သမ္မတ၏ မိန့်ခွန်းကို အကြိမ်ကြိမ် ပြန်လည်ထုတ်လွှင့်ပြီးနောက် သတင်းအစီအစဉ်များ စတင်လာချိန်တွင် လူတိုင်း အချင်းချင်း စကားလက်ဆုံကျနေကြသည်။
“ဒီနေ့အတွက်တော့ အားလုံး အလုပ်ပြီးကြပါပြီ။ အခုကစပြီး စိတ်ကြိုက် အနားယူနိုင်ပါတယ်။ ညစာစားပြီးမှပဲ ငါတို့ အစည်းအဝေးလုပ်ကြတာပေါ့”
ကျွန်တော်က လှမ်းပြောလိုက်ရာ လူတိုင်း အိမ်ပြင်သို့ ထွက်ကာ မိမိတို့ စိတ်ပါဝင်စားရာ အလုပ်များကို လုပ်ဆောင်ကြတော့သည်။ အချို့က ဒါ့ပစ်ကစားစရာ ပျဉ်ပြားနှင့် ဘတ်စကတ်ဘောကွင်းကို တပ်ဆင်နေကြသည်။ ကျွန်တော်သည် ဒဲရက်၏ မိသားစုရှိရာသို့ လမ်းလျှောက်သွားပြီး နှုတ်ဆက်စကား ဆိုလိုက်သည်။
“အဆင်ပြေကြရဲ့လား အစ်ကို။ လိုအပ်တာတစ်ခုခု ရှိရင်လည်း ပြောပါဦး”
“အဆင်ပြေပါတယ် စကိုင်း။ စောစောက ဖြစ်ပျက်ခဲ့တာတွေကို စိတ်ထဲက ဖျောက်ဖျက်ဖို့ ကြိုးစားနေတုန်းပါပဲ။ အလုပ်လေး လုပ်နေရတော့ စိတ်အာရုံပြောင်းသွားတာပေါ့။ ကိုယ့်အိမ်ကိုယ် ဒီတိုင်း ပစ်ထားခဲ့ရတာ စိတ်ထဲ တစ်မျိုးတော့ ဖြစ်ပေမဲ့ ဒီမှာ လူအများကြီးနဲ့ဆိုတော့ ပိုပြီး ဘေးကင်းတယ်လို့ ခံစားရတယ်ဗျာ” ဒဲရက်က ဆိုသည်။
“အဆင်ပြေတယ်ဆိုရင်ပဲ ဝမ်းသာပါတယ် အစ်ကို။ အသေးစိတ်ကိုတော့ ညကျမှ အစည်းအဝေးမှာ ဆက်ပြောကြတာပေါ့”
“စကိုင်း… ကျေးဇူးတင်ပါတယ်ဗျာ”
ဒဲရက်က ပြောပြောဆိုဆိုဖြင့် လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလာသည်။ ကျွန်တော်ကလည်း သူ့လက်ကို တင်းကျပ်စွာ တုံ့ပြန်ဆုပ်ကိုင်လိုက်ပြီးနောက် မိမိအခန်းရှိရာ အပေါ်ထပ်သို့ တက်လာခဲ့သည်။ အခန်းထဲရောက်လျှင် လက်ပ်တော့ကို ဖွင့်ကာ အီးမေးလ်များကို စစ်ဆေးကြည့်မိသည်။ သူငယ်ချင်းအချို့က ပြန်လည်အကြောင်းပြန်ထားကြသော်လည်း အများစုမှာမူ မိမိတို့အိမ်၌သာ ဆက်နေရန် သို့မဟုတ် ကယ်ဆယ်ရေးစခန်းများသို့သာ သွားရောက်ရန် ဆုံးဖြတ်ထားကြဆဲ ဖြစ်သည်။ တောင်ပေါ်သို့ တိမ်းရှောင်မည်ဟု ပြောခဲ့ကြသူများထံမှမူ မည်သည့်အကြောင်းပြန်စာမျှ ရောက်မလာတော့ချေ။ ၎င်းတို့ လိုင်းပြင်ပသို့ ရောက်ရှိသွားခြင်းလည်း ဖြစ်နိုင်သည်။ လက်ပ်တော့ကို ပြန်ပိတ်ရန် ပြင်လိုက်စဉ် စပမ်းအမှိုက်ပုံး (Spam Folder) ထဲသို့ ဝင်နေသော မက်ဆေ့ဂျ်များကို သတိပြုမိသဖြင့် ကလစ်နှိပ်၍ စစ်ဆေးလိုက်သည်။ မနေ့က လူမှုကွန်ရက်စာမျက်နှာတစ်ခုမှ ရောက်ရှိနေသော သဝဏ်လွှာတစ်ခုကို တွေ့ရှိရသဖြင့် အကောင့်ကို ချက်ချင်း ဖွင့်လှစ်ကြည့်ရှုလိုက်ရာ ကောလိပ်ကျောင်းတုန်းက သူငယ်ချင်းဖြစ်သူ အလန်ထံမှ ဖြစ်နေသည်။
“ဟေ့ စကိုင်း။ ငါ့ကို မှတ်မိသေးရဲ့လား။ မင်း ဗလင်ဇွဲလားဘက်မှာ နေရာတစ်ခု ရှိတယ်မလား။ မင်းပို့ထားတဲ့ အီးမေးလ်တွေကို ရလို့ ငါ မင်းရှိတဲ့နေရာကို လာနေတာ။ ဒါပေမဲ့ ပြည်သူ့ပန်းခြံနား အရောက်မှာ ပိတ်မိနေလို့ဗျာ။ အပြင်မှာ လူတစ်စုက ဆူပူအုံကြွပြီး အကုန်လိုက်ဖျက်ဆီးနေကြတယ်။ ငါလည်း တခြားလူအချို့နဲ့အတူ စတိုးဆိုင်တစ်ဆိုင်ထဲ ပြေးဝင်ပြီး ပုန်းနေရတယ်။ ဒါပေမဲ့ ငါတို့ထဲက တစ်ယောက်က အကိုက်ခံထားရတယ်…”
မက်ဆေ့ဂျ်ကို ဆုံးအောင်ပင် မဖတ်ရသေးမီ လူမှုကွန်ရက်အက်ပလီကေးရှင်းမှတစ်ဆင့် သူ့ထံသို့ အမြန် ဖုန်းခေါ်ဆိုလိုက်သည်။ အချက်ပေးသံ နှစ်ချက်ခန့် မြည်ပြီးနောက် တစ်ဖက်မှ ဖုန်းလက်ခံလိုက်သည်။
“ဟား… စကိုင်း။ ဘုရားသခင် ကယ်ပါပြီဗျာ။ မင်း ငါ့မက်ဆေ့ဂျ်ကို မမြင်ဘူး အောက်မေ့တာ။ တောက်… မင်းပြောခဲ့တာ တကယ်ကြီးပဲ။ မင်းအမြော်အမြင် ရှိခဲ့တာပဲ စကိုင်း” အလန်က စိတ်လှုပ်ရှားတကြီး အော်ဟစ်တော့သည်။
“အော်မနေနဲ့ဦး အလန်။ မင်း အခု အတိအကျ ဘယ်နေရာမှာ ရောက်နေလဲဆိုတာပဲ ပြော။ အသံကို တတ်နိုင်သမျှ တိုးထားဦး” ကျွန်တော်က သတိပေးလိုက်သည်။
“အာ… အခု တောင်ဘက်စူပါမားကတ်ထဲမှာ…”
“ငါတို့ ဟုတ်လား”
“အထဲကို အတူတူပြေးဝင်လာကြတဲ့ တခြားလူတွေလည်း ရှိသေးတယ်” သူက တိုးညင်းစွာ ကပ်ပြောရှာသည်။
“မင်းတို့ထဲက တစ်ယောက်က အကိုက်ခံထားရတယ်ဆို”
“ဟုတ်တယ်။ အဲဒါကြောင့် ကျန်တဲ့လူတွေက သူ့ကို သတ်ဖို့…”
ထိုစဉ် ဖုန်းလိုင်း ရုတ်တရက် ပြတ်တောက်သွားတော့သည်။ ပထမတော့ လိုင်းမကောင်း၍ ရှာဖွေနေသည်ဟု ထင်မှတ်ခဲ့သော်လည်း ဖန်သားပြင်ထက်တွင် အင်တာနက်လိုင်း မရှိတော့ကြောင်း အချက်ပြသည့် ဒိုင်နိုဆောရုပ်လေး ပေါ်လာတော့သည်။ ကျွန်တော် ခေတ္တမျှ စဉ်းစားခန်းဖွင့်ပြီးနောက် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိသည်။ ခဏအကြာတွင် တံခါးခေါက်သံ ကြားရသဖြင့် ဖွင့်ကြည့်လိုက်ရာ အိုလီဗီယာ ဖြစ်နေသည်။ သူမသည် လက်ကိုင်ဖုန်းကို ကိုင်ဆောင်လျက် စိုးရိမ်တကြီး မေးမြန်းလာသည်။
“စကိုင်း… အင်တာနက်လိုင်းတွေ ကျသွားပြီလား မသိဘူးနော်”
“ဟုတ်တယ် အိုလီဗီယာ။ ဒီအချိန်အထိ လိုင်းရနေတာကိုပဲ အံ့ဩရမယ်။ ကိုယ် အရေးကြီးကိစ္စတစ်ခု လုပ်စရာရှိလို့ သွားလိုက်ဦးမယ်”
ကျွန်တော်က ပြောပြောဆိုဆိုဖြင့် သံသေတ္တာထဲမှ AR-15 ရိုင်ဖယ်သေနတ်ကို ထုတ်ယူကာ ကျည်အပြည့်ထည့်ထားသည့် ၅.၅၆ မမ ကျည်ကတ်လေးခုကို အကာအကွယ်အင်္ကျီတွင် အဆင်သင့် ထည့်သွင်းလိုက်သည်။ မော်တော်ဆိုင်ကယ်သော့နှင့် ဦးထုပ်ကို ဆွဲယူကာ အောက်ထပ်သို့ အပြေးအလွှား ဆင်းလာခဲ့သည်။ အောက်ထပ်ရှိ လူအချို့က ဘာဖြစ်လို့လဲဟု လှမ်းမေးကြသဖြင့် ပိတ်မိနေသော သူငယ်ချင်းတစ်ယောက်ကို သွားရောက်ခေါ်ဆောင်ရမည် ဖြစ်ကြောင်း ပြန်ပြောလိုက်သည်။
ဦးလေးအော်စကာက ကျွန်တော့်ကို မြင်သောအခါ လက်ကာပြရင်း တားဆီးသည်။
“နေဦး ငါ့တူ။ စိတ်အေးအေးထားပါဦး။ ဘာတွေ အဲလောက်တောင် လောနေရတာလဲ။ သေနတ်ပါ အပြည့်အစုံနဲ့ ဘာဖြစ်လို့လဲ”
“ကျွန်တော့်သူငယ်ချင်း အလန် တောင်ဘက်စူပါမားကတ်မှာ ပိတ်မိနေလို့ဗျ။ ကျွန်တော် အခုချက်ချင်း သွားမှဖြစ်မယ်” ကျွန်တော်က ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းရင်း ဆိုလိုက်သည်။
“ဟေ့… အဲဒီနေရာက လူစည်ကားတဲ့နေရာလေ။ အခုက နေလည်း ဝင်တော့မယ်။ သွားရင် သေကြောင်းကြံတာနဲ့ အတူတူပဲ ငါ့တူရဲ့။ ဟိုဘက်မှာ အခြေအနေ ဘယ်လိုရှိမှန်းလည်း ငါတို့ မသိရသေးဘူး” ဦးလေးအော်စကာက ဟိန်းဟောက်တားဆီးသည်။
ကျန်ရှိသည့် အဖွဲ့သားများ၏ မျက်နှာတွင်လည်း စိုးရိမ်သောကရိပ်များ ပေါ်လွင်နေပြီး အပြင်သို့ တစ်ယောက်တည်း မထွက်ရန် ဝိုင်းဝန်းတားဆီးကြသည်။
“ကျွန်တော့်လူတစ်ယောက် ဒုက္ခရောက်နေတာကို ဒီတိုင်း ပစ်မထားနိုင်ဘူးဗျာ။ အကယ်၍ အစ်ကိုတို့ထဲက တစ်ယောက်ယောက် ဆိုရင်လည်း ကျွန်တော် အသက်နဲ့လဲပြီး သွားကယ်မှာပဲ။ ကျွန်တော့်ကို ယုံကြည်ပေးကြပါ ဟုတ်ပြီလား”
ကျွန်တော်က ပြောပြောဆိုဆိုဖြင့် AR-15 ရိုင်ဖယ်ကို ကျောတွင် သေသေချာချာ သိုင်းချည်လိုက်သည်။
“ကျွန်မလည်း လိုက်ခဲ့မယ်” ကေလီက ရှေ့သို့ တိုးလာသည်။ ဂျဲရက်နှင့် အခြားသူအချို့ကလည်း လိုက်ရန် ပြင်ကြသည်။
“မလိုဘူး။ ငါက အမြန် သွားရမှာ။ ဆိုင်ကယ်နဲ့ လမ်းကြားတွေကနေ ပတ်သွားမယ်။ စူပါမားကတ်နား ရောက်မှ လမ်းမကြီးပေါ် တက်မယ်။ အားလုံး အဆင်ပြေရင် နာရီဝက်အတွင်း ပြန်ရောက်မှာပါ”
ဦးလေးအော်စကာက မကျေမနပ်ဖြစ်နေဆဲ ဖြစ်သော်လည်း အလုပ်ရုံထဲမှ သံတူးရွင်း (Crowbar) တစ်ချောင်းကို လှမ်းပေးလာသည်။
“ဒါကို ယူသွား။ တံခါးတွေကို လှမ်းခွာရတဲ့အခါ လိုအပ်လိမ့်မယ်။ သော့လိုက်ဖွင့်နေရင် အချိန်ကြန့်ကြာလိမ့်မယ်။ မင်း ဘာလုပ်ရမလဲဆိုတာ သိပါတယ်” သူက ဆိုသည်။
ကျွန်တော်သည် မော်တော်ဆိုင်ကယ်ကို အုပ်ထားသော အဝတ်စကို ဖယ်ရှားလိုက်ရာ အနက်ရောင် ဟာယာဘူဆာ (Hayabusa) ပြိုင်ပွဲဝင် ဆိုင်ကယ်ကြီး ပေါ်လာတော့သည်။ အဖွဲ့သားများက ခြံဝင်းတံခါးကို ဖွင့်ပေးကြသဖြင့် ကျွန်တော်က ဆိုင်ကယ်ကို စက်နှိုးကာ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်ထွက်ခွာခဲ့သည်။ မူလတန်းကျောင်းအနီးသို့ ရောက်သောအခါ ညာဘက်သို့ ကွေ့ဝင်လိုက်ရာ လမ်းမပေါ်တွင် လမ်းသလားနေသော ဖုတ်ကောင်အချို့ကို တွေ့ရသော်လည်း ဆိုင်ကယ်အရှိန်ကြောင့် ၎င်းတို့ကို လျင်မြန်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ ဘလောက်အနည်းငယ် မောင်းနှင်ပြီးနောက် ကယ်ဆယ်ရေးစခန်းအနီးမှ ဖြတ်ကျော်ခဲ့ရာ ထိုစခန်းမှာ ယခုထက်ထိ တည်ငြိမ်စွာ ရှိနေဆဲ ဖြစ်သော်လည်း အထဲသို့ ဝင်ရောက်ရန် ကြိုးစားနေသူအချို့နှင့် အခြေအနေကို ထိန်းသိမ်းနေရသော စစ်သားအချို့ကို တွေ့ရှိရသည်။
ကျွန်တော်သည် လူနေအိမ်များနှင့် ဆိုင်ခန်းအချို့ကို ကျော်ဖြတ်ပြီးနောက် အဝေးမှ မြင်တွေ့နေရသော ဘုရားကျောင်းဟောင်းကြီးဆီသို့ ဘယ်ဘက်သို့ ကွေ့ဝင်လိုက်သည်။ မောင်းနှင်နေစဉ် ပတ်ဝန်းကျင်၏ အခြေအနေကို စိတ်ထဲမှ သေသေချာချာ မှတ်တမ်းတင်နေမိသည်။ ဤနေရာမှာ ဦးတည်ရာနှင့် ဝေးကွာနေသေးသဖြင့် ဆိုင်ကယ်လက်ကိုင်ကို အားကုန်လှည့်ကာ အရှိန်ကို ပိုမိုမြှင့်တင်လိုက်သည်။
စက်သံခပ်ပြင်းပြင်းကြောင့် ဖုတ်ကောင်အချို့ လှည့်ကြည့်လာကြသော်လည်း အပြင်ဘက်တွင် ပစ္စည်းလုယက်နေသူများနှင့် အချင်းချင်း ရန်ဖြစ်နေကြသူများ၏ ဆူညံသံများက ပိုမိုကျယ်လောင်နေဆဲ ဖြစ်သည်။ ကားများနှင့် ဖုတ်ကောင်များကြားမှ ဖြတ်ညှပ်ကပ် မောင်းနှင်နေစဉ် ပတ်ဝန်းကျင်မှ သေနတ်သံအချို့ပါ ထွက်ပေါ်လာသည်။ ဆေးရုံတစ်ခုအနီးတွင် ဆိုင်ကယ်ကို ခေတ္တရပ်လိုက်ရာ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသော လူအုပ်ကြီးတစ်စုက လမ်းတွင် ရှိသမျှအရာအားလုံးကို ဖျက်ဆီးနေကြသည်ကို မြင်တွေ့ရသည်။ ၎င်းတို့က ခဲများဖြင့် ပတ်ပတ်လည်ကို ပစ်ပေါက်နေကြပြီး လမ်းဘေးရှိ ကားတံခါးများကိုပါ ရိုက်ခွဲနေကြသည်။ လမ်းတွင် တွေ့သမျှ ဖုတ်ကောင်များကိုလည်း ဝိုင်းဝန်းကာ ရိုက်သတ်နေကြသည်။ ၎င်းတို့သည် သွားလေရာနေရာတိုင်းတွင် အော်ဟစ်ဆူညံနေကြပြီး လမ်းကြုံတွေ့ရသူများကိုလည်း ၎င်းတို့အဖွဲ့ထဲသို့ ဝင်ခိုင်းခြင်း သို့မဟုတ် ဝိုင်းဝန်းထိုးကြိတ်ခြင်းများ ပြုလုပ်နေကြသည်။ ရှေ့ဆုံးမှ လူအချို့ကမူ စပရေးဘူးများဖြင့် နံရံများတွင် စာတန်းများ လိုက်လံမှုတ်နေကြသည်။ ၎င်းတို့ ဘာရေးနေသည်ကို သေသေချာချာ မမြင်ရသော်လည်း အချိန်ဖြုန်းပြီး ကြည့်မနေတော့ချေ။ အရှေ့ဆုံးမှ လူအချို့က ကျွန်တော့်ကို သတိပြုမိသွားပြီး ပြေးဝင်လာကြသဖြင့် လမ်းမကြီးဘက်သို့ ဆိုင်ကယ်ကို ချက်ချင်း လှည့်မောင်းလိုက်တော့သည်။
ကျွန်တော်က လမ်းကြောင်းကို အမြန်ပြောင်းလဲကာ ဝီလ်ကွန်စတိုးဆိုင်ဟောင်းရှိရာ လမ်းထွက်အတိုင်း မောင်းနှင်ခဲ့သည်။ ညာဘက်သို့ လှည့်ကြည့်လိုက်ရာ တိမ်းမှောက်နေသော ကားအချို့ကို တွေ့ရပြီး ထိုကားများအနီးတွင် ဖုတ်ကောင်များ ဝိုင်းအုံနေကာ အတွင်းမှ လူတစ်ယောက်၏ အော်ဟစ်ညည်းတွားသံကို ကြားလိုက်ရသည်။ ဘယ်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ မုန့်တိုက်တစ်ခုနှင့် စူပါမားကတ်ဆီသို့ ဦးတည်သည့် အခြားလမ်းကြားတစ်ခုကို တွေ့ရသော်လည်း ထိုလမ်းက ပိုမိုဝေးကွာလှသည်။ ကျွန်တော်က ခါးကြားမှ ပစ္စတိုကို ဆွဲထုတ်ကာ အရှေ့မှ ပြေးဝင်လာသော ဖုတ်ကောင်အချို့ကို ပစ်ခတ်ရှင်းလင်းရင်း ဆိုင်ကယ်မောင်းနှင်ရန် လမ်းကြောင်း ရှာဖွေခဲ့သည်။ ဖြတ်သန်းသွားစဉ် ရုပ်အလောင်းများ ဆိုင်ကယ်ပေါ်သို့ လဲကျလာမည်ကို စိုးရိမ်သဖြင့် ဓားကိုမူ ဆွဲမထုတ်ခဲ့ချေ။
ဖုတ်ကောင် ခုနစ်ကောင်ခန့် လဲကျသွားပြီးနောက် ရုပ်အလောင်းများကြားမှ ဆိုင်ကယ်ကို အသာအယာ မောင်းနှင်ခဲ့သည်။ မုန့်တိုက်အနီးရှိ လမ်းအတိုင်း ဝင်ရောက်ကာ အရှိန်ကို ထပ်မံမြှင့်တင်လိုက်သည်။ မောင်းနှင်နေစဉ် စက်ရုံကြီးများ၏ ရှည်လျားသော နံရံများနှင့် ဆိုင်ခန်းအချို့ကို ကျော်ဖြတ်ခဲ့သည်။ မိနစ်အနည်းငယ်ခန့် ဆက်တိုက်မောင်းနှင်ပြီးနောက် စူပါမားကတ်သို့ ဦးတည်သည့် လမ်းထွက်ကို မြင်တွေ့လိုက်ရသည်။ သို့သော် ဆိုင်ကယ်ကို စူပါမားကတ်နှင့် ဘလောက်တစ်ခုအကွာရှိ ဖိနပ်ဆိုင်အနီးတွင်သာ လုံုံခြုံစွာ ရပ်တန့်ထားခဲ့သည်။
ထို့နောက် ဝါကီဇာရှီ (Wakizashi) ဓားတိုကို ဆွဲထုတ်ကာ အနီးနားရှိ ဖုတ်ကောင် ငါးကောင်ကို လျင်မြန်စွာ ခုတ်ပိုင်းထိုးနှက်၍ ရှင်းလင်းပစ်လိုက်သည်။ လူသွားလမ်းအတိုင်း ပုံမှန်ခြေလှမ်းဖြင့် လျှောက်လှမ်းလာစဉ် အခြားသော ဖုတ်ကောင် တစ်ဆယ့်သုံးကောင်ကိုပါ ထပ်မံနှိမ်နင်းခဲ့သည်။ လမ်းထောင့်ရှိ အမြန်စားစတိုးဆိုင်အနီးသို့ ရောက်သောအခါ လမ်းတစ်ဖက်ခြမ်းရှိ ပြည်သူ့ပန်းခြံအတွင်း၌ ဖုတ်ကောင်များ အုပ်စုလိုက် ဝိုင်းအုံနေသည်ကို လှမ်းမြင်လိုက်ရသည်။ ထို့ကြောင့် ဘယ်ဘက်ရှိ စူပါမားကတ်ဆီသို့ ချက်ချင်း ကွေ့ဝင်လိုက်တော့သည်။
‘ဘာဖြစ်လို့ အချို့ကောင်တွေက လှုပ်ရှားမှု နှေးကွေးနေရတာလဲ’
ကျွန်တော်က စိတ်ထဲကနေ သုံးသပ်မိသည်။ ‘ဒါက ငါ့ရဲ့ စိတ်လှုပ်ရှားမှုကြောင့် အမြင်မှားတာလား၊ ဒါမှမဟုတ် အချို့ကောင်တွေရဲ့ ကိုယ်ခန္ဓာက တောင့်တင်းလာတဲ့ သဘောလား’