အခန်း ၄၇ ။ ဘာလို့လဲ၊ အနည်းဆုံး မြည်းတောင် မကြည့်ချင်ဘူးလား
"ဘာလို့လဲ၊ အနည်းဆုံး မြည်းတောင် မကြည့်ချင်ဘူးလား"
ကျွန်တော် မေးလိုက်တော့ အိုလီဗီယာက လှမ်းအော်သည်။
"ကြည့်ပါဦး။ တကယ် ချစ်စရာလေးတွေပါ။ ဟုတ်တယ်မလား ရင်"
ရင်က အနည်းငယ် ရှက်ကိုးရှက်ကန်းဟန်ဖြင့် ဆိုသည်။
"ဟို... ကျွန်မ အဲဒါတွေ စားဖူးတယ်။ တကယ် အရသာရှိတာ။ တစ်ခါက စွပ်ပြုတ်လုပ်သောက်တာ နှစ်ရက်လောက် စားလိုက်ရတယ်"
မိမိသူငယ်ချင်း၏ သစ္စာဖောက်မှုကို ရင်ဆိုင်လိုက်ရသဖြင့် အိုလီဗီယာက ဆွံ့အလျက် စိုက်ကြည့်နေစဉ် ကျွန်တော်ကတော့ ထိုအမှန်တရားကြောင့် ရယ်မိတော့သည်။
"နင်က ဘယ်လိုလုပ် စားရက်တာလဲ"
အိုလီဗီယာ့မျက်ဝန်းတွင် မျက်ရည်များ ဝဲတက်လာသည်။
"သူတို့က သူတို့ပေါက်စလေးတွေကို ပြန်စားတတ်ကြတယ်လေ"
ကျွန်တော်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"ရှင်... ဘာပြောလိုက်တာလဲ"
ညီအစ်မနှစ်ယောက်လုံး အံ့အားသင့်ကာ ပြိုင်တူအော်ကြသည်။
"ဒဲရက်... ငါပြောတာ ဟုတ်တယ်မလား"
ကျွန်တော် လှမ်းအော်မေးတော့ ဒဲရက်က ရှင်းပြသည်။
"ဟုတ်ပါတယ်။ တချို့အချိန်တွေမှာ တကယ်ပဲ ပြန်စားတတ်ကြတယ်။ အဲဒီလိုလုပ်ပြီဆိုရင်တော့ မျိုးပွားဖို့ အသုံးမဝင်တော့လို့ ကျွန်တော်တို့က ချက်ချင်း သတ်ပစ်လေ့ရှိတယ်"
သူ့သမီးလေး ဒေမီက ဝင်ပြောသည်။
"သမီးတော့ ဆက်မစားနိုင်တော့ဘူး ထင်တယ်"
ခရစ်က ဘာလုပ်ရမှန်းမသိဘဲ ခေါင်းကို ကုတ်နေစဉ် ရှာလော့ကလည်း ရုတ်တရက် ဝင်ပြောလာသည်။
"အေးပါ... ဘာပဲချက်ချက် ချက်တော့။ ငါလည်း ရုတ်တရက် စိတ်ပျက်သွားပြီ"
"ဒါပေမဲ့ သားသမီးကို သေသေချာချာ စောင့်ရှောက်တဲ့ကောင်တွေကိုတော့ နောင်ခါ မျိုးပွားဖို့ ချန်ထားပါတယ်"
ကျွန်တော်က ထပ်ဖြည့်ပြောလိုက်သည်။
"ကျွန်မတော့ စိတ်တွေ ရှုပ်ကုန်ပြီ။ အား..."
ကေလီက ညည်းတွားရှာသည်။
"ဒါကြောင့်လည်း နာမည်တစ်လုံးပဲ ပေးပါလို့ ငါပြောတာပေါ့"
ကျွန်တော်က ဆိုသည်။ အော်စကာကလည်း ရယ်မောရင်း ပြောလာသည်။
"ဒါက အားလုံးအတွက် သင်ခန်းစာကောင်းတစ်ခုပဲ မဟုတ်ဘူးလား သူငယ်ချင်းတို့"
အားလုံး ဆက်စားနေကြသော်လည်း အိုလီဗီယာ့ထံမှ စူးစိုက်ကြည့်နေသည့် အကြည့်များကို ကျွန်တော် ခံစားမိနေသည်။ သူမကြည့်ပုံကြောင့် စားနေရင်း ကျောထဲ၌ စိမ့်တက်လာရသည်။ မကြာခင်မှာပင် ပန်းကန်ထဲက အစားအစာများကို ကုန်အောင် စားလိုက်ကြပြီးနောက် အားလုံး ပေါ့ပေါ့ပါးပါးပင် စားသောက်ပြီးစီးသွားကြသည်။ ကျွန်တော်တို့ စားပွဲများကို သိမ်းဆည်းပြီး နေ့စဉ်ပြုလုပ်နေကျ အစည်းအဝေးအတွက် စုဝေးလိုက်ကြသည်။
"ကဲ... အားလုံး ဒီနေ့အတွက် တကယ် အလုပ်ကြိုးစားခဲ့ကြပါတယ်။ ရည်မှန်းချက်တွေ ပြည့်မီခဲ့ပြီး ဒီနေရာရဲ့ ညာဘက်အခြမ်းကိုလည်း တဖြည်းဖြည်း ရှင်းလင်းနိုင်နေပြီ။ မနက်ဖြန်ဆိုရင်တော့ ရေမြောင်းစနစ်ဆီ သွားတဲ့ လမ်းဆုံးကို ရောက်နိုင်လိမ့်မယ်။ မနက်ဖြန် အပြင်ထွက်မယ့်အဖွဲ့အနေနဲ့ အသင့်ပြင်ထားကြပါ။ ကျွန်တော်တို့ ကျူးကျော်ရပ်ကွက်လေးကို ဖြတ်ရမှာဖြစ်ပြီး အဲဒီမှာ အိမ်တွေက ပူးကပ်နေတော့ မြင်ကွင်းက သိပ်မရှင်းဘူး။ မီးလင်းနေတဲ့ နောက်ဆုံးအိမ်အနည်းငယ်ကို ဖြတ်ပြီး အခြေအနေကို စစ်ဆေးရင်း ကျွန်တော်တို့အဖွဲ့ထဲဝင်ဖို့ စည်းရုံးရမယ်"
ကျွန်တော်က ပြောရင်း ကန်ဘက်သို့ လှည့်လိုက်သည်။
"ကန်... လူအုပ်ကြီးအခြေအနေ ဒါမှမဟုတ် ဒီဒီအာရ်စခန်းအခြေအနေကို သိရပြီလား"
"ဟို... လူအုပ်ကြီးရဲ့ အရိပ်အယောင်ကတော့ ဘယ်မှာမှ မတွေ့ရသေးဘူး။ သူတို့ တခြားလမ်းကို ပြောင်းသွားတာလည်း ဖြစ်နိုင်တယ်။ လောလောဆယ် ဒီနေရာကို ရှောင်ကွင်းသွားပါစေလို့ပဲ ဆုတောင်းရမှာပဲ။ ပြီးတော့ ကိုစကိုင် အဆက်အသွယ်လုပ်ခိုင်းထားတဲ့ ဒီဒီအာရ်စခန်းမှာတော့ အခု အရပ်သားတချို့ စခန်းကနေ ထွက်ခွာသွားကြပြီလို့ သိရတယ်"
"ဘာဖြစ်လို့လဲ။ တစ်ခုခု ဖြစ်လို့လား"
"အဲဒီက ဗိုလ်ကြီးပြောတာတော့ စခန်းမှာမရှိတဲ့ ရိက္ခာတွေနဲ့ လိုအပ်တာအချို့ကို သွားယူဖို့ အိမ်ပြန်ကြတာတဲ့။ ဒါပေမဲ့ လူနည်းစုပဲ ပြန်ရောက်လာကြတယ်။ စစ်သားတွေကလည်း စခန်းတွင်း အခြေအနေကို ထိန်းသိမ်းနေရတာနဲ့ ပျောက်ဆုံးသွားတဲ့သူတွေကို လိုက်မရှာနိုင်ကြဘူး ဖြစ်နေတယ်"
"ဒါပေမဲ့ ဒီဘက်ကိုတော့ ဘယ်သူမှ ရောက်မလာကြပါလား"
ကျွန်တော် အနည်းငယ် တွေးတောရင်း ရေရွတ်လိုက်မိသည်။
"ဦးလေး... တဲအိမ်လေးရဲ့ အခြေအနေ ဘယ်လိုလဲ"
"အေး... ငါတို့ တဲအိမ်နဲ့ တံတားကို ဖျက်ဆီးတာ ပြီးသွားပြီ။ အဲဒီရဲ့ အဆုံးနားမှာ ရေမြောင်းစနစ်နဲ့ ဆက်နေတဲ့ ရေအရင်းအမြစ်အသေးစားလေးတစ်ခု ရှိနေတာကို တွေ့ခဲ့တယ်။ ငါတို့ အင်ဂျင်နီယာလေးရဲ့ အကူအညီနဲ့ ရေသွင်းစနစ်ငယ်တစ်ခု လုပ်လို့ရနိုင်တယ်။ သူပြောတာတော့ ငါတို့လုပ်မယ့် စိုက်ပျိုးရေးမြေကွက်မှာ ရေသွင်းစနစ်လုပ်မယ်ဆိုရင် မြေနေရာအများစုကို ဖုံးဖို့ မြေဆီလွှာ အနည်းငယ်ပဲ လိုလိမ့်မယ်တဲ့"
ကျွန်တော် ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။
"ရိက္ခာနဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေကော အခြေအနေ ဘယ်လိုလဲ"
ရင်က အစီရင်ခံသည်။
"ကျွန်မတို့ ပုံမှန်အတိုင်း စားသောက်နေကြပေမဲ့ ရိက္ခာတွေက တိုးပွားနေတုန်းပဲ။ အများစုကတော့ ကိုစကိုင် အပြင်ကနေ ရှာဖွေလာပေးတာတွေဖြစ်ပြီး ဖန်လုံအိမ်နဲ့ နွားတင်းကုပ်ကနေလည်း အနည်းငယ် ရရှိထားပါတယ်။ ငါးကန်တွေမှာလည်း ငါးမွေးမြူတာကို စတင်တော့မှာဖြစ်လို့ မကြာခင် ငါးအချို့ ဖမ်းယူနိုင်တော့မယ်။ ဂျိုနဲ့ သူ့မိသားစုကလည်း ကြက်ဥတွေကို ရေရှည်ခံအောင် ဆားဘဲဥလိုမျိုး စတင်လုပ်ဆောင်နေကြပြီ။ ဆိတ်နို့တွေကိုလည်း ကြာရှည်ခံအောင် သိမ်းဆည်းထားပြီး တချို့ကိုတော့ ဒိန်ခဲနဲ့ ထောပတ်အဖြစ် ပြုလုပ်နေပါတယ်။ ကျွန်မတို့ လူဦးရေ တိုးလာတာနဲ့အမျှ စိုက်ပျိုးရေးအတွက် မြေကွက်ပြင်ဆင်ဖို့က တကယ်ကို အရေးကြီးပါတယ်"
"ကောင်းပြီဗျာ။ ဒီနေရာကို စိတ်ချရပြီဆိုတာနဲ့ ကျွန်တော် ခင်ဗျားတို့ကို သင်တန်းတွေ ပေးမယ်။ အဝေးပစ်လက်နက်၊ လက်ဗလာ တိုက်ခိုက်ရေး ဒါမှမဟုတ် အနီးကပ်တိုက်ခိုက်ရေးလက်နက်တွေ အသုံးပြုတဲ့ စစ်သင်တန်းမျိုးပေါ့။ ဒီမှာရှိနေတုန်း တခြားသူတွေဆီကနေ မိမိအတွက် အသုံးဝင်မယ့် ကျွမ်းကျင်မှုမှန်သမျှကို လေ့လာထားကြပါ။ ရှာလော့က အပင်တွေအကြောင်း ကျွမ်းကျင်ပြီး ဒဲရက်က တိရစ္ဆာန်တွေအကြောင်း နားလည်တယ်။ ဒီမှာ တခြားသူတွေ အလုပ်လုပ်တာကို ကြည့်ရုံနဲ့တင် သင်ယူစရာတွေ အများကြီး ရှိပါတယ်။ ဘာမေးစရာ ရှိသေးလဲ"
မတ်ခ်က တောင်းဆိုလာသည်။
"ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ကင်းစောင့်တာကို အဆိုင်းသုံးဆိုင်းလုံး ဆက်လုပ်နေချင်သေးတယ်။ အချိန်ဇယားက သတ်မှတ်ထားပြီးသား ဆိုပေမဲ့လည်း ကျွန်တော် ဆက်လုပ်ခွင့်ရမလား။ အချိန်ဇယားကို ပြောင်းပေးလို့ ရမလား"
"ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့ ညီလေးရာ။ ငါတို့အားလုံး အမှားနဲ့ မကင်းကြပါဘူး။ မနက်ဖြန်အတွက် မင်း အိပ်ရေးဝဝ အနားယူထားဖို့ လိုတယ်။ အိပ်ငိုက်နေရင် တစ်ခုခု ကပ်လာတဲ့အခါ မျက်နှာကို အကိုက်ခံရလိမ့်မယ်"
ကျွန်တော်က ဆိုတော့ သူက ကြမ်းပြင်ကို စိုက်ကြည့်နေပြီးမှ ခေါင်းညိတ်ပြရှာသည်။
နီကိုးလ်နှင့် အလစ်ရှာတို့ကလည်း လှမ်းမေးသည်။
"မနက်ဖြန် မနက် ခင်ဗျားတို့နဲ့အတူ လိုက်ခဲ့လို့ ရမလား"
"ရတာပေါ့။ ဒါပေမဲ့ အနောက်ဆုံးတန်းမှာပဲ နေရမယ်။ ခင်ဗျားတို့ သင်တန်းရတာ တစ်ရက်ပဲ ရှိသေးတော့ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း မတော်တဆ သေနတ်ကျည်လွတ်ထွက်တာမျိုး မဖြစ်စေချင်ဘူး"
ထို့နောက်တွင်တော့ မည်သူမျှ ဘာမှမမေးကြတော့ချေ။ နာရီကို ကြည့်လိုက်တော့ ည ၇ နာရီ ၅၁ မိနစ် ရှိနေပြီဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ရန် အချိန်အများကြီး လိုသေးသဖြင့် ကျွန်တော် တခြားသူအချို့နှင့်အတူ အားကစားခန်းမသို့ သွားခဲ့သည်။ ပြီးနောက် ဒီနေ့အသုံးပြုခဲ့သည့် သေနတ်များကို သန့်ရှင်းရေးလုပ်ရန်နှင့် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ရန် လက်နက်တိုက်သို့ ဦးတည်ခဲ့သည်။ ကျွန်တော် သေနတ်များကို အစိတ်အပိုင်းအလိုက် ဖြုတ်ပြီး ပြောင်းဝအတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ကာ အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသည့် ဂျပ်များနှင့် ကာဗွန်အကြွင်းအကျန်များကို လိုက်လံသုတ်သင်နေလိုက်သည်။
ကေလီက တံခါးကို လာခေါက်သဖြင့် သေနတ်အချို့ကို မည်သို့ကိုင်တွယ်ရပုံနှင့် ထိန်းသိမ်းရပုံတို့ကို သင်ပေးလိုက်သည်။ ရင်နှင့် အိုလီဗီယာတို့ကလည်း ကျွန်တော့်အခန်းထဲတွင် ရုပ်ရှင်ကြည့်ရန် ရောက်လာကြသည်။
"ငါတို့ ဒါကို ညတိုင်း လုပ်တော့မှာလား"
ကျွန်တော် မေးလိုက်တော့ အိုလီဗီယာက တက်ကြွစွာ ဆိုသည်။
"ဒီမှာက ရုပ်ရှင်ကြည့်ဖို့ အကောင်းဆုံးနေရာလေ။ ဒါကြောင့် လုပ်ရမှာပေါ့"
"ခဏလောက် စောင့်ဦးနော်။ ကေလီနဲ့ ငါ လက်နက်တချို့ကို သန့်ရှင်းရေးလုပ်ဖို့ ကျန်သေးလို့"
ထိုနှစ်ယောက်က သေနတ်များကို စူးစမ်းစွာ ကြည့်ရှုရင်း ကျွန်တော်တို့နှစ်ယောက်ကို မေးခွန်းအချို့ မေးလာကြသည်။ ကျွန်တော်တို့က သူတို့မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေကြားရှင်းပြပေးရာ သူတို့ကလည်း နားလည်ကြောင်း ခေါင်းညိတ်ပြကြသည်။ ရင်ကတော့ စင်ပေါ်က ကာတာနာဓားကို ပိုပြီး စိတ်ဝင်စားနေပုံရသဖြင့် ကိုင်ကြည့်ခွင့်ပေးလိုက်သည်။ အိုလီဗီယာကတော့ သေနတ်တွေ မည်သို့အလုပ်လုပ်သည်ကို သိချင်ရုံသာဖြစ်ပြီး ကိုယ်တိုင်ကိုင်တွယ်ရမှာကိုတော့ ကြောက်သည်ဟု ဆိုသည်။ ဇုစ်ကတော့ စကားပြောနေသူတိုင်းကို မျက်လုံးလေးကလည်ကလည်ဖြင့် လိုက်ကြည့်နေပြီး တစ်ခါတရံတွင် ဟောင်ကာ အော်ကာဖြင့် စကားဝိုင်းထဲ ဝင်ပါတတ်သေးသည်။
ချက်ခနဲ အသံနှင့်အတူ ကေလီက မေးသည်။
"ဒါ နောက်ဆုံးတစ်ခုပဲ မဟုတ်လား"
"အင်း... ကူညီပေးလို့ ကျေးဇူးပဲနော်"
သူမက နောက်ဆုံးဂလော့ခ်သေနတ်ကို သေတ္တာထဲသို့ ထည့်လိုက်ပြီးနောက် ကျွန်တော်တို့အားလုံး တီဗီရှေ့တွင် နေရာယူလိုက်ကြသည်။ ကျွန်တော်က ဟာ့ဒ်ဒစ်ထဲမှ ရုပ်ရှင်တစ်ခုကို ဖွင့်လိုက်ပြီး အားလုံး စောင်လေးများကိုယ်စီဖြင့် ကွေးလိုက်ကြသည်။ ၎င်းမှာ အဒမ်ဆန်းဒလာ ပါဝင်သည့် အချစ်ဟာသရုပ်ရှင် ဖြစ်သည်။ ရုပ်ရှင်အစပိုင်း စာတန်းထိုးများကို လွှတ်ထားလိုက်ပြီးနောက် ကျွန်တော် အောက်ထပ်သို့ ဆင်းကာ အားလုံးအတွက် ပူပူနွေးနွေး ချောကလက်ဖျော်ရည်နှင့် ဝါးလိုက်လျှင် အသံမမြည်စေမည့် မုန့်ပွအချို့ကို သွားယူလိုက်သည်။ ကျွန်တော် အပေါ်ပြန်တက်လာချိန်တွင် ရုပ်ရှင်က မိနစ်အနည်းငယ်မျှ စတင်နေပြီဖြစ်သည်။ ကျွန်တော်နှင့် ကေလီကတော့ စောင်အောက်တွင် လက်ချင်းဆုပ်ကိုင်ထားရင်း ရုပ်ရှင်ကို အရသာခံ ကြည့်ရှုနေလိုက်ကြသည်။
ယူလာသည့် မုန့်များ ကုန်ခါနီးတွင် ရုပ်ရှင်ကလည်း ပြီးဆုံးသွားခဲ့သည်။ ကျွန်တော် ခွက်များကို မီးဖိုချောင်သို့ သွားမသိမ်းမီ အိုလီဗီယာက လှမ်းပြောသည်။
"ဟေး... နင်တို့နှစ်ယောက်အကြောင်းကို ငါတို့ သိနေတာ ကြာပါပြီ"
ရင်ကလည်း ထပ်ဖြည့်ပြောသည်။
"ငါတို့နှစ်ယောက်က အခန်းတစ်ခုတည်းမှာ အတူတူအိပ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒါကြောင့် ဒီနေ့ကစပြီး နင်တို့နှစ်ယောက် ဒီအခန်းမှာပဲ အတူတူနေလိုက်တော့"
ကျွန်တော်နှင့် ကေလီ တစ်ယောက်ကိုတစ်ယောက် ကြည့်မိပြီး မျက်နှာလေးများ နီမြန်းကာ ပြုံးမိသွားကြသည်။
"ကဲပါ... ငါ နင်တို့ကို ပစ်သွားမယ့်ပုံစံမျိုးကြီး မပြောစမ်းပါနဲ့။ ငါတို့ အရင်အတိုင်းပဲ နေလို့ရပါတယ်။ သူက တခြားအခန်းမှာ နေရုံတင်ဥစ္စာ... ဟုတ်တယ်မလား"
ကေလီက ဆိုတော့ ရင်က ပြန်ပြောသည်။
"ဟို... ကျွန်မတို့ ဆိုလိုတာက နောင်ဆို လူဦးရေက ပိုတိုးလာမှာဆိုတော့ အားလုံးအတွက် အခန်းတွေ ပိုလိုလာလိမ့်မယ်။ ကျွန်မတစ်ယောက်တည်း အခန်းတစ်ခန်း ယူထားရတာ အားနာစရာကောင်းလို့ပါ"
"ဘယ်သူက အခန်းတွေ မလောက်တော့ဘူး ပြောလို့လဲ။ ဒီနေရာကို အပြီးသတ် ရှင်းလင်းပြီးတာနဲ့ အားလုံးအတွက် အိမ်တွေ ရှိလာမှာပါ"
"ဒါပေမဲ့ ဘာလို့ တချို့မိသားစုတွေက အခန်းတစ်ခန်းတည်းမှာ ၄ ယောက် ဒါမှမဟုတ် ၇ ယောက်လောက် စုပြုံအိပ်နေကြတာလဲ"
"အဲဒါကတော့ တချို့မိသားစုတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် အနီးကပ်နေရရင် ပိုပြီး စိတ်လုံခြုံမှုရတယ်လို့ ခံစားရလို့ဖြစ်မှာပါ။ မိသားစုဝင်တွေနဲ့အတူ ထိတ်လန့်စရာရုပ်ရှင် ကြည့်ရသလိုမျိုးပေါ့။ တစ်ယောက်တည်းဆို မကြည့်ရဲပေမဲ့ အတူတူဆိုရင်တော့ ခံသာတယ်လေ"
ကျွန်တော်က ရှင်းပြလိုက်သည်။ ထိုစဉ် အိုလီဗီယာက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလာသည်။
"ဟို... ကိုစကိုင်၊ ကျွန်မ မေးတာ စိတ်မရှိပါနဲ့။ ကိုစကိုင်ရဲ့ မိသားစုကော ဘယ်မှာလဲ။ ဟိုလေ... ဖေဖေနဲ့ မေမေတို့ကော"
ကျစ်။
"အိုလီဗီယာ"
ကေလီက လှမ်းအော်လိုက်သဖြင့် အိုလီဗီယာ တုန်လှုပ်သွားသည်။
"အော်..."
ကျွန်တော့် လက်မောင်းတစ်ခုလုံး သွေးတိုးသလို တဒိန်းဒိန်း ခုန်လာပြီး ကျွန်တော့်မျက်နှာထားကြောင့် ထိုသုံးယောက်လုံး လန့်သွားကြပုံရသည်။ လေထုက ရုတ်တရက် လေးလံထိုင်းမှိုင်းသွားသဖြင့် သူတို့ အသက်ပင် ဝဝမရှူရဲကြချေ။ ကျွန်တော်ကတော့ ဘာကိုမျှ မမြင်ရတော့ဘဲ ဟာလာဟင်းလင်း ပြင်ပတစ်ခုကိုသာ စိုက်ကြည့်နေမိတော့သည်။
ကျွန်တော် မှတ်မိနေသေးသည်။
ထိုအော်သံ၊ ထိုသွေးပျက်စရာမြင်ကွင်း၊ ထိုအပြုံး... ပြီးတော့ ထိုဆိတ်ငြိမ်မှုများ။