ဆေးရုံပေါ်မှအသက်လုပွဲ
"ဪ၊ အဲလိုလား။ မင်း ဒီမှာပဲ ငြိမ်ငြိမ်လေး ထိုင်နေနော်၊ ဘယ်မှမသွားနဲ့၊ အစ်ကို ကိုယ်သုတ်ဖို့ ရေနွေးဝတ် သွားယူပေးမယ်။"
"ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် အစ်ကိုလျန်လျန်။"
ရွှေလျန်လျန် ထွက်သွားတာနဲ့ လီကျစ်ယွမ်ရဲ့ မျက်လုံးထောင့်ကနေ ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရတယ်၊ ဒါက အစ်မယိန်းဇီပဲ။ သူလည်း ဒီဆေးရုံကို ရောက်နေတာလား။ သူ့ရဲ့ အဖိုးနဲ့ အဖွားက မြို့နယ်ကျန်းမာရေးဌာနကနေ ဒီကို ပြောင်းလာတာနေမှာ။ ဒါဆိုရင် ဆရာကြီးလည်း ဒီမှာ ရှိနေနိုင်တာပေါ့ ဟုတ်လား။
သို့သော်လည်း လီကျစ်ယွမ်ကတော့ သူမနောက်ကို လိုက်ဖို့ နေရာကနေ ထမသွားခဲ့ပါဘူး၊ ရွှေလျန်လျန် ပြန်လာတဲ့အခါ သူ့ကိုမတွေ့ရင် စိုးရိမ်ပူပန်သွားမှာ စိုးလို့ပါ။
ရွှေလျန်လျန်က တံပတ်အသစ်တစ်ထည်နဲ့ ပြန်လာပြီး လီကျစ်ယွမ်ရဲ့ မျက်နှာကို သေချာ သုတ်ပေးတယ်၊ ပြီးတော့ လက်ကလေးတွေ မြှောက်ခိုင်းပြီး အင်္ကျီလက်တိုထဲအထိ တံပတ်ကို လျှိုသွင်းကာ အအေးမိမသွားအောင် ခန္ဓာကိုယ်ကို သေသေချာချာ သုတ်သပ်ပေးရှာတယ်။
"ယွမ်ဟောက်လေး... မင်းက ဒီအရပ်ဒေသက မဟုတ်ဘူးမလား။" ရွှေလျန်လျန်က ပြုံးရင်း မေးလိုက်တယ်၊ "မနေ့က ငါမေးတုန်းကတော့ ဒီဒေသခံပဲလို့ ပြောပြီး၊ ခုနက သွေးစစ်တော့ကျ နာ့စ်မလေးကို နန်ထုန်းဒေသစကားနဲ့ ပြောနေတာကိုး။ ငါ ရိပ်မိသားပဲ။"
"ဟုတ်တယ်၊ ကျွန်တော် ငယ်ငယ်တုန်းက ပေကျင်းမှာ နေခဲ့တာ၊ မကြာသေးခင်ကမှ ဇာတိမြေကို ပြန်လာတာပါ။"
"ပေကျင်း ဟုတ်လား။ ငါလည်း တက္ကသိုလ်အချင်းချင်း ပညာရပ်ဆိုင်ရာ ဖလှယ်ပွဲတုန်းက အဲဒီကို ရောက်ဖူးတယ်၊ ဝေမင်ရေကန်အထိတောင် သွားခဲ့တာ။"
လီကျစ်ယွမ်က စိတ်ထဲကနေ - 'တိုက်ဆိုင်လိုက်တာ၊ အဲဒီတုန်းက ဆုံမသွားခဲ့ကြဘူးပဲ' လို့ တွေးလိုက်မိတယ်။
"မြို့ကြီးပြကြီးက ကလေးတွေကို အားကျလိုက်တာကွာ။" ရွှေလျန်လျန်က တောင့်တသလို ညည်းတွဲပြောလိုက်တယ်။
"အစ်ကိုလျန်က ဘယ်ကလဲဟင်။"
"ငါလား။ ငါက အန်ဟွီပြည်နယ်ရဲ့ ကျေးလက်တောရွာကပါ။ ငါတို့ရွာက အိမ်လေးတွေက အရမ်းလှပေမဲ့ နည်းနည်းတော့ ဆင်းရဲကြတယ်။"
လီကျစ်ယွမ် ခေါင်းညိတ်လိုက်မိတယ်၊ သူကိုယ်တိုင်လည်း စီယွမ်ရွာပတ်ပတ်လည်က အိမ်ဟောင်း တော်တော်များများဟာ လှပတယ်လို့ ထင်မြင်မိလို့ပါပဲ၊ အထူးသဖြင့် အိမ်အမိုးတွေနဲ့ နံရံစွန်းတွေရဲ့ ဗိသုကာလက်ရာ ဒီဇိုင်းတွေက အရမ်းကို အနုပညာဆန်ပြီး လှပလွန်းလှပါတယ်။
"နှမြောစရာကောင်းတာကတော့ ရွာကလူတွေ လူနေမှုအဆင့်အတန်း မြင့်မားလာကြတဲ့အခါ အိမ်ဟောင်းတွေကို ဖျက်ပြီး အိမ်အသစ်တွေ ဆောက်လိုက်ကြတာပဲ။"
"ဒါကလည်း ပိုပြီး သက်တောင့်သက်သာ နေထိုင်နိုင်ဖို့ပဲလေ။"
"ငါသိပါတယ်၊ ဒါပေမဲ့ ငါ့စိတ်ထဲမှာတော့ သာမန်လူတွေရဲ့ ဘဝက ပြည့်စုံလာပြီဆိုရင် ဖွံ့ဖြိုးပြီးနိုင်ငံတွေလိုမျိုး ခရီးသွားရတာကို သဘောကျလာကြမှာပဲလို့ ထင်တယ်။ တကယ်လို့ အိမ်ဟောင်းတွေကိုသာ မဖျက်ဘဲ အကောင်းတိုင်း ချန်ထားခဲ့ရင် နောင်တစ်ချိန်မှာ ခရီးသွားဧည့်သည် ဆွဲဆောင်ရာနေရာတွေ ဖြစ်လာနိုင်တာပေါ့။"
လီကျစ်ယွမ်က ရွှေလျန်လျန်ကို ငေးကြည့်နေမိတယ်၊ ဒီအစ်ကိုကြီးရဲ့ အတွေးအခေါ်က ပြဿနာတစ်ခုရဲ့ အနှစ်သာရကို ထိုးထွင်းမြော်မြင်နိုင်စွမ်းရှိပြီး အဝေးကို ကြည့်နိုင်တဲ့ ထက်မြက်မှုမျိုး ရှိနေတာမို့ စိတ်ထဲကနေ လေးစားမိသွားတယ်။ သူက မွေးရာပါ အရာရာကို သိမြင်နေတဲ့ လူမျိုး မဟုတ်သလို၊ သူ့ရဲ့ ပါရမီရှင် အတန်းဖော်တွေလိုလည်း မဟုတ်ဘူး၊ ဒါပေမဲ့ သူက အမှန်တရားရဲ့ နိယာမတွေကို ရှာဖွေဖော်ထုတ်တဲ့နေရာမှာတော့ ထူးထူးခြားခြား ထက်မြက်ပုံရတယ်။ ဒါဟာလည်း ပါရမီရှင်တစ်မျိုး ဖြစ်နိုင်တာပဲလေ။
"ဟားဟား... မင်းက ငါ့ကို လျှောက်ပြောနေတယ်လို့ ထင်နေလား။ နောင်အနာဂတ်မှာ ဘယ်သူက အိမ်ဟောင်းတွေ၊ မြို့ဟောင်းတွေကို ပိုက်ဆံပေးပြီး တန်းစီကြည့်မှာလဲ ဟုတ်တယ်မလား။"
လီကျစ်ယွမ်က ခေါင်းခါပြလိုက်ပြီး - "ကျွန်တော်ကတော့ အစ်ကိုလျန်လျန် ပြောတာ မှန်လိမ့်မယ်လို့ ထင်ပါတယ်။"
"မင်းက တော်တော်လေး ဉာဏ်ကောင်းတာပဲ၊ တကယ်ပြောတာ၊ ငါကြည့်ရုံနဲ့ သိတယ်။ ကျောင်းစာအဆင့်အတန်းကကော ဘယ်လိုလဲ။"
"မဆိုးပါဘူး၊ အတန်းထဲမှာ ကျွန်တော့်ကို နိုင်တဲ့ကလေး သိပ်မရှိပါဘူး။"
"ဒါက မင်း ငယ်သေးလို့ပါကွာ။ အောက်တန်းတွေမှာက သင်ရတာ သိပ်မများတော့ ကွာဟချက်က သိပ်မရှိဘူး၊ ပြိုင်ဆိုင်မှုကလည်း မပြင်းထန်သေးဘူး။ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်အထိ ရောက်သွားတဲ့အခါကျရင် မင်း နားလည်လာလိမ့်မယ်။ အခုကတည်းက သွေးနားထင် မရောက်နဲ့ဦးနော်။"
"ဟုတ်ကဲ့၊ သိပါပြီ။"
အဲဒီနောက် လီကျစ်ယွမ်က လှေကားထစ်တွေဘက်ကို လက်ညှိုးထိုးပြရင်း - "အစ်ကိုလျန်လျန်... ခုနက ကျွန်တော့်ရဲ့ ဝမ်းကွဲအစ်မ အပေါ်တက်သွားတာ တွေ့လိုက်တယ်။ သူ့ရဲ့ အဖိုးနဲ့ အဖွားက ဒီမှာ ဆေးရုံတက်နေရတာ၊ သူနဲ့ ကျွန်တော့်ဒေါ်လေးတို့ လူနာစောင့်နေကြတာ ဖြစ်မယ်။ ကျွန်တော် သွားကြည့်ချင်လို့။"
"ကောင်းပြီ၊ ငါလည်း လိုက်ခဲ့မယ်။"
"အားနာစရာကြီးပါ၊ ကျွန်တော် ဘာသာ သွားလိုက်ပါ့မယ်။"
"မရဘူးလေ၊ မွန်းလွဲပိုင်း ဆေးစစ်ချက်အဖြေထွက်လို့ အားလုံး အဆင်ပြေမှ ငါကိုယ်တိုင် မင်းကို အိမ်အထိ ပြန်လိုက်ပို့ရမှာ။"
"ဟုတ်ကဲ့ပါ အစ်ကိုလျန်လျန်။"
စတုတ္ထထပ်နဲ့ ပဉ္စမထပ်ကတော့ လူနာဆောင်တွေ ဖြစ်ပါတယ်။ လီကျစ်ယွမ်က လူနာတွေရဲ့ နာမည်ကို မသိတာမို့ အခန်းနံပါတ်ကို လိုက်မမေးနိုင်ဘဲ တစ်ခန်းပြီးတစ်ခန်းသာ လိုက်ရှာရတော့တယ်။
သိပ်မကြာခင်မှာပဲ သူ ရင်းနှီးနေတဲ့ ကျယ်လောင်လှတဲ့ အသံကြီးကို ကြားလိုက်ရတယ် - "တောက်... ဘာတွေ ဖြစ်ကုန်တာလဲကွာ။"
ဒါက ဆရာကြီးရဲ့ အသံပဲ။ လီကျစ်ယွမ်က ချက်ချင်းပဲ အပြေးသွားလိုက်ပြီး ရွှေလျန်လျန်ကလည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ဆူညံသံကြောင့် အခြေအနေကို လာကြည့်ကြတဲ့ လူနာအချို့နဲ့ လူနာစောင့်တွေလည်း ေလျှာက်လမ်းပေါ်မှာ ပေါ်လာကြတယ်။
လူနာဆောင် တံခါးဝကို ရောက်လို့ တွန်းဖွင့်လိုက်တဲ့အခါ...
လီကျစ်ယွမ် မြင်လိုက်ရတာကတော့ လီဆန်းကျန်းက မက်မွန်သစ်သားဓားကို ကိုင်ဆောင်ထားပြီး၊ သူ့နောက်က အစ်မယိန်းဇီ၊ တတိယဒေါ်လေးနဲ့ တခြား အလတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တို့ကို ကာကွယ်ပေးထားတဲ့ ပုံစံပါပဲ။
ကုတင်နှစ်လုံးပေါ်မှာတော့ သက်ကြီးရွယ်အို နှစ်ယောက် လဲလျောင်းနေပြီး၊ အစ်မယိန်းဇီရဲ့ အဖိုးနဲ့ အဖွား ဖြစ်ပုံရပါတယ်။ အခုအချိန်မှာတော့ အဲဒီ သက်ကြီးရွယ်အိုနှစ်ယောက်ဟာ တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီအကြောဆွဲနေပြီး မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့ကနေ သွေးတွေ စိမ့်ထွက်နေရှာတယ်။ အထူးသဖြင့် ပါးစပ်ကနေ သွေးတွေ ပွက်ပွက်အန်ထွက်နေတာမို့ ကုတင်တစ်ခုလုံး ရဲရဲနီနေရုံတင်မကဘဲ မြေကြီးပေါ်မှာပါ သွေးကွက်အကြီးကြီး နှစ်ကွက် ချက်ချင်း အိုင်ထွန်းသွားခဲ့ပြီ။
ဒါတောင်မှ... သူတို့နှစ်ယောက်ဟာ အသက်လုရင်း အားယူကာ တစ်လုံးချင်းစီ အသည်းအသန် ရေရွတ်နေကြတုန်းပဲ -
"အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါ... ပိုင်မိသားစုရဲ့ သမီးပျိုရယ်။"