ဒီဖျော်ဖြေတင်ဆက်မှုက နာရေးလောကက တီးဝိုင်းတွေလိုမျိုး ခမ်းနားကြီးကျယ်ခြင်း မရှိသော်လည်း... ထိုတီးဝိုင်းများမှာ ဟန်ပြသက်သက်သာဖြစ်ပြီး ယခု လီစန်းကျန်း လုပ်နေသည်ကမှ တကယ့်အစစ်အမှန်ဖြစ်ကြောင်း လူတိုင်း သိကြသည်။ ထိုစဉ်အတွင်းမှာပင် အ ပေါ်ကနေ ရဲအချက်ပြမီးလေးတွေ တပ်ဆင်ထားသည့် ဆန်တာနာကားနှစ်စီး မောင်းနှင်ရောက်ရှိလာခဲ့သည်။ ဒေသခံ ရဲစခန်းက လူတွေ ရောက်လာခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ရေနစ်သေဆုံးမှုဆိုလျှင် ရေနစ်တာပဲရှိပြီး ဘာမှထူးထူးခြားခြား မရှိတတ်သော်လည်း... ယခုတစ်ကြိမ်တွင်မူ သားအဖနှစ်ယောက်စလုံး တပြိုင်နက်တည်း ရေနစ်ရုံမက မိမိတို့အိမ်ရှေ့တင် သေဆုံးနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဤဖြစ်ရပ်၏ သဘောသဘာဝမှာ လုံးဝကို ကွဲပြားခြားနားသွားခဲ့ပြီ။
ရဲတပ်ဖွဲ့ဝင်များက အခြေအနေကို လာရောက်ကြည့်ရှုပြီးနောက် ခဏမျှ ဆွံ့အမှင်တက်သွားကြရသည်။ သူတို့အနေဖြင့် ဖောင်းပွနေသည့် လူသေလောင်းများကို မြင်ဖူးကြသော်လည်း ယခုကဲ့သို့ သေသေသပ်သပ် စီစဉ်ထားသည်မျိုးကိုမူ တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။ ယင်းကို မြင်လိုက်ရသဖြင့် ရုပ်အလောင်းများကို ကုန်းပေါ်ဆွဲတင်လာသည်အထိ စောင့်ဆိုင်းရန်သာ ဆုံးဖြတ်လိုက်ကြပြီး... လီစန်းကျန်း၏ အခမ်းအနားကို ဝင်ရောက်မနှောင့်ယှက်တော့ဘဲ လမ်းဘေးရှိ မိမိတို့ကားများဆီသို့ ပြန်သွားကာ ဆေးလိပ်သောက်ရင်း စိတ်ရှည်လက်ရှည် စောင့်နေလိုက်ကြတော့သည်။
နောက်ဆုံးတွင် လီစန်းကျန်းတစ်ယောက် သူ၏အလုပ်ကို အဆုံးသတ်လိုက်ပြီး ကြက်ဖတစ်ကောင်ကို လည်လှီးကာ ခွေးနက်သွေး ဟုတ်မဟုတ် မသေချာသည့် သွေးတစ်ခွက်ကို ပက်ဖျန်းလိုက်လေသည်။ ထို့နောက်မှသာ ကန်ထဲသို့ ဆင်းသွားပြီး လှေကို ကန်အလယ်တည့်တည့်သို့ လှော်ခတ်သွားခဲ့၏။ သူသည် ပထမဦးစွာ "လမ်းညွှန်ချိတ်" ကို အသုံးပြုကာ ရုပ်အလောင်းကို လှေအနားသို့ ဆွဲယူလိုက်ပြီး... "ဝိညာဉ်ပြန်ခေါ်ခြင်းတောင်း" ဖြင့် အလောင်းကို မြဲမြံစွာ ထိန်းကိုင်လျက် လှေပေါ်သို့ ဆွဲတင်လိုက်ကာ "အိမ်ပြန်ပိုက်ကွန်" ဖြင့် ပြန်လည်ဖုံးအုပ်လိုက်သည်။ ကန်စပ်သို့ ပြန်လှော်လာပြီးနောက်... သူသည် ခန္ဓာကိုယ်ကို ကိုင်းညွတ်၊ ခေါင်းကို ငုံ့ကာ အထူးနည်းစနစ်တစ်ခုဖြင့် ရုပ်အလောင်းကို သူ၏ကျောပေါ်သို့ လွှဲပြောင်းပိုးချီ၍ ကုန်းပေါ်သို့ တက်လာခဲ့သည်။
ယင်းက အလောင်းရှာဖွေရေး ရေငုတ်သမားလောက၏ အရေးကြီးသော စည်းမျဉ်းတစ်ခု ဖြစ်သည်။ ရုပ်အလောင်းထက် ရေငုတ်သမား၏ခြေထောက်က ကုန်းမြေပေါ်သို့ အရင်ဆုံး ထိရမည်ဖြစ်ပြီး၊ ဤသည်က အလောင်းကို အိမ်သို့ "ပို့ဆောင်ပေးခြင်း" သို့မဟုတ် "ပိုးဆောင်ပေးခြင်း" ကို ကိုယ်စားပြုသောကြောင့်ပင်။ နောက်ဆုံးတွင် အိမ်ရှင်မိသားစုက လှမ်းခေါ်လိုက်တော့မှသာ ရုပ်အလောင်းကို အောက်သို့ ချထားရသည်။ ယင်းကိုမှ စနစ်တကျ ကောင်းမွန်စွာ ပို့ဆောင်ပေးခြင်း၊ အလုပ်အကြွေး ကျေပွန်ခြင်းဟု သတ်မှတ်ကြပြီး... သေဆုံးသူများ အမှန်တကယ် အိမ်ပြန်ရောက်နိုင်ကာ လေလွင့်တစ္ဆေများ မဖြစ်စေရန် ကာကွယ်ပေးခြင်းလည်း ဖြစ်သည်။
ဤသို့ တူညီသော လုပ်ထုံးလုပ်နည်းအတိုင်း နှစ်ကြိမ်တိုင်တိုင် ဆောင်ရွက်ပြီးနောက်တွင်တော့ မုတ်ဆိတ်ကြီးနှင့် သူ၏သားဖြစ်သူတို့သည် မြက်ဖျာနှစ်ချပ်ပေါ်တွင် နောက်ဆုံး၌ ငြိမ်သက်စွာ လျောင်းစက်သွားနိုင်ခဲ့ကြပြီ။ အားလုံးပြီးစီးသွားသောအခါ လီစန်းကျန်းသည် ငါးကန်၏ အလယ်ဗဟိုဆီသို့ စိုးရိမ်ထိတ်လန့်စွာဖြင့် လှမ်းကြည့်လိုက်သည်။ စောစောက သူသည် ရုပ်အလောင်းများကို စနစ်တကျ ဆယ်ယူပေးခဲ့ရုံသာ ရှိသေးပြီး... အတွင်းထဲအထိ ပိုမိုနက်ရှိုင်းစွာ စူးစမ်းရှာဖွေရန်မူ မဝံ့ရဲခဲ့ပေ။
ထိုမိန်းမ အထဲမှာ ရှိနေသေးလားဆိုတာ ဘယ်သူသိနိုင်မလဲ။
ရဲတပ်ဖွဲ့ဝင်များက ရုပ်အလောင်းများကို သီးခြားခွဲထုတ်ရန် အနားသို့ တိုးလာကြသော်လည်း ရွာသားများကမူ ဂရုမစိုက်ဘဲ အဝေးကနေ ဆက်လက်ဝိုင်းကြည့်နေကြဆဲဖြစ်ပြီး... ကလေးငယ်များ၏ ကြောက်လန့်တကြား အော်ဟစ်ငိုယိုသံများကလည်း ရံဖန်ရံခါ လေထဲ၌ စူးစွဲစွာ ထွက်ပေါ်လာနေသည်။ လီစန်းကျန်းလည်း ကျသင့်ငွေကို ရှင်းလင်းပြီးနောက် သူ၏ပစ္စည်းများကို သိမ်းဆည်းကာ ဆေးလိပ်တစ်လိပ်ကို နှုတ်ခမ်းတွင် ကိုက်လျက် လက်တွန်းလှည်းကို ပြန်တွန်းသွားတော့သည်။ ရုပ်အလောင်းများကို အခုတင်ပဲ ဆယ်ယူပေးခဲ့သည့် လူတစ်ယောက်နှင့် မပတ်သက်မိစေရန် ဘေးပတ်ဝန်းကျင်ရှိ ရွာသားများအားလုံးက သူ့ကို ဝေးဝေးကနေ ရှောင်ကွင်းသွားကြသည်။
ရဲတပ်ဖွဲ့ဝင်များကလည်း သူတို့၏ တရားဝင်စုံစမ်းစစ်ဆေးမှုကို စတင်လိုက်ပြီး မုတ်ဆိတ်ကြီးအိမ်တွင် ယာယီရုံးခန်းတစ်ခု ဖွင့်လှစ်လိုက်ကြသည်။ ကျေးရွာလူကြီးကလည်း လာရောက်ကူညီပေးကာ လူတွေကို ခေါ်ယူခြင်း၊ ရေနွေးနွေးဆူဆူ တည်ပေးခြင်းနှင့် လက်ဖက်ရည် တည်ခင်းခြင်းတို့ကို လုပ်ဆောင်ပေးနေသည်။ မုတ်ဆိတ်ကြီး၏ ဇနီးသည်မှာမူ မည်သည့်အသေးစိတ်အချက်အလက်ကိုမျှ မပြောပြနိုင်ရှာပေ။ သူမသည် တစ်မနက်တွင် နိုးလာစဉ် လင်ယောက်ျားဖြစ်သူ ပျောက်ဆုံးနေသည်ကိုသာ သိရှိခဲ့ရပြီး... နောက်ပိုင်းတွင် သူတို့၏ ငါးကန်ဘေးမှ ဖြတ်သွားသူတစ်ဦးက သားအဖနှစ်ဦး ရေထဲတွင် ပေါ်နေသည်ကို တွေ့ရှိသွားတော့မှသာ သိလိုက်ရခြင်း ဖြစ်သည်။
အဖွဲ့ကို ဦးဆောင်လာသည့် ဒုတိယရဲမှူးက ရွာထဲတွင် မုတ်ဆိတ်ကြီးတို့ မိသားစုနှင့် အာဃာတ တစုံတရာ ရှိသူများ ရှိမရှိ ကျေးရွာလူကြီးကို မေးမြန်းလိုက်သည်။ ကျေးရွာလူကြီးက နားရွက်ကို ကုတ်ရင်းနှင့်ပင် -
"အော်... အတော်များများ ရှိတာပေါ့" ဟု အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်၏။
ထို့နောက်တွင်တော့ အာဃာတရှိဖူးသူများကို တစ်ယောက်ပြီးတစ်ယောက် တန်းစီကာ စစ်ဆေးမေးမြန်းခြင်း ခံရတော့သည်။ ယင်းအထဲတွင် "ရွှေဝါငှက်မလေး" ၏ အဖြစ်အပျက်ကို ပြောပြခဲ့သော လီဝေဟန်အပြင်... ဖန်ဇီ၊ လေဇီနှင့် အခြားသူများပါ လူတွေ့မေးမြန်းရန် ခေါ်ယူခြင်း ခံခဲ့ရသည်။ အစပိုင်းတွင် ရဲတပ်ဖွဲ့က အခြားရုပ်အလောင်းတစ်ခုကိုပါ ရှာဖွေတွေ့ရှိထားသည်ဟု ထင်မှတ်ခဲ့ကြသည်။ ၎င်းတို့သည် လီဝေဟန်နှင့်အတူ မြစ်ကမ်းတစ်လျှောက် သွားရောက်ရှာဖွေရန် ရဲမေများကိုပင် စေလွှတ်ခဲ့သော်လည်း ဘာမှ ရှာမတွေ့ခဲ့ကြချေ။ လီဝေဟန်၏ ပြောပြချက်က အလွန်အမင်း ထူးဆန်းအံ့သြဖွယ် ဖြစ်နေသဖြင့်... အဘိုးကြီးတစ်ယောက် မြေးဖြစ်သူကို ပြောပြသည့် အယူသည်းသော ပုံပြင်တစ်ပုဒ်အဖြစ်သာ ပယ်ချခြင်း ခံလိုက်ရသည်။ ဤသက်သေထွက်ဆိုချက်ကို အလေးအနက် ထားရမည်လား မထားရဘူးလားဆိုတာကိုပင် သူတို့ ဝေခွဲမရ ဖြစ်နေကြသည်။
လီဝေဟန်မှာမူ စိုးရိမ်ပူပန်လာပြီး မိမိပြောသည်မှာ အမှန်တရားဖြစ်ကြောင်း ထပ်တလဲလဲ အခိုင်အမာ ပြောဆိုကာ... ရဲများနှင့် အခြားသူများကို သူ့အား ယုံကြည်ပေးကြရန် တောင်းပန်တိုးလျှိုးနေတော့ရာ၊ နောက်ဆုံးတွင် ကျေးရွာလူကြီးက သူ့ကို လာရောက် "နှစ်သိမ့်ဖျောင်းဖျ" ပေးလိုက်ရသည်။ မနေ့က လာရောက်ဆူပူသောင်းကျန်းသွားခဲ့သည့် နာရေးတီးဝိုင်းအဖွဲ့ကိုလည်း စုံစမ်းစစ်ဆေးရန် ဆင့်ခေါ်ခဲ့သည်။ သို့သော်လည်း ထိုအဖွဲ့သည် အခင်းမဖြစ်ပွားမီ တစ်ရက်ကတည်းက အိမ်နီးနားချင်းမြို့သို့ အလုပ်ကိစ္စဖြင့် သွားရောက်ခဲ့ကြခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးတွင် အခင်းဖြစ်ပွားချိန်၌ အခြားနေရာတွင် ရှိနေကြောင်း ခိုင်လုံသော သက်သေများ ရှိနေကြသည်။
ရွှေဝါငှက်မလေး ပျောက်ဆုံးသွားမှုနှင့် ပတ်သက်ပြီး ရှုပ်ထွေးမှုများ ရှိနေသော်လည်း... လူရော ရုပ်အလောင်းပါ ရှာမတွေ့ခြင်း၊ တာဝန်ရှိသူ မုတ်ဆိတ်ကြီးနှင့် သူ၏သားဖြစ်သူတို့မှာလည်း သေဆုံးသွားခဲ့ပြီဖြစ်ခြင်းတို့ကြောင့်... လောလောဆယ်တွင်မူ လူပျောက်မှုအဖြစ်သာ မှတ်တမ်းတင်ထားနိုင်ခဲ့သည်။
ဒီသားအဖ ရေနစ်သေဆုံးမှု ဖြစ်စဉ်ကို နောက်ဆုံးတွင်တော့ မတော်တဆ ရေနစ်သေဆုံးမှုအဖြစ်သာ နိဂုံးချုပ် ကိုင်တွယ်ခဲ့ကြသည်။ မုတ်ဆိတ်ကြီးနှင့် သူ၏သားသည် ညဘက်တွင် မူးယစ်ရီဝေကာ ငါးကန်ထဲ၌ သွားရောက်ဆော့ကစားရာကနေ ရေနစ်သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ကောက်ချက်ချလိုက်ကြ၏။ မုတ်ဆိတ်ကြီး၏ မိသားစုကလည်း ဆက်လက်စုံစမ်းစစ်ဆေးရန် အားမထုတ်ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် နာရေးကိစ္စပြီးသည်နှင့် သားနှစ်ယောက်နှင့် သမီးနှစ်ယောက်တို့သည် အမွေခွဲဝေရေးကိစ္စဖြင့် စတင်အငြင်းပွားကြပြီး... အရုပ်ဆိုး အကျည်းတန်စွာ ရန်ဖြစ်ကြရာမှ ရွာထဲတွင် ပိုမိုပြောစရာ အတင်းအဖျင်းများ ဖြစ်လာခဲ့သောကြောင့်ပင်။
ထွက်ဆိုချက်များ ပေးဆောင်ပြီးစီးသွားချိန်တွင်တော့ ကောင်းကင်ယံမှာ ညနေဆည်းဆာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ လီဝေဟန်နှင့် ဆွန်းကွေရင်တို့သည် ကလေးများကို ခေါ်ဆောင်ကာ အိမ်သို့ ပြန်လာကြပြီး... ကလေးများက ရှေ့ကနေ လျှောက်လှမ်းနေကြကာ အဘိုးအို ဇနီးမောင်နှံကတော့ နောက်ကနေ လိုက်ပါလာကြသည်။
ဆွန်းကွေရင်က စိုးရိမ်ထိတ်လန့်စွာဖြင့် ရင်ဘတ်ကို တဖျပ်ဖျပ်ထုရင်း -
"ရှင်က ဘာလို့ ရှေ့ထွက်ပြီး ပြောရတာလဲ၊ ရဲတွေရဲ့ စစ်ဆေးမေးမြန်းခြင်းကိုတောင် ခံလိုက်ရသေးတယ်။ ကျမဖြင့် အသည်းတုန်မတတ် ကြောက်သွားတာပဲ" ဟု မေးလိုက်၏။
လီဝေဟန်က အိတ်ကပ်ထဲက ဆေးလိပ်ဗူးခွံကို လမ်းဘေးသို့ ပေါ့ပေါ့ပါးပါးပဲ လွှင့်ပစ်လိုက်ပြီး နှုတ်ခမ်းကို စေ့ကာ -
"ဦးလေးက ငါ့ကို အမှန်အတိုင်း ထုတ်ပြောဖို့၊ ရင်ထဲမှာ မျိုသိပ်မထားဖို့ သင်ပေးခဲ့တာ။ ယွမ်ဟောက်လေးရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဂျန်းတာထုံနဲ့ လျိုကျန်းရှားတို့လည်း အနည်းအကျဉ်း သိထားကြတယ်မလား" ဟု ဆိုသည်။
ဆွန်းကွေရင်က မကျေမနပ် ညည်းတွားလိုက်သည်။
"သူတို့ကို သိရုံပဲ သိခိုင်းပြီး လျှို့ဝှက်ထားလိုက်ရင် မလုံလောက်ဘူးလား"
လီဝေဟန်က ခေါင်းခါလိုက်ပြီး -
"လူကြီးတွေက လျှို့ဝှက်ထားနိုင်ရင်တောင်... ကလေးတွေက နှုတ်လုံပြီး လျှာမချော်မိအောင် နေနိုင်ပါ့မလား"
"ဒါကတော့..."
လီဝေဟန်က သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ရင်း -
"ဦးလေး ပြောဖူးတယ်... လျှို့ဝှက်ချက်တစ်ခုကို ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းက လူအများရှေ့မှာ အတိအလင်း ထုတ်ပြောပြလိုက်တာပဲတဲ့" ဟု ဆိုလေသည်။
...
ရွာထဲက လူအားလုံးနီးပါးသည် မုတ်ဆိတ်ကြီး၏ ငါးကန်ဆီသို့ သွားရောက်ကာ ဆူညံပွဲကို သွားကြည့်ခဲ့ကြသော်လည်း... လီကျစ်ယွမ်ကတော့ မသွားခဲ့ပေ။ သူသည် ကုတင်ပေါ်တွင် နိုးကြားလျက် လှဲလျောင်းနေခဲ့ပြီး... နောက်ဆုံးတွင်တော့ ခုံတန်းလျားအသေးလေးတစ်ခုကို အိမ်ရှေ့က ကွင်းပြင်ကျယ်ထဲသို့ ဆွဲထုတ်ကာ အဝေးက လယ်ကွင်းပြင်ကြီးကို ငေးမှိုင်ကြည့်နေမိသည်။
ခဏအကြာတွင် သူ၏အစ်မဖြစ်သူ ယိန်းဇီတစ်ယောက် ပန်းကန်ခွက်ယောက်များ ဆေးကြောပြီးစီး၍ အပြင်သို့ ထွက်လာခဲ့သည်။ သူမသည် စတုရန်းပုံစံ ခုံတန်းလျားတစ်ခုကို ယူဆောင်လာပြီး... ယင်းအပေါ်တွင် စာရေးကိရိယာများနှင့် အိမ်စာများကို တင်ကာ မိမိကိုယ်တိုင်လည်း ခုံတန်းလျားအသေးလေးပေါ်တွင် ဝင်ထိုင်လိုက်သည်။ ဤသို့ဖြင့် ယာယီစာကြည့်စားပွဲလေးတစ်ခု ပြီးမြောက်သွားခဲ့ပြီး... ယနေ့၏ တောက်ပလှသော နေရောင်ခြည်ကတော့ သူမအတွက် စာကြည့်မီးအိမ်လေးတစ်ခု ဖြစ်ပေးနေတော့သည်။