“ကျွန်တော်တို့ သူတို့ကို စည်းရုံးပြီး မိမိတို့ဘက်ပါအောင် လုပ်ရမယ်။ ငြင်းဆန်ဖို့ ခက်ခဲမယ့် ကမ်းလှမ်းချက်မျိုး ပေးရမှာပေါ့။ သူတို့ဘက်က ခေါင်းအေးအေးထားပြီး မိုက်မဲတာတွေ မလုပ်ဖို့ပဲ မျှော်လင့်ရမယ်။ မိသားစုလိုက် နေထိုင်တဲ့သူတွေကို စည်းရုံးရတာ ပိုလွယ်လိမ့်မယ်ဗျ။ ဘာလို့လဲဆိုတော့ လူတိုင်းက မိသားစုကို အန္တရာယ်ကင်းကင်းနဲ့ ဘေးကင်းရာမှာ ထားချင်ကြတာပဲလေ။ အဲဒီ ‘ဘေးကင်းလုံခြုံမှု’ ကို ကျွန်တော်တို့က ပေးနိုင်တယ်။ ကျွန်တော်တို့ဘက်မှာ လူအင်အား ပိုများလေလေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ပိုပြီး မြန်မြန်ဆန်ဆန် လုပ်နိုင်လေလေ ဖြစ်မှာပါ”
ကျွန်တော့်စကားကြောင့် ဦးလေးအော်စကာက ပြုံးလျက် ခေါင်းညိတ်ပြသည်။
“အစီအစဉ်ကတော့ အပြစ်ပြောစရာမရှိအောင် ကောင်းတယ်”
ဘေးနားရှိ လူများကလည်း ကျွန်တော့်ကို ကြည့်ကာ ထောက်ခံသည့် သဘောဖြင့် ခေါင်းငြိတ်ကြလေသည်။ မနက်စာ စားသောက်ပြီး၍ ဝိုင်းများကို သိမ်းဆည်းနေစဉ် ခြံဝင်းတံခါးကြီးဆီမှ ဇုစ်နှင့် ပီးနတ်တို့၏ ဆူညံစွာ ဟောင်သံများကို ကြားလိုက်ရသည်။ ကျွန်တော်တို့ တံခါးမကြီးမှာ အလွန်ကြီးမားသဖြင့် ရှေ့တွင် မတ်တတ်ရပ်နေပါက အပြင်ဘက်တွင် မည်သူရှိနေသည်ကို လှမ်းမမြင်နိုင်ပေ။ အပြင်ကို မြင်နိုင်ရန် အမြင့်တစ်နေရာသို့ တက်ကြည့်ရုံ သို့မဟုတ် စာတိုက်ဗူးအထက်ရှိ သံပြားအကွယ်ကို ဘေးသို့ဆွဲရွှေ့၍ ချောင်းကြည့်ရုံသာ ရှိသည်။
“အပြင်မှာ ဘယ်သူလဲ”
ကျွန်တော် အော်မေးလိုက်သော်လည်း ခွေးနှစ်ကောင်မှာမူ တံခါးကို စိုက်ကြည့်ကာ တကုတ်ကုတ်ဖြင့် ပို၍ပင် ပြင်းထန်စွာ ဟောင်နေကြတော့သည်။ ကျီအိမ်အမိုးပေါ်သို့ ပြေးတက်ပြီး လှမ်းကြည့်သော်လည်း တံခါးနှင့် ကပ်လွန်းနေသဖြင့် အမိုးပေါ်မှ မြင်ကွင်းကပင် မထင်မရှား ဖြစ်နေသည်။ ထိုစဉ် ကန်၏ ဒရုန်းက တံခါးမကြီး အထက်သို့ ပျံတက်သွားပြီး ဝဲပျံကာ အခြေအနေကို အကဲခတ်လေသည်။
“ဖုတ်ကောင်တွေဗျ။ တံခါးနားမှာတင် လေးကောင် ရှိနေတယ်။ ပြီးတော့ ဘယ်ဘက်လမ်းကနေ နှစ်ကောင်၊ ညာဘက်ကနေ တစ်ကောင် ထပ်လာနေတယ်”
ကန်က လှမ်းအော်ပြောသည်။
“ကျွန်တော်တို့ သေနတ်နဲ့ ပစ်ရမလား”
လူစုထဲမှ တစ်ယောက်က မေးလာသဖြင့် ကျွန်တော်က လူးဝစ်ကို ခွေးနှစ်ကောင်အား အိမ်ထဲသို့ အရင်ခေါ်သွားရန် ခိုင်းလိုက်ပြီး၊ အဝေးမှ ချဉ်းကပ်လာသော ဖုတ်ကောင်များကို ပစ်ခတ်ရန် ဂျဲရက်ကို အချက်ပေးလိုက်သည်။
သေနတ်သံ ခပ်တိုးတိုးနှင့်အတူ သံချောင်းစွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ဂျဲရက်က ဘယ်ဘက်မှ လာနေသော ဖုတ်ကောင်များကို အရင်ဆုံး ပစ်ခတ်ပြီးနောက် ချက်ချင်းပင် လမ်းကြောင်းပြောင်း၍ ညာဘက်မှ လာနေသော ဖုတ်ကောင်ကိုပါ အမိအရ ပစ်ချလိုက်သည်။
“အဆင်ပြေရဲ့လား ဂျဲရက်”
“ဟုတ်ကဲ့၊ တစ်ချက်တော့ လွဲသွားသေးတယ်၊ ဒါပေမဲ့ အခုလာနေတဲ့ ကောင်တွေကတော့ အကုန်လဲသွားပြီ။ တံခါးရှေ့က ကောင်တွေကိုကော ဘယ်လိုလုပ်မလဲ”
ထိုစဉ် လူငယ်အချို့က ဂေါ်ပြား၊ ဓားမများနှင့် တူကြီးများကို ကိုင်ဆောင်ကာ တံခါးနားသို့ ချဉ်းကပ်လာကြပြီး ဦးလေးအော်စကာကလည်း ပြောင်းဝတို ရိုင်ဖယ်ကို ကိုင်လျက် ရောက်လာသည်။ အမျိုးသမီးအချို့က ကလေးများကို အိမ်ထဲသို့ ခေါ်ဆောင်သွားကြသော်လည်း အချို့ကမူ စိုးရိမ်တကြီးဖြင့် အနောက်မှ အကဲခတ်နေကြဆဲ ဖြစ်သည်။
“မင်းတို့ ဒါတွေ တကယ်ကိုင်တတ်လို့လား”
ဦးလေးအော်စကာက သူတို့လက်ထဲက လက်နက်များကို လက်ညှိုးထိုးရင်း မေးလိုက်သည်။
“ခေါင်းကိုပဲ ချိန်ရိုက်ရမှာ မဟုတ်လား အစ်ကို”
ဒေါင့်စ်က ဓားမကို တင်းတင်းဆုပ်ကိုင်ရင်း ပြန်ဖြေသည်။
“အေး… အဲဒါတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ မှတ်ထားရမှာက သူတို့ဆီက အခြစ်ခံရရုံနဲ့ မင်းတို့ကို ငါတို့က သေနတ်နဲ့ ပြန်ပစ်ရလိမ့်မယ်။ အဲဒါ သဘောပေါက်လား”
ဦးလေးအော်စကာ၏ စကားကြောင့် လာကူညီသော လူငယ်များအားလုံး ရုတ်တရက် ဆွံ့အသွားကြပြီး မျက်နှာများ ပျက်ကုန်ကြသည်။
“ငါ ပြောချင်တာက အဲဒီအကောင်တွေကို အနီးကပ် ရင်ဆိုင်ရတဲ့အခါ အစွန်းကုန် သတိထားဖို့ ပြောတာပါ”
ဦးလေးအော်စကာက ပြန်လည်ရှင်းပြမှသာ ထိုလူငယ်များက စိတ်သက်သာရာရကာ ခေါင်းငြိတ်ကြတော့သည်။
“ဒီလိုလုပ်ရအောင်ဗျာ… ကျွန်တော် အရင်ဆုံး သုံးကောင်ကို ပစ်ချပြမယ်။ ပြီးမှ ကျန်တဲ့တစ်ကောင်ကို မင်းတို့ လက်တွေ့လေ့ကျင့်ဖို့ ချန်ထားပေးမယ်။ အဆင်ပြေမလား”
ကျွန်တော့်စကားကြောင့် ထိုလူငယ်များ၏ မျက်ဝန်းတွင် အံ့အားသင့်ရိပ်များ ဖြတ်ပြေးသွားသည်။
“ဒီအတိုင်း သေနတ်ကို ရမ်းရွယ်နေတာထက်စာရင် လက်တွေ့ပညာတစ်ခုခု ရသွားတာ ပိုကောင်းတာပေါ့”
ကျွန်တော်က ထပ်လောင်းပြောလိုက်ရာ ဦးလေးအော်စကာက သက်ပြင်းချရင်း ဆိုသည်။
“ဟော… ကြည့်စမ်း။ သူ့မျက်လုံးထဲမှာ အဲဒီ အရိပ်အယောင်တွေ ပြန်ပေါ်လာပြန်ပြီ”
“ဘာအရိပ်လဲ ဦးလေး”
“သူ အခုလို ထူးထူးဆန်းဆန်းနဲ့ ရူးကြောင်ကြောင် ကိစ္စတွေ စလုပ်တော့မယ်ဆိုရင် သူ့မျက်လုံးတွေက တောက်ပလာတတ်တာ။ ဒါပေမဲ့ ကံကောင်းတာက သူလုပ်သမျှ ကိစ္စတော်တော်များများက အောင်မြင်တာများပါတယ်။ ဒါကြောင့် စိတ်ကိုသာ ပြင်ထားကြတော့”
ဦးလေးအော်စကာက ထိုလူငယ် သုံးယောက်ကို အားပေးစကား ဆိုလိုက်သည်။
“အဆင်သင့်ပြင်ထားကြ။ အသစ်အဆန်းတစ်ခုခုကို လေ့ကျင့်ရတော့မယ်။ ကျွန်တော့်ကိုသာ ယုံကြည်ထား”
ကျွန်တော် ပြောပြီးသည်နှင့် တံခါးငယ်လေးကို ဖွင့်ကာ အပြင်သို့ ချဉ်းကပ်သွားသည်။ တံခါးကို လာရောက်ဆောင့်ကန်နေသော ဖုတ်ကောင်များသည် ကျွန်တော့်ကို မြင်သည်နှင့် ချက်ချင်းပင် လမ်းကြောင်းပြောင်း၍ လိုက်လာကြတော့သည်။ ဂျဲရက် အပေါ်စီးမှ ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန်နှင့် အရေးကြုံပါက ပစ်ကူနိုင်ရန်အတွက် သူတို့ကို ဘယ်ဘက်နံရံဘက်သို့ အရင်ဆုံး ဆွဲခေါ်သွားလိုက်သည်။ ထို့နောက် သေနတ်ကို အမြန်ဆွဲထုတ်ကာ အနီးကပ် ချိန်ရွယ်လိုက်သည်။ သေနတ်သံ သုံးချက် ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ရှေ့ဆုံးမှ လိုက်လာသော ဖုတ်ကောင် သုံးကောင်လုံး မြေပေါ်သို့ ဘုန်းဘုန်းလဲကျသွားတော့သည်။
အသက်ကြီးပိုင်း ဖုတ်ကောင်တစ်ကောင်ကိုမူ ကျန်ရစ်သော လူငယ်များအတွက် ချန်ထားပေးလိုက်သည်။ ထိုအကောင်သည် လဲကျနေသော ရုပ်အလောင်း သုံးခုကို ခလုတ်တိုက်ကာ ဒယိမ်းဒယိုင် ဖြစ်သွားစဉ် ကျွန်တော်က အသာအယာ ရှောင်ကွင်းပြီး လူငယ်များကို လှမ်းခေါ်လိုက်သည်။
“အဆင်သင့်ဖြစ်ရင် ထွက်လာခဲ့ကြ။ ဒါက တစ်မျိုးဆန်းတဲ့ လိုက်တမ်းပြေးတမ်း ကစားနည်းလိုပဲ။ သူတို့ဆီကနေ ပြေးရတဲ့အခါ လက်တွေ၊ ပါးစပ်တွေကို အထူးသတိထားရမယ်။ ဒါပေမဲ့ ကိုယ်က သူ့ကို ပြန်တိုက်ခိုက်ရမယ့်သူ ဆိုရင်တော့ သူက ထွက်ပြေးမှာ မဟုတ်ဘဲ ကိုယ့်ဆီကို တရှိန်ထိုး လိုက်လာလိမ့်မယ်ဆိုတာ သတိရပါ။ အကွာအဝေးကို သေသေချာချာ တွက်ဆပြီး ဘေးကို အမြန်ရှောင်တာ ဒါမှမဟုတ် ဒူးကို အရင်ရိုက်ချတာမျိုး လုပ်ပြီးမှ အခွင့်အရေးရတာနဲ့ အပြတ်ရှင်းရမယ်။ ကိုင်ထားတဲ့ လက်နက်အမျိုးအစားနဲ့ အရှည်ကလည်း အရေးကြီးတယ်။ အကယ်၍ ကိုယ့်လက်နက်က အရှည်စားဖြစ်ပြီး အချွန်ပါရင် အရှေ့ကို အားပြင်းပြင်း ထိုးစိုက်လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကိုင်ထားတာက အသွားပါတဲ့ ဓားလား၊ အုန်းမောင်းတံလို အတုံးလားဆိုတာကို ခွဲခြားသိဖို့ လိုတယ်။ လက်နက်တိုတွေကို သုံးတာက ကျည်ဆန် သက်သာပြီး အသံတိတ်စေတာ မှန်ပေမဲ့ အနီးကပ် ရင်ဆိုင်ရတဲ့အတွက် အန္တရာယ်တော့ ပိုများတယ်”
ကျွန်တော်က အရင်အမြန် ရှင်းပြလိုက်ရာ ဦးလေးအော်စကာက လှမ်းအော်သည်။
“အချက်အလက်တွေက များလွန်းတယ် ငါ့တူရာ။ အတိုချုပ်ပဲ ရှင်းရှင်းလင်းလင်း ပြောစမ်းပါ”
“အော်… ဟုတ်သားပဲ။ အတိုချုပ်ကတော့ ခေါင်းကိုပဲ ရိုက်၊ ပြီးတော့ သတိထား… ဒါပါပဲ”
ကျွန်တော့်စကားကြောင့် လူငယ် သုံးယောက်လုံး အာရုံစိုက်သွားကြသည်။ ထိုစဉ် လဲကျနေရာမှ တဖြည်းဖြည်း ပြန်ထလာသော အဖိုးကြီး ဖုတ်ကောင်သည် ကျွန်တော်တို့ရှိရာဘက်သို့ ဦးတည်ကာ တရှိန်ထိုး ပြေးလာတော့သည်။ ဒေါင့်စ်နှင့် မာ့ခ်တို့က လက်နက်များကို တင်းတင်းဆုပ်ကိုင်လျက် အဆင်သင့်ပြင်ထားသော်လည်း အာနယ်မှာမူ ကြောက်လန့်တကြားဖြင့် နေရာတွင်တင် တောင့်တောင့်ကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ မာ့ခ်က ရှေ့သို့ တစ်လှမ်းတိုးကာ ဘေးသို့ အသာရှောင်ပြီး လက်ထဲမှ တူကြီးဖြင့် ဖုတ်ကောင်၏ ဒူးခေါင်းကို အားကုန် လွှဲရိုက်လိုက်သည်။ ဖုတ်ကောင် မြေပေါ်သို့ ခွေကျသွားသည်နှင့် ဒေါင့်စ်က ဓားမဖြင့် ခေါင်းကို ပိုင်းချလိုက်တော့သည်။ ပြတ်ထွက်သွားသော ခေါင်းသည် မြေပြင်ပေါ်တွင် လိမ့်သွားပြီး အပေါ်သို့ မော့လျက် မေးရိုးများကို တဖျပ်ဖျပ် လှုပ်ရှားနေဆဲ ဖြစ်သည်။
“သူက အသက်ရှင်နေသေးတာလား”
မာ့ခ်က အံ့သြတုန်လှုပ်စွာ မေးသည်။
“ဦးနှောက်ကိုပါ အပြတ်ဖျက်ဆီးပစ်ရမယ်”
ဦးလေးအော်စကာက အပြင်သို့ ထွက်လာရင်း ပြောလိုက်သည်။ မာ့ခ်က တူကြီးကို မြှောက်ကာ အားကုန် ထုချလိုက်ရာ သွေးညစ်များနှင့် ဦးနှောက်အစအနများက မြေပြင်နှင့် ဘေးနားရှိ လူများအပေါ်သို့ စင်ထွက်သွားတော့သည်။
“တောက်… စုတ်ပြတ်သတ်သွားတာပဲ” မာ့ခ်က ကျိန်ဆဲလိုက်သည်။
“ဓားမကို သုံးရမှာပေါ့ကွ ဟားဟား” ဂျဲရက်က လှမ်းနောက်သည်။
သွေးစအချို့ အာနယ်၏ ခြေဖျားနားသို့ လွင့်စင်သွားရာ သူက ဂေါ်ပြားကို ချပစ်ပြီး ဘေးသို့လှည့်ကာ အော့အန်တော့သည်။ သူ့ဇနီး ဗန်ဂျီက တံခါးထဲမှ ပြေးထွက်လာပြီး အာနယ်၏ ကျောကို အသာအယာ ပွတ်သပ်ပေးရှာသည်။ ဦးလေးအော်စကာက ကျွန်တော့်ကို ကြည့်ကာ သက်ပြင်းချလျက် ခေါင်းခါပြသည်။
“ကျွန်တော် တောင်းပန်ပါတယ်”
“မင်း ဒီလူကို သိလို့လား” ဦးလေးအော်စကာက မေးသည်။
“မဟုတ်ပါဘူး… ကျွန်တော်… ကျွန်တော် သွေးမြင်ရင် မနေနိုင်လို့ပါ”
အာနယ်က မောဟိုက်စွာဖြင့် ပြန်ဖြေသည်။ ဦးလေးအော်စကာက စာနာသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ကျွန်တော်က ဝင်ပြောလိုက်သည်။
“ရပါတယ်၊ ဒါပေမဲ့ တတ်နိုင်သမျှ မြန်မြန်တော့ အသားကျအောင် လုပ်ရလိမ့်မယ်။ ကိုယ့်မှာရှိတဲ့ အကြောက်တရားကို ကျော်လွှားဖို့ ခက်ခဲမှန်း သိပေမဲ့ ဒီလိုအခြေအနေမျိုးကို ကြိုပြောပြထားရမယ်ဗျ။ အကယ်၍ မင်း တစ်ယောက်တည်းသာ ဆိုရင် အသက်အန္တရာယ် ရှိနိုင်တယ်။ လောလောဆယ်တော့ မင်းကို အစ်ကိုဇီဒရစ်နဲ့အတူ အဆောက်အအုံ ဆောက်လုပ်ရေး အပိုင်းမှာပဲ ကူညီဖို့ တာဝန်ပေးရမှာပေါ့”
သူက နှုတ်ခမ်းဘေးမှ အန်ဖတ်များကို သုတ်ရင်း ခေါင်းညိတ်ပြသည်။
“ကျွန်တော်တို့ ခြံစည်းရိုး နံရံတွေတစ်လျှောက်မှာ လျှောက်လမ်းတစ်ခု တည်ဆောက်ဖို့ လိုမယ်။ ဒါမှ ကျီအိမ်အမိုးပေါ်ကထက်စာရင် အပြင်ဘက်ကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရမှာ ဖြစ်သလို၊ ဖုတ်ကောင်တွေ ကပ်လာရင်လည်း အပေါ်ကနေ လွယ်လွယ်ကူကူ တိုက်ခိုက်နိုင်လိမ့်မယ်။ ဦးလေးအော်စကာ… အဲဒီအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ အလုံအလောက် ရှိရဲ့လား”
“အရေးပေါ် အခြေအနေအတွက် အမြဲပြင်ဆင်ထားတဲ့သူတစ်ယောက်ကို ပစ္စည်းအလုံအလောက် ရှိလားလို့ မေးတာက စော်ကားရာ ရောက်တယ်ကွ ဟားဟား။ ရှိတာပေါ့၊ ဝီလ်ကွန်ကနေ သယ်လာတာတွေ အများကြီး ရှိသေးတယ်။ အကြံကောင်းပဲ ငါ့တူ၊ ငါတို့ အဲဒီအချက်ကို သတိမထားမိခဲ့ကြဘူး”
ဦးလေးအော်စကာက ချီးမွမ်းလိုက်ရာ ဘေးကလူများကလည်း ကျွန်တော့်ကို ထောက်ခံသည့် အကြည့်များဖြင့် ကြည့်ကြသည်။ အားလုံး အိမ်ထဲသို့ ပြန်ဝင်ရန် ပြင်စဉ် ကျွန်တော်က တားလိုက်ရသည်။
“နေဦးဗျ… ဒီရုပ်အလောင်းတွေကို အရင် ရှင်းရဦးမယ်။ ဒီအတိုင်း ပစ်ထားလို့ မဖြစ်ဘူး။ သူတို့တွေ ပုပ်သိုးလာရင် အနံ့အသက်တင်မကဘဲ အခြားရောဂါဘယတွေပါ ကူးစက်လာနိုင်တယ်။ သူတို့ အိတ်တွေ၊ အဝတ်အစားတွေထဲမှာ အသုံးဝင်မယ့် ပစ္စည်းပါလား အရင်ရှာကြပြီးမှ မီးရှို့ဖျက်ဆီးပစ်ရမယ်။ လူအနည်းငယ်လောက် ကျန်ခဲ့ပြီး ကူညီပေးကြပါဦး”
ဦးလေးအော်စကာ၊ ဂျဲရက်၊ ဒေါင့်စ်နှင့် မာ့ခ်တို့ ကျန်ရစ်ခဲ့ပြီး ကျွန်တော်တို့ ရုပ်အလောင်းများကို စတင်ရှာဖွေကြသည်။ သူတို့ထံမှ မီးခြစ်နှစ်ခု၊ စီးကရက်တစ်ဗူး၊ ငွေစက္ကူအချို့၊ ကျောပိုးအိတ်တစ်လုံး၊ ခါးပတ်နှစ်ပတ်၊ ပိုက်ဆံအိတ်တစ်လုံး၊ နှုတ်ခမ်းနီတစ်ချောင်း၊ မျက်နှာချေမှုန့်တစ်ဗူး၊ လက်ပတ်နာရီ သုံးလုံး၊ လက်စွပ်တစ်ကွင်း၊ လိပ်ပြာဓားတစ်ချောင်းနှင့် လက်ကိုင်ဖုန်း ငါးလုံးတို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ အပေါ်စီးတွင် ကန်၏ ဒရုန်းက ဝင်းအတွင်း၌ ပျံသန်းအကဲခတ်နေဆဲ ဖြစ်သည်။ ရုပ်အလောင်းများကို နောက်တစ်ကြိမ် ထပ်မံစစ်ဆေးစဉ် တစ်ယောက်မှာ သံခေါင်းပါ ဝပ်ခ်ဘွတ်ဖိနပ် (Steel-toed boots) ကို စီးထားသည်ကို တွေ့လိုက်ရသည်။ ကျွန်တော်က ဖိနပ်ကြိုးများကို စတင်ဖြည်နေစဉ် ဘေးကလူများက ထူးဆန်းသော မျက်လုံးများဖြင့် စိုက်ကြည့်လာကြသည်။
“မင်း ဒါကို တကယ်ကြီး ချွတ်ယူမလို့လား။ မင်းမှာ ဖိနပ်တွေ အများကြီး ရှိနေတာပဲ မဟုတ်လား” ဂျဲရက်က မေးသည်။
“အေးဗျ၊ ဒီဖိနပ်က တစ်ယောက်ယောက်ရဲ့ အသက်ကို ကယ်နိုင်ရင် ကယ်နိုင်လိမ့်မယ်။ သံခေါင်းပါတဲ့အတွက် ခြေထောက်ကို အတော်အတန် ကာကွယ်ပေးနိုင်တယ်။ ဒီလူက ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လုပ်ခဲ့တာ ထင်တယ်။ ကံဆိုးတာက သူက ခြေထောက် အကိုက်ခံရတာ မဟုတ်ဘဲ လည်ပင်းကို အကိုက်ခံလိုက်ရတာပဲ”
ဦးလေးအော်စကာက ရုပ်အလောင်းများကို မီးရှို့မည့် နေရာသို့ မရွှေ့ပြောင်းမီ သေသေချာချာ စစ်ဆေးကြည့်ရှုလေသည်။
“ဒီအလောင်းတွေကို ကြည့်ရသလောက်တော့ ကူးစက်ခံရတာ သိပ်မကြာသေးဘူး။ ပုပ်သိုးတဲ့ အရိပ်အယောင် လုံးဝမရှိသေးဘူး။ ဒါပေမဲ့ ထင်ရှားတာကတော့ အကိုက်ခံရတဲ့ ဒဏ်ရာတွေကနေ သွေးကြောမည်းတွေ ထွက်နေပြီး မျက်လုံးတွေက သွေးဆုတ်နေတာပဲ။ လူတိုင်းမှာ အကိုက်ခံရတဲ့ ဒဏ်ရာ ဒါမှမဟုတ် အခြစ်ခံရတဲ့ ဒဏ်ရာတွေ ရှိကြတယ်… ဒါပေမဲ့ ဒီလူကလွဲလို့ပေါ့။ ကြည့်စမ်း… ဂျဲရက် ပစ်လိုက်တဲ့ ခေါင်းက သေနတ်ဒဏ်ရာကလွဲရင် ဒီလူ့မှာ ဘာဒဏ်ရာမှ မရှိဘူး”
ဦးလေးအော်စကာ၏ ရှင်းပြချက်ကြောင့် ဒေါင့်စ်က ထိတ်လန့်တကြားဖြင့် လှမ်းအော်လိုက်တော့သည်။
“နေပါဦး… ဒါဆို အဲဒီလူက သေနတ်နဲ့ အပစ်မခံရခင်အထိ လူကောင်းအတိုင်း အသက်ရှင်နေသေးတာပေါ့ ဟုတ်လား”