ပုခုံးပေါ်က လက်တစ်စုံ
“ကဲ… အားလုံး အဆင်သင့်ဖြစ်ပြီ!” လီဆန်းကျန်းက လီကျစ်ယွမ်ရဲ့ နားနှစ်ဖက်ကို အုပ်ထားတဲ့ လက်တွေကို ဖယ်လိုက်ပြီး၊ ကောင်လေးရဲ့ ဘေးမှာ ဆောင့်ကြောင့်ထိုင်ချကာ - “ယွမ်ဟောက်လေး… ဆရာအဘိုးက ရှေ့ကနေ လျှောက်မယ်၊ မင်းက နောက်ကနေ ဖြည်းဖြည်းချင်း လိုက်ခဲ့နော်။ အမွှေးတိုင်အိုးထဲက ပြာတွေ ဖိတ်မကျစေနဲ့၊ ကြားလား။” လို့ မှာကြားလိုက်တယ်။
“ဟုတ်ကဲ့၊ ကြားပါတယ်ဗျ။”
“လိမ္မာတဲ့ ကလေးလေးပဲ၊ စကားနားထောင်တယ်။”
လီဆန်းကျန်းက လီကျစ်ယွမ်ကို အနောက်တံခါးကနေ ခေါ်ထုတ်လာခဲ့တယ်။ ပြီးတော့ နောက်ကနေ လိုက်လာတဲ့ လီဝေဟန်နဲ့ ဆွန်းကွေရင်တို့ကို လှည့်ကြည့်ပြီး - “မင်းတို့လင်မယားက အိမ်မှာပဲ စောင့်နေကြ၊ နောက်ကနေ လိုက်မလာနဲ့။ လူများရင် ရိပ်မိရလွယ်တယ်၊ ငါက အဲဒီအကောင် လန့်သွားမှာ စိုးလို့။” လို့ ပြောလိုက်တယ်။
“ဟုတ်ကဲ့ပါ ဦးလေး၊ အဆင်ပြေအောင်သာ ကြည့်လုပ်ပေးပါဦး။”
“အိမ်က တံခါးတွေအားလုံးကိုလည်း သေသေချာချာ ခတ်ထားလိုက်။”
“စိတ်ချပါ ဦးလေး။”
လီဝေဟန်က သူ့ဇနီးကို အိမ်ထဲပြန်ဆွဲခေါ်သွားပြီး တံခါးတွေ၊ ပြတင်းပေါက်တွေအားလုံးကို လုံခြုံအောင် ပိတ်လိုက်တော့တယ်။ အခုဆိုရင်တော့ လင်းလက်နေတဲ့ ညကောင်းကင်ယံအောက်က မြစ်ကမ်းဘေးမှာ လီဆန်းကျန်းနဲ့ လီကျစ်ယွမ်တို့ နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီ ဖြစ်တယ်။
“ယွမ်ဟောက်လေး… ဒီမှာ ခဏလေး စောင့်နေဦးနော်။” လီဆန်းကျန်းက လှမ်းပြောပြီးတာနဲ့ ကျောက်ပြာလှေကားထစ်တွေအတိုင်း မြစ်ဆိပ်ဘက်ကို တစ်ယောက်တည်း ဆင်းသွားခဲ့တယ်။ သူက မြစ်ကမ်းနားမှာ ဆောင့်ကြောင့်ထိုင်ချပြီး အသံတိုးတိုးနဲ့ တစ်ခုခုကို ရေရွတ်ရင်း လက်နဲ့ ရေပြင်ကို အဆက်မပြတ် မွှေနှောက်နေတော့တယ်။
လီကျစ်ယွမ်ကတော့ အနည်းငယ် လှမ်းတဲ့နေရာမှာ ရပ်နေတာဖြစ်ပြီး ဆရာအဘိုးကလည်း အသံကို တမင်နှိမ့်ထားတာမို့ ဘာတွေပြောနေလဲဆိုတာကို သေသေချာချာ မကြားရဘူး။ ရေရွတ်နေရင်းနဲ့ပဲ လီဆန်းကျန်းရဲ့ ကိုယ်ခန္ဓာကြီးက အနောက်ဘက်ကို လန်လန်သွားပြီး ချက်ချင်း ထွက်ပြေးဖို့ ပြင်နေသလိုမျိုး ခဏခဏ ဖြစ်နေတတ်တယ်၊ ကြည့်ရတာ ရေထဲမှာ ပုန်းအောင်းနေတဲ့ အရာတစ်ခုခုက သူ့ဆီကို အချိန်မရွေး ခုန်အုပ်လာတော့မယ့်အတိုင်းပဲ။
နောက်ဆုံးတော့ လီဆန်းကျန်းတစ်ယောက် ရေရွတ်လို့ ပြီးသွားပြီး အမောတကော အသက်ရှူရင်း အပေါ်ကို အပြေးအလွှား ပြန်တက်လာခဲ့တယ်။
“ကဲ… ယွမ်ဟောက်လေး၊ ဆရာအဘိုးက ရှေ့က သွားမယ်၊ မင်းက နောက်က လိုက်ခဲ့တော့။ မှတ်ထားနော်… နောက်ကနေ ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုအသံတွေပဲ ကြားရကြားရ၊ ဒီအမွှေးတိုင်အိုးကို ကျစ်ကျစ်ပါအောင် ကိုင်ထားရမယ်၊ ပြီးတော့ နောက်ကို လုံးဝ လှည့်မကြည့်ရဘူး၊ နားလည်လား။”
“နားလည်ပါတယ်ဗျ။”
“အင်း… လိမ္မာတယ်။”
လီဆန်းကျန်းက ရှေ့ကနေ အရင်လျှောက်သွားပြီး ကိုက် ၂၀ ကျော်လောက် ဝေးတဲ့အကွာအဝေးကို ရောက်တော့မှ လီကျစ်ယွမ်ဘက် လှည့်ပြီး လိုက်လာခဲ့တော့ဆိုတဲ့ အဓိပ္ပာယ်နဲ့ လက်ဟန်ခြေဟန် ပြလိုက်တယ်။ သို့သော်လည်း လီကျစ်ယွမ်ကတော့ နေရာတင် ငြိမ်ငြိမ်လေးရပ်နေပြီး မလှုပ်မယှက် ရှိနေခဲ့တယ်။
“လာလေ… ယွမ်ဟောက်လေး၊ နောက်က လိုက်ခဲ့တော့။”
“ဒါပေမဲ့…” လီကျစ်ယွမ်က ခေါင်းလှည့်ကြည့်ချင်ပေမဲ့ လီဆန်းကျန်း မှာထားခဲ့တဲ့ စကားတွေကို သတိရသွားတာမို့ ငြိမ်းနေတဲ့ အမွှေးတိုင်အိုးကို လက်တစ်ဖက်နဲ့ တင်းတင်းကိုင်ထားရင်း၊ ကျန်တဲ့လက်တစ်ဖက်နဲ့တော့ မြစ်ဘက်ကို ညွှန်ပြကာ - “ကျွန်တော်တို့ သူမကို မစောင့်တော့ဘူးလားဟင်။”
“ဘယ်သူ့ကို စောင့်ရမှာလဲ။”
“သူမလေ… ရွှေဝါငှက်မလေးကို ပြောတာ။”
“ရွှေဝါငှက်မလေးသူက ဘာဖြစ်လို့လဲ။”
“သူ နောက်ကနေ လိုက်မလာဘူး။”
ဒီစကားကြောင့် လီဆန်းကျန်း ဆွံ့အသွားပြီး အနောက်ကို ပြန်လျှောက်လာကာ လီကျစ်ယွမ်ကို စိုက်ကြည့်ရင်း - “ယွမ်ဟောက်လေး… ငါတို့ အခု ဘာသွားလုပ်မလို့လဲဆိုတာ မင်း သိလို့လား။”
လီကျစ်ယွမ်က ခေါင်းခါပြလိုက်ပြီးမှ ပြန်ပြီး ခေါင်းညိတ်ပြပြန်တယ်။
လီဆန်းကျန်းက ကောင်လေးကို အံ့သြတကြီး ကြည့်ရင်း - “ဒီကလေးကတော့… မင်းအမေအတိုင်းပဲ၊ တကယ်ကို ဉာဏ်ကောင်းတာ။” ဟု တိုးတိုးရေရွတ်လိုက်တယ်။ ထို့နောက် တစ်စုံတစ်ခုကို တွေးမိသွားသလိုမျိုး လီကျစ်ယွမ်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်ကာ မေးလိုက်တယ် - “မင်း… သူမရှိနေတာကို ခံစားမိလို့လား။”
“ဟုတ်ကဲ့။”
“သူမက အခု… ဘယ်နားမှာလဲ။”
လီကျစ်ယွမ်က ပါးစပ်ဟလိုက်ပေမဲ့ ဘာမှမပြောသေးဘဲ တစ်စုံတစ်ခုကို စဉ်းစားနေသလို၊ သို့မဟုတ် စောင့်ဆိုင်းနေသလိုမျိုး လုပ်နေပြီးမှ လှမ်းပြောလိုက်တယ် - “သူမ ရောက်နေပြီ။”
“ဘယ်နားမှာလဲ။” လီဆန်းကျန်းက လန့်ဖျတ်သွားပြီး သတိအပြည့်နဲ့ မေးလိုက်တယ်။
“စောစောတုန်းကတော့ ရေထဲမှာ…”
“ဟူး…” လီဆန်းကျန်းက စိတ်အေးသွားသလို သက်ပြင်းတစ်ချက် ချလိုက်တယ်။
“အခုတော့ ကျွန်တော့်ရဲ့ အနောက်မှာ။”
လီဆန်းကျန်း - “…”
လီဆန်းကျန်းက မသိစိတ်ကြောင့် လီကျစ်ယွမ်ရဲ့ အနောက်ဘက်ကို လှည့်ကြည့်ချင်စိတ် ဖြစ်သွားပေမဲ့ အဲဒီစိတ်ကို အတင်းအောင့်အီးပြီး ထိန်းချုပ်လိုက်ရတယ်။ ဒါပေမဲ့ လှည့်မကြည့်ရင်တောင် သူ့ရဲ့နှာခေါင်းက ပြင်းထန်လှတဲ့ အလောင်းပုပ်ညှော်နံ့ကြီးကို သိသိသာသာ ရနေခဲ့ပြီ ဖြစ်တယ်။ ဒါက သူ တကယ်ကို ရင်းနှီးလွန်းလှတဲ့ အနံ့ဆိုးကြီးပဲ။ သူမ တကယ်ပဲ ဒီကို ရောက်နေခဲ့ပြီ။
လီဆန်းကျန်းက စိုးရိမ်တကြီးနဲ့ တံတွေးတစ်ချက် မျိုချလိုက်မိပြီး ကိစ္စကို ဖျက်သိမ်းလိုက်ရင် ကောင်းမလားလို့ တွေးမိပေမဲ့၊ တကယ်လို့ အခုမှ ရပ်တန့်လိုက်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ပြန်တွေးမိသွားတယ်… တောက်… သူများတွေ လုပ်ခဲ့တဲ့ မကောင်းမှု အပြစ်ဒဏ်တွေကို ဘာဖြစ်လို့ ဟန်ဟောက်ရဲ့ မိသားစုက ခံရမှာလဲ!
“ယွမ်ဟောက်လေး… ဆရာအဘိုး အခုလေးတင် မှာထားတာတွေကို အသေအချာ မှတ်ထားနော်။”
“ဟုတ်ကဲ့။”
လီဆန်းကျန်းက မျက်လုံးတွေကို မှိတ်၊ လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ကာ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်တယ်။ ပုပ်စော်နံတာက ပိုလို့တောင် ပြင်းထန်လာခဲ့ပြီ။ ပြီးတော့မှ သူက လှည့်ထွက်လိုက်ပြီး မျက်လုံးတွေကို ပြန်ဖွင့်ကာ ရှေ့ကို ခပ်လှမ်းလှမ်းအထိ လျှောက်သွားလိုက်တယ်၊ ဒီအကွာအဝေးကတော့ သူ လှေပေါ်ကနေ အလောင်းတွေကို ဝါးလုံးနဲ့ ထိုးဆွဲတဲ့အခါ ပုံမှန်ကြည့်လေ့ရှိတဲ့ အကွာအဝေးပဲ ဖြစ်တယ်။ အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် သူက ပုခုံးကျော်ပြီး အနောက်ကို လှမ်းကြည့်လိုက်တယ်။
အမွှေးတိုင်အိုးကို ကိုင်ထားတဲ့ ယွမ်ဟောက်လေးရဲ့ အနောက်မှာတော့ လရောင်တောင် မသီနိုင်တဲ့ မှောင်မိုက်ခြင်း အရိပ်အာဝါသတစ်ခုက ထီးထီးကြီး မတ်တတ်ရပ်လို့နေတယ်။
“ယွမ်ဟောက်လေး… နောက်ကနေ ကပ်လိုက်ခဲ့နော်။”
“ဟုတ်ကဲ့။”
“ဒင်… ဒင်… ဒင်…”
လီဆန်းကျန်းက ရှေ့ကနေ စတင်လျှောက်လှမ်းလိုက်တာနဲ့ အနောက်ကနေ ခေါင်းလောင်းသံလေးကလည်း ကပ်လျက် ထွက်ပေါ်လာတော့တယ်။ သူက ရွာလမ်းမအတိုင်း မသွားဘဲ မြစ်ကမ်းဘေး လမ်းကြောင်းတွေ ဒါမှမဟုတ် တောအုပ်ငယ်လေးတွေကို တမင်တကာ ဝေ့ဝိုက်ပြီး ရွေးချယ်လျှောက်လှမ်းခဲ့တယ်။ ညဉ့်နက်သန်းခေါင်ယံအချိန်မို့ လမ်းသွားလမ်းလာ မရှိသလောက် ရှားပါးလှပေမဲ့လည်း သူတို့လုပ်ဆောင်နေတဲ့ အပြုအမူတွေကို ပြင်ပလူတွေ လုံးဝ မရိပ်မိစေဖို့အတွက် တတ်နိုင်သမျှ အစွမ်းကုန် သတိထားနေရတာ ဖြစ်တယ်။
လမ်းတစ်ဝက်ကို ရောက်တဲ့အခါ လီဆန်းကျန်းက ခြေလှမ်းတွေကို ခေတ္တရပ်လိုက်တယ်၊ အနောက်က လိုက်ပါလာတဲ့ ခေါင်းလောင်းသံလေးကလည်း ချက်ချင်းပဲ ငြိမ်ကျသွားခဲ့တယ်။ လီဆန်းကျန်းက နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ လီကျစ်ယွမ်က ကိုက် ၂၀ ကျော်လောက် အကွာအဝေးမှာပဲ ရပ်နေတုန်းပဲ ဖြစ်တယ်။ ကောင်လေးရဲ့ အနောက်မှာတော့ ဝေဝေဝါးဝါးနဲ့ လူရိပ်တစ်ခုက ကပ်ငြိပြီး လိုက်ပါလာတာကို မှုန်ပျပျ မြင်တွေ့နေရတယ်။
“ယွမ်ဟောက်လေး… ဆက်လျှောက်ကွ၊ ငါတို့ ရောက်တော့မယ်။”
“ဟုတ်ကဲ့။”
“ဒင်… ဒင်… ဒင်…”
လီဆန်းကျန်းက ရှေ့ကနေ ဆက်လက်ဦးဆောင်ပြီး လျှောက်လိုက်၊ နားလိုက် လုပ်နေခဲ့သလို အနောက်က ခေါင်းလောင်းသံလေးကလည်း လိုက်ပါလာခဲ့တယ်။ နောက်ဆုံးမှာတော့ နောက်ထပ် ငါးကန်တစ်ခုကို ကွေ့ပတ်ပြီးတာနဲ့ မုတ်ဆိတ်ကြီးရဲ့ အိမ်ကို ရောက်တော့မှာ ဖြစ်တယ်။ ဒီငါးကန်ကတော့ အမှန်စင်စစ် သူ့မိသားစုပိုင်တဲ့ ကန်ပဲ ဖြစ်တယ်။
ဒီတစ်ကြိမ်မှာတော့ လီဆန်းကျန်းက ခြေလှမ်းတွေကို မရပ်တန့်တော့ဘူး။ သူက ငါးကန်ရဲ့ အစွန်းအတိုင်း ဆက်တိုက် လျှောက်လှမ်းနေရင်းနဲ့မှ ကိုယ်ကို ဖြည်းဖြည်းချင်း အနောက်ဘက်သို့ လှည့်ကြည့်လိုက်မိတယ် -
မှိန်ဖျော့လှတဲ့ လရောင်အောက်မှာ လီကျစ်ယွမ်က အမွှေးတိုင်အိုးကို ကိုင်ထားရင်း ရှေ့ကနေ လမ်းပြနေတဲ့ ဆရာအဘိုးကို တစ်ချက်ကြည့်လိုက်၊ ပြီးတော့ ခြေလှမ်းမှားမှာ စိုးလို့ လမ်းကို သေသေချာချာ ပြန်ကြည့်လိုက်နဲ့ သွားနေရှာတယ်။ လမ်းက တကယ်ကို ကြမ်းတမ်းပြီး ချောက်ချားစရာကောင်းလှတာမို့ ကလေးတစ်ယောက်အဖို့ ခြေချော်လဲဖို့ အလွန်လွယ်ကူလှတယ်၊ ဒါကြောင့် သူက တုန်တုန်ချိချိနဲ့ ခက်ခက်ခဲခဲ လျှောက်နေရရှာတာ ဖြစ်တယ်။ သို့သော်လည်း သူ့ရဲ့ ကိုယ်ဟန်ကတော့ ဟိုယိမ်းဒီယိမ်း ဖြစ်နေတုန်းပဲ။
သူ့ရဲ့ အနောက်မှာတော့ ဆံပင်အရှည်ကြီးတွေ ရေစိုရွှဲနေတဲ့၊ ချောင်ဆမ် (တရုတ်ရိုးရာဝတ်စုံရှည်) ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်က ကပ်လျက် လိုက်ပါလာနေတယ်။ အဲဒီအမျိုးသမီးက ရှေ့ကလမ်းကို မမြင်ရတဲ့ မျက်မမြင်တစ်ယောက်အတိုင်းပဲ။ မျက်မမြင်တွေက သူတို့ကို လမ်းပြပေးတဲ့သူကို တွယ်ကပ်ထားတတ်ကြတဲ့အတိုင်း အဲဒီအမျိုးသမီးရဲ့ လက်နှစ်ဖက်က ကောင်လေးရဲ့ ပုခုံးပေါ်မှာ တင်ထားခဲ့ပြီ ဖြစ်တယ်၊ ကောင်လေးက လမ်းမညီလို့ ယိမ်းထိုးသွားတဲ့အခါတိုင်း သူမရဲ့ ခန္ဓာကိုယ်ကြီးကလည်း လိုက်ပါပြီး မညီမညာနဲ့ ယိမ်းထိုးလှုပ်ရှားနေတော့တယ်။
လီဆန်းကျန်းက တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိပြီး အနောက်ပြန် လျှောက်နေရင်းနဲ့မှ ခြေလှမ်းတစ်ချက် ကျွံသွားကာ ဟန်ချက် ပျက်လုနီးပါး ဖြစ်သွားခဲ့ရတယ်။ ဒါပေမဲ့ ကိုယ်ကို ဟိုဟိုဒီဒီ အနည်းငယ် ယိမ်းခါလိုက်ပြီးနောက်မှာတော့ ဟန်ချက်ကို ပြန်ထိန်းနိုင်သွားခဲ့တယ်။
ဒါကို မြင်လိုက်ရတဲ့အခါ လီကျစ်ယွမ်က လှမ်းနေရာကနေ ရပ်တန့်ဖို့ ပြင်လိုက်တော့တယ်။
လီဆန်းကျန်းက စိုးရိမ်တကြီးနဲ့ ခပ်သွက်သွက်လေး လှမ်းအော်လိုက်ရတယ် - “ယွမ်ဟောက်လေး… မရပ်နဲ့ဦး၊ ဆက်လျှောက်၊ ကိုယ်ကို ငြိမ်ငြိမ်ထား၊ ငါတို့ ရောက်ခါနီးပြီ!”