိုက်ရပါတယ်။ သမီးဖြစ်သူက အိမ်ကို ဧည့်သည်ခေါ်လာတာ မြင်တော့ သူမ အစပိုင်းမှာ အံ့ဩသွားပေမဲ့ ခေါ်လာတာ လီကျစ်ယွမ်ဖြစ်နေမှန်း မြင်လိုက်ရတဲ့အခါမှာတော့ မျက်နှာတစ်ခုလုံး အပြုံးတွေ ဝေဆာသွားပါတော့တယ်။ ဒါဟာ သူမ ငယ်ငယ်တုန်းက လီလန်နဲ့အတူ ဆော့ကစားခဲ့ဖူးတဲ့ အတိတ်ရက်တွေကို ပြန်သတိရသွားစေတာပေါ့။
လီကျူးရှန်းက ချက်ချင်းပဲ ထရပ်လိုက်ပြီး လက်တွေကို ခါးစည်းပုဝါမှာ သုတ်လိုက်ရင်း - “ထိုင်၊ ထိုင်... ယွမ်ဟောက်လေး” လို့ ဆိုပါတယ်။
အဲဒီနောက် မုန့်မျိုးစုံကို ဧည့်ခံဖို့ အမြန်ပဲ အထဲဝင်ယူပါတော့တယ်။ လျိုကျန့်ရှားတို့ မိသားစုက တကယ်ကို ချမ်းသာကြွယ်ဝတဲ့အပြင်၊ ခြူးခြူးကလည်း တစ်ဦးတည်းသော သမီးဖြစ်တာမို့ ရွာထဲက တခြားကလေးတွေ အားကျရလောက်တဲ့ မုန့်ပဲသရည်စာတွေကို အမြဲလိုလို စားခွင့်ရနေတာပါ။ လီကျူးရှန်းက ရှောက်ချဉ်အရသာ ဆိုဒါ နှစ်ပုလင်းကိုပါ ဖောက်ပြီး လီကျစ်ယွမ်နဲ့ ခြူးခြူးကို တစ်ပုလင်းစီ ကမ်းပေးလိုက်ပါတယ်။ ဒီလို ဘီယာပုလင်းပုံစံမျိုးနဲ့ လေပူဖောင်းတစီစီထွက်တဲ့ အအေးမျိုးက ဈေးလည်းပေါသလို လူကြိုက်လည်း များပါတယ်။ ကလေးတွေကတော့ လူကြီးတွေ အားရပါးရ သောက်တတ်တဲ့ ပုံစံမျိုးကို အတုခိုးပြီး ပုလင်းလိုက်အတိုင်းပဲ ပျင်းရိပျင်းတွဲ စုပ်သောက်နေကြတာပေါ့။
“ယွမ်ဟောက်လေး၊ မင်းအမေရော နေကောင်းရဲ့လား။”
“နေကောင်းပါတယ်၊ အန်တီ။”
“ကြားတာတော့ မင်းအမေက လင်မယားချင်း ကွဲကြ...” လီကျူးရှန်းက ကလေးတစ်ယောက်ကို ဒါမျိုးမေးတာ မသင့်တော်မှန်း ချက်ချင်း သတိရသွားပြီး စကားကို ကမန်းကတန်း ပြောင်းလိုက်ပါတယ် - “ငါတို့ ငယ်ငယ်တုန်းက မင်းအမေနဲ့ အမြဲတူတူ ဆော့ခဲ့ကြတာ၊ ငါတို့က သိပ်ခင်ကြတာလေ။”
“ဟုတ်ကဲ့၊ အမေလည်း အန်တီ့အကြောင်း ပြောဖူးပါတယ်၊ အန်တီရှန်းဟောက်။”
ပုံမှန်အားဖြင့်တော့ “ဟောက်” ဆိုတဲ့ နောက်ဆက်တွဲ အသုံးအနှုန်းကို လူကြီးတွေနဲ့ သက်တူရွယ်တူတွေကြားထဲမှာပဲ သုံးနှုန်းလေ့ရှိကြပြီး၊ မျိုးဆက်သစ် လူငယ်တွေက သုံးလေ့မရှိပါဘူး။ ဒါပေမဲ့ လီကျူးရှန်းကတော့ ဒါကို စိတ်ဆိုးမနေတဲ့အပြင် အလွန်ပင် သဘောကျသွားခဲ့ပါတယ်။ လီလန်က သူမကို “ရှန်းဟောက်” ဆိုတဲ့ ငယ်နာမည်လေးနဲ့ ပြန်ပြောပြနေမယ့် ပုံရိပ်ကို မြင်ယောင်ရင်း သူမကို မေ့မသွားသေးဘူးဆိုတာ သိလိုက်ရလို့ပေါ့။
“မင်းအမေက ငယ်ငယ်တုန်းက သိပ်တော်တာ၊ စာလည်း အရမ်းကောင်းတယ်။ ငါနဲ့တော့ တခြားစီပဲ၊ ငါကတော့ စာအုပ်မြင်တာနဲ့ ခေါင်းကို ကိုက်လာတာ၊” လီကျူးရှန်းက သူမရဲ့ ဆံပင်တွေကို နားနောက်သို့ သပ်တင်လိုက်ရင်း - “ဒါနဲ့ မင်းအမေက ရွာကို ဘယ်တော့လောက် ပြန်လာလည်မှာလဲ။”
“အမေက အလုပ်တွေ ရှုပ်နေလို့ပါ၊ အားတဲ့အခါကျရင် ကျွန်တော့်ကို လာခေါ်မယ်လို့ ပြောထားပါတယ်။”
ခြူးခြူးက ကြားဖြတ်ပြောလိုက်တယ် - “မေမေ၊ သမီး မောင်လေး ယွမ်ဟောက်ကို အပေါ်ထပ်ခေါ်သွားပြီး ဆော့တော့မယ်။”
“အေးအေး၊ သွားကြလေ၊ မောင်လေး ယွမ်ဟောက်ကိုလည်း သေချာ ဂရုစိုက်ဦးနော်။”
ခြူးခြူးက လီကျစ်ယွမ်ကို လှေကားခြေရင်းဆီ ဆွဲခေါ်သွားပြီး၊ သူမရဲ့ ဖိနပ်ကို ကျွမ်းကျင်စွာ ချွတ်လို့ အိမ်စီးဖိနပ်လေး စီးလိုက်ပါတယ်။ ဒါကို မြင်တော့ လီကျစ်ယွမ်ကလည်း သူ့ဖိနပ်ကို စတင်ချွတ်ပါတော့တယ်။
“ရတယ်၊ မောင်လေး ယွမ်ဟောက်၊ ဖိနပ်မချွတ်ဘဲ တက်ခဲ့လည်း ရပါတယ်။”
ဒါပေမဲ့ လီကျစ်ယွမ်ကတော့ ဖိနပ်ကို ချွတ်လိုက်ပြီး ခြေဗလာနဲ့ပဲ တက်ဖို့ ပြင်နေတာကြောင့်၊ ခြူးခြူးက သူမအမေရဲ့ အိမ်စီးဖိနပ်အပိုကိုပဲ သူ့ကို အတင်းပေးပြီး စီးခိုင်းလိုက်ရပါတော့တယ်။
သူ့ခြေထောက်ထက် အများကြီးကြီးနေတဲ့ ဖိနပ်ကြီးကို စီးရင်း၊ လီကျစ်ယွမ်က ခြူးခြူးရဲ့ နောက်ကနေ ဒုတိယထပ်ကို လိုက်သွားခဲ့ပါတယ်။ အပေါ်ထပ်က သူမရဲ့ အခန်းထဲမှာတော့ အဖြူအမည်း တီဗီတစ်လုံး ရှိနေတာကို တွေ့ရပါတယ်။ လျိုကျင်ရှန်းတို့ မိသားစုက တီဗီကို အစောကြီးကတည်းက ဝယ်ထားခဲ့တာ ဖြစ်ပေမဲ့ အဲဒါကို ရွာထဲမှာ ကြွားလုံးထုတ်မနေခဲ့ပါဘူး။ ရွာသားတွေကလည်း သူတို့မိသားစုအပေါ် ခပ်စိမ်းစိမ်းပဲ ဆက်ဆံကြတာမို့၊ သူမကလည်း လူတွေကို အိမ်ခေါ်ပြီး တီဗီပြဖို့ ပျင်းနေတာလည်း ပါတာပေါ့။
ခြူးခြူးက အခန်းထဲက ပန်ကာအထိုင်ကြီးကို ဖွင့်လိုက်ပေမဲ့ ဒလက်တွေက လည်မလာပါဘူး - “ဟင်၊ မီးပျက်နေတာလား မသိဘူး။”
လီကျစ်ယွမ်က ဝင်ပြောလိုက်တယ် - “ပလပ်ပေါက် မထိုးရသေးဘူးလေ။”
“အော်... ဟုတ်သားပဲ။” ခြူးခြူးက ကိုယ်ကို ကိုင်းညွှတ်ပြီး ပလပ်ခေါင်းကို ကောက်ယူကာ နံရံက ပလပ်ပေါက်ထဲ ထိုးလိုက်ပါတယ် - “ဝူး... ဝူး... ဝူးဝူး... ဝူးးးးးး -”
လေးလံလှတဲ့ ပန်ကာဒလက်ကြီးတွေက တရွေ့ရွေ့ချင်း စတင်လည်ပတ်လာပြီး၊ နွေလယ်ခေါင်ရဲ့ အပူရှိန်တွေကို လွင့်စင်သွားစေမယ့် လေပြင်းတွေကို ထုတ်လွှတ်ပေးပါတော့တယ်။
“မောင်လေး ယွမ်ဟောက်၊ နင် တီဗီကြည့်ချင်လား။”
“ရပါတယ်၊ ဘာဖြစ်ဖြစ်။”
ခြူးခြူးက တီဗီကို ဖွင့်လိုက်ပြီး လိုင်းရှာတဲ့ ခလုတ်လှည့်တံကို လှည့်လိုက်ပါတယ်။ တစ်ပတ်လုံးအောင် လှည့်ကြည့်ပေမဲ့ လိုင်းအနည်းငယ်ပဲ မိပြီး၊ အဲဒီထဲက တစ်ဝက်လောက်ကလည်း လိုင်းမကြည်ဘဲ တဖြတ်ဖြတ်နဲ့ ဝါးနေခဲ့ပါတယ်။