အငြိုးကြီးတဲ့ လက်စားချေခြင်း
လီစန်းကျန်းတစ်ယောက် လီကျစ်ယွမ်ကို ကျောပိုးပြီး အိမ်ပြန်ရောက်လာချိန်မှာတော့ အရုဏ်ဦးအလင်းတန်းလေးတွေ စတင်ဖြာကျနေပြီ ဖြစ်သည်။ ဆွန်းကွေရင်က ကလေးကို ကုန်းပိုးရာကနေ လွှဲပြောင်းပွေ့ချီလိုက်ပြီး လီစန်းကျန်းလည်း လီဝေဟန်နဲ့ ခဏတဖြုတ် စကားစမြည်ပြောဆိုပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့သည်။ လီကျစ်ယွမ်ကို ဖျာကုတင်လေးပေါ်မှာ သိပ်ထားလိုက်သော်လည်း သူကတော့ မျက်လုံးလေး မှိတ်လိုက်၊ ပြန်ပွင့်လာလိုက် ဖြစ်နေရှာသည်။ အိပ်လို့ကို မရနိုင်ပါ။ မျက်လုံးမှိတ်လိုက်တိုင်း ရွှေဝါငှက်မလေး ငါးကန်ထဲမှာ ကပြနေတဲ့ မြင်ကွင်းကပဲ မျက်စိထဲ တရေးရေး ပြန်ပေါ်လာနေသည်။
ဆွန်းကွေရင်နှင့် လီဝေဟန်တို့ဇနီးမောင်နှံသည် အနောက်ခန်းထဲဝင်ပြီး မအိပ်စက်နိုင်ကြဘဲ မီးဖိုချောင်ထဲမှာသာ ဆက်ထိုင်နေမိကြသည်။ ဆွန်းကွေရင်မှာ စိုးရိမ်စိတ်ကြောင့် လက်ချောင်းလေးတွေကို တရစပ်ပွတ်သပ်နေမိရာ လက်ချောင်းလေးတွေပင် နီရဲလို့နေပြီ။ လီဝေဟန်ကတော့ ရေတံဘူဆေးတံကြီးကို တစ်အိုးပြီးတစ်အိုး မနားတမ်း ဖွာရှိုက်နေသည်။ လင်းလာပြီဖြစ်သော ကောင်းကင်ယံကို တစ်ချက်လှမ်းကြည့်ရင်း ဆွန်းကွေရင်က မတ်တပ်ထရပ်ကာ -
"ကျမ ကလေးတွေအတွက် မနက်စာ သွားချက်လိုက်ဦးမယ်" ဟု ဆိုသည်။
လီဝေဟန်က ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်ရင်း -
"ချက်ဖို့က နည်းနည်းစောသေးတယ်" ဟု ခပ်အေးအေးပဲ ပြောလိုက်၏။
ဆွန်းကွေရင်လည်း မတတ်သာတော့ဘဲ ပြန်ထိုင်လိုက်ရင်း လင်ယောက်ျားဖြစ်သူကို ကြည့်ကာ -
"ဒါဆို... ကျမတို့ ဘယ်အချိန်အထိ စောင့်နေရမှာလဲ"
"လူလာအကြောင်းကြားတဲ့အထိ စောင့်"
"ဘယ်သူက လာပြောမှာလဲ"
လီဝေဟန်က ဘာမှပြန်မဖြေတော့ဘဲ ဆေးတံကိုသာ ဆက်ဖွာနေလိုက်သည်။ ထိုသို့ ခဏတဖြုတ် ထိုင်စောင့်နေပြီးနောက် တံခါးခေါက်သံ ထွက်ပေါ်လာခဲ၏။
"ဆွန်းကွေရင်... ဆွန်းကွေရင်..."
အိမ်နီးနားချင်းဖြစ်သူ ကျောက်စစ်မေရဲ့ အသံပင် ဖြစ်သည်။ လီဝေဟန်က ရေတံဘူဆေးတံကို ကောက်ခေါက်လိုက်ရင်း -
"အကြောင်းကြားမယ့်လူ ရောက်ပြီ" ဟု ဆိုလိုက်သည်။
ဆွန်းကွေရင်က သမ်းဝေရင်း၊ မျက်လုံးကို ပွတ်သပ်ရင်း တံခါးသွားဖွင့်ပေးကာ ဝေခွဲမရဟန်ဖြင့် -
"ဘာကိစ္စလဲ စစ်မေရဲ့" ဟု မေးလိုက်၏။
ကျောက်စစ်မေက ဆွန်းကွေရင်ရဲ့ လက်မောင်းကို လှမ်းဆွဲပြီး အပြင်းအထန် လှုပ်ခါကာ -
"မုတ်ဆိတ်ကြီးအိမ်မှာ လူသေလို့ဟဲ့!"
"ဘာ..."
"နှစ်ယောက်တောင် သေတာအေ့... မုတ်ဆိတ်ကြီးနဲ့ သူ့ရဲ့သားအငယ်ကောင်လေ။ အိမ်က ငါးကန်ထဲမှာ ပေါ်နေတာကို အခုတင်ပဲ တွေ့ကြတာ။ ရွာထဲကလူတွေ အကုန်လုံး သွားကြည့်နေကြပြီ၊ လာ... ငါတို့လည်း သွားကြည့်ရအောင်!"
"သွားမယ်၊ သွားမယ်!"
အိမ်ပြင်မထွက်ခင် ဆွန်းကွေရင်က အိမ်ထဲသို့ လှမ်းအော်ပြောလိုက်သည်။
"ယိန်းဇီ... ဆန်ဆေးထားတယ်ဟေ့၊ ညည်းနောက်မှ မနက်စာ ထချက်လိုက်တော့"
"ဟုတ်ကဲ့ မေမေ"
သမီးဖြစ်သူထံမှ အဖြေပြန်ရပြီးနောက် ဆွန်းကွေရင်တစ်ယောက် ကျောက်စစ်မေနှင့်အတူ သုတ်သီးသုတ်ပျာ ထွက်ခွာသွားတော့သည်။ လီဝေဟန်ကတော့ ခဏမျှ ငြိမ်သက်စွာစောင့်ဆိုင်းပြီးမှ အိတ်ကပ်ထဲက ဖွင့်ထားပြီးသား ဆေးလိပ်ဘူးကို စမ်းသပ်ကြည့်ကာ ရေတံဘူဆေးတံကို စားပွဲပေါ်တင်ပြီး အိမ်ပြင်သို့ ထွက်လာခဲ့သည်။
စောစောက ကျောက်စစ်မေရဲ့ တံခါးခေါက်သံကြောင့် ကလေးတွေပါ နိုးကုန်ကြပြီး ထူးဆန်းထွေလာကိစ္စတစ်ခုခု ဖြစ်ပျက်နေပြီမှန်း သိသွားကြသဖြင့် ဘာတွေဆူညံနေလဲဆိုတာကို လိုက်ကြည့်ရန် အပြင်သို့ ပြေးထွက်ကုန်ကြတော့သည်။ နောက်ကနေ ယိန်းဇီက "သွားတိုက်၊ မျက်နှာသစ်ဦးလေ" ဟု လှမ်းအော်သော်လည်း မည်သူမျှ လှည့်မကြည့်တော့ချေ။
ယခုအခါ မုတ်ဆိတ်ကြီးအိမ်က ငါးကန်အနီးတွင် လူများဖြင့် ဝိုင်းအုံနေပြီး ရွာလမ်းမပေါ်မှလည်း ယောက်ျား မိန်းမ၊ လူကြီး လူငယ်မရွေး မိသားစုအလိုက် တသီတတန်းကြီး ရောက်ရှိလာနေကြဆဲ ဖြစ်သည်။ ရေကန်အစပ်မှာ လှေငယ်တစ်စင်း ချည်နှောင်ထားသော်လည်း ကန်ရေပြင်ပေါ်မှာ ပေါ်နေသည့် ရုပ်အလောင်းနှစ်လောင်းကို မည်သူမျှ ဆယ်ယူခြင်း မရှိကြသေးပေ။ ရွာထဲတွင် မုတ်ဆိတ်ကြီး၏ နာမည်က ကောင်းလှသည်မဟုတ်သော်လည်း ရွာသားများက ယခုလောက်အထိ စိတ်နှလုံး ဘီလူးဆိုင်းနေကြသူများတော့ မဟုတ်ပါ။
ရုပ်အလောင်းများကို ဆယ်ယူပေးမည့်သူ မရှိရခြင်း အကြောင်းရင်းမှာ... ထိုရုပ်အလောင်းများသည် စွပ်ပြုတ်ခွက်ထဲတွင် အချိန်အကြာကြီး စိမ်ထားရသဖြင့် ပွယောင်းပြီး ပုံပျက်ပန်းပျက် ဖြစ်နေသည့် မုန့်ဖတ်များကဲ့သို့ ဖြစ်နေသောကြောင့်ပင်။ ခန္ဓာကိုယ်အပြင်ဘက် သားရေများကလည်း တစ်ဝက်တစ်ပျက် ပွင့်ကာ အသားကျောက်ကျောတုံးကြီးများကဲ့သို့ အရောင်ပြောင်းနေပြီး လူသဏ္ဍာန် ဝက်သားဂျယ်လီတုံးကြီး နှစ်တုံးနှင့်ပင် တူလှတော့သည်။ ရေနစ်သေဆုံးသူများ၏ ရုပ်အလောင်းသည် အချိန်ကြာကြာ ရေစိမ်လျှင် ဖောင်းပွလာတတ်သည်ကို လူအများ သိကြသော်လည်း... မနေ့ကတင် ကောင်းကောင်းမွန်မွန် အသက်ရှင်နေကြသည့် လူနှစ်ယောက်က တစ်ညတာအတွင်းမှာတင် ဘယ်လိုလုပ်ပြီး မှိုပွင့်ကြီးတွေလို ဖောင်းကားလာရသနည်း။ ယင်းကိစ္စက အလွန်အမင်း အထူးအဆန်းဖြစ်နေသဖြင့် မည်သူမျှ ရုပ်အလောင်းများကို လက်ဖျားနှင့်ပင် မတို့ရဲကြချေ။
မုတ်ဆိတ်ကြီး၏ ဇနီးသည်မှာ ကန်စပ်တွင် ဒူးထောက်ကာ အသည်းအသန် ငိုကြွေးမြည်တမ်းနေရှာသော်လည်း... ငိုဖို့ပဲ သိပြီး ဘာဆက်လုပ်ရမှန်း မသိရှာပေ။ လူအချို့က ဘေးကနေ ဝိုင်းဝန်းနှစ်သိမ့်ကြသော်လည်း သူမက ဂရုမစိုက်နိုင်ဘဲ မိမိကိုယ်မိမိ သနားကာ ရင်ဘတ်စည်တီး ငိုကြွေးနေတော့သည်။
နောက်ဆုံးတွင် မုတ်ဆိတ်ကြီး၏ သားအကြီးဆုံးဖြစ်သူ မြို့ကနေ အပြေးအလွှား ရောက်ရှိလာတော့မှသာ ဦးဆောင်မည့်သူ ရှိလာတော့သည်။ သို့သော်လည်း ကန်ရေပြင်ပေါ်က မိမိဖခင်နှင့် ညီဖြစ်သူတို့၏ ရုပ်အလောင်းအခြေအနေကို မြင်လိုက်ရချိန်တွင် သားကြီးဖြစ်သူ၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားပြီး သူကိုယ်တိုင်လည်း ရုပ်အလောင်းများကို မဆယ်ရဲသဖြင့် လူတစ်ယောက်ကို လီစန်းကျန်းအား သွားရောက်ခေါ်ယူခိုင်းလိုက်လေသည်။
လီစန်းကျန်းက သူ၏ အလောင်းဆယ် ကိရိယာတန်ဆာပလာများ တင်ဆောင်ထားသည့် လက်တွန်းလှည်းကို တွန်းရင်း ရောက်ရှိလာခဲ့သည်။ ရောက်ရောက်ချင်း ကန် ထဲက အခြေအနေကို လှမ်းကြည့်လိုက်ပြီးနောက် လီစန်းကျန်းက ချက်ချင်း လက်ကာပြကာ နောက်ဆုတ်ရင်း -
"ငါမဆယ်ရဲဘူး၊ ဒါက ငါ့အသက်ကို တိုစေလိမ့်မယ်... ငါ့အသက်တိုလိမ့်မယ်! အခြားလူကိုပဲ ရှာကြပါ၊ မြန်မြန် အခြားလူပဲ ရှာလိုက်ကြပါ!" ဟု ဆိုကာ ငြင်းဆန်လေတော့သည်။
သူ၏ ထိတ်လန့်ခြောက်ခြားဖွယ် စကားများကြောင့် ပတ်ဝန်းကျင်ရှိ ရွာသားများမှာ ပိုမိုလှုပ်လှုပ်ခတ်ခတ် ဖြစ်သွားကြပြီး... မုတ်ဆိတ်ကြီးတို့ မိသားစုသည် မည်မျှကြီးမားသော အပြစ်ဆိုးကြီးများကို ကျူးလွန်ခဲ့၍ ယခုကဲ့သို့ ကျိန်စာသင့်သည့် ဘေးဒုက္ခဆိုးနှင့် ရင်ဆိုင်ရသနည်းဟူ၍ တိုးတိုးတိတ်တိတ် စတင်အတင်းပြောကြတော့သည်။ မကြာမီမှာပင် ရွာသားများက မနေ့က ဖြစ်ပွားခဲ့သော ရွှေဝါငှက်မလေး၏ ကိစ္စကို ပြန်လည်အစဖော်လာကြသည်။ ထိုစဉ်က မုတ်ဆိတ်ကြီးအိမ်တွင် ရန်ပွဲဖြစ်လုနီးပါးအထိ ပြဿနာတက်ခဲ့ကြခြင်းဖြစ်ပြီး၊ သည်လိုကျေးရွာလေးထဲတွင် လျှို့ဝှက်ချက်ဟူသည် အကြာကြီး ဖုံးကွယ်ထားရန် ခဲယဉ်းလှပေသည်။
ထိုအချိန်တွင် လီဝေဟန်ကလည်း ဘေးနားက လူများကို မနေ့က သူ မြေးဖြစ်သူကို ခေါ်ပြီး မြစ်ထဲသွားခဲ့စဉ်က အဖြစ်အပျက်ကို စတင်ဖောက်သည်ချတော့သည်။ မြေးဖြစ်သူ ရေထဲပြုတ်ကျသွားပုံ၊ ရေထဲတွင် လမ်းလျှောက်နေသည့် မိန်းမတစ်ဦးအကြောင်း အိပ်မက်ဆိုးများ မက်ပုံ၊ ထိတ်လန့်လွန်း၍ စိတ်နောက်မတတ် ဖြစ်သွားပုံနှင့် ကုန်းကြောင်းပေါ်က ကျန်းတာထုံ လာကြည့်ပေးတာရော၊ မျက်မမြင် လျှိုရှန်းစိ က ယတြာချေပေးတာပါ ဘာမှမထူးခြားပုံတို့ကို အသေးစိတ် ပြောပြနေတော့သည်။ ချက်ချင်းဆိုသလိုပင် လူအတော်များများက လီဝေဟန်ဘေးတွင် ဝိုင်းအုံကာ စိတ်ဝင်တစား နားထောင်ရင်း သူတို့၏ အမြင်များကို တတွတ်တွတ် ဝိုင်းဝန်းဆွေးနွေးကြလေသည်။
ဆွန်းကွေရင်ကတော့ လီဝေဟန်ဘေးတွင် အလွန် စိုးရိမ်သော မျက်နှာထားဖြင့် မတ်တပ်ရပ်နေမိသည်။ ပုံမှန်နေ့များတွင်ဆိုလျှင် ထမင်းချက်၊ အဝတ်လျှော်စရာ မရှိပါက သူမသည် ရွာထဲက မိန်းမများနှင့်အတူ သုံးရက်သုံးညတိုင်တိုင် အတင်းထိုင်ပြောနိုင်သူ ဖြစ်သော်လည်း... ယနေ့တွင်မူ ထူးဆန်းစွာ တိတ်ဆိတ်နေမိသည်။ သူမ၏ စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်ကာ စိုးရိမ်ထိတ်လန့်နေမိပြီး... အပြစ်လုပ်ထားသူက လူမိမှာကြောက်၍ ဟန်ဆောင်ပန်ဆောင် အော်ဟစ်နေရသလို၊ သို့မဟုတ် ကြောင်က ကြွက်သေကို ကြည့်ပြီး အရွှန်းဖောက် ငိုပြနေသလိုမျိုး ခံစားနေရသည်။
ဖန်ဇီ၊ လေဇီ၊ ဟုဇီနှင့် ရှစ်ထိုတို့ကလည်း မနေ့က ရေတစ္ဆေမကို တွေ့ခဲ့ရကြောင်း၊ ထိုရေတစ္ဆေမက ယွမ်ဟောက်လေးကို အသက်စားဖို့ အောက်ကို ဆွဲချရန် ကြံစည်ခဲ့ကြောင်းနှင့်... ယခုကိစ္စမှာ ထိုရေတစ္ဆေမက ကလဲ့စားချေရန် ပြန်လာခြင်းဖြစ်ကြောင်း သူတို့သိသမျှကို လိုက်လံပြောပြနေကြတော့သည်။
ရုတ်တရက်ဆိုသလို ဤနေရာကြီးသည် ကွင်းပြင်ကျယ်ကြီးထဲက လက်ဖက်ရည်ဝိုင်းကြီးတစ်ခုအလား စည်ကားသွားတော့သည်။ ရွှေဝါငှက်မလေး၏ ကိစ္စကို အကျအန ဆွေးနွေးပြီးနောက်တွင်လည်း ရွာသားများမှာ အာသီသ မပြေနိုင်ကြသေးဘဲ မုတ်ဆိတ်ကြီးအိမ်၏ အတိတ်က သမိုင်းဟောင်း အသေးအဖွဲကိစ္စရပ်များကိုပါ တူးဆွပြီး အတင်းအဖျင်း ပြောနေကြပြန်သည်။
မကြာမီမှာပင် မုတ်ဆိတ်ကြီး၏ သားဒုတိယမြောက်ကောင်သည် ဇနီးဖြစ်သူနှင့်အတူ အိမ်သို့ ပြန်ရောက်လာပြီး၊ သမီးနှစ်ယောက်ကလည်း သူတို့၏ လင်ယောက်ျားများကို ခေါ်ဆောင်ကာ ရောက်ရှိလာကြသည်။ သမီးနှစ်ယောက်စလုံးက မိခင်ဖြစ်သူကို ဖက်ကာ တပြိုင်နက်တည်း ငိုကြွေးကြတော့ပြီး... သားများနှင့် သမက်များကတော့ စုဝေးကာ လီစန်းကျန်းနှင့် အလောင်းဆယ်ခ ကျသင့်ငွေကိစ္စကို ဈေးစကား ပြောဆိုနေကြသည်။
လီစန်းကျန်းကတော့ ရုပ်အလောင်း နှစ်လောင်း ဖြစ်နေခြင်းနှင့် အလောင်းများတွင် မကောင်းဆိုးဝါး ပူးကပ်နေခြင်းဟူသော အကြောင်းပြချက်ကို သုံးကာ... သာမန် အလောင်းတစ်လောင်း ဆယ်ခထက် ဆယ်ဆမျှရှိသော ငွေပမာဏ အမြောက်အမြားကို မျက်နှာသေဖြင့် တောင်းဆိုလိုက်သည်။ ဈေးနှုန်း သဘောတူညီမှု ရရှိသွားပြီးနောက်တွင် လီစန်းကျန်းက ကန်စပ်တွင် စားပွဲတစ်လုံးပြင်ကာ ဖယောင်းတိုင်များ ထွန်းညှိပြီး၊ အမွှေးတိုင်နှင့် ရွှေစက္ကူငွေစက္ကူများကို ပြုလုပ်ကာ... နာရီဝက်ခန့်ကြာအောင် မန္တန်ရွတ်ဖတ်၊ ဝိညာဉ်ခေါ်ယူခြင်း အခမ်းအနားကို ပြုလုပ်ပေးခဲ့ရာ ရောက်ရှိနေသူ လူအများ၏ အာရုံစိုက်မှုကို အပြည့်အဝ ရရှိသွားတော့သည်