နောက်ဆုံးပို့ဆောင်ခြင်
“ဟူး…”
“ဟူး…”
နောက်ဆုံးတော့ ငါးကန်ကို ပတ်ပြီးတဲ့နောက် လီဆန်းကျန်းတစ်ယောက် မုတ်ဆိတ်ကြီးအိမ်ရှေ့ကို ရောက်ရှိလာခဲ့တော့တယ်။ အချိန်က ညဉ့်နက်သန်းခေါင်ယံ ဖြစ်နေပြီမို့ မုတ်ဆိတ်ကြီးအိမ်တင် မှောင်မည်းနေတာမဟုတ်ဘဲ ဘေးပတ်ဝန်းကျင်က မြင်နေရတဲ့ အိမ်အနည်းငယ်မှာလည်း မီးရောင်ဟူ၍ မရှိ၊ လူသူတစ်ယောက်မှလည်း အရိပ်အယောင်မျှပင် မတွေ့ရချေ။
လီဆန်းကျန်းက ဘေးတစ်စောင်းလှည့်ကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး၊ ဘယ်လက်ကို မုတ်ဆိတ်ကြီးအိမ်ဘက်သို့ ဆန့်တန်းကာ ညာလက်ကိုတော့ ယွမ်ဟောက်လေး မတ်တတ်ရပ်နေတဲ့နေရာဘက်သို့ ဆန့်ထုတ်ရင်း တိုးတိုးခိုင်မာစွာ ပြောဆိုပါတော့တယ် -
“ဒီနေ့ ငါမင်းကို ပူဇော်ပသပေးတယ်၊ နောက်နှစ်ကျရင်လည်း မင်းအတွက် သီးသန့်ပွဲလုပ်ပေးဦးမယ်၊ လူသားတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်တွေကို ငါကျေပွန်အောင် လုပ်ပေးခဲ့ပြီ၊ မင်းအခု ကျေနပ်ပြီလား။ မရဏကမ္ဘာမှာပဲဖြစ်ဖြစ်၊ လူ့လောကမှာပဲဖြစ်ဖြစ် အမှားအမှန်ဆိုတာ ရှိရမယ်! ရန်ငြိုးရှိရင် ရန်ငြိုးရှိတဲ့သူဆီ သွား၊ ကံကြမ္မာအငြိုးရှိရင် အငြိုးရှိတဲ့သူနောက်ပဲ လိုက်၊ လူတိုင်းရဲ့ ဘဝက ဆင်းရဲဒုက္ခတွေနဲ့ ပြည့်နှက်နေတာပဲမို့ လောကနိယာမကို ဆန့်ကျင်ပြီး အပြစ်မရှိတဲ့သူတွေကို လာမပတ်သက်ပါနဲ့တော့။”
လီဆန်းကျန်း စကားပြောပြီးနောက် လီကျစ်ယွမ်ရှိရာဘက်သို့ ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်ရာ၊ အရိပ်နှစ်ခု (တစ်ခုက အရပ်ရှည်ပြီး တစ်ခုကတော့ ပုပုလေး) ဟာ တစ်ယောက်နောက်တစ်ယောက် ငြိမ်သက်စွာ မတ်တတ်ရပ်နေဆဲဖြစ်တာကို သတိပြုမိလိုက်တယ်။
“ယွမ်ဟောက်လေး… ဒူးထောက်လိုက်စမ်း။”
လီကျစ်ယွမ် ဒူးမထောက်နိုင်ခဲ့ဘူး၊ သူက အမွှေးတိုင်အိုးကို ကိုင်ထားရင်း အရင်အတိုင်းပဲ မတ်တတ်ရပ်နေမိတယ်။
“ယွမ်ဟောက်လေး?” လီဆန်းကျန်းက အသံတိုးတိုးနဲ့ ထပ်မံတိုက်တွန်းလိုက်တယ်။
“ဆရာအဘိုး… ကျွန်တော် ဒူးထောက်လို့မရဘူး။” လီကျစ်ယွမ် ဒူးထောက်ချင်သော်လည်း သူ့ရဲ့ပုခုံးပေါ်မှာ တစ်စုံတစ်ခုက ဖိနှိပ်ထားသလို ခံစားနေရပြီး ကိုယ်ကို ငုံ့ချခွင့်မပေးတာ ဖြစ်တယ်။
လီဆန်းကျန်း အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ချက်ချင်းပဲ ဂါထာကို ဆက်ရွတ်တော့တယ် - “ကလေးက ငယ်သေးတယ်၊ ကလေးက ဘာမှနားမလည်ဘူး၊ ကလေးက မင်းအပေါ် ဘာအကြွေးမှမရှိဘူး၊ ငါက မင်းကို လမ်းပြပေးခဲ့တယ်၊ တံခါးဝအထိ လိုက်ပို့ပေးခဲ့ပြီ၊ မင်းက တကယ်ပဲ အကျိုးအကြောင်း အဆိုးအကောင်းကို နားမလည်တော့ဘူးလား။”
သူပြောပြီးတဲ့နောက်မှာတော့ အရိပ်တွေက ဘာမှပြောင်းလဲမသွားဘဲ တစ်ခုကကြီး၊ တစ်ခုကငယ်နဲ့ အရိပ်နှစ်ခုအတိုင်းပဲ ရှိနေဆဲ ဖြစ်တယ်။ လီဆန်းကျန်းရဲ့ မျက်ဝန်းထဲမှာ ဒေါသရိပ်တွေ ဖြတ်ပြေးသွားပြီး အစပိုင်းက ‘တံတား’ သဖွယ် ဆန့်တန်းထားတဲ့ လက်နှစ်ဖက်ကို ပြန်ရုတ်သိမ်းကာ၊ သူ့ရဲ့လက်ချောင်းတွေကို မြေကြီးထဲသို့ အားနဲ့ ထိုးစိုက်ချလိုက်တာကြောင့် လက်သည်းခွံတွေထဲမှာ ညစ်ပတ်ပေရေနေတဲ့ မြေကြီးမည်းတွေ အများကြီး ကပ်ငြိသွားတော့တယ်။
“မင်းက ရေအောက်က လျှောက်တယ်၊ ငါက ရေပေါ်က မျောတယ်၊ ငါက မင်းကို အကျိုးအကြောင်းနဲ့ ပြောတာကို မင်းက အရေးမလုပ်ဘူး၊ ငါက မင်းကို အေးအေးချမ်းချမ်း ဖြောင်းဖျတာကို မင်းက နားမထောင်ဘူး၊ အေး… ရတယ်လေ၊ ဒါဆိုရင်တော့ ဝိုင်းကြီးပတ်ချာလည် ပြောင်းပြန်လှန်ပြီး နဂါးမင်းဆီပဲ အဆုံးအဖြတ် သွားခံကြတာပေါ့!”
လီဆန်းကျန်းရဲ့ ပုံစံက ခန့်ညားတည်ကြည်သွားခဲ့တယ်၊ သူက အဲဒီလိုနာနာဘာဝမျိုးနဲ့ တိုက်ရိုက်မျက်နှာချင်းဆိုင်ဖို့ ဘယ်တုန်းကမှ မတွေးဝံ့ခဲ့သလို မလုပ်ရဲခဲ့ဘူး၊ ဒါပေမဲ့ အခြေအနေက ဒီအဆင့်အထိ ရောက်လာခဲ့ပြီမို့ သူ့မှာ ရွေးချယ်စရာမရှိတော့ဘူး၊ အလောင်းကို အိမ်ကနေ တကူးတက ခေါ်ထုတ်လာပြီးမှ အိမ်ကို ပြန်သယ်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်လို့ပင်။
သို့သော်လည်း အတိအကျ အဲဒီအချိန်မှာပဲ မုတ်ဆိတ်ကြီးအိမ်ရဲ့ သံတံခါးကြီး ပွင့်သွားတဲ့ “ကျိန်း…” ဆိုတဲ့ အသံကြီး ထွက်ပေါ်လာခဲ့တယ်။ လီဆန်းကျန်း လှမ်းကြည့်လိုက်တော့ တံခါးနောက်ကွယ်မှာ မုတ်ဆိတ်ကြီးနဲ့ သူ့ရဲ့ သားအငယ်ဆုံးတို့ မတ်တတ်ရပ်နေတာကို တွေ့လိုက်ရတယ်၊ သူတို့နှစ်ယောက်စလုံးက ဘောင်းဘီတိုအပွကြီးတွေကိုပဲ ဝတ်ဆင်ထားပြီး၊ ကိုယ်လုံးတီး၊ ခြေဗလာတွေနဲ့ ဖြစ်တယ်။
ခဏမျှတော့ လီဆန်းကျန်း စိတ်ထဲ ထိတ်ခနဲ ဖြစ်သွားမိတယ်၊ ဘာပဲဖြစ်ဖြစ် သူက ဒါကို ခိုးကြောင်ခိုးဝှက် လုပ်နေတာဖြစ်လို့ အခုလိုအချိန်မှာ သူများ မိသွားရင် နောက်ပိုင်း ရှင်းရလင်းရ ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ မကြာခင်မှာပဲ လီဆန်းကျန်း တစ်ခုခု မှားယွင်းနေတာကို သတိပြုမိလိုက်တယ်။ မုတ်ဆိတ်ကြီးနဲ့ သူ့သားက တံခါးအပြင်မှာ မတ်တတ်ရပ်နေတဲ့ သူ့ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ဘဲ၊ ငါးကန်ရှိရာ လမ်းကြောင်းဘက်ကို စိတ်လွင့်နေသလိုမျိုး တတွေဝေဝေနဲ့ လျှောက်လှမ်းသွားကြတာကို တွေ့လိုက်ရလို့ပဲ။
သူတို့နှစ်ယောက် လီဆန်းကျန်းရဲ့ ရှေ့ကနေ ဖြတ်သွားတဲ့အခါ သူတို့က ခြေဖျားထောက်ပြီး လျှောက်နေကြတာဖြစ်ပြီး၊ ခြေဖနောင့်တွေက မြေကြီးနဲ့ လုံးဝမထိစပ်နေတာကို သတိပြုမိလိုက်တယ်။ အဲဒီလိုနဲ့ အဖေနဲ့သား နှစ်ယောက်စလုံးဟာ ဘေးချင်းယှဉ်လျက် ယိမ်းထိုးနေပေမဲ့ လဲမကျဘဲ၊ ငါးကန်နားကို ရောက်တဲ့အခါမှာလည်း ရပ်မသွားဘဲ အောက်ဘက်သို့ ဆက်လက် လျှောက်ဆင်းသွားကြတော့တယ်။
ရေထဲကို လျှောက်ဝင်သွားပြီး ရှေ့ကို ဆက်တိုးသွားကြရာ… ရေပြင်က သူတို့ရဲ့ ဒူးဆစ်ကို ကျော်ဖြတ်သွားတယ်၊ ခါးကို ကျော်ဖြတ်သွားတယ်၊ ပုခုံးကို ကျော်ဖြတ်သွားပြီး နောက်ဆုံးမှာတော့… သူတို့ရဲ့ ဦးခေါင်းတွေကိုပါ မြုပ်လျှံလွှမ်းမိုးသွားခဲ့လေတော့တယ်။
“ဖလူး…”
လီကျစ်ယွမ်ရဲ့ ကိုယ်ခန္ဓာပေါ်က ဖိအားကြီးက ရုတ်တရက် လွတ်မြောက်သွားတာမို့ သူက မြေကြီးပေါ်သို့ ဘုန်းခနဲ တန်းထိုင်ချလိုက်ရတော့တယ်၊ လီဆန်းကျန်းကလည်း သူ့ကို ကာကွယ်ပေးဖို့ အနားကို ချက်ချင်း ပြေးဝင်လာခဲ့တယ်။
“မြေးလေး… ဘာမှမဖြစ်ဘူး မဟုတ်လား။”
လီကျစ်ယွမ်က ပြန်မဖြေဘဲ ကြောင်အမ်းအမ်းနဲ့ လက်ကို မြှောက်ကာ ရှေ့ကို ညွှန်ပြလိုက်တယ်။
အရှေ့ဘက်မှာတော့… ရွှေဝါငှက်မလေးရဲ့ ပုံရိပ်က လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်တန်းကာ၊ လက်ဖဝါးတွေကို ဖြန့်လျက် တစ်ခုခုကို စမ်းတဝါးဝါး ရှာဖွေနေသလိုမျိုး ရှိနေတယ်၊ နှေးကွေးစွာ လျှောက်လှမ်းနေပေမဲ့ သူမကလည်း ငါးကန်ရဲ့ အစွန်းဆီသို့ ရောက်ရှိလာပြီး၊ အဲဒီနောက် ရေထဲသို့ လျှောက်ဝင်သွားခဲ့တော့တယ်။
သူမရဲ့ခြေထောက်အောက်က ရေထုကို ခံစားမိသွားပုံရပြီး သူမက ဆန့်တန်းထားတဲ့ လက်မောင်းတွေကို ဖြည်းဖြည်းချင်း ချလိုက်ကာ ခြေလှမ်းတွေက ပိုမိုတည်ငြိမ်သွားခဲ့တယ်။ သူမက ကိုယ်ခန္ဓာ ခါးသေးသေးလေးကို လှည့်ပတ်ပြီး မနေ့တုန်းက ဒီငါးကန်ဘေးက စင်မြင့်ထက်မှာ ကခဲ့တဲ့ အကအတိုင်းပဲ စတင်ကပြနေတော့တယ်။ သူမရဲ့ အကက ပရော်ဖက်ရှင်နယ် မဆန်လှသေးဘဲ၊ အခုဆိုရင် အဆစ်အမြစ်တွေ တောင့်တင်းနေတာကြောင့် ပိုလို့တောင် ကမောက်ကမ ဖြစ်နေရရှာတယ်၊ ဒါပေမဲ့ သူမကတော့ အကထဲမှာပဲ စိတ်နှစ်မြှုပ်နေခဲ့တာ ဖြစ်တယ်။
ညကောင်းကင်ယံအောက်မှာ သူမရဲ့ ပုံရိပ်က တစ်ခါတစ်ရံ ရေအောက်ထဲ မြုပ်သွားလိုက်၊ တစ်ခါတစ်ရံ ရုတ်တရက် ပြန်ပေါ်လာလိုက်နဲ့ ဝေဝေဝါးဝါး ဖြစ်နေတော့တယ်။ သူမ ပေါ်လာတဲ့ အကြိမ်တိုင်းမှာလည်း ရေပြင်က သူမရဲ့ကိုယ်ပေါ်ကို ပိုပိုပြီး မြင့်တက်လာခဲ့တယ်။
တဖြည်းဖြည်းနဲ့… သူမရဲ့ ချောင်ဆမ်ဝတ်စုံ ခွဲကြောင်းကြားက ခြေထောက်တွေကို မမြင်ရတော့ဘူး၊ လှုပ်ခါနေတဲ့ တင်ပါးတွေကို မမြင်ရတော့ဘူး၊ သိပ်မမြင့်ပေမဲ့ တင်းကျပ်စွာ ဝတ်ဆင်ထားတဲ့ ရင်ဘတ်ပိုင်းကိုလည်း မမြင်ရတော့ဘူး။ ရေပြင်က သူမရဲ့ လည်ပင်းကို ကျော်ဖြတ်သွားပြီး ဆံပင်တွေကို မှုန်ဝါးသွားစေတယ်၊ သူမက လက်မောင်းတွေကို အပေါ်မြှောက်ပြီး ညကောင်းကင်ယံကို မျက်နှာမူလျက် ကကွက်ကို ဆက်လက် ဖော်ဆောင်နေတုန်းပဲ ဖြစ်တယ်။
မကြာခင်မှာပဲ… သူမရဲ့ ဦးခေါင်းကလည်း ရေမျက်နှာပြင်အောက်သို့ လုံးဝ မြုပ်ဝင်သွားခဲ့ပြီး၊ ရေပြင်ပေါ်မှာတော့ သူမရဲ့ လက်မောင်းနှစ်ဖက်သာ ကျန်ရစ်တော့တယ်၊ အဲဒီနောက်မှာတော့ လက်ကောက်ဝတ်လေးတွေတင်ပဲ ကျန်တော့ပြီး၊ နောက်ဆုံးမှာတော့ လက်ဖဝါးလေးတွေသာ…
သူမရဲ့ လက်ကလေးတွေပါ ရေမျက်နှာပြင်အောက်သို့ ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားတဲ့အခါ ရေမှော်ပင် မည်းမည်းတစ်စုသာ ကျန်ရစ်ခဲ့တော့တယ်။
နောက်ဆုံးမှာတော့… နောက်ဆုံး ရေလှိုင်းဂယက်လေးနဲ့အတူ၊
အရာအားလုံးဟာ… ကွယ်ပျောက် လွင့်စင်သွားခဲ့လေတော့သတည်း။
…
လီဆန်းကျန်းက လီကျစ်ယွမ်ကို ကျောပိုးပြီး ကိုယ်ကို ကိုင်းကာ အဝေးသို့ သုတ်ခြေတင် ပြေးခဲ့တော့တယ်၊ အတော်လှမ်းလှမ်းအထိ ပြေးပြီးတဲ့နောက်မှ ကောင်လေးကို အောက်ချပေးပြီး၊ နာကျင်ကိုက်ခဲနေတဲ့ သူ့ရဲ့ ခါးကို ထုရိုက်ရင်း ဆေးလိပ်ဘူးကို ထုတ်လိုက်တယ်။
ကလေးက ငိုင်တိုင်တိုင် ဖြစ်နေတာကို မြင်တော့ သူက ချော့မော့အကြံပေးလိုက်တယ် - “ဆရာအဘိုး စကားကို နားထောင်နော်၊ ဒါကို အိပ်မက်တစ်ခုလို့ပဲ သဘောထားလိုက်၊ မနက်ဖြန် နိုးလာရင် မင်း ဒါတွေအားလုံးကို မေ့သွားလိမ့်မယ်။”
လီကျစ်ယွမ်က စကားနားထောင်စွာနဲ့ပဲ ခေါင်းညိတ်ပြလိုက်တယ်၊ ဒါပေမဲ့ သူ စိတ်ထဲ ခံစားမိတာကတော့ စောစောက မြင်ကွင်းကြီးကို သူ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘဲ သူ့ရဲ့ အမှတ်သညာထဲမှာ ထာဝရ စွဲထင်ကျန်ရစ်နေတော့မှာ ဖြစ်တယ်ဆိုတာပဲ။
ဆေးလိပ်ပြာတွေကို ခါထုတ်လိုက်ရင်း ကလေးက စိတ်ဓာတ်ကျနေတုန်းပဲ ဖြစ်တာကို မြင်ရတော့ လီဆန်းကျန်းက စနောက်ပြီး ပြောလိုက်တယ် - “ယွမ်ဟောက်လေး… မကြာခင် မင်းကို ပျော်ရွှင်စေမယ့် အရာတစ်ခုခုကို တွေးထားလိုက်စမ်း။”
“ပျော်စရာ အရာလားဟင်။”
လီဆန်းကျန်းက ဆေးလိပ်ညှပ်ထားတဲ့ သူ့လက်ညှိုးနဲ့ မုတ်ဆိတ်ကြီးရဲ့ အိမ်ဘက်ကို ညွှန်ပြရင်း ပြန်ဖြေလိုက်တယ် -
“ငါတို့ အဝစားရတော့မယ်ဟေ့!”