တိတ်ဆိတ်နေတဲ့..ည
“ဦးလေးကလည်း… စကားကို လျှော့ပြောပါဦး၊ ဒါက အကြီးအကျယ် ပြဿနာမှ မဟုတ်တာ။”
“တကယ်ကို ကြီးကြီးမားမား ပြဿနာကွ။ အရင်တုန်းကဆို လျိုမျက်မမြင်က သူများအတွက် ဒီလိုမျိုး လက်ဝင်ကူညီပေးလိမ့်မယ် ထင်လို့လား။ ဒါတွေအားလုံးက အရင်က အကြွေးဟောင်း ကျေးဇူးတရားတွေကြောင့်ပဲ။ သူကိုယ်တိုင် စိတ်မပါရင်တောင် နှာခေါင်းပိတ်ပြီး အောင့်ခံပြီး လုပ်ပေးရတာ၊ စိတ်ထဲမှာတော့ မကျေမနပ်နဲ့ နောင်တရနေလောက်ပြီ။ အခုဆို အိမ်မှာ မျက်ရည်သုတ်ရင်း သူ့ကံကြမ္မာကိုပဲ ကျိန်ဆဲနေလောက်ရောပေါ့။”
“ဦးလေး… ဒီမှာ ထိုင်ပါဦး။”
လီဝေဟန်က လီဆန်းကျန်းရဲ့ ဖင်အောက်ကို ထိုင်ခုံပုလေးတစ်လုံး အမြန် တိုးပေးလိုက်ပြီး၊ ဆေးလိပ်တစ်လိပ် ထုတ်ကာ မီးညှိပေးပြီးနောက် သူ့ဇနီးဘက် လှည့်ကာ - “ကွေရင်… ဗိုက်ဆာပြေဖြစ်အောင် မုန့်တစ်ခုခု ထုတ်ပေးလိုက်ပါဦး။” ဟု ပြောလိုက်တယ်။
ပြောပြောဆိုဆိုနဲ့ပဲ သူက သော့ခတ်ထားတဲ့ ဗီရိုဆီ အကြည့်ရောက်သွားတယ်။ ဆွန်းကွေရင်က သော့ကိုထုတ်ပြီး ဗီရိုကို ဖွင့်လိုက်တယ်။ သူမက အထဲကနေ ကြက်ဥကိတ်မုန့်တွေနဲ့ ဘီစကစ်မုန့်အချို့ကို ထုတ်ပြီး လူကြီးနှစ်ယောက်ရှေ့မှာ ချပေးရင်း လီဆန်းကျန်းကို အားနာတကြီးနဲ့ - “ဦးလေးရယ်… မနက်ဖြန်ကျမှ ကျွန်မ အသားသွားဝယ်ပြီး ဦးလေးကို ကောင်းကောင်းမွန်မွန် သောက်ဖို့ဖိတ်ပါ့မယ်ရှင့်။” လို့ ပြောလိုက်တယ်။
“ဒီလိုတွေ ဒုက္ခခံမနေပါနဲ့၊ ပြန်သိမ်းလိုက်ပါ။ ငါက ကလေးတွေဆီက မုန့်ကို ဘယ်လိုလုပ် လုစားရမှာလဲ။”
လီဝေဟန်က ဘီစကစ်မုန့်ဗူးကို ဖွင့်ပြီး လီဆန်းကျန်းကို တစ်ချပ် လှမ်းပေးလိုက်တယ်။ သူကိုယ်တိုင်လည်း သံဗူးခွံကို ကိုင်ရင်း - “ကွေရင်… မုန့်တွေ ကုန်သွားရင် ဒီသံဗူးခွံကို မပစ်နဲ့ဦးနော်၊ အပ်ချုပ်အပ်တွေနဲ့ ကြယ်သီးတွေ ထည့်ထားဖို့ အတော်ပဲ။”
“ဟုတ်ကဲ့၊ မှတ်ထားပါ့မယ်။”
လီဆန်းကျန်းက ဘီစကစ်မုန့်ကို ခပ်သွက်သွက်လေး စားလိုက်တယ်၊ လီဝေဟန်က နောက်ထပ် ထပ်ပေးတဲ့အခါမှာတော့ သူက လက်နဲ့ တွန်းဖယ်လိုက်ပြီး သူ့ဘောင်းဘီကို ပုတ်ခါရင်း - “ကဲ… ကလေးလည်း ဘာမှမဖြစ်တော့ဘူးဆိုတော့ ငါ အိမ်ပြန်တော့မယ်။”
“ကျွန်တော် ဆိုင်ကယ်နဲ့ လိုက်ပို့ပေးပါ့မယ်။”
“မလိုဘူး၊ မလိုဘူး၊ ငါ ဆိုင်ကယ်မစီးချင်ဘူး။”
“ဒါဆိုလည်း ဆိုင်ကယ်မယူတော့ဘူး၊ ကျွန်တော် လမ်းလျှောက်ပြီး လိုက်ပို့ပေးမယ်။ ကွေရင်… ဓာတ်မီး သွားယူပေးဦး။”
အတိအကျ အဲဒီအချိန်မှာပဲ… နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ လီကျစ်ယွမ်က ရုတ်တရက် ကိုယ်ခန္ဓာကြီး တုန်တက်လာပြီး အသက်ရှူသံတွေ ပြင်းထန်လာကာ နဖူးမှာလည်း ချွေးစေးတွေ ပြန်လာခဲ့တယ်။ လီဆန်းကျန်းက ချက်ချင်းပဲ ပြန်ထိုင်ချလိုက်ပြီး ကလေးကို စစ်ဆေးကြည့်တော့တယ်။
လီဝေဟန်က စိုးရိမ်တကြီးနဲ့ မေးတယ် - “ဦးလေး… ကလေးက ဘာဖြစ်ပြန်တာလဲ။”
“ဘာမှ အရေးမကြီးပါဘူး၊ အိပ်မက်ဆိုး မက်နေတာ ဖြစ်လိမ့်မယ်။ ဒါက သဘာဝပဲလေ။ အစပိုင်းမှာ မကောင်းတဲ့ဝိညာဉ်က နှောင့်ယှက်တဲ့အခါ သူတို့က လှပပြီး ဆွဲဆောင်မှုရှိတယ်လို့ ထင်နေတတ်ကြတာ။ နောက်ပိုင်းကျမှ ဒါကို သဘောပေါက်ပြီး ကြောက်လန့်လာကြတာ။ ဘာမှ မဟုတ်ပါဘူး၊ နောက်ရက်အနည်းငယ်ကြာရင် ကလေးက ဒါတွေကို မေ့သွားမှာပါ။”
လီဝေဟန်နဲ့ ဆွန်းကွေရင်တို့က ခေါင်းညိတ်လိုက်ကြတယ်၊ ဟုတ်တာပေါ့… သူတို့လည်း ကလေးကို ဘာမှမဖြစ်စေချင်ဘူးလေ။
“အား…”
လီကျစ်ယွမ်က အော်ဟစ်ပြီး အိပ်ရာကနေ ထထိုင်လိုက်ကာ အမောတကော အသက်ရှူနေတော့တယ်။
“ယွမ်ဟောက်လေး… ယွမ်ဟောက်လေး…” ဆွန်းကွေရင်က အနားတိုးသွားပြီး လီကျစ်ယွမ်ကို ပွေ့ဖက်ကာ ကျောကို ခပ်ဖွဖွလေး ပုတ်ပေးရှာတယ် - “ဘာမှမဖြစ်တော့ဘူးနော်၊ မကြောက်နဲ့တော့၊ အဘွားရှိတယ်၊ အဘွား ဒီမှာ ရှိတယ်နော်။”
လီကျစ်ယွမ်က ဆွန်းကွေရင်ကို အရင်ကြည့်တယ်၊ ပြီးတော့ လီဝေဟန်ဘက် လှည့်ကြည့်ပြီးမှ၊ နောက်ဆုံးမှာတော့ သူ့ရဲ့အကြည့်က ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးတဲ့ လီဆန်းကျန်းရဲ့ မျက်နှာပေါ်မှာ ရပ်တန့်သွားခဲ့တယ်။
လီဆန်းကျန်းက သူ့ရဲ့ အရက်ရှိန်ကြောင့် နီရဲနေတဲ့ နှာခေါင်းကို လက်ညှိုးထိုးပြပြီး ပြုံးလိုက်တယ် - “ယွမ်ဟောက်လေး… ငါက မင်းရဲ့ ဆရာအဘိုးပဲ။”
လီကျစ်ယွမ်က မျက်တောင်ခတ်လိုက်ပြီး အိပ်မက်ထဲက ခံစားချက်ကို ပြန်သတိရသွားပုံရတယ်။ သူက အနောက်တံခါးဘက်ကို ချက်ချင်း ခေါင်းလှည့်ပြီး လက်ညှိုးထိုးကာ ပြောလိုက်တယ် - “ရွှေဝါငှက်မလေး… ရွှေဝါငှက်မလေး… သူ ကျွန်တော်တို့အိမ်ကို လာတယ်!”
“အေးပါ၊ အေးပါ၊ မင်းက အိပ်မက်ဆိုး မက်နေတာပါ၊ အားလုံး ပြီးသွားပါပြီ။ သူ့ကို အဘွားက မောင်းထုတ်လိုက်ပြီပဲ၊ သူ ငါတို့ကလေးကို နောက်တစ်ခါ လာမနှောင့်ယှက်ရဲတော့ပါဘူး။”
လီကျစ်ယွမ်က ဆွန်းကွေရင်ကို သံသယစိတ်နဲ့ ကြည့်တယ် - “တကယ်လား အဘွား။”
လီဝေဟန်က သက်ပြင်းချနိုင်သွားပြီး - “ကြည့်ရတာ ကလေးက အိပ်မက်ကြောင့် တကယ် လန့်သွားတာပဲ၊ ဟဲဟဲ။”
လီဆန်းကျန်း ပြောသလိုပဲ အရာအားလုံး ဖြစ်ပျက်နေတာကို မြင်ရတော့မှ လီဝေဟန်နဲ့ သူ့ဇနီးတို့ရဲ့ ရင်ထဲက စိုးရိမ်မှုတွေက လုံးဝ ဥဿုံ လွင့်ပြယ်သွားခဲ့တော့တယ်။
သို့သော်လည်း လီဆန်းကျန်း တစ်ယောက်တည်းသာ လီကျစ်ယွမ် လက်ညှိုးထိုးပြတဲ့ အနောက်တံခါးဘက်ကို လှမ်းကြည့်ရင်း မျက်နှာက တဖြည်းဖြည်း လေးနက်တည်ကြည်သွားခဲ့တယ်။
“ဟန်ဟောက်… ငါ့ကို ဓာတ်မီး ပေးစမ်း။”
လီဝေဟန်က ချက်ချင်းမပေးဘဲ - “ဦးလေးရယ်… ကျွန်တော် လိုက်ပို့မယ်လို့ ပြောသားပဲ။”
“ပေးဆို ပေးစမ်း!” လီဆန်းကျန်းက ဓာတ်မီးကို လုယူလိုက်တယ်။
“ဦးလေးရယ်… ကျွန်တော် လိုက်ပို့ပါ့မယ်၊ ဦးလေးက အရက်မူးနေတာ၊ ညဉ့်နက်သန်းခေါင် လမ်းလျှောက်ရင်…”
“ဖယ်စမ်း!” လီဆန်းကျန်းက လီဝေဟန်ကို တွန်းဖယ်လိုက်ပြီး အနောက်တံခါးဆီ တန်းတန်းမတ်မတ် လျှောက်သွားတော့တယ်။
“ဦးလေး?” လီဝေဟန်က သူ့မြေးကိုတစ်ချက်ကြည့်ပြီး နောက်ကနေ ချက်ချင်း လိုက်သွားခဲ့တယ်။
လီဆန်းကျန်းက တံခါးခုံကို ကျော်ဖြတ်ပြီး အနောက်တံခါးနဲ့ တည့်တည့်မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ကမ်းစပ်ဆီ သွားကာ အောက်ဘက်ကို ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တယ်။
“ဦးလေး… တစ်ခုခု ပြဿနာရှိနေတုန်းပဲလား။”
လီဆန်းကျန်းက မြေကြီးပေါ် တံတွေးတစ်ချက်ထွေးပြီး အသံကို နှိမ့်ကာ ပြောလိုက်တယ် - “ကလေးက တခြားအိပ်မက်တွေ မက်ရင် ကိစ္စမရှိဘူး၊ ဒါပေမဲ့ သူက အိမ်ကို အလောင်းကြီး ရောက်လာတယ်လို့ မက်တာကတော့… တကယ်ကို ကြောက်စရာကောင်းနေပြီ။”
“ဘာ… သူ တကယ်ပဲ ကျွန်တော်တို့အိမ်ကို ရောက်လာတာလား။”
လီဆန်းကျန်းက လက်မြှောက်ပြပြီး လီဝေဟန်ကို အသံမထွက်ဖို့ အချက်ပြလိုက်တယ်၊ ပြီးတော့ လှေကြီးနဲ့ အနီးနားက မြစ်ပြင်ပေါ်ကို ဓာတ်မီးနဲ့ ဆက်တိုက် ထိုးကြည့်နေခဲ့တယ်။ အကြိမ်ကြိမ် ရှာဖွေပြီးတဲ့နောက်မှာတော့ ဘာတစ်ခုမှ ရှာမတွေ့ခဲ့ပြန်ဘူး။
လီဝေဟန်က အသံတိုးတိုးနဲ့ မေးတယ် - “ဦးလေး… တစ်ခုခု မြင်ရလား။”
“ရှူး… ဟန်ဟောက်၊ မင်း အဲဒီအသံကို ကြားလား။”
လီဝေဟန်က သေသေချာချာ နားစွင့်ကြည့်ပြီး ခေါင်းခါလိုက်တယ် - “ဦးလေး… ဘာအသံလဲ။ ကျွန်တော် ဘာမှ မကြားရဘူး။”
“ဟဲ။” လီဆန်းကျန်းက သူ့နှာခေါင်းကို ပွတ်လိုက်ရင်း - “နွေရာသီည မြစ်ကမ်းဘေးမှာ… ဒီလောက်အထိ တိတ်ဆိတ်နေတာမျိုးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
လီဝေဟန် ချက်ချင်း သဘောပေါက်သွားတယ် - ဟုတ်သားပဲ၊ သူတို့အိမ်ဘက် အခြမ်းက ထူးထူးခြားခြားကို တိတ်ဆိတ်လွန်းနေတာပဲ။ ပုံမှန်ဆိုရင် ညတိုင်း အစည်းအဝေးလုပ်နေကြသလို တကျီကျီနဲ့ အော်တတ်တဲ့ ပုစဉ်းရင်ကွဲတွေနဲ့ ဖားအော်သံတွေက ဒီညမှာတော့ လုံးဝ ပျောက်ကွယ်နေပြီး သုသာန်တစပြင်လို ခြောက်ကပ်လို့နေတယ်။
အခုမှ ငြိမ်သက်နေတဲ့ ရေပြင်နဲ့ လှုပ်ခတ်နေတဲ့ ရေမှော်ပင်တွေကို ကြည့်ရင်း လီဝေဟန် စတင် ကြောက်လန့်လာမိတော့တယ်။ အဲဒီအလောင်းက တစ်နေရာရာမှာ ပုန်းအောင်းနေတာလည်း ဖြစ်နိုင်တာပဲ။
လီဆန်းကျန်းက အိမ်ထဲကို ပြန်လှည့်ဝင်လာပြီး ဆွန်းကွေရင်ကို ပြောလိုက်တယ် - “ကွေရင်… ငါ့ကို အဝါရောင်ဝိုင် (ရိုးရာအရက်တစ်မျိုး) တစ်ဇလုံလောက် ခပ်ပေးစမ်း။”
“အော်… ကျွန်မ ဦးလေးအတွက် မြေပဲနဲ့ ကြက်ဥလေးပါ လှော်ပေးရမလားရှင့်။”
“အရက်ပဲ သွားယူခဲ့စမ်းပါ၊ စကားများမနေနဲ့!” လီဝေဟန်က အလောတကြီး တိုက်တွန်းလိုက်တယ်၊ ဘာလို့လဲဆိုတော့ လီဆန်းကျန်းက ဒီနေရာမှာ ထိုင်သောက်ဖို့ စိတ်ကူးမရှိမှန်း သူ အသေအချာ သိနေလို့ပဲ ဖြစ်တယ်။
ဆွန်းကွေရင်က အဝါရောင်ဝိုင်တစ်ဇလုံကို ယူလာပေးတယ်။
၎င်းကို လှမ်းယူပြီးတဲ့နောက် လီဆန်းကျန်းက လီကျစ်ယွမ်ရဲ့ ရှေ့မှာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ပြုံးပြလိုက်တယ် - “ယွမ်ဟောက်လေး… ခဏနေရင် နည်းနည်း စပ်ဖျဉ်းဖျဉ်း ဖြစ်လိမ့်မယ်၊ အော်မငိုနဲ့နော်၊ အောင့်ခံလိုက်၊ ဟုတ်ပြီလား။”
လီကျစ်ယွမ်က လီဝေဟန်နဲ့ ဆွန်းကွေရင်ကို မော့ကြည့်လိုက်ပြီးမှ လီဆန်းကျန်းကို ခေါင်းညိတ်ပြလိုက်တယ်။
“လိမ္မာတယ်။”
လီဆန်းကျန်းက အဝါရောင်ဝိုင်တွေကို လီကျစ်ယွမ်ရဲ့ လည်ပင်းပေါ် လောင်းချလိုက်တော့တယ်။ ကောင်လေးက မသိစိတ်နဲ့ တွန့်သွားရှာပေမဲ့ လီဆန်းကျန်းက သူ့ရဲ့ဘယ်လက်နဲ့ ကောင်လေးရဲ့ လက်မောင်းကို အမြန်ဖမ်းကိုင်လိုက်ပြီး၊ ညာလက်နဲ့တော့ လည်ပင်းနဲ့ ပုခုံးတွေကို အင်တိုက်အားတိုက် ပွတ်သပ်ပေးတော့တယ်။ အဖိုးကြီးရဲ့ လက်တွေက အသားမာတွေ တက်နေပြီး ကော်ပတ်စက္ကူလို ကြမ်းတမ်းလွန်းလှတာကြောင့် အရေပြားကို ပွတ်ဆွဲတဲ့အခါ အတော်လေး နာကျင်စေတယ်။
လီကျစ်ယွမ်ခမျာ နာကျင်နေပေမဲ့လည်း စကားနားထောင်စွာနဲ့ပဲ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး အောင့်ခံနေရှာတော့တယ်။