အခန်း(၁)-ထမင်းချက်ရုံကြီး
ခါးမှာ ဧပရွန်စလေး စည်းထားတဲ့ ဆွန်းကွေရင်က ဘယ်ဘက်လက်က ပန်းကန်လုံး၊ ညာဘက်လက်က ဇွန်းကို ကိုင်ပြီး ဆန်ပြုတ်အိုးနှုတ်ခမ်းကို တတောက်တောက်ခေါက်ရင်း လှမ်းအော်လိုက်တယ်။ ဘေးနားမှာထိုင်ပြီး ရေပိုက်ဆေးတံထဲ ဆေးရွက်ကြီးသိပ်နေတဲ့ လီဝေဟန်ကတော့ စိတ်မရှည်လက်မရှည်နဲ့ မိန်းမဖြစ်သူရဲ့ တင်ပါးဆုံအိအိကြီးကို လှမ်းကန်လိုက်ပြီး ကျိန်ဆဲတော့တာပဲ။
"မင်း ရူးနေလား၊ ဝက်တွေကို အစာလှမ်းခေါ်နေတာကျလို့။"
ဆွန်းကွေရင်က သူမယောက်ျားကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီး ပန်းကန်ပြားအထပ်လိုက်ကြီးကို ရှေ့မှာ ဒုန်းခနဲ ချလိုက်ရင်း ပြန်ပက်လိုက်တယ်။
"အမလေး... ဝက်တွေတောင် သူတို့လောက် ဆူလည်းမဆူဘူး၊ အစားလည်းမကြီးဘူးအေ။"
သူမအော်လိုက်တဲ့အသံကြောင့် အပြင်ကနေ ကလေးတစ်သိုက် ဝုန်းဒိုင်းကြဲပြီး ပြေးဝင်လာကြတယ်။ ယောက်ျားလေး ခုနစ်ယောက်နဲ့ မိန်းကလေး လေးယောက်၊ အကြီးဆုံးက ဆယ့်ခြောက်နှစ်ရှိပြီဖြစ်ပြီး အငယ်ဆုံးကတော့ သုံးနှစ်ပဲ ရှိသေးတာ။ လီဝေဟန်တို့လင်မယားမှာ သားလေးယောက်နဲ့ သမီးတစ်ယောက်ရှိပြီး အကုန်လုံးက အရွယ်ရောက်လို့ အိမ်ထောင်ရက်သားကျကာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေကြပြီ။ ပုံမှန်ဆိုရင် အနီးအနားမှာနေတဲ့ သားအကြီးဆုံးရဲ့ သုံးနှစ်အရွယ် အမွှာနှစ်ယောက်ကိုပဲ ဒီအိမ်မှာ ထားပြီး ကျွေးမွေးစောင့်ရှောက်တာ။ ဒါပေမဲ့ နွေရာသီကျောင်းပိတ်ရက်လည်း ရောက်ရော၊ ကလေးထိန်းရသက်သာအောင်ပဲ ဖြစ်ဖြစ်၊ အမိအဘရဲ့ အချစ်ကို အလုမခံချင်လို့ပဲ ဖြစ်ဖြစ်၊ အကုန်လုံးက သူတို့ကလေးတွေကို ဒီကိုပဲ ပို့ကြတော့တာပဲ။ အကြီးဆုံးရဲ့ ကလေးတွေကို လက်ခံထားပြီးမှတော့ ကျန်တဲ့သူတွေကို ငြင်းဖို့ကျပြန်တော့လည်း အားနာစရာကြီးမလား။ အဲဒီလိုနဲ့ပဲ သူတို့အိမ်ကြီးက တကယ့်ကျောင်းတော်ကြီးတစ်ခုလို ဖြစ်သွားတော့တာပေါ့။
အဘိုးအဘွား လင်မယားနှစ်ယောက်ခမျာ မြေး မြူးတဲ့အရသာကို ကောင်းကောင်းကြီး မခံစားရသေးခင်မှာတင် အိမ်က ဆန်အိုးထဲကဆန်ကိုတစေ့ကနေ နှစ်စေ့မခွာရုံတမယ် ဖြစ်လာခဲ့ရတယ်။ "လူပျိုပေါက် အရွယ်ရောက်၊ အမိအဘ လုပ်သမျှ ပြောင်" ဆိုတဲ့ စကားပုံအတိုင်းပဲလေ။ မိန်းကလေးတွေအပါအဝင် ကလေးအားလုံးက အသားကုန်ထွားမယ့် အရွယ်တွေဆိုတော့ အစားကလည်း သရဲသဘက်တစ္ဆေတွေကျနေတာပဲ၊ ဗိုက်တွေက အောက်ခြေမရှိတဲ့ တွင်းနက်ကြီးတွေအတိုင်းပဲ။ ဆွန်းကွေရင်တို့မိသားစုဟာ အဓိကစားသောက်ကုန်တွေကို အိုးအကြီးကြီးတွေနဲ့ သိုလှောင်ထားရပြီး အဲဒီအိုးတစ်လုံးတောင် မလောက်ငလို့ မီးဖိုပေါ်မှာ နောက်ထပ်အိုးတစ်လုံးနဲ့ပါ အမြဲနွေးထားရတယ်။
မြေးတွေ တသီတတန်းကြီး ရှိနေပေမယ့် လင်မယားနှစ်ယောက်စလုံးက သိပ်မအိုသေးပါဘူး။ ပြီးတော့ အခုခေတ် ကျေးလက်ထုံးစံအရ အိပ်ရာထဲလဲပြီး အလုပ်မလုပ်နိုင်တော့တဲ့အထိ မဖြစ်မချင်းတော့ အသက်ဘယ်လောက်ကြီးကြီး သားသမီးကျွေးတာကို ထိုင်စားပိုင်ခွင့် မရှိကြဘူးလေ။
"မလုကြနဲ့၊ တန်းစီကြ၊ အကုန်လုံး ငတ်ကြီးကျနေတဲ့ ပြိတ္တာတွေကျနေတာပဲ၊ တန်းစီစမ်း။"
ဆွန်းကွေရင် ခပ်ပေးတဲ့ ဆန်ပြုတ်ကို ကလေးတွေက ပန်းကန်လုံးကိုယ်စီနဲ့ အလှည့်ကျ တန်းစီယူနေကြတယ်။ နောက်ဆုံးမှ ရောက်လာတာကတော့ ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်။ သူက ဂျင်းဘောင်းဘီအင်္ကျီတွဲလျက်ဝတ်ထားပြီး ခေတ်ပေါ်ကမ်းခြေစီးဖိနပ်လေးနဲ့၊ အသားကလည်း ဖြူဝင်းပြီး မျက်နှာလေးက အေးအေးချဉ်းချဉ်း။ နှပ်တလူလူ၊ ညစ်ပတ်ပေရေနေတဲ့ မောင်နှမတွေကြားထဲမှာ သူကတော့ လုံးဝကွဲထွက်နေတာပဲ။
"ဝမ်ဟော်လေး၊ လာ၊ ဒီမှာစား။"
"ကျေးဇူးတင်ပါတယ် အဖွား။"
ဆွန်းကွေရင်က ပြုံးပြီး ကလေးရဲ့ခေါင်းကို ပွတ်ပေးလိုက်တယ်။ သူကတော့ ဒီမြေးတစ်သိုက်ထဲမှာ သူမရဲ့ မိဘမျိုးရိုးဘက်ကပါတဲ့ တစ်ဦးတည်းသော မြေးပေါ့။ ဒါပေမဲ့ အခုတော့ အဲဒီလိုမဟုတ်တော့ပါဘူး။
ကလေးရဲ့နာမည်က 'လီကျစ်ယွမ်' တဲ့။ သူ့အမေက ဆွန်းကွေရင်ရဲ့ အငယ်ဆုံးသမီးဖြစ်ပြီး စီယွမ်ရွာရဲ့ ပထမဆုံး တက္ကသိုလ်ကျောင်းသူပေါ့။ ပေကျင်းက တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရပြီးနောက် မြို့မှာပဲ အခြေချ အလုပ်လုပ်ခဲ့တယ်။ သူမဘာသာ ရှာဖွေတွေ့ရှိခဲ့တဲ့ အိမ်ထောင်ဖက်ကို မင်္ဂလာမဆောင်ခင်က အိမ်ကို တစ်ခေါက်ခေါ်လာဖူးသေးတယ်၊ မြို့သားပီပီ သန့်သန့်ပြန့်ပြန့်နဲ့ ယဉ်ကျေးသိမ်မွေ့တဲ့သူပေါ့။ ဆွန်းကွေရင်ကတော့ သူ့မျက်နှာသွင်ပြင်ကို သဲသဲကွဲကွဲ မမှတ်မိတော့ဘူး။ ဘာလို့လဲဆိုတော့ သူရော လီဝေဟန်ပါ သမက်ဖြစ်သူရဲ့ရှေ့မှာ အရမ်းလန့်ဖျာနေခဲ့ကြလို့ သေချာတောင် မကြည့်ရဲခဲ့ကြဘူးလေ။
နောက်ပိုင်း သမီးဖြစ်သူ ကိုယ်ဝန်ရလို့ သားလေးမွေးတဲ့အခါမှာလည်း အလှမ်းဝေးတာကတစ်ကြောင်း၊ အလုပ်ရှုပ်တာကတစ်ကြောင်းကြောင့် အိမ်ပြန်မလာဖြစ်တော့ဘူး။ ဒါပေမဲ့ ဘွဲ့ရပြီး အလုပ်လုပ်ကတည်းက အိမ်ကို လစဉ်မပျက် ပိုက်ဆံမှန်မှန် ပို့ပေးခဲ့တယ်။ မင်္ဂလာမဆောင်ခင်က ပို့ပေးတဲ့ပိုက်ဆံတွေကို လီဝေဟန်တို့လင်မယားက တစ်ပြားမှမသုံးဘဲ အကုန်စုထားပေးခဲ့တာ။ သားတွေ မင်္ဂလာဆောင်တုန်းကတောင် အဲဒီပိုက်ဆံကို တစ်ပြားမှ မထိဘဲ အောင့်အည်းသည်းခံခဲ့ကြတယ်။ သမီးက သူမရဲ့ သတို့သားလောင်းကို အိမ်ခေါ်လာတဲ့အခါမှာတော့ လီဝေဟန်က ပေးလာတဲ့ ကန်တော့ပွဲကြေးကို ငြင်းပယ်ပြီး သမီးဖြစ်သူ ပို့ထားသမျှ ပိုက်ဆံအားလုံးကိုပါ ပြန်ပေးလိုက်တယ်။ သူတို့လည်း တခြားသူတွေထက် သာသာနာနာ ထည့်ဝင်ပေးချင်တာပေါ့၊ ဒါပေမဲ့ သားလေးယောက်လုံးကို အရင်အိမ်ထောင်ချပေးခဲ့ရတာမို့ ခါးပတ်ကို ဘယ်လောက်ပဲ ကျပ်ကျပ်စည်းစည်း၊ ညှစ်စရာ သွေးတောင် မရှိတော့တဲ့ အခြေအနေမို့လေ။
ဒါက လင်မယားနှစ်ယောက်အတွက် အမြဲတမ်း အားနာစိတ်မကောင်းဖြစ်စရာ ဖြစ်ခဲ့ရတယ်။ သမီးပေးတဲ့ ပိုက်ဆံကိုပဲ ပြန်ပေးလိုက်ရတယ်ဆိုတော့ သမီးရဲ့ မင်္ဂလာဆောင်အတွက် သူတို့ဘက်က ဘာမှမတတ်နိုင်ခဲ့သလို ဖြစ်ပြီး မျက်နှာပျက်စရာ အစစ်ကြီးပေါ့။ သမီးဖြစ်သူ မင်္ဂလာဆောင်ပြီးနောက်ပိုင်း လစဉ်ပို့တဲ့ ပိုက်ဆံတွေကိုလည်း သူတို့ စုထားပေးခဲ့ပြန်တယ်။ သားတွေက သူတို့မိန်းမတွေရဲ့ မြှောက်ထိုးပင့်ကော်မှုကြောင့် အကြောင်းပြချက်အမျိုးမျိုးနဲ့ အဲဒီငွေတွေကို လာပတ်သက်ဖို့ ကြိုးစားတဲ့အခါတိုင်း လီဝေဟန်က လက်ညှိုးငေါက်ငေါက်ထိုးပြီး ဆဲဆိုမောင်းထုတ်ခဲ့တာချည်းပဲ။
လွန်ခဲ့တဲ့ လဝက်လောက်က သမီးဖြစ်သူဟာ စစ်ဗိုလ်တစ်ယောက်နဲ့အတူ သားဖြစ်သူကို ပို့ပေးခဲ့ပြီး စာတစ်စောင်နဲ့ ပိုက်ဆံအချို့လည်း ပါးလိုက်တယ်။ သူမ လင်မယားကွာရှင်းပြတ်စဲလိုက်ပြီဖြစ်ကြောင်း၊ မကြာသေးခင်က အလုပ်အကိုင် အပြောင်းအလဲတွေရှိတာကြောင့် သားဖြစ်သူကို မိဘတွေဆီမှာ ခဏတာ အပ်နှံထားရခြင်းဖြစ်ကြောင်း ရှင်းပြထားတယ်။ စာထဲမှာပဲ ကွာရှင်းပြီးနောက် သားရဲ့မျိုးရိုးအမည်ကို သူမရဲ့မျိုးရိုးအမည်အတိုင်း ပြောင်းလိုက်ပြီဖြစ်လို့ သမီးဘက်ကမြေးကနေ အိမ်တွင်းဖြစ်မြေးအရင်းကြီး ဖြစ်သွားပြီလို့လည်း ရေးထားသေးတယ်။
ကျေးလက်တောရွာကို ရောက်လာပြီးနောက် လီကျစ်ယွမ်က ပတ်ဝန်းကျင်နဲ့ မြန်မြန်ဆန်ဆန် အသားကျသွားရုံတင်မကဘဲ မောင်နှမအုပ်စုနဲ့လည်း အမြန်ပဲ တစ်သားတည်းဖြစ်သွားပြီး ရွာအစကနေ ရွာအဆုံးအထိ ဆော့ကစားရင်း ပျော်မဆုံး ဖြစ်နေတော့တာပဲ။
ဒီနေ့ သူတို့ရဲ့ အဓိကအစားအစာက ကန်စွန်းဥဆန်ပြုတ် ဖြစ်တယ်။ အရသာက ချိုပေမယ့် ဗိုက်တော့ သိပ်မခံဘူး၊ အစာကြေလွယ်တယ်။ ကလေးတွေဟာ ဗိုက်ပူထွက်လာတဲ့အထိ ပန်းကန်လုံးအကြီးကြီးတွေနဲ့ အဝသောက်ထားကြပေမယ့် အပြင်ထွက်ပြီး ခဏလောက် ပြေးလွှားဆော့ကစားလိုက်တာနဲ့ ပြန်ဆာလာကြပြန်ရော။ ဒါ့အပြင် ကန်စွန်းဥဆန်ပြုတ် ဒါမှမဟုတ် ကန်စွန်းဥခြောက်တွေကို အစားများရင် ရင်ပြည့်ရင်ကယ်ဖြစ်ပြီး လေချဉ်တက်တတ်တယ်လေ။ ဗိုက်မဆာရင်တောင် မြင်ရုံနဲ့တင် ရင်ခေါင်းထဲက ချဉ်ဆီတက်ချင်သလို ဖြစ်လာတတ်တာ။
ဒါပေမဲ့ လီကျစ်ယွမ်ကတော့ မရိုးနိုင်သေးဘူး။ သူက ဒီလို "ထမင်းချက်ရုံကြီး" လို အများနဲ့ စည်စည်ကားကား စားရတဲ့ အငွေ့အသက်ကို တော်တော်သဘောကျနေတာ။ ပြီးတော့ ဆွန်းကွေရင် လုပ်ထားတဲ့ ဆားဘဲဥချဉ်တွေနဲ့ အချဉ်ရေမျိုးစုံကလည်း သူ့အကြိုက်နဲ့ ကွက်တိပဲ။
"အဖွား၊ ဒီနေ့ ကျွန်တော်တို့ မုတ်ဆိတ်ကြီးတို့အိမ်မှာ သွားပြီး ပွဲတော်အလှူ သွားစားကြမလား။"
မေးလိုက်တဲ့သူကတော့ 'ဟူဇီ' လို့ အမည်ပြောင်ပေးထားတဲ့ ဦးလေးဝမ်းကွဲရဲ့ သားဖြစ်ပြီး ယခုနှစ်မှာ ကိုးနှစ်ရှိပြီ။ ဆွန်းကွေရင်က ဟူဇီ့ခေါင်းကို ဟင်းခတ်တူဒေါက်နဲ့ တောက်လိုက်ပြီး ဆူပူလိုက်တယ်။
"ဒီကောင်စုတ်လေး၊ အဲဒါ သူတို့အမေ ဆုံးသွားလို့ လုပ်တဲ့ နာရေးရက်လည်ဆွမ်းကျွေးပွဲအေ။ နင်က သူတို့ကို နေ့တိုင်း အဲလိုအလှူပွဲကြီးတွေ လုပ်စေချင်တာလား။"
ဟူဇီက သူ့ခေါင်းကို ပွတ်ရင်း ပြန်ငြင်းလိုက်တယ်။
"ဘာဖြစ်လဲ၊ နေ့တိုင်း အဲလိုပွဲရှိရင် ကောင်းတာပေါ့။"
"ဒီကောင်စုတ်လေး... ဘာတွေလျှောက်ပြောနေတာလဲ။ သူတို့ကပဲ လုပ်ချင်ပါဦးတော့၊ နေ့တိုင်း လူတွေက အလှည့်ကျ သေပေးဖို့ တန်းစီစောင့်နေကြတာကျလို့။"
"ဒုန်း!"
လီဝေဟန်က သူ့တူကို စားပွဲပေါ် ဆောင့်ချလိုက်ပြီး ဟောက်လိုက်တော့တယ်။
"လူကြီးဖြစ်ပြီး ကလေးကို ဘာတွေလျှောက်ပြောနေတာလဲ။"
မိမိနှုတ်ကျွံသွားမှန်း သတိပြုမိသွားတဲ့ ဆွန်းကွေရင်က သူမယောက်ျားကို ပြန်မပက်တော့ဘဲ ဘေးနားက လီကျစ်ယွမ်ရဲ့ ပန်းကန်လုံးထဲကို ဆားငန်ငံဆော့စ်အနှစ်တွေ ဇွန်းနဲ့ ခပ်ထည့်ပေးလိုက်တယ်။ အဲဒီဆော့စ်အနှစ်ထဲမှာ မြေပဲစေ့လေးတွေနဲ့ အသားဖတ်လေးတွေ ပါဝင်နေပြီး ခုနက သူမခပ်ပေးလိုက်တဲ့ ဇွန်းအပြည့်အတိုင်းပဲ ဖြစ်နေတော့တယ်။