“ဟေ့… ငါတို့ ကူညီပေးလို့ရတယ်လေ။ ကင်းစောင့်ရုံသက်သက်ပဲ မဟုတ်လား”
ဒေါင့်စ်က လှမ်းပြောလိုက်ရာ ကျွန်တော့်အလုပ်သမားများနှင့် သူငယ်ချင်းအချို့ပါ ဝိုင်းဝန်းအားပေးပြီး ကူညီရန် ရှေ့ထွက်လာကြသည်။
“ဒါပေမဲ့ စီစီတီဗွီတွေ ရှိနေတာပဲဥစ္စာ… ဒါနဲ့တင် မလုံလောက်ဘူးလား”
အိုလီဗီယာက ဝင်မေးရာ လူအနည်းငယ်က ခေါင်းငြိတ်ထောက်ခံကြသည်။
“စီစီတီဗွီရှိတာ ကောင်းတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ခြံဝင်းတံခါးနားမှာ တစ်ခုခုဖြစ်နေချိန် အိမ်ထဲမှာ အားလုံးက အိပ်မောကျနေရင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ လူခွဲပြီး အလှည့်ကျ စောင့်နိုင်ရင်တော့ အကောင်းဆုံးပဲ”
အော်စကာက ရှင်းပြလိုက်သည်။
“တကယ်တော့ ဒီအစီအစဉ်ကို စနစ်တကျ ဇယားဆွဲပြီး မနက်ဖြန်မှ စခိုင်းမလို့ပဲ။ ဒါပေမဲ့ အားလုံးကလည်း တက်တက်ကြွကြွ ရှိနေကြတာဆိုတော့ အခုကတည်းကပဲ စလိုက်ကြစို့။ ကဲ… ဘယ်သူတွေ ကင်းစောင့်မလဲ”
ကျွန်တော် မေးလိုက်သည်နှင့် ဇာဒွန်၊ ဇီဒရစ်၊ မာ့ခ်၊ မာလောင်၊ ဒေါင့်စ်၊ ဂျို၊ ကွန်ရက်၊ နီကိုးလ်၊ အာနယ်၊ ကန်၊ ရာဆယ်၊ ဂျဲရက်နှင့် ကေလီတို့ အသီးသီး လက်ညှိုးထောင်ပြကြသည်။
“အစီအစဉ်ကတော့ ဒီလိုဗျာ… အခု ည ၁၀ နာရီနီးပါး ရှိပြီဆိုတော့ မနက် ၆ နာရီအထိ တစ်လှည့်ကို နှစ်နာရီနှုန်းနဲ့ နှစ်ယောက်တစ်တွဲ ခွဲစောင့်ကြမယ်။ ကျွန်တော်ကတော့ တစ်ညလုံး အတူရှိနေပေးမယ်။ သေနတ်အချို့ ထပ်ထုတ်ပေးပြီး ကော်ဖီလည်း ဖျော်ထားပေးမယ်။ ရာဆယ်… မင်း မြေအောက်ခန်းထဲဆင်းပြီး ခြင်ဆေးခွေတစ်ဗူး သွားယူခဲ့ပေးပါလား”
“ဘာလို့ ကျွန်တော်လဲဗျ”
ရာဆယ်က တွန့်ဆုတ်တွန့်ဆုတ် လုပ်နေသဖြင့် သူ့အဖေ ဇီဒရစ်က ဘေးကနေ ကိုယ်ကိုင်းပြီး လှမ်းဟောက်လိုက်သည်။
“သွားဆို သွားလိုက်စမ်းပါကွာ… ငါကပဲ ဆွဲခေါ်သွားရမလား”
“ဟုတ်… ဟုတ်ကဲ့… သွားပါပြီ”
ရာဆယ်က မြေအောက်ခန်းဘက်သို့ သုတ်ခြေတင်တော့သည်။
“ဒီကို အရင်ဆုံး ပြန်ရောက်တဲ့သူကို ကင်းစောင့်ရင် ကိုင်ချင်တဲ့သေနတ် ကိုယ်တိုင်ရွေးခွင့်ပေးမယ်နော်…”
ကျွန်တော်က ပရိယာယ်ဆင်ကာ ခပ်ပြုံးပြုံးဖြင့် လှမ်းပြောလိုက်သည်။
“တကယ်လား”
ရာဆယ်က နားစွင့်သွားပြီး ချက်ချင်းပင် အနောက်သို့ ပြန်လှည့်ရန် ပြင်တော့သည်။
“သွားပြီလေ…” ဇာဒွန်က ရယ်ကျဲကျဲဖြင့် ဆိုသည်။
“လည်လိုက်တာ” ကန်ကလည်း လှမ်းနောက်သည်။
ရာဆယ် လှည့်အပြန်မှာပင် ဂျဲရက်က သူ့ဘေးမှ ဖြတ်၍ ဝူးခနဲ ပြေးဆင်းသွားရာ နှစ်ယောက်သား မြေအောက်ခန်းထဲသို့ အပြိုင်အဆိုင် ပြေးဆင်းသွားကြတော့သည်။ ဇုစ်ကလည်း သူတို့နောက်မှ မြူးတူးစွာ လိုက်သွားသည်။ သူတို့နှစ်ယောက် လူမြင်ကွင်းမှ ပျောက်ကွယ်သွားချိန်တွင်မှ လူးဝစ်က ကျွန်တော့်နားသို့ လျှောက်လာပြီး ခြင်ဆေးခွေတစ်ဗူး ကမ်းပေးလေသည်။ လူးဝစ်၏အဖေက သားဖြစ်သူကို ကြည့်ကာ မျက်ခုံးပင့်ရင်း သဘောကျစွာ ရယ်မောလိုက်သည်။
ခဏအကြာတွင် ထိုနှစ်ယောက် ပြန်တက်လာပြီး လူးဝစ်ကို မြင်သွားသောအခါ မျက်နှာပျက်သွားကြသဖြင့် အားလုံးက ဝုန်းခနဲ ရယ်မောကြတော့သည်။ သိလိုက်ရသည်မှာ လူးဝစ်၏အမေက ခြင်ဆေးခွေ တောင်းနေသဖြင့် သွားယူရာမှ ကျွန်တော်တို့ ပြောစကားကို မတော်တဆ ကြားသွားခြင်း ဖြစ်သည်။
“ဟေ့ကောင်… သူက ဒီပြိုင်ပွဲမှာ မပါဘူးလေဗျာ” ရာဆယ်က မကျေမနပ် ကန့်ကွက်သည်။
“ဟုတ်ပဗျာ… ကျွန်တော်က အရင်ရောက်တာပါ” ဂျဲရက်ကလည်း ဝင်ပြောသည်။
“ကိုစကိုင်းက သူ့လက်ထဲ ခြင်ဆေးခွေ အရင်ဆုံးထည့်ပေးတဲ့သူလို့ ပြောတာလေ။ ဒါကြောင့် နည်းပညာအရ ကျွန်တော်ပဲ နိုင်တာပေါ့” လူးဝစ်က ပြန်လည်ချေပသည်။
“နောက်တစ်ခေါက်မှပဲ ကံကောင်းပါစေကွာ”
လူးဝစ်ကို မကျေမနပ် စိုက်ကြည့်နေသော ထိုနှစ်ယောက်ကို ကျွန်တော်က နှစ်သိမ့်လိုက်ရသည်။ လူးဝစ်ကတော့ ပျော်ရွှင်မြူးတူးစွာဖြင့် ကျွန်တော့်အခန်းထဲအထိ လိုက်လာပြီး သေနတ်ရွေးချယ်လေသည်။ သူက ကေလီကိုင်သည့် မော်ဒယ်မျိုးဖြစ်သော M70 ရိုင်ဖယ်ကို ရွေးချယ်ခဲ့သော်လည်း ဒင်အရောင်နှင့် စကုပ်ပုံစံကတော့ အနည်းငယ် ကွဲပြားသည်။ သူသည် ထိုသေနတ်ကို ပုခုံးတွင် ဂုဏ်ယူဝင့်ကြွားစွာ လွယ်ထားပြီး လူမြင်ကွင်းသို့ ပြန်ထွက်လာကာ လျှောက်ပြနေတော့သည်။
“ကဲ… ကျွန်တော်နဲ့ လူးဝစ်တို့နဲ့အတူ ပထမဆုံးအလှည့် ကင်းစောင့်မယ့်သူ ဘယ်သူလဲ”
ကျွန်တော် မေးလိုက်ရာ ဦးလေးဇာဒွန်က လက်ထောင်ပြသဖြင့် ကျွန်တော့်ကျောကပ်လွယ်အိတ်ထဲမှ ရိုင်ဖယ်သေနတ်ကို သူ့ထံ ကမ်းပေးလိုက်သည်။ သူက ကျွန်တော့်ကို ဘာသေနတ် သုံးမည်လဲဟု မေးသဖြင့် ခါးတွင်ချိတ်ထားသည့် ပစ္စတိုများနှင့် လည်ပင်းတွင် ဆွဲထားသည့် မှန်ပြောင်းကို ညွှန်ပြလိုက်သည်။ ထို့နောက် အားလုံးကို အနားယူရန်နှင့် ကင်းစောင့်ချိန် ပြည့်ပါက လှမ်းနှိုးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျွန်တော်တို့ သုံးယောက် ကျီအိမ်၏ အမိုးပေါ်သို့ တက်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း ထိုင်နေလိုက်ကြသည်။ လူးဝစ်က သေနတ်ကို ဟိုကိုင်သည်ကိုင်ဖြင့် ကစားနေသော်လည်း မိနစ်အနည်းငယ်အတွင်းမှာပင် အိပ်မောကျသွားတော့သည်။
“ဒီကောင်လေးကတော့…” ဦးလေးက သက်ပြင်းချရင်း ဆိုသည်။
“ထားလိုက်ပါဗျာ… ကျွန်တော်တို့ ရှိနေတာပဲကို၊ အိပ်ပါစေ”
ဦးလေးက သူ့ကို နှိုးရန် ပြင်လိုက်သော်လည်း စိတ်ပြောင်းသွားကာ ခြင်ဆေးခွေကိုသာ မီးညှိပြီး ဘေးနားတွင် ချထားပေးလိုက်သည်။ သူက တစ်ခုခုကို နက်နက်နဲနဲ တွေးတောနေပုံရသဖြင့် ကျွန်တော်က စကားစလိုက်သည်။
“ဦးလေး… သူတို့ကို ဒီကို ခေါ်မလာတော့ဘူးလား။ ကျွန်တော့်ဘက်ကတော့ ရပါတယ်ဗျာ… သူတို့ ဘာတွေလုပ်ခဲ့လုပ်ခဲ့”
“ဘာလို့ ခေါ်ရမှာလဲ… သူတို့ဘာသာ ရွေးချယ်ခဲ့တာပဲ။ ငါက သူတို့အတွက် အကုန်လုပ်ပေးခဲ့တာတောင် ငါ့ကို အမှုမထားခဲ့ကြတဲ့သူတွေပဲဥစ္စာ”
သူက ကော်ဖီကို တစ်ငုံသောက်ရင်း ပြတ်ပြတ်သားသား ပြောသည်။
“ဒါပေမဲ့ ကန်နီနဲ့ ဟန်နားတို့ကျတော့ကော”
“…” ဦးလေးက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်သွားသည်။
“သူတို့ ဘယ်မှာရှိနေလဲ သိလား။ ဒီဒီအာရ် စခန်းတွေမှာလား”
“မဟုတ်ဘူး… ကန်နီက ငါ့ဆီ မက်ဆေ့ခ်ျပို့တုန်းပဲ။ အဲဒီကလေးပြောတာတော့ သူတို့ မစ္စတာချန်ရဲ့ နေရာကို သွားကြတယ်တဲ့။ သူ့ဦးလေးရဲ့ မိသားစုလည်း အတူတူပါတယ်လို့ ပြောတာပဲ။ အဲဒီမှာတော့ ခဏတဖြုတ် ခိုလှုံနေလို့ ရလောက်မှာပါ”
“ဒါဆို မနက်ဖြန် ကျွန်တော်တို့ အဲဒီဘက်ကို တစ်ချက် သွားကြည့်ရအောင်။ ကျွန်တော်လည်း လိုက်ခဲ့မယ်”
“မလိုပါဘူး… လောလောဆယ် သူတို့ အဲဒီမှာ ဘေးကင်းမှာပါ။ ငါလည်း စိတ်အေးအေးထားပြီး စဉ်းစားဖို့ အချိန်နည်းနည်း လိုသေးတယ်”
သူက ကော်ဖီ နောက်တစ်ခွက် ထပ်ငှဲ့ရင်း ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ လွှဲလိုက်သဖြင့် ကျွန်တော်တို့လည်း အဝေးသို့သာ ငေးကြည့်နေလိုက်ကြသည်။ ဒီဒီအာရ် စခန်းဘက်မှ ထွက်ပေါ်နေသော အလင်းရောင်များအပြင် ၎င်းတို့နောက်ကွယ်ရှိ ဆေးရုံကိုပါ ၎င်းတို့ သိမ်းပိုက်ထားပုံရသည်။ ကြက်ခြေနီ ရဟတ်ယာဉ်တစ်စီး ဆေးရုံအမိုးပေါ်သို့ ဆင်းသက်နေသည်ကို လှမ်းမြင်နေရသည်။ အခြားအိမ်အချို့မှ မီးရောင်များကိုလည်း ဟိုတစ ဒီတစ မြင်တွေ့နေရဆဲ ဖြစ်သော်လည်း နေရာအချို့တွင်မူ သေနတ်ပြောင်းဝမှ ထွက်ပေါ်လာသော မီးပွင့်သံများကို ခဏခဏ မြင်တွေ့နေရသည်။
ကျွန်တော်တို့ တိတ်ဆိတ်စွာ ထိုင်နေရင်းမှ ရုတ်တရက် အိပ်ရာနိုးလာသဖြင့် နာရီကို ကြည့်လိုက်ရာ မနက် ၇ နာရီ ရှိနေပြီ ဖြစ်သည်။ အမြန်ဆုံး အောက်ထပ်သို့ ဆင်းလာခဲ့ရာ ဦးလေးဇာဒွန်က အပြင်တွင် အိပ်ရေးမပျက်သေးဘဲ အဒေါ်နှင့် အခြားသူများနှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။
“မနက်ခင်း သာယာပါစေ တူမောင်… ကောင်းကောင်း အိပ်ပျော်ရဲ့လား” သူက လှမ်းစနောက်သည်။
“အားနာလိုက်တာ ဦးလေးရာ… ကျွန်တော် အိပ်ပျော်သွားတယ်။ ကင်းစောင့်တာ အဆင်ပြေရဲ့လား”
“မပူပါနဲ့ ငါ့တူရာ… စိတ်ထဲ သိပ်မထားနဲ့။ မင်း မနေ့က တော်တော် ပင်ပန်းသွားတာပဲ။ မင်းနေရာမှာ ငါပဲ ဆက်စောင့်ပေးလိုက်ပါတယ်။ တချို့လည်း အိပ်ပျော်ကုန်ကြတာနဲ့ ငါပဲ မင်းကို အောက်ချပြီး အခန်းထဲအထိ ပွေ့ခေါ်သွားပေးလိုက်ရတယ်။ ဒုတိယအလှည့် ကင်းစောင့်ဖို့ အပြင်ထွက်လာတဲ့ ကေလီက မင်းကို အိပ်ရာထဲ သေသေချာချာ စောင်ခြုံပေးခဲ့တာ”
“ကိုစကိုင်း ဟောက်တာ တော်တော် အသံကျယ်တာပဲ… သိရဲ့လား ဟားဟား” ကေလီက ဝင်နောက်သည်။
“ကဲ… ဇာဒွန်၊ အနားယူတော့လေ။ တစ်ညလုံး အိပ်ရသေးတာ မဟုတ်ဘူး” ဟု အဒေါ်က ဝင်ပြောသည်။
“ဟုတ်ကဲ့… မနက်စာလေး ဘာလေး အရင်စားလိုက်ဦးမယ်။ အားလုံးပဲ စားပြီးကြပြီလား” သူက သမ်းဝေရင်း မေးသည်။
သူ သမ်းဝေသည်ကို ကြည့်ပြီး ကျွန်တော်ပါ လိုက်သမ်းမိရာ ကျွန်တော့်ကိုကြည့်ပြီး ဇုစ်အပါအဝင် ဘေးနားရှိလူအားလုံး လိုက်၍ သမ်းမိကြတော့သည်။
“ဒါကတော့ တကယ် ထူးဆန်းတာပဲ ဟားဟား။ မီးဖိုချောင်ထဲက အမျိုးသမီးတွေ ချက်ပြုတ်လို့ ပြီးပြီလား သွားကြည့်လိုက်ဦးမယ်။ တချို့က ကူချက်ပေးကြတာဆိုတော့ တော်တော်အဆင်ပြေတယ်”
အဒေါ်က ပြောပြောဆိုဆိုဖြင့် သူ့အိမ်ဘက်သို့ ထွက်သွားသည်။
“ဟေ့… အိပ်ပုတ်ကြီး” လူးဝစ်က လှမ်းနှုတ်ဆက်သည်။
သူက စားပွဲဝိုင်းဘက်သို့ လျှောက်လာရင်း ကျွန်တော့်ကို ကြည့်ကာ စနောက်လိုက်သဖြင့် အားလုံးက ဝိုင်းရယ်ကြသည်။
“မင်းလည်း အတူတူပါပဲကွာ… အမိုးပေါ်ရောက်လို့ ၅ မိနစ်တောင်မပြည့်ဘူး၊ သေနတ်ကို ခေါင်းအုံးလို ဖက်ပြီး အိပ်နေတဲ့သူကများ” ကျွန်တော်က ပြန်လည်ချေပလိုက်သည်။
ထိုသို့ စနောက်နောက်ပြောင်ရင်းဖြင့် မကြာမီမှာပင် အားလုံးက ရေကူးကန်ဘက်ရှိ စားပွဲဝိုင်းများတွင် စုဝေးကာ မနက်စာ သုံးဆောင်ကြသည်။ ယနေ့ မနက်စာမှာ ထမင်းပူပူ၊ ဟင်းသီးဟင်းရွက်နှင့် ကြက်ဥမွှေကြော် ဖြစ်သည်။ အော်စကာက အဒေါ်ဖြစ်သူကို မပျက်စီးလွယ်သော ရိက္ခာများထက် အမြန်ပျက်စီးလွယ်မည့် အစားအစာများကို ဦးစားပေးချက်ပြုတ်ရန် ညွှန်ကြားထားသည်။ ထမင်းချက်ရာတွင်ပင် အကောင်းစား ဆန်များကို ချက်ချင်းထုတ်သုံးခဲ့ရသည်မှာ ထိုဆန်မျိုးသည် ချက်ပြီးပါက အလွန်နူးညံ့သော်လည်း ခဏအကြာတွင် အရောင်ညိုလာကာ အခြားဆန်ကြမ်းများထက် ပုပ်သိုးလွယ်သောကြောင့် ဖြစ်သည်။ ဟင်းသီးဟင်းရွက်များကိုလည်း စည်သွပ်ဗူးများနှင့် အေးခဲထားသောအရာများအစား ဂျို၏မိသားစု ယူဆောင်လာသည့် လတ်ဆတ်သည်များကိုသာ ဦးစားပေး သုံးစွဲခဲ့ကြသည်။ ဖန်လုံအိမ်ရှိ အသီးအနှံများ ရိတ်သိမ်းရန် အဆင်သင့်ဖြစ်ပါက ထိုအရာများကိုပါ ဆက်လက်အသုံးပြုသွားမည် ဖြစ်သည်။
“ဒီနေ့ ဘာစီမံကိန်းရှိလဲ ငါ့တူ” ထမင်းစားနေရင်း အော်စကာက လှမ်းမေးသည်။
“ကျွန်တော်တို့ အပြင်ထွက်ကြမယ်” ကျွန်တော်က ထမင်းတစ်ဇွန်း ခပ်စားရင်း ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ ဘာလို့လဲ… ငါတို့ ဒီမှာတင် တော်တော်လေး လုံလုံခြုံခြုံ ရှိနေတာပဲဥစ္စာ။ ဒီအတိုင်းပဲ အခြေအနေကို စောင့်ကြည့်နေရင် မကောင်းဘူးလား” ဟု လူစုထဲမှ တစ်ယောက်က ဝင်ပြောသည်။
“ကျွန်တော်တို့ အပြင်က အခြေအနေကို သွားရောက် စာရင်းကောက်ဖို့ လိုအပ်တယ်။ မနေ့ညက မီးမလင်းတဲ့ နေရာအချို့ကို ကျွန်တော် မှတ်သားထားခဲ့တယ်။ အိမ်အချို့မှာ လူတွေ ရှိနေသေးပေမဲ့ ဒီဘက် ညာဘက်လမ်းအတိုင်း DZRH ရေဒီယိုအသံလွှင့်ရုံဘက် သွားတဲ့လမ်းမှာတော့ အိမ်ကြီးအချို့ကလွဲရင် ကျန်တဲ့နေရာတွေ အကုန်လုံး မီးမှောင်နေတယ်။”
“ကန်က အဲဒီဧရိယာကို ဒရုန်းလွှတ်ပြီး ကြည့်ပေးထားလို့ သိရတာက အဲဒီမှာ မီးလင်းနေတဲ့အိမ် ခုနစ်အိမ်ပဲ ရှိတယ်။ ဒါပေမဲ့ လူဘယ်လောက်ရှိနေသေးလဲဆိုတာတော့ အသေအချာ မသိရသေးဘူး။ အဲဒီနားက ကျူးကျော်နေထိုင်သူအချို့ကတော့ မနေ့ကတည်းက အထုပ်အပိုးပြင်ပြီး ဒီဒီအာရ် စခန်းတွေဘက်ကို ထွက်သွားကြပြီ ထင်တယ်။ ဒါပေမဲ့ မထွက်ခွာဘဲ ကျန်နေသေးတဲ့သူတွေလည်း အများကြီး တွေ့ခဲ့ရသေးတယ်။”
“အကယ်၍ ကျွန်တော်တို့ ခြံဝင်းတံခါးရဲ့ ဒီဘက်အပိုင်းကို စိတ်ချရအောင် လုပ်ပြီး ဘယ်ဘက်အခြမ်းမှာ အကာအကွယ်အတားအဆီးတစ်ခုလောက် တည်ဆောက်နိုင်ရင်၊ ညာဘက်အခြမ်းကို ရှင်းလင်းပြီးတဲ့နောက် ဒီလမ်းမကြီးရဲ့ အစိတ်အပိုင်းအတော်များများကို ငါတို့ပိုင်နက်အဖြစ် ပြန်လည်သိမ်းပိုက်နိုင်လိမ့်မယ်။ အဲဒီလိုဆိုရင် မြေကွက်တွေ၊ အိမ်တွေ၊ မော်တော်ယာဉ်တွေ၊ ရိက္ခာတွေအပြင် ရေဒီယိုအသံလွှင့်ရုံ၊ ဘတ်စကတ်ဘောကွင်း နှစ်ကွင်းနဲ့ ငါးဖမ်းလို့ရတဲ့ နေရာတွေကိုပါ ငါတို့ အသုံးပြုခွင့် ရရှိလာမှာ ဖြစ်တယ်။”
“နေပါဦး… ခဏလောက်။ အဲဒါ တော်တော်ကျယ်ဝန်းတဲ့ ဧရိယာကြီးပဲ။ ဒီကနေ အဲဒီနေရာအထိ ဟုတ်လား။ ငါတို့ အဲဒီနေရာတစ်ခုလုံးကို တကယ်ကော ကာကွယ်စောင့်ရှောက်နိုင်ပါ့မလား။ ပြီးတော့ ငါတို့ လူအင်အားနဲ့ကော ဖြစ်နိုင်ပါ့မလား” ဟု တစ်ယောက်က ထောက်ပြသည်။
“ဒီမြေပုံရဲ့ အဆုံးသတ်ကို ကြည့်လိုက်ရင် အဲဒီနောက်ဆုံးအိမ်ကို ဖြတ်သွားတာနဲ့ အကြီးစား မြောင်းစနစ်တစ်ခု ရှိနေတာကို တွေ့ရလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့သွားမယ့် လမ်းက ရေမျက်နှာပြင်ထက် ပေအနည်းငယ် ပိုမြင့်နေတော့ ဒါက သဘာဝအတိုင်း ပိတ်ဆို့နေတဲ့ လမ်းဆုံးတစ်ခုပဲ။ ဒါကြောင့် ကူးစက်ခံထားရသူတွေ အဲဒီဘက်ကနေ ရောက်လာဖို့ မဖြစ်နိုင်ဘူး။ အကယ်၍ ရောက်လာရင်တောင် ရေစီးနဲ့အတူ မျောပါသွားမှာပဲ။ အဲဒီနေရာကို တစ်ရက်တည်းနဲ့ အပြီးသိမ်းမယ်လို့ ကျွန်တော် မပြောပါဘူး၊ လောလောဆယ် အခြေအနေ သွားရောက် စူးစမ်းရုံသက်သက်ပဲလို့ ပြောတာပါ။”
ကျွန်တော်က ဆက်လက် ရှင်းပြသည်။
“အဲဒီနေရာကို စိတ်ချရအောင် လုပ်ဖို့အတွက် ခြံဝင်းတံခါးရဲ့ ဒီဘက်အခြမ်းမှာ အမြဲတမ်း ကင်းစောင့်မယ့်သူ အနည်းငယ် ရှိနေဖို့ လိုအပ်တယ်။ ဘယ်ဘက်ကနေ လာမယ့် ကူးစက်ခံရသူတွေကို ရှင်းလင်းပြီး လောလောဆယ် အကာအကွယ်အတားအဆီးအသေးစားတစ်ခု တည်ဆောက်ရမယ်။ အဲဒီအတားအဆီးကို တည်ဆောက်နေတုန်းမှာပဲ ညာဘက်အခြမ်းကို တဖြည်းဖြည်းချင်း စတင်ရှင်းလင်းသွားကြမယ်။”
ကျွန်တော့်၏ ရည်ရွယ်ချက်ကို အားလုံးက သဘောပေါက်သွားကြပြီး ခေါင်းငြိတ်ထောက်ခံကြသည်။
“ဒါဆို အိမ်တွေထဲမှာ ကျန်နေသေးတဲ့ လူတွေကျတော့ကော ဘယ်လိုလုပ်မလဲ”
ကေလီက ဝင်ရောက် မေးမြန်းလိုက်လေသည်။