ဂျဲရက်က ထိတ်လန့်တုန်လှုပ်နေသော မျက်နှာပေးဖြင့် ဦးလေးအော်စကာကို လှမ်းကြည့်လိုက်သည်။
“မဟုတ်ဘူးလေ။ သူ့တောင်ဆစ်နားက လက်မောင်းကို သေချာကြည့်လိုက်ဦး။ အပ်ပေါက်ရာကြီး ရှိနေတယ်။ ဒီလူ စိတ်ကြွရူးသွပ်ဆေးတွေ သုံးနေတာ ဖြစ်ရမယ်။ ဆေးလွန်ပြီး သေသွားပြီးမှ ဖုတ်ကောင်ဖြစ်လာတာ နေမှာပါ။ အဲဒီလို အပ်ပေါက်ရာမျိုးတွေကို ငါ အများကြီး မြင်ဖူးလို့ ဘာဖြစ်သွားလဲဆိုတာ ကောင်းကောင်းသိတယ်”
ဦးလေးအော်စကာက ထိုလူသည် ဖုတ်ကောင်မဖြစ်ခင်ကတည်းက သေဆုံးနေပြီးသား ဖြစ်ကြောင်း အတည်ပြုပေးလိုက်မှသာ ဂျဲရက်က သက်ပြင်းချနိုင်တော့သည်။
“လေဆိပ်က လူလည်း ဒီလိုပဲ ဖြစ်နိုင်တယ် ဦးလေး။ ကျွန်တော် ပစ်သတ်ခဲ့တဲ့လူရဲ့ အဝတ်အစားတွေမှာလည်း အဖြူရောင်အမှုန့်တွေ ပေကျံနေတာ”
ကျွန်တော်က ဝင်ပြောလိုက်သည်။
“ဒါနဲ့ ဖုတ်ကောင်တွေက ဒီကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ။ ငါလည်း ကင်းသေချာစောင့်နေတာပဲ။ ဘာလို့ ဘယ်ဘက်လမ်းကနေ အကောင်အချို့ ရောက်လာရတာလဲ”
မာ့ခ်က သံသယစိတ်ဖြင့် မေးမြန်းသည်။
“ငါတို့ မနက်စာ စားနေတုန်း ကျီအိမ်ပေါ်မှာ ဘယ်သူမှ မရှိတဲ့အချိန် အချို့ကောင်တွေ ခိုးဝင်လာတာ ဖြစ်နိုင်တယ်။ အဲဒါကို သိရအောင် စီစီတီဗွီကင်မရာတွေကို ပြန်စစ်ရမယ်။ ပြီးတော့ မင်းရဲ့ စီမံကိန်းကိုလည်း တတ်နိုင်သမျှ မြန်မြန် စတင်ရမယ်”
ဦးလေးအော်စကာက ပြောကြားရာ အားလုံးက ခေါင်းငြိတ်ထောက်ခံကြသည်။
ထို့နောက် ကျွန်တော်တို့သည် ရုပ်အလောင်းများကို သုံးဘီးစက်ဘီးပေါ်သို့ တင်ဆောင်ကာ လမ်း၏ ဘယ်ဘက်အခြမ်းသို့ သတိထား မောင်းနှင်ခဲ့ကြပြီး လမ်းထောင့်တစ်ခုတွင် မီးရှို့ဖျက်ဆီးပစ်လိုက်သည်။ လမ်းမပေါ်တွင် ကျွန်တော်တို့မှတစ်ပါး မည်သူမျှ မရှိချေ။ အိမ်အချို့၏ ပြတင်းပေါက်များမှ လူခေါင်းအချို့ ထွက်ကြည့်နေသည်ကို မြင်တွေ့ရသော်လည်း မည်သူမျှ စကားလှမ်းပြောရန် စိတ်ဝင်စားပုံမရကြပေ။ ရုပ်အလောင်းများကို ရှင်းလင်းပြီးနောက် သုံးဘီးစက်ဘီးကို စီးလျက် ခြံဝင်းတံခါးဆီသို့ ပြန်လာခဲ့ကြသည်။ တံခါးကို ပိတ်ပြီးနောက် ရေကူးကန်ဘက်သို့ လျှောက်လာရာ အားလုံးက စုဝေးပြီး စကားပြောနေကြသော်လည်း စကားများ အငြင်းပွားနေကြပုံရသည်။
“စိတ်အေးအေးထားပါအုန်း။ အားလုံး အဆင်ပြေသွားမှာပါ”
ဂျိုက ဝင်ရောက်ဖျန်ဖြေနေသည်။
“ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ ကျွန်မကို ပြောစမ်းပါ။ ရှင်က သမီးလေးကို စိတ်မပူဘူးလား။ သူက ငါးနှစ်ပဲ ရှိသေးတာလေ”
မာနီလင်က အော်ဟစ်ငိုယိုသည်။
“ငါက သမီးရဲ့ အဖေပဲ။ ငါကော စိတ်မပူဘဲ နေမလား။ အခုလည်း ငါ တတ်နိုင်သမျှ အကောင်းဆုံး လုပ်နေတာပဲ မဟုတ်လား”
ဂျိုက ပြန်လည်ပြောဆိုသည်။
“ဒီမနက် သမီးလေး ကျွန်မကို ဘာပြောလဲ ရှင့်သိလား။ ‘မေမေ… သမီးတို့ သေရတော့မှာလား’ တဲ့။ ကျွန်မ သမီးကို ဘာပြန်ပြောရမှန်းတောင် မသိဘူး”
သူမက ရှိုက်ကြီးတငင် ဆက်လက်ငိုယိုနေသဖြင့် အားလုံး တိတ်ဆိတ်သွားကြသည်။ မာနီလင်က ငိုလျက် ၎င်းတို့၏ အခန်းဘက်သို့ ထွက်သွားရာ ဂျိုကလည်း အနောက်မှ လိုက်သွားလေသည်။ ကျွန်တော်ပါ လိုက်သွားရန် ပြင်လိုက်သော်လည်း အဒေါ်က ကျွန်တော့်ပုခုံးကို လှမ်းကိုင်ကာ တားဆီးလိုက်သည်။
“သူတို့ကို လောလောဆယ် အချိန်နည်းနည်း ပေးလိုက်ပါဦး။ အဒေါ် နောက်မှပဲ သွားစကားပြောလိုက်မယ်”
လူစုထဲရှိ လူအချို့၊ အထူးသဖြင့် မိဘဖြစ်သူများ၏ မျက်နှာတွင် စိတ်မကောင်းရိပ်များ ယှက်သန်းသွားသည်။ အဒေါ်က မိဘတစ်ယောက်၏ သောကကို ကျွန်တော့်ထက် ပိုမိုနားလည်နိုင်သူ ဖြစ်သဖြင့် ထိုကိစ္စကို အဒေါ်သာ စီမံပါစေဟု ကျွန်တော် ဆုံးဖြတ်လိုက်သည်။
“ကျွန်တော်တို့ ဒါကို ကျော်ဖြတ်နိုင်မှာပါ…”
တိုးညင်းသော အသံလေးတစ်ခု ထွက်ပေါ်လာသဖြင့် လှည့်ကြည့်လိုက်ရာ ထိုအသံပိုင်ရှင်မှာ အာယာ ဖြစ်နေသည်။
“ငါတို့အားလုံး ဒီမှာ စုံစုံလင်လင် ရှိနေတာပဲ မဟုတ်လား”
သူမ၏ စကားကြောင့် မှေးမှိန်နေသော မျက်နှာအချို့ ပြန်လည်တောက်ပလာသည်။ မိခင်ဖြစ်သူက သူမကို ပွေ့ဖက်လိုက်ပြီးနောက် အာယာက ကျွန်တော့်ထံသို့ လက်ကလေးနှစ်ဖက် မြှောက်လျက် လျှောက်လာသည်။ ကျွန်တော်က မေးခွန်းထုတ်လိုသော မျက်နှာပေးဖြင့် ကြည့်ကာ မေးလိုက်သည်။
“ဘာလဲ”
“သမီးရဲ့ ပီးနတ်နစ်ပ်စ် (Peanut nips) တွေ ဘယ်မှာလဲ”
သူမက မျက်မှန်ကို ပင့်ရင်း မေးသည်။
“အဲဒါကို ထေးလ်မစ်ခ်စ် (Trailmix) လို့ ခေါ်တယ်လို့ အစ်ကို ပြောဖူးတယ် မဟုတ်လား”
“အော်… ဟုတ်သားပဲ။ နောက်ဆို အစ်ကိုပြောတာကို သေသေချာချာ မှတ်ထားပါ့မယ်”
သူမက ကလေးပီပီ အပြစ်ကင်းစွာ ပြောရှာသည်။ ကျွန်တော်က ခပ်ပြုံးပြုံးဖြင့် ရယ်မောလိုက်ရာ ကေလီကလည်း ကျွန်တော်နှင့်အတူ ဝယ်ခဲ့သော ထေးလ်မစ်ခ်စ် အိတ်ကို သတိရသွားပြီး ကျွန်တော့်ဘက်သို့ ကြည့်ကာ ပြုံးလိုက်လေသည်။
ကျွန်တော် အခန်းထဲသို့ သွားရာ အာယာက အနောက်မှ လိုက်လာသည်။ လမ်းတွင် ဦးလေးဇာဒွန်ကို တံခါးဘေး၌ လျှောက်လမ်း စတင်တည်ဆောက်ရန် ပြောကြားခဲ့သည်။ အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် ဇုစ်က အရင်ဆုံး ပြေးဝင်သွားပြီး အာယာက အနောက်မှ ဝင်လာသည်။ ကျွန်တော်က မုန့်အိတ်ကို ရှာဖွေပြီး သူမအား တစ်အိတ် ကမ်းပေးလိုက်သည်။
“တစ်ခါတည်း အကုန်ကုန်အောင် မစားရဘူးနော်”
ဇုစ်က မုန့်အိတ်ကို စိုက်ကြည့်နေစဉ် အာယာကမူ ကုတင်ဘက်ရှိ စင်ပေါ်ကို စူးစမ်းကြည့်ရှုနေသည်။
“အဲဒါ ဘာလဲဟင်။ ဆာမူရိုင်းလို့ ခေါ်တာ မဟုတ်လား”
သူမက လက်ညှိုးထိုးပြသည်။
“မဟုတ်ဘူး။ ဆာမူရိုင်းဆိုတာ အဲဒီဓားတွေကို သုံးတဲ့ လူတွေကို ခေါ်တာ။ ဒီဓားရှည်ကို ကာတာနာ (Katana) လို့ ခေါ်ပြီး၊ ဒီအလတ်စားကို ဝါကီဇာရှီ (Wakizashi) လို့ ခေါ်တယ်။ နောက်ဆုံးက ဓားမြှောင်လေးနဲ့ တူတဲ့အကောင်ကိုတော့ တန်တို (Tanto) လို့ ခေါ်တယ်”
စင်ပေါ်တွင် ကန့်လန့်ဖြတ် တင်ထားသော ဓားများကို တစ်လက်ချင်းစီ လက်ညှိုးထိုးလျက် ရှင်းပြလိုက်သည်။
“အော်… ဒါဆို ကျန်တဲ့တစ်လက်ကော ဘယ်မှာလဲဟင်”
သူမက စင်၏ အပေါ်ဆုံးအပိုင်းကို ညွှန်ပြသည်။ ထိုနေရာတွင် ဓားရှည်တစ်လက် ထပ်မံတင်နိုင်သော အချိုင့်တစ်ခု ရှိနေသေးသည်။
“အဲဒီနေရာက တာချီ (Tachi) လို့ ခေါ်တဲ့ ဓားရှည် တင်တဲ့နေရာ။ သူက ဒီကာတာနာထက် ပိုရှည်တယ်”
ကျွန်တော်က လက်နှစ်ဖက်ကို ဆန့်ထုတ်ပြရင်း သူမ၏ နဖူးကို အသာအယာ တွန်းလိုက်သည်။ သူမက ခပ်တိုးတိုး ရယ်မောသော်လည်း ထိုတာချီဓား ဘယ်မှာရှိနေသလဲ ဆိုသည်ကိုမူ ကျွန်တော် ပြန်မပြောခဲ့ချေ။ သူမက မုန့်အိတ်ကို လက်နှစ်ဖက်ဖြင့် ပွေ့ပိုက်ကာ ဇုစ်နှင့်အတူ အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။ ကျွန်တော်က စင်ပေါ်မှ ဝါကီဇာရှီဓားကို ယူဆောင်ပြီး ခါးအနောက်တွင် ကန့်လန့်ဖြတ် ချိတ်ဆွဲလိုက်ရာ ဓားရိုးက ဘယ်ဘက်တွင် ရှိနေသည်။
အောက်ထပ်သို့ ရောက်သောအခါ လူးဝစ်က ကျွန်တော့်ခါးက လက်နက်ကို ကြည့်ကာ လှမ်းပြောသည်။
“ဟေ့… အစ်ကို ကာတာနာဓားကို သယ်လာပြီပဲ”
“ဝါကီဇာရှီပါဆို” အာယာက ဘေးကနေ ဝင်ပြင်ပေးသည်။
ကျွန်တော်က မျက်ခုံးပင့်ရင်း အာယာကို ပြုံးပြကာ သူမ၏ ဆံပင်များကို ဖွတ်လိုက်ရာ လူးဝစ်မှာမူ ဝေခွဲမရသော မျက်နှာပေးဖြင့် ကျန်ရစ်ခဲ့သည်။ ထို့နောက် ရင်ထံမှ လူအားလုံး၏ အမည်စာရင်း ပါရှိသော စက္ကူညှပ်ပုန်းကို တောင်းခံကာ လူတိုင်းအတွက် တာဝန်များကို စတင်ခွဲဝေတော့သည်။
တာဝန်မခွဲဝေမီ အာနယ်က သားနှစ်ယောက်နှင့်အတူ ကျွန်တော့်ထံ လျှောက်လာသည်။ သမီးငယ်လေးကိုမူ ဇနီးဖြစ်သူက ခေါ်ထားပုံရသည်။
“ဒီကောင်လေး နှစ်ယောက် ကူညီပေးရမယ့်အလုပ် ရှိမလား။ လျှောက်လမ်းဆောက်တဲ့နေရာမှာ ပစ္စည်းကူသယ်တာမျိုး၊ တစ်ခုခု ကူကိုင်ပေးတာမျိုး ခိုင်းလို့ရပါတယ်ဗျာ။ သားကြီး စတန်လေက လက်မှုပညာ ဝါသနာပါပြီး သားငယ် အီယန်ကတော့ အားကစား ဝါသနာပါတယ်”
“ကောင်းတာပေါ့၊ ကျေးဇူးပါဗျ။ စတန်… မင်းက အစ်ကိုဇီဒရစ်ကို လျှောက်လမ်းပုံစံကြမ်းဆွဲတဲ့နေရာမှာ ကူညီပေးပါ။ အီယန်… မင်းကတော့ အခြားလူတွေနဲ့အတူ ပစ္စည်းသယ်ဖို့အတွက် ဦးလေးအော်စကာနဲ့ သွားတိုင်ပင်လိုက်ပါ။ ကျွန်တော် ဒီနေ့အတွက် လူတိုင်းရဲ့ တာဝန်တွေကို အချောသတ်နေတုန်းမို့ ပြီးရင် ပြန်ခေါ်လိုက်မယ်”
ကျွန်တော်က တာဝန်များကို စနစ်တကျ ခွဲဝေနိုင်ရန် ရင်အား ကူညီခိုင်းလိုက်သည်။ လှည့်ကြည့်လိုက်ရာ သူမက ကျွန်တော့်ခါးက ဓားမြှောင်ကို စိတ်ဝင်တစား စိုက်ကြည့်နေဆဲ ဖြစ်သည်။ ကျွန်တော် ကြည့်နေသည်ကို သိသွားသောအခါ သူမက မျက်မှန်ကို ပင့်ရင်း အကြည့်လွှဲသွားရှာသည်။
“စိတ်ဝင်စားလို့လား။ ခဏ ကိုင်ကြည့်လို့ရတယ်နော်”
ကျွန်တော်က ပြောပြောဆိုဆိုဖြင့် ဓားကို အိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ ဓားသွားသည် အိမ်ထဲမှ ထွက်လာစဉ် သာယာသော သံချောင်းသံလေး တစ်ချက် ထွက်ပေါ်လာသည်။ ကျွန်တော် ကမ်းပေးလိုက်သော ဓားကို သူမက စိတ်လှုပ်ရှားစွာဖြင့် လှမ်းယူကာ စစ်ဆေးကြည့်ရှုသည်။
“အရှည်က နည်းနည်းတိုသားပဲ။ ဒါ ဝါကီဇာရှီ မဟုတ်လား”
သူမက ခဏမျှ ကြည့်ရှုပြီးနောက် ကျွန်တော့်ထံ ပြန်ကမ်းပေးသည်။ သူမက ထိုအခေါ်အဝေါ်ကို မှန်ကန်စွာ သိနေသဖြင့် ကျွန်တော် အံ့အားသင့်သွားရသည်။ ကျွန်တော် သိသော လူအများစုမှာ ထိုကဲ့သို့ ဓားမျိုးကို မြင်လျှင် ‘ဆာမူရိုင်းဓား’ သို့မဟုတ် ‘ဓားရှည်’ ၊ ‘ကာတာနာ’ ဟုသာ အလွယ်ခေါ်တတ်ကြသောကြောင့် ဖြစ်သည်။
“မှန်တာပေါ့။ မမေးမိလို့၊ ရင်က ဂျပန်သွေး ပါတယ်။ ဟုတ်လား”
သူမက ခေါင်းညိတ်ပြကာ ကွယ်လွန်သွားသော အဖိုးဖြစ်သူမှာ ကပြားတစ်ယောက် ဖြစ်ကြောင်း ပြောပြသဖြင့် ကျွန်တော်ကလည်း မိမိကိုယ်ကိုယ် ကပြားတစ်ယောက် ဖြစ်ကြောင်း ပြန်လည်ပြောပြခဲ့သည်။ ကျွန်တော်တို့ ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် လက်ရှိလုပ်ငန်းခွင်သို့ ပြန်လည်အာရုံစိုက်လိုက်ကြသည်။ မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မူ ကျွန်တော်တို့သည် လူတိုင်းအတွက် တာဝန်များကို အောက်ပါအတိုင်း စနစ်တကျ ခွဲဝေ သတ်မှတ်နိုင်ခဲ့ကြသည်။