တောင်းပန်မှရမယ့်အခြေအနေ
"ဒီမှာက အဲဒီလို အသက်အန္တရာယ်ရှိတဲ့ ခြင်မျိုးတွေ မရှိပါဘူး။ ပြီးတော့ အဆိပ်မိတယ်ဆိုရင်တောင် ဒီလောက်အထိ ဆေးမတိုးတာ မြန်စရာအကြောင်းမရှိဘူး။ မနက်ကတင် ကောင်းကောင်းမွန်မွန်ရှိသေးတယ်လို့ မင်းပြောတယ်မလား။"
"ဟုတ်ကဲ့ ဆရာဝန်ကြီး... မနက်ကတော့ ဘာနေမကောင်းတဲ့လက္ခဏာမှ မပြသေးဘူးဗျ။"
"အင်း..." ဆရာဝန်က စိတ်ညစ်သွားပုံရပြီး "သူ့ကို အနီးအနားက မြို့နယ်ဆေးခန်းဆီသာ မြန်မြန်ပို့ပြီး စစ်ဆေးခိုင်းလိုက်တော့။ ငါကတော့ ဒီမှာ အအေးမိ၊ နှာစေး တုပ်ကွေးလို သမရိုးကျရောဂါတွေပဲ ကုပေးနိုင်တာ"
"ဆရာဝန်ကြီး... ကျွန်တော့်မှာလည်း အဲဒါမျိုး ဖြစ်နေလို့ပါ"
ရွှေလျန်လျန်က သူ့လက်မောင်းနှစ်ဖက်လုံးက အင်္ကျီလက်ကို ပင့်တင်ပြလိုက်သည်။ ဘေးတွင် မတ်တပ်ရပ်နေသော လီကျစ်ယွမ် လှမ်းကြည့်လိုက်မိတော့ ရွှေလျန်လျန်၏ လက်မောင်းပေါ်တွင်လည်း ကျောက်ဟယ်ချွမ်လိုပဲ မီးခိုးရောင်အစွက်အပြောက်များ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဒါလည်း မဆန်းပါဘူးလေ... မနေ့ညက အဲဒီမိန်းမကြီးဟာ သူ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်နေပြီး ကျောက်ဟယ်ချွမ်အစား သူ့ကို အရင်ဖမ်းဆွဲဖို့ လုပ်ခဲ့တာပဲဥစ္စာ။ အပြင်ပန်း ဒဏ်ရာအနာတရတချို့ ရသွားတာဟာ သဘာဝကျပါတယ်။
"ဒါဆိုရင်တော့ မြို့ပေါ်ဆေးရုံကြီးကိုသာ အမြန်ဆုံး သွားကြတော့။ မင်းလည်း ကူးစက်ရောဂါတစ်ခုခု ဖြစ်နေမလား သိရအောင် တစ်ခါတည်း စစ်ဆေးခဲ့ဦး"
"ဟုတ်ကဲ့... ဒါဆို ကျွန်တော့်သူငယ်ချင်းကို ဒီမှာ ခေတ္တခဏ ထားခဲ့ပါရစေဦး ဆရာဝန်ကြီး။ ကျွန်တော် သွားပြီး ကားတစ်စီးလောက် အမြန်ရှာလိုက်ဦးမယ်"
ဆရာဝန်က မျက်မှောင်ကုတ်သွားသော်လည်း ခေါင်းညိတ်လက်ခံလိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။ ထို့နောက် အိတ်ကပ်ထဲမှ နှာခေါင်းစည်းအဟောင်းတစ် ခုကို ထုတ်ကာ မျက်နှာတွင် တပ်ဆင်လိုက်တော့သည်။
ရွှေလျန်လျန် ထွက်သွားပြီးနောက် ဆရာဝန်က သတိလစ်တစ်ချက် မေ့တစ်ချက် ဖြစ်နေရှာသော ကျောက်ဟယ်ချွမ်ကို ထပ်မံကြည့်ရှုရင်း ရေရွတ်လိုက်သည်။
"ဒါက ရောဂါဘယဖြစ်တဲ့ ပုံစံမျိုး မဟုတ်ဘူး။ မသန့်ရှင်းတဲ့အရာတစ်ခုခု ဝင်စီးခံထားရတဲ့ ပုံစံမျိုးနဲ့ ပိုတူနေတယ်..."
'ခြေဗလာဆရာဝန်' (ကျေးလက်ကျန်းမာရေးလုပ်သား) ဆိုသည်မှာ တရုတ်ပြည်သစ် ထူထောင်ပြီးနောက်ပိုင်း နိုင်ငံတော်မှ အခြေခံဆေးဝါးကုသမှုပညာရပ်များကို လေ့ကျင့်သင်ကြားပေးထားသော ကျေးလက်အခြေပြု ကျန်းမာရေးဝန်ထမ်းများ ဖြစ်ကြသည်။ ၎င်းတို့သည် လယ်ယာလုပ်ငန်းကိုလည်း လုပ်ကိုင်ကြသလို ဆေးကုသခြင်းကိုလည်း တွဲဖက်လုပ်ကိုင်ကြသူများ ဖြစ်သည်။ ယေဘုယျအားဖြင့် ၎င်းတို့၏ ဆေးပညာကျွမ်းကျင်မှုသည် တရားဝင် ဆေးရုံကြီးများက ဆရာဝန်များလောက် မပြည့်စုံသော်လည်း သတ်မှတ်ထားသော သမိုင်းခေတ်ကာလတစ်ခုအတွင်း ကျေးလက်ဒေသ၏ ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ထိန်းသိမ်းရာတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ သဘာဝအရ ထူးဆန်းထွေပြားပြီး လက်ပေါက်ကပ်သော ဝေဒနာများနှင့် ပတ်သက်၍ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်အတွေးအခေါ်များ ရှိတတ်ကြသလို ထိုသို့သောကိစ္စရပ်များကိုလည်း အစွဲအလမ်းကြီးစွာ ငြင်းပယ်လေ့မရှိကြချေ။
"ဆရာဝန်ကြီး... ခုနက ဘာပြောလိုက်တာလဲဟင်"
ဘေးကနေ ကြားလိုက်ရသော လီကျစ်ယွမ်က စူးစမ်းလိုစိတ်ဖြင့် ကမန်းကတန်း မေးလိုက်သည်။
ဆရာဝန်က ဘာမှပြန်မပြောဘဲ တိတ်ဆိတ်သွားသည်။ ကလေးတစ်ယောက်ကို အယူအဆဟောင်း ထင်မြင်ချက်တွေ လျှောက်ပြောပြီး မထိတ်လန့်စေချင်၍ ဖြစ်လိမ့်မည်။
"ကျွန်တော်တို့တွေ မသန့်ရှင်းတဲ့အရာတစ်ခုခုနဲ့ တိုးပြီး အဝင်စီးခံလိုက်ရတာလား" လီကျစ်ယွမ်ကပဲ အရင်ဦးအောင် မေးခွန်းထုတ်လိုက်ပြီး "အဲဒါကို ဘယ်လိုဖြေရှင်းလို့ ရမလဲဟင်"
ဆရာဝန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး "ငါ့တူရာ... ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ။ ငါက ဆရာဝန်လေ... ဗေဒင်ဆရာ မဟုတ်ဘူး"
လီကျစ်ယွမ် စိတ်ပျက်သွားမိသည်။ ဒီကိစ္စကတော့ ဆရာကြီး ပြန်အလာကိုပဲ စောင့်ရတော့မည့်ပုံပင်။ လျူကျန့်ရှားနှင့် ဒေါ်လေးကျူးရှန်းတို့တွင်လည်း ဤပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်း ရှိကောင်းရှိနိုင်မှန်း သူသိသော်လည်း ၎င်းတို့၏ နည်းလမ်းများက ရိုးရှင်းလွန်းပြီး ကြမ်းတမ်းရက်ရောလွန်းလှသဖြင့် သွားရောက်အကူအညီတောင်းခံရန် အနည်းငယ် တွန့်ဆုတ်နေမိခြင်း ဖြစ်သည်။
ထိုစဉ်မှာပင် ခုနက ထွက်သွားသော ရွှေလျန်လျန်သည် အလုပ်သမားဝတ်စုံ ဝတ်ဆင်ထားပြီး ဆံပင်ဖြူအနည်းငယ် သန်းနေသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦးနှင့်အတူ ပြန်လည်ရောက်ရှိလာသည်။ ထိုအမျိုးသားသည် ထူထဲတည်ကြည်သော မျက်ခုံးတန်းများနှင့် စတုရန်းပုံစံ မျက်နှာကျရှိပြီး သဘာဝအတိုင်း ဖြောင့်မတ်တည်ကြည်မှုနှင့် အာဏာရှိန်ဝါတို့ လွှမ်းမိုးနေသည်။
"ညွှန်ကြားရေးမှူး လူအို..." ဆရာဝန်က မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်သည်။
ထိုအမျိုးသားသည် ဆောက်လုပ်ရေးစီမံကိန်း၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်ပြီး ဟိုင်ဟယ်တက္ကသိုလ်၏ ဌာနမှူးတစ်ဦးလည်း ဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာတိုင် ဒေသတွင်း ရေအရင်းအမြစ် ထိန်းသိမ်းရေး ဆောက်လုပ်ရေးစီမံကိန်းများကို ဦးဆောင်စီစဉ်ပေးခဲ့သူ ဖြစ်သည်။
"အင်း..." လူထင်ရွေ့က လက်ဟန်ဖြင့် အသိအမှတ်ပြုလိုက်ပြီးနောက် ကျောက်ဟယ်ချွမ်၏ ဘေးသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ အခြေအနေကို စစ်ဆေးကြည့်ရှုသည်။ ထို့နောက် ရွှေလျန်လျန်ကို လေသံနှိမ့်၍ ကြိမ်းမောင်းလိုက်လေသည်။
"မင်းမှာ ဦးနှောက်မပါဘူးလား။ မနေ့က ဘယ်သူက မင်းတို့နှစ်ယောက်ကို ဒီလောက်အထိ ဇွတ်တရွတ် လုပ်ခိုင်းလို့လဲ"
"ညွှန်ကြားရေးမှူးကြီး... ကျွန်တော့်အပြစ်ပါဗျာ"
လူထင်ရွေ့က မျက်မှောင်ကုတ်လျက် "ငါ မင်းတို့ကို အမြဲမသွန်သင်ဖူးဘူးလား... ဆောက်လုပ်ရေးခွင်မှာ အုတ်ဂူတွေ၊ နတ်ကွန်းဘုရားကျောင်းတွေနဲ့ တိုးရင် စနစ်တကျ ကိုင်တွယ်ဖြေရှင်းရမယ်လို့။ တကယ်လို့ ရွှေ့ပြောင်းဖို့ မဖြစ်နိုင်ဘူးဆိုရင်တောင် အဲဒီအရာတွေကို မဖျက်ဆီးခင် အနည်းဆုံးတော့ အမွှေးတိုင်လေးထွန်း၊ စကားကောင်းလေး ဘာလေး ပြောရမယ်လေ။ အခုတော့ မင်းတို့က တူနဲ့ ထုခွဲပစ်လိုက်တယ် ဟုတ်လား"
"ညွှန်ကြားရေးမှူးကြီး... ဒါဆို အခု ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲခင်ဗျာ"
အမှန်တော့ မနေ့က ရွှေလျန်လျန်အနေဖြင့် နတ်ကွန်းငယ်လေးကို မဖြိုချမီ အမွှေးတိုင်ထွန်းရန် စိတ်ကူးရှိခဲ့သော်လည်း ကျောက်ဟယ်ချွမ်က နှာခေါင်းရှုံ့ကာ 'ဒါတွေက တရုတ်လူမျိုးတွေရဲ့ ခေတ်မမှီတဲ့ အယူအဆအမှားတွေပဲ' ဟု မထောက်မညှာ ဝေဖန်ရင်း တူနှင့် ထုနှက်ဖျက်ဆီးတော့သဖြင့် ရွှေလျန်လျန်လည်း အလိုက်သင့် ကူညီပေးခဲ့ရခြင်း ဖြစ်သည်။ နောက်ရက်မှာပဲ ဤကဲ့သို့ ပြဿနာမျိုး ကြုံရလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ သို့သော် ယခုအချိန်သည် အပြစ်ပုံချရမည့် သို့မဟုတ် ဆင်ခြေပေးရမည့် အချိန်မဟုတ်ပေ။
"ရုပ်ထုကို ဘယ်နား သွားထားလိုက်လဲ"
"အနောက်ဘက်က မြောင်းထဲကို ဆောက်လုပ်ရေး အမှိုက်တွေနဲ့အတူ ပစ်လိုက်မိပါတယ်"
"ကောင်းပြီ... အခု သူ့ကို အဲဒီကို အရင်ခေါ်သွားလိုက်။ ငါ ယာယီရုံးခန်းကနေ အမွှေးတိုင်တချို့ သွားယူခဲ့မယ်။ အရင်ဆုံး တောင်းပန်ကန်တော့လိုက်ဦး၊ ပြီးမှ သူ့ကို မြို့ပေါ်က ဆေးရုံကြီးဆီ ခေါ်သွားကြတာပေါ့။ ဒီလိုအခြေအနေမျိုးကို ဒီက ဒေသန္တရဆေးခန်းလေးက ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကားရောက်လာဖို့လည်း အချိန်နည်းနည်း လိုသေးတယ်"
"ဟုတ်ကဲ့ပါ ညွှန်ကြားရေးမှူးကြီး... ကျွန်တော် နားလည်ပါပြီ"
ရွှေလျန်လျန်သည် ကျောက်ဟယ်ချွမ်ကို ပွေ့ချီကာ ရေကာတာအောက်သို့ ပြေးဆင်းသွားတော့သည်။ လမ်းလျှောက်နေရင်းဖြင့် သူသည် ရုတ်တရက် ခေါင်းလှည့်ကာ သူ့နောက်ကနေ လိုက်လာသည့် လီကျစ်ယွမ်ကို လှမ်းကြည့်လိုက်သည်။
"မင်းက..."
လီကျစ်ယွမ်က စကားအရှည်ကြီး မပြောတော့ဘဲ သူ့လက်မောင်းကို ရွှေလျန်လျန်အား မြှောက်ပြလိုက်သည်။
ရွှေလျန်လျန် အံ့အားသင့်သွားပြီး "ကလေး... မင်းလည်း မနေ့က သွားပြီး ထုခွဲမိလို့လား"
"ကျွန်တော် ဘာမှမသိလိုက်ပါဘူး" အမှန်တော့ လီကျစ်ယွမ်သည် ဤလူအားလုံးထဲတွင် အပြစ်မရှိဆုံးသူ ဖြစ်သည်။ သူသည် ငရဲပြည်သို့ သွားလာနိုင်သည့် သဘာဝလွန်စွမ်းရည် (အလိုအလျောက် စွမ်းရည်) ရှိနေသော်လည်း ယခုဖြစ်ပျက်သမျှကိစ္စရပ်များနှင့် သူနှင့် တိုက်ရိုက် မပတ်သက်ခဲ့ချေ။
"ဒါဆိုရင်လည်း ငါနဲ့အတူ လိုက်ခဲ့ပြီး အမွှေးတိုင်ထွန်း တောင်းပန်လိုက်ဦး။ ပြီးရင် မင်းရဲ့မိသားစုကိုလည်း အကြောင်းကြားလိုက်ပေါ့။ ငါ သူ့ကို မြို့ပေါ်ဆေးရုံခေါ်သွားတဲ့အခါ မင်းကိုပါ တစ်ခါတည်း ခေါ်သွားပေးမယ်"
"ဟုတ်ကဲ့ပါ အစ်ကို"
သူတို့နှစ်ယောက် (သို့မဟုတ် သုံးယောက်) သည် အနောက်ဘက်ရှိ အမှိုက်သရိုက်များ ပြည့်နှက်နေသော မြောင်းဆီသို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် အမျိုးသမီး ဗောဓိသတ်ရုပ်ထုငယ်လေးသည် အထီးကျန်စွာ တည်ရှိနေလေသည်။ ဆောက်လုပ်ရေးခွင်က အလုပ်သမားများသည် အနည်းဆုံးတော့ အစွဲအလမ်း သို့မဟုတ် အလေးအမြတ်ထားစိတ် အနည်းငယ် ရှိကြသေးသဖြင့် ရုပ်ထုကို လဲလျောင်းပြီး ပစ်မထားခဲ့ကြဘဲ မတ်မတ်ရပ်နေနိုင်ရန် ဘေးတွင် ကျောက်ခဲတစ်လုံးဖြင့် ခုခံပေးထားကြသည်။
ကျောက်ဟယ်ချွမ်ကို မြေပြင်ပေါ်တွင် ညင်သာစွာ ချထားပြီးနောက် ရွှေလျန်လျန်သည် ရုပ်ထု၏ရှေ့တွင် ရိုသေစွာ ရပ်လိုက်ပြီး ဦးညွှတ်ကာ...
"မနေ့က ကျွန်တော် မှားသွားပါတယ်... ခွင့်လွှတ်ပေးပါ..." သူ ခေတ္တမျှ စကားစပြတ်သွားပြီး သူ့ဘေးက လီကျစ်ယွမ်ကို တစ်ချက်လှမ်းကြည့်ကာ "အနည်းဆုံးတော့... ဒီကလေးကိုတော့ ခွင့်လွှတ်ပေးပါဗျာ" ဟု ဆိုလိုက်သည်။
မနေ့ညကတင် ရွှေလျန်လျန်တစ်ယောက် 'ဒီကမ္ဘာကြီးဟာ ရုပ်ဝါဒအခြေခံတာပဲ' ဟု ယုံကြည်ချက်အပြည့်ဖြင့် ကြွေးကြော်ခဲ့သေးသည်။ သို့သော် ဤအတွေးကလည်း မှားချင်မှမှားပေလိမ့်မည်။ စစ်မှန်သော ရုပ်ဝါဒသမားတစ်ဦး၏ အမြင်တွင်မူ စူးစမ်းရှာဖွေပြီး ဖြေရှင်းနိုင်မည့် သတ်မှတ်ထားသော နိယာမတရားစုများ ရှိနေသရွေ့ သရဲတစ္ဆေများဆိုသည်မှာလည်း ရုပ်ဝါဒဆိုင်ရာ တည်ရှိမှုများသာ ဖြစ်ပေလိမ့်မည်။
လီကျစ်ယွမ်သည် ရေအောက် သို့မဟုတ် ရွှံ့နွံထဲတွင် အချိန်အတော်ကြာ နစ်မြုပ်နေခဲ့ဟန်တူသော ရုပ်ထုကို သေချာစိုက်ကြည့်နေမိသည်။ ရုပ်ထုပေါ်က ဆေးရောင်စုံမျက်နှာပြင်များသည် ကွာကျ ဆွေးမြည့်နေပြီး သူ့မျက်စိထဲတွင် ထင်ထင်ရှားရှား မြင်လိုက်ရသည်မှာ နီညိုရောင် သံချေးတက်နေသည့်အလား ဖြစ်နေသော ဧရိယာအကျယ်အဝန်းကြီး ဖြစ်သည်။ ၎င်းသည် ဤရုပ်ထုကို သွန်းလုပ်ရာတွင် အသုံးပြုခဲ့သည့် သတ္တုပစ္စည်း ဖြစ်နိုင်ပေသည်။