အခန်း (၁၅) ခေါင်းဆောင်မှု၊ ကတိကဝတ်နှင့် ရွေးချယ်မှု
ကြားလိုက်ရသည့် အချက်အလက်များကြောင့် လူစုတစ်ခုလုံး အံ့ဩတုန်လှုပ်ကာ တိတ်ဆိတ်သွားကြသည်။
“စကိုင်းက ခင်ဗျားတို့ကို လျှောက်ခြောက်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ထင်ထားတာထက် ပိုစောတဲ့အချိန်ကတည်းက လူတွေဟာ ဒီဗိုင်းရပ်စ်အကြောင်းကို သေသေချာချာ သုတေသနပြုနေခဲ့ကြတာပါ။ ပြဿနာက သူတို့အသုံးပြုခဲ့တဲ့ နည်းလမ်းတွေက အလွန်ရက်စက်လွန်းနေတာပဲ”
အော်စကာက တင်းမာနေသော အခြေအနေကို လျှော့ချရန် ဝင်ရောက်ပြောဆိုသည်။ သို့သော် ကျွန်တော် ထိန်ချန်ထားခဲ့သည့် အချက်တစ်ချက် ရှိသေးသည်။ ယင်းမှာ ထိုလူများသည် ဗိုင်းရပ်စ်ကို လေ့လာပြီး ကုထုံးရှာဖွေနေကြခြင်းလား သို့မဟုတ် သူတို့ကိုယ်တိုင်ကပင် ဤဗိုင်းရပ်စ်ကို စတင်ဖန်တီးခဲ့ကြခြင်းလား ဆိုသည်ကို ကျွန်တော် ကိုယ်တိုင်လည်း မသေချာခြင်းပင် ဖြစ်သည်။ အော်စကာလည်း ဤအချက်ကို ရိပ်မိပုံရသော်လည်း အခြေအနေကို ထိန်းသိမ်းရန်အတွက် အဆင်ပြေအောင် လှည့်ပတ်ပြောဆိုသွားခြင်း ဖြစ်သည်။ ကျွန်တော်သည် လူစုအပေါ် လုံးဝပွင့်လင်းရိုးသားချင်သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင်မူ အမှန်တရားကို တဖြည်းဖြည်းချင်းသာ အသိပေးရမည်ဟု တွေးမိသည်။
“ဒါဆို... ကျွန်တော်တို့ အခုကစပြီး ဘာဆက်လုပ်ကြမလဲ”
ဂျဲရက်ဒ်က မေးလိုက်ရာ အားလုံး၏ မျက်လုံးများက ကျွန်တော့်ထံသို့ ရောက်ရှိလာကြသည်။
“ဘာလုပ်ရမလဲ... အသက်ရှင်အောင်နေပြီး ဒီနေရာမှာရှိတဲ့ ဖုတ်ကောင်မှန်သမျှကို အကုန်ရှင်းပစ်ရမှာပေါ့။ ကျွန်တော်သာဆိုရင်တော့ ဒါမျိုးပဲ လုပ်မှာ” ရုဆဲလ်က ကြားဖြတ်ပြောသည်။
“ဝုဖ်”
ဇုစ်ကလည်း သူပါ စကားဝိုင်းတွင် ပါဝင်နေသည့်အလား လှမ်းဟောင်သည်။
“အခြေအနေ ငြိမ်သက်သွားတဲ့အထိ ဒီထဲမှာပဲ စောင့်နေရင် မကောင်းဘူးလား။ အပြင်မှာက အန္တရာယ်များလွန်းတယ်၊ ကျွန်တော်တို့မှာ စားစရာနဲ့ သောက်ရေလည်း အများကြီး ရှိနေတာပဲကို”
“လူတွေကို ဒီထက်ပိုပြီး ခေါ်ယူစုဆောင်းရင်ကော”
“အဲဒီလူတွေက အန္တရာယ်ရှိတဲ့လူတွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
“မောင်းထုတ်ပစ်ပေါ့... ဒါမှမဟုတ်... သိတယ်မလား”
“ဘာလဲ... သတ်ပစ်မလို့လား။ မင်း တကယ်လုပ်ရဲလို့လား”
“...”
“လက်နက်တွေကော။ ကျွန်တော်တို့ကို သေနတ်အချို့ ထုတ်ပေးမှာလား”
“မင်းက သေနတ်ပစ်တတ်လို့လား”
“... ရုပ်ရှင်ထဲမှာတော့ ကြည့်ဖူးတာပဲ”
“ဟား... မင်း ဖုတ်ကောင်ကို မပစ်ရသေးခင် ကိုယ့်ခြေထောက်ကိုယ် အရင်မှန်လိမ့်မယ်”
“ကျွန်တော့်စက်ဘီးမှာ သံတူးရွင်းတစ်ချောင်း ပါတယ်ဗျ။ အနီးကပ်ပဲ ချကြတာပေါ့”
ဖြောင်း။ ဖြောင်း။
ကျွန်တော်က အားလုံး၏ အာရုံကို ဖမ်းစားရန် လက်ခုပ်နှစ်ချက် တီးလိုက်သည်။ ထို့နောက် လူတိုင်းကို တစ်ချက်စီ လှည့်ကြည့်ကာ စကားပြောလိုက်သည်။
“ကျွန်တော်တို့ လုပ်ရမယ့် အဓိကအလုပ်ကတော့ အသက်ရှင်ကျန်ရစ်အောင် အစွမ်းကုန် ကြိုးစားကြဖို့ပါပဲ။ ကျွန်တော် စကားလုံး အလှအပတွေ သုံးပြီး လိမ်မပြောချင်ဘူး။ အပြင်ကလူတွေထက် ကျွန်တော်တို့ အားသာချက်တစ်ခုပဲ ရှိတယ်။ အဲဒါက ကျွန်တော်တို့က ပိုပြီး ကြိုတင်ပြင်ဆင်ထားနိုင်ခဲ့တာပဲ။ ကျွန်တော်တို့ဆီမှာ နှစ်အတော်ကြာအောင် စားသုံးလို့ရမယ့် ရိက္ခာနဲ့ ရေတွေ စုဆောင်းထားပြီးသား ရှိတယ်။ သေသေချာချာ ချွေတာသုံးစွဲမယ်ဆိုရင် ဒီထက်မက ပိုခံပါလိမ့်မယ်။ ပြီးတော့ ဒီမှာ စိုက်ပျိုးရေးစင်္ကြံအသေးစားလေး ရှိတယ်၊ လိုအပ်ရင် တခြားနေရာတွေကို ထပ်မံတူးဆွပြီး ကောက်ပဲသီးနှံတွေ ထပ်စိုက်လို့ရသေးတော့ ရိက္ခာကို အကန့်အသတ်မရှိ ရရှိနေမှာပါ။ တိရစ္ဆာန်ခြံဘက်မှာလည်း မွေးမြူရေးတိရစ္ဆာန်အချို့ ရှိနေတော့ သေသေချာချာ ဂရုစိုက်ရင် နေ့တိုင်း နို့နဲ့ ကြက်ဥတွေ ရနေဦးမှာပဲ” ကျွန်တော်က အားလုံးကို ဝေမျှကြည့်ရင်း ဆက်ပြောသည်။
“လုံခြုံရေးပိုင်းအနေနဲ့ ဆိုရင်လည်း ကျွန်တော်တို့ ဒီနေရာကို အချိန်အတော်ကြာအောင် သေသေချာချာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ပတ်ပတ်လည်ကို ကြည့်လိုက်ရင် မြင့်မားတဲ့ တံတိုင်းတွေနဲ့ တံခါးကြီး ရှိနေသလို စီစီတီဗီတွေနဲ့ မီးမောင်းကြီးတွေကိုပါ တပ်ဆင်ထားတာ တွေ့ရပါလိမ့်မယ်။ ကျွန်တော်နဲ့ အော်စကာတို့မှာ လက်နက်တိုက် ရှိပါတယ်။ အဲဒီလက်နက်တွေကို ခင်ဗျားတို့ကို ဝေမျှပေးမှာ ဖြစ်ပေမယ့် အသုံးမပြုခင်မှာ မည်ကဲ့သို့ စနစ်တကျ ကိုင်တွယ်ရမလဲ၊ ဘယ်လို ထိန်းသိမ်းရမလဲဆိုတာကို အရင်ဆုံး သင်ကြားပေးရပါလိမ့်မယ်။ မနက်ဖြန်ကျရင် ဆွေးနွေးစရာတွေ အများကြီး ရှိဦးမှာမို့လို့ ဒီညတော့ အားလုံး အနားယူကြဖို့ ပြောချင်ပါတယ်။ မနက်လင်းတာနဲ့ လုပ်စရာ အလုပ်တွေ အများကြီး ရှိလာမှာပါ”
“နောက်ဆုံးတစ်ချက် အနေနဲ့ ပြောချင်တာကတော့... ကျွန်တော် ခင်ဗျားတို့ကို ဒီနေရာကို ဖိတ်ခေါ်ခဲ့တာဟာ ကျွန်တော့်နှလုံးသားက သနားကြင်နာတတ်လွန်းလို့ မဟုတ်သလို၊ အတ္တကင်းမဲ့တဲ့ လူသားတစ်ယောက် ဖြစ်နေလို့လည်း မဟုတ်ပါဘူး။ ဒီကမ္ဘာပျက်ကပ်ထဲမှာ ဘယ်သူမှ တစ်ယောက်တည်း ရုန်းကန်လို့ မရနိုင်တဲ့အတွက် ခင်ဗျားတို့ကို ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ တစ်ယောက်တည်း ရှင်သန်နိုင်တယ်ဆိုရင်လည်း ကောင်းပါပြီ၊ ဒါပေမယ့် တစ်ချိန်ချိန်မှာ ခင်ဗျားတို့ အခြားလူတွေကို အားကိုးရမယ့်အချိန်၊ ကျောချင်းကပ် ရုန်းကန်ရမယ့်အချိန်၊ ဘေးအန္တရာယ်ကနေ ကယ်တင်ပေးမယ့်အချိန်နဲ့ လုံးဝယုံကြည်စိတ်ချရမယ့် လူတွေ လိုအပ်လာမယ့်အချိန် ဆိုတာ ရောက်လာမှာပဲ။ ဒီနေရာဟာ ကျွန်တော်တို့ အနာဂတ်အစီအစဉ်ရဲ့ ပထမဆုံး အဆင့်ပဲ ရှိပါသေးတယ်။ ကျွန်တော်နဲ့ အော်စကာတို့ဟာ ရေရှည်အတွက် တခြားအစီအစဉ်တွေ အများကြီး ပြင်ဆင်ထားပါတယ်။ ကျွန်တော် တောင်းဆိုချင်တာက ကျွန်တော်ချမှတ်မယ့် ဆုံးဖြတ်ချက်တိုင်းကို ခင်ဗျားတို့ဘက်က ဝိုင်းဝန်းပံ့ပိုးပေးဖို့ပါပဲ။ ကျွန်တော်က ခင်ဗျားတို့ကို ချောက်ထဲခုန်ချပြီး သေကြောင်းကြံခိုင်းမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော်ချမှတ်မယ့် ဆုံးဖြတ်ချက်မှန်သမျှဟာ လူစုတစ်ခုလုံးရဲ့ အကျိုးစီးပွားအတွက်ပဲ ဖြစ်လိမ့်မယ်ဆိုတာကိုတော့ စိတ်ထဲမှာ မှတ်ထားပေးစေချင်ပါတယ်”
လူအုပ်စုထဲတွင် တွန့်ဆုတ်နေသော မျက်နှာအချို့ ပေါ်လာသည်။ အထူးသဖြင့် ကျွန်တော်နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးသော လူသစ်များ ဖြစ်သည်။
“ကျွန်တော့်ရဲ့ အမိန့်တွေကို နာခံဖို့ ခင်ဗျားတို့ဘက်က တွန့်ဆုတ်နေကြလိမ့်မယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော်နဲ့ အော်စကာတို့ ဒီနေရာကို မလည်ပတ်ခင်ကတည်းက ကြိုတင်သဘောတူ ဆုံးဖြတ်ထားခဲ့တဲ့ ပုံစံ ဖြစ်ပါတယ်။ အမှန်အတိုင်း ပြတ်ပြတ်သားသား ပြောရရင် ခင်ဗျားတို့ အားလုံးဟာ ယခုကဲ့သို့ အခြေအနေမျိုးကို ရင်ဆိုင်ရတဲ့နေရာမှာ အတွေ့အကြုံ လုံးဝမရှိကြသေးပါဘူး။ စင်စစ်တော့ ကျွန်တော် အပါအဝင် အားလုံးလည်း အတူတူပါပဲ။ အော်စကာက စစ်ပွဲအတွေ့အကြုံ ရှိခဲ့ဖူးပေမယ့် သူ တာဝန်ယူခဲ့ရတဲ့ အခန်းကဏ္ဍက အခုလို ခေါင်းဆောင်ပိုင်း မဟုတ်ခဲ့ဘူး။ အော်စကာကိုယ်တိုင်ကပဲ ကျွန်တော် မောင်းနှင်မယ့် ဘတ်စကားရဲ့ စတီယာရင်ကို လွှဲပေးခဲ့တာ ဖြစ်ပြီး သူကတော့ ဘေးကနေ အကြံပေးမယ့် စပယ်ယာအဖြစ်ပဲ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ခင်ဗျားတို့ရဲ့ သဘောထားတွေကို ကျွန်တော့်ထံ တင်ပြနိုင်ပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ကျွန်တော့်အပေါ်မှာပဲ တည်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲချင်တယ်ဆိုရင် ခိုင်လုံတဲ့ အကြောင်းပြချက် အပြည့်အစုံ ရှိနေဖို့ လိုပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အတော်လေး ခေါင်းမာတဲ့လူစားမျိုးမို့လို့ပါ။ ကျွန်တော် အသက် ဆယ်နှစ်သားတုန်းက ဆိုင်တစ်ဆိုင်မှာ ဆော့စ်အပိုမပေးရင် လူတန်းကြီးထဲကနေ လုံးဝမဖယ်ပေးဘူးဆိုပြီး ဆိုင်ရှင်ကို အလျှော့ပေးရတဲ့အထိ လုပ်ခဲ့ဖူးတယ်” ဟု ပြောကာ ကျွန်တော် ရယ်မောလိုက်သည်။
လူအချို့ထံမှ ရယ်သံတိုးတိုးနှင့် ပြုံးရယ်သံများ ထွက်ပေါ်လာသည်။
“အကယ်၍ ခင်ဗျားတို့ထဲက တစ်ယောက်ယောက်က ဒီအချက်ကို သဘောမတူဘူးဆိုရင်တော့ မနက်ဖြန်ကျရင် ခင်ဗျားတို့ကို ကယ်ဆယ်ရေးစခန်းဆီ ဘေးကင်းကင်းနဲ့ လိုက်လံပို့ဆောင်ပေးပါ့မယ်။ မိမိတို့လမ်းကိုယ်စီ သွားဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ နေသန်နဲ့ အေရီယယ်တို့ကို ပေးခဲ့သလိုမျိုး ရိက္ခာအိတ်တစ်အိတ်စီကိုလည်း အဆင်သင့် ပြင်ဆင်ပေးမှာ ဖြစ်လို့ စိတ်ကွက်စရာ လုံးဝမရှိပါဘူး။ အခြားတစ်ဖက်မှာတော့ ခင်ဗျားတို့ ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိမှာ ဖြစ်ပြီး ဒီဆုံးဖြတ်ချက်အတွက် နောင်တမရစေရဘူးလို့ ကတိပေးပါတယ်။ တခြားအစီအစဉ် ရှိတဲ့လူတွေ ရှိရင် အခုကတည်းက ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။ ဒါမှ ကျွန်တော် ဒီညကတည်းက ရိက္ခာအိတ် ပြင်ပေးလို့ရမှာပါ။ ခင်ဗျားတို့ သယ်ဆောင်လာပြီး ဂိုဒေါင်ထဲ ထည့်ထားတဲ့ ပစ္စည်းတွေ ရှိရင်လည်း အကုန်ပြန်ပေးမှာ ဖြစ်ပြီး အကယ်၍ သုံးစွဲမိတာမျိုး ရှိခဲ့ရင်လည်း အစားထိုး ပြန်ပေးပါ့မယ်။ ကျွန်တော်တို့ဆီမှာ စာရင်းအင်းတွေ သေသေချာချာ ရှိနေတော့ ဆန်တစ်စေ့ ပျောက်ဆုံးသွားရင်တောင် သိနိုင်တဲ့အတွက် ခင်ဗျားတို့ ဘာတွေ ယူလာခဲ့တယ်ဆိုတာကို အတိအကျ သိပါတယ်။ သေနတ်ကလွဲလို့ ကျန်တဲ့အရာမှန်သမျှကို အားလုံး အတူတူ ဝေမျှသုံးစွဲကြမှာ ဖြစ်ပြီး သေနတ်ကိုတော့ အသုံးမပြုခင် သေသေချာချာ အရင်သင်ကြားပေးရမှာမို့လို့ပါ”
ကျွန်တော်က လူတိုင်းကို လှည့်ကြည့်လိုက်ရာ အားလုံးက တွေးတောနေကြပုံရသည်။
“ကျွန်တော့်အမြင် ပြောရရင်တော့ စကိုင်းပြောတဲ့ စည်းကမ်းချက်တွေကို သဘောမတူတဲ့လူဟာ တကယ့်ကို ဦးနှောက်မရှိတဲ့ လူအပဲ ဖြစ်လိမ့်မယ်။ ဒီနေရာက ကျွန်တော်တို့အတွက် အတော်လေးကို သက်တောင့်သက်သာ ရှိပြီး လုံခြုံတဲ့ ခံတပ်ကြီးတစ်ခုပဲ မဟုတ်လား” ရုဆဲလ်က ဆိုသည်။
“စကိုင်းက စကားလုံးတွေကို ပြတ်ပြတ်သားသား ပြောဆိုသွားခဲ့ပေမယ့် ကျွန်တော့်တပ်ဖွဲ့က အရာရှိတွေထက်စာရင် အများကြီး လျှော့ပေါ့ပေးထားတာပါ။ ကျွန်တော်သာဆိုရင် ဒီထက်မက ပိုပြီး စည်းကမ်းတင်းကျပ်မိမှာ သေချာတယ်။ သူက ခင်ဗျားတို့အားလုံး အရပ်သားတွေ ဖြစ်နေလို့ ငဲ့ညှာပေးနေတာ။ အချိန်ကြာလာတာနဲ့အမျှ ခင်ဗျားတို့ မသိသာစေမယ့် နည်းလမ်းမျိုးနဲ့ စည်းကမ်းတွေကို တဖြည်းဖြည်းချင်း တင်းကျပ်သွားမှာ ဖြစ်ပေမယ့် ခင်ဗျားတို့ သတိပြုမိတဲ့အချိန်မှာတော့ ယခု လူနေမှုပုံစံသစ်နဲ့ ယဉ်ပါးနေကြပြီ ဖြစ်လိမ့်မယ်။ အချိန်တွေ ကုန်လွန်သွားတာနဲ့အမျှ အရင်ကလို ပုံမှန်နေ့ရက်တွေမျိုး ပြန်ရတော့မှာ မဟုတ်ဘူးဆိုတာကိုတော့ သတိပြုစေချင်တယ်” အော်စကာက ဝင်ရောက်ထောက်ခံသည်။
“ကျွန်တော်လည်း အော်စကာပြောတာကို သဘောတူပါတယ်။ ကျွန်တော် စစ်ပညာသင်တန်း တက်ခဲ့တုန်းက အရာရှိတွေဆိုရင် လူတွေကို အသက်ရှူရက်တောင် မပေးဘူး၊ သူတို့ပြောသမျှက အမိန့်အာဏာပဲ။ စည်းကမ်းတစ်ခုခု ချိုးဖောက်မိရင် ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ ရှိတတ်တယ်။ အခု အခြေအနေမှာတော့ စကိုင်းက ခင်ဗျားတို့ရဲ့ သဘောထားတွေကို နားထောင်ပေးဖို့ အဆင်သင့် ရှိနေသေးတာပဲ” ဂျဲရက်ဒ်ကလည်း ထပ်လောင်းပြောဆိုသည်။
“.. ကျွန်တော်ကတော့ အဝေးကြီးကနေ ကနဦးကတည်းက စကိုင်းနောက်ကို လိုက်လာခဲ့တာ။ အခု ကျွန်တော်က ဘီးတပ်ကုလားထိုင်ပေါ် ရောက်နေတာတောင် စကိုင်းရဲ့ ဦးဆောင်မှုအပေါ် လုံးဝမသံသယမရှိဘူး။ သူက တစ်ခါတလေ ထူးထူးဆန်းဆန်းတွေ တွေးတတ်ပေမယ့် အဲဒါက သိလိုစိတ် ပြင်းပြလွန်းလို့ပါ” ကန်က မှတ်ချက်ပြုသည်။
“ကျေးဇူးတင်ရမလိုပဲနော်” ကျွန်တော်က ကန်ကို လှမ်းပြောလိုက်ရာ သူက သဘောကျစွာ ရယ်မောသည်။
ကျွန်တော်က အားလုံးကို ခေါင်းညိတ်ပြလိုက်ရာ အားလုံးကလည်း ပြန်လည် ခေါင်းညိတ်ပြကြသည်။ ထို့နောက် မည်သူမျှ ထပ်မံကန့်ကွက်ခြင်း မပြုကြတော့သဖြင့် အားလုံး ဤနေရာတွင် ဆက်လက်နေထိုင်ရန် သဘောတူညီမှု ရရှိသွားကြပြီ ဖြစ်သည်။
“ကျွန်တော်တို့ တရားဝင် မဲမခွဲခဲ့ကြပေမယ့် စကိုင်းပဲ ရွေးကောက်ပွဲမှာ နိုင်သွားတယ်လို့ ပြောရမှာပဲ” အော်စကာက ကျယ်လောင်စွာ ရယ်မောရင်း ဆိုသည်။
လူတိုင်းက ကျွန်တော့်နောက်သို့ အမှန်တကယ် လိုက်နာရန် ဆုံးဖြတ်လိုက်ကြခြင်း ဟုတ်မဟုတ်ကိုမူ မသေချာသော်လည်း မည်သူမျှ ကန့်ကွက်ခြင်းမရှိဘဲ အားလုံး၏ မျက်နှာတွင် နားလည်သဘောပေါက်သည့် အရိပ်အယောင်များ မြင်တွေ့ရသည့်အတွက် ကျွန်တော် ဝမ်းမြောက်မိသည်။
အိုလီဗီယာသည် ကန်ထံမှ ငှားရမ်းလာခဲ့သည့် ကင်မရာကို ကိုင်ဆောင်ကာ လူတိုင်း၏ ရှေ့တွင် လာရောက်ရပ်တန့်လိုက်သည်။
“ကျွန်မတို့ အမှတ်တရ လူစုလိုက်ဓာတ်ပုံတစ်ပုံလောက် ရိုက်ကြရင် မကောင်းဘူးလား” သူမက မေးသည်။
ထိုအခါမှသာ လူစု၏ စိတ်အခြေအနေက သိသိသာသာ လန်းဆန်းသွားတော့သည်။
“စိတ်ကူးကောင်းပဲ... ရိုက်ကြတာပေါ့” ကျွန်တော်က သဘောတူလိုက်သည်။
ကျွန်တော်တို့အားလုံး အိမ်ရှေ့တွင် စုရုံးကာ ကိုယ်ဟန်ပြည့် ပြင်ဆင်လိုက်ကြသည်။
အိုလီဗီယာက ကင်မရာတွင် အချိန်ကိုက်စနစ်ကို ချိန်ရွယ်လိုက်ပြီးနောက် သူမ၏ နေရာသို့ အပြေးအလွှား လာရောက်ပူးပေါင်းသည်။ သူမက ဓာတ်ပုံကို ပြန်လည်စစ်ဆေးရန် ကင်မရာကို သွားရောက်ယူဆောင်ပြီးနောက် ခေါင်းကို ကုတ်ရင်း ဆိုသည်။
“အယ်... ဖလတ်ရိုက်ဖို့ မေ့သွားတယ်... ဟီး”
သူမ၏ စကားကြောင့် လူအချို့ ရယ်မောသွားကြသည်။ ထို့နောက် သေသေချာချာ ဓာတ်ပုံထပ်မံရိုက်ကူးပြီးသောအခါ မနက်ဖြန်ကျလျှင် လူတိုင်း၏ တစ်ကိုယ်ရေဓာတ်ပုံများကို သီးခြားစီ ရိုက်ကူးပေးရန်နှင့် ထိုဓာတ်ပုံများကို ရင်က လူစု၏ ကိုယ်ရေးမှတ်တမ်းတွင် ထည့်သွင်းသွားမည် ဖြစ်ကြောင်း မှာကြားလိုက်သည်။
ကျွန်တော်သည် အခန်းထဲသို့ ပြန်ဝင်ကာ ရိုင်ဖယ်သေနတ်တစ်လက်နှင့် မှန်ပြောင်းကို ယူဆောင်ခဲ့သည်။ ထို့နောက် ပထမထပ်သို့ ဆင်းကာ သာမိုဘူးအသေးစားလေးထဲသို့ ကော်ဖီဖျော်ထည့်ပြီး ဆန်းဒဝစ်အချို့ကိုပါ ပြင်ဆင်လိုက်သည်။ လူအချို့က ကျွန်တော့်ကို မြင်တွေ့သွားပြီး ဘာလုပ်မလို့လဲဟု လှမ်းမေးကြသည်။
“ကျွန်တော် တိရစ္ဆာန်ခြံဘက်မှာ သွားပြီး ကင်းစောင့်မလို့ပါ” ဟု ပြန်ပြောလိုက်သည်။
“တစ်ညလုံးလား။ ဘာတွေကို စောင့်ကြည့်မလို့လဲ။ ဒီတံခါးကြီးကို ဘယ်သူမှ ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူးကွယ်။ အကယ်၍ သွားမယ်ဆိုရင်လည်း ဦးလေးဇာဒွန်ကိုပါ တစ်ပါတည်း ခေါ်သွားပါလား။ မင်းလည်း တစ်နေ့ခင်းလုံး ပင်ပန်းလာခဲ့တာ မဟုတ်လား” ဒေါ်လေး ရှာရွန်က စိုးရိမ်တကြီး လှမ်းပြောတော့သည်။