အခန်း (၁၁) - လမ်းခွဲခြင်းနှင့် အရေးပေါ်အခြေအနေကြေညာချက်
“ဒါက မင်းအတွက် လမ်းခွဲလက်ဆောင်ပါ။ အထဲမှာ ပစ်စတိုတစ်လက်ရယ်၊ ကျည်ဆန်အပိုအချို့၊ ဓားမြှောင်တချောင်း၊ ရေဒီယိုတစ်လုံး၊ လက်နှိပ်ဓာတ်မီး၊ ရှေးဦးသူနာပြုဆေးသေတ္တာရယ်၊ ရက်အနည်းငယ်စာ စားနပ်ရိက္ခာနဲ့ ရေတို့ ပါဝင်တယ်။ အခြေအနေတစ်ခုခု လွဲချော်သွားခဲ့ရင် မိသားစုကိုခေါ်ပြီး ဒီကိုပဲ ပြန်လာခဲ့ပါ။ ဒီနား ရောက်လာရင် ရေဒီယိုလှိုင်းလိုင်း ၉ ကို အမြဲဖွင့်ထားမယ်။ သွားရမယ့်ခရီးက အတော်လှမ်းတာမို့လို့ အမြဲတမ်း သတိရှိရှိနဲ့ သွားပါ။ ပြီးတော့ မိန်းမဘက်က မိသားစုဝင်တွေကိုလည်း အခြေအနေတွေကို သေချာရှင်းပြထားဦး။ ဘေးကင်းအောင်နေပါ၊ တကယ်လို့ တစ်ခုခုဖြစ်လာရင် ခေါင်းကိုပဲ တည့်တည့်ပစ်”
ကျွန်တော်က နေသန်ကို လက်ဆွဲနှုတ်ဆက်ပြီးနောက် လက်ပြကာ မှာကြားလိုက်သည်။ သူ့ဇနီးကတော့ ကျွန်တော့်ကို သိပ်ဂရုစိုက်ပုံမရဘဲ ကျွန်တော်ပြောသမျှကိုလည်း ယုံကြည်ပုံမပေါ်ပေ။ သို့သော် ထိုကဲ့သို့ ခေါင်းမာလှသည့် ဇနီးဖြစ်သူကို အထုပ်အပိုးပြင်ပြီး ရွှေ့ပြောင်းဖို့အထိ ဖျောင်းဖျနိုင်ခဲ့သည့် နေသန်၏ အရည်အချင်းကိုတော့ ကျွန်တော် အတော်လေး အံ့ဩမိသည်။
“ဟို… ဆရာ”
နောက်ကျောဘက်မှ လှမ်းခေါ်သံကြောင့် လှည့်ကြည့်လိုက်ရာ အာရီယယ် ဖြစ်နေသည်။ သူက ကတုံးကေနှင့်ခေါင်းကို ကုတ်နေပြီး ကုန်တင်ကားပေါ်က ပစ္စည်းတွေ သယ်ပေးထားရသဖြင့် ချွေးတလုံးလုံး ဖြစ်နေဆဲပင်။
“ကျွန်တော်လည်း ထွက်သွားဖို့ စဉ်းစားနေလို့ပါ…”
သူ့စကားကို ကြားလိုက်ရသည့် အခြားဝန်ထမ်းတစ်ယောက်ဖြစ်သူ မာ့ခ်က ကျွန်တော်တို့အနီးသို့ ချက်ချင်း လျှောက်လာသည်။ ဆံပင်ရှည်ရှည်နှင့် မာ့ခ်က ကျွန်တော့်ထက် ခေါင်းတစ်လုံးစာခန့် အရပ်ပုသည်။
“ဟေ့လူ၊ ခင်ဗျား စဉ်းစားဦးလေ။ အဲဒီကို သွားဖို့ ကားမောင်းရင် အနည်းဆုံး ရှစ်နာရီလောက် ကြာမှာ။ ပြီးတော့ သူက အဲဒီမှာ ရှိနေဦးမလား၊ ခင်ဗျားနဲ့အတူ လိုက်လာပါ့မလားဆိုတာလည်း သေချာတာ မဟုတ်ဘူး” ဟု မာ့ခ်က ဝင်ရောက်တားမြစ်သည်။
“ငါသိပါတယ်၊ ဒါပေမဲ့ ငါ ကြိုးစားကြည့်ရမှာပဲ” ဟု အာရီယယ်က ခိုင်ခိုင်မာမာ ပြန်ပြောသည်။
“ရူးလိုက်တာဗျာ” မာ့ခ်က ဒေါသတကြီးဖြင့် စိတ်ပျက်လက်ပျက် လှည့်ထွက်သွားတော့သည်။
အာရီယယ် ပြောနေသည်မှာ သူငယ်စဉ်ကတည်းက ဆွေမျိုးများထံတွင် အပ်နှံထားခဲ့သည့် သမီးငယ်လေးအကြောင်း ဖြစ်သည်။ သူသည် သမီးဖြစ်သူကို ထောက်ပံ့ရန်အတွက် အမြဲတမ်း ငွေကြေး လွှဲပြောင်းပေးနေရသူ ဖြစ်သဖြင့် ယခုကဲ့သို့ အခြေအနေတွင် သမီးလေး ဘေးကင်းရဲ့လားဆိုသည်ကို သေချာသိချင်နေရှာသည်။
“ဆရာ၊ တကယ်လို့ သမီးလေးကို ခေါ်လာနိုင်ရင် သူ့ကို ဒီမှာ ပေးနေလို့ ရမလားခင်ဗျာ” အာရီယယ်က မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းမေးသည်။
“ဒါကတော့ ပြောရခက်တယ် အာရီယယ်။ မင်းအနေနဲ့ မြောက်ဘက်ပိုင်းကို ပိုပြီး မောင်းနှင်သွားတာက ပိုအဆင်ပြေလိမ့်မယ်။ ကွီဇုန်ပြည်နယ်ဘက်ကို ဦးတည်သွားလိုက်။ ကျွန်တော့်ရဲ့ ဦးလေး ဂျူနီယာနဲ့ ဒေါ်လေး မီရှဲလ်တို့ ရှိတယ်။ သူတို့အိမ်ကို သွားပါ၊ သူတို့ မင်းကို လက်ခံပေးမှာ သေချာပါတယ်။ မင်းရဲ့ ဆွေမျိုးတွေဆီကနေ အဲဒီကို သွားမယ်ဆိုရင် ဒီကို ပြန်လာရတာထက်စာရင် ခရီးအကွာအဝေး ပိုတိုလိမ့်မယ်။ ငါ လမ်းကြောင်းမြေပုံ ဆွဲပေးမယ်”
ကျွန်တော်က သွားရမယ့် လမ်းကြောင်းကို အမှတ်အသားပြုရင်း ရှင်းပြလိုက်သည်။ ထို့နောက် နေသန်ကို ပေးခဲ့သည့် အိတ်မျိုးပဲ အာရီယယ်ကို ထပ်မံပေးအပ်လိုက်သော်လည်း အထဲတွင် ရေဒီယိုတော့ မပါဝင်ပေ။
နာရီအနည်းငယ်ကြာအောင် ပစ္စည်းအားလုံးကို စစ်ဆေးပြီးနောက် ဒေါ်လေး ရှာရွန်၏ ခင်ပွန်းဖြစ်သူ ကွန်ရက် အိမ်သို့ ပြန်ရောက်လာသည်။ သူက စားနပ်ရိက္ခာအပြင် ပြင်းထန်သည့် အရက်ပုလင်း အချို့ကိုပါ သယ်ဆောင်လာခဲ့သဖြင့် လူစုထဲမှ အချို့က အလွန်အမင်း သဘောကျသွားကြသည်။ ထိုပစ္စည်းပုံကြီးကို မြင်လိုက်ရသည့် ရင်သည် သူမ၏ မှတ်စုစာအုပ်ကို အလျင်အမြန် လှန်ကာ အချို့အချက်အလက်များကို ချရေးနေသည်ကို တွေ့ရသည်။ သူမသည် ကျွန်တော် ဖုန်းကြည့်နေသည်ကို မြင်သောအခါ အနီးသို့ ချဉ်းကပ်လာခဲ့သည်။
“ဟို… ခွင့်ပြုပါဦး ဆရာ။ မြေအောက်ခန်းထဲမှာရော တခြားအိမ်တွေမှာပါ ရှိတဲ့ ပစ္စည်းစာရင်းတွေကို အကုန်လုံး မှတ်တမ်းတင်ပြီးပါပြီ။ အိမ်တစ်အိမ်ချင်းစီနဲ့ အခန်းတစ်ခန်းချင်းစီအလိုက် စာရင်းဇယားတွေကို သီးခြားစီ ခွဲထုတ်ထားပြီး အားလုံးကို ခြုံငုံထားတဲ့ ပင်မစာရင်းစာအုပ်ကိုလည်း ပြင်ဆင်ထားပါတယ်။ ဆရာ အော်စကာက လက်နက်တွေနဲ့ ကားတွေရဲ့ အမည်နာမတွေကို သေချာသတ်မှတ်ပေးလို့ အဆင်ပြေသွားတာပါ။ ကျန်နေတာဆိုလို့ ဆရာ့အခန်းထဲက ပစ္စည်းတွေပဲ ရှိပါတော့တယ်။ အဲဒါကိုရော စာရင်းသွင်းရမလား၊ ဒါမှမဟုတ် ချန်ထားရမလား စစ်ဆေးပေးပါဦး ရှင်”
သူမက မှတ်စုစာအုပ်ကို ကမ်းပေးရင်း ပြောသည်။ ကျွန်တော်က စာအုပ်ကို တစ်ချက်မျှ လှမ်းကြည့်လိုက်ရုံဖြင့် အံ့အားသင့်သွားရသည်။ ကျွန်တော့်မျက်နှာတွင် ပြုံးပန်းဆင်သွားရပြီး ဝမ်းသာပီတိ ဖြစ်သွားမိသည်။ သူမ ပြင်ဆင်ထားသည့် စာရင်းဇယားမှာ အလွန်ပင် သေသပ်လှပလှသည်။ ကျွန်တော်က သူမ၏ကျောကို ခပ်ဖွဖွပုတ်ကာ ချီးကျူးလိုက်ရင်း အခန်းသော့ကို ကမ်းပေးလိုက်သည်။
“ရော့၊ အားလုံးကို စာရင်းသွင်းလိုက်ပါ။ ဒါပေမဲ့ ကျွန်တော်တို့မှာရှိတဲ့ သေနတ်နဲ့ ကျည်ဆန်အရေအတွက်ကိုတော့ လျှို့ဝှက်ထားပေးပါ။ အဲဒါကို သီးခြားစာရင်းတစ်ခုနဲ့ မှတ်ထားပြီး ဘယ်သူ့ကိုမှ ပေးမကြည့်ပါနဲ့”
ကျွန်တော်က မှာကြားလိုက်ရာ သူမက ခေါင်းညိတ်လက်ခံသည်။
ညနေ ၄ နာရီ။
အားလုံးက မိမိတို့အလုပ်နှင့်မိမိတို့ အလုပ်ရှုပ်နေကြသဖြင့် ကျွန်တော်က လှေကားထစ်တွင် ဝင်ထိုင်လိုက်ရာ ဇုစ်က နောက်ကလိုက်လာပြီး ကျွန်တော့်ပေါင်ပေါ် ခေါင်းတင်ကာ မှေးနေသည်။
“အရာအားလုံးနီးပါး အဆင်သင့် ဖြစ်နေပြီ”
ကျွန်တော်က လူစုကို ငေးကြည့်ရင်း တိုးတိုးလေး ရေရွတ်မိသည်။ ကေလီက ကျွန်တော့်ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူမ၏ လက်မောင်းကို ကျွန်တော့်ပခုံးပေါ် တင်လိုက်သည်။
“အခုကြည့်ရတာ စောစောက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက တကယ် မဟုတ်ခဲ့သလိုပဲနော်” ဟု သူမက ဆိုသည်။
“အင်း၊ ငါလည်း—”
ကျွန်တော် စကားမဆုံးသေးမီမှာပင် နားကွဲလုမတတ် ပြင်းထန်လှသည့် အရေးပေါ် ဥဩဆွဲသံကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို ဟိန်းထွက်သွားတော့သည်။
ဝေါင်း… ဝေါင်း… ဝေါင်း…
ဤဥဩသံမျိုးသည် ၂၀၀၉ ခုနှစ်က အွန်ဒွိုင်း မုန်တိုင်းပြင်းကြီး ကျရောက်ခဲ့စဉ်ကကဲ့သို့ အရေးပေါ် အခြေအနေကြီးများတွင်မှသာ အသုံးပြုလေ့ရှိသည့် အသံမျိုး ဖြစ်သည်။ ထိုအသံကြီးက တစ်မိနစ်တိတိ အဆက်မပြတ် မြည်ဟီးနေပြီးမှ ငြိမ်ကျသွားသည်။ ထို့နောက် နောက်ကွယ်မှ တံခါးပွင့်လာပြီး အိုလီဗီယာ အလောတကြီး ပြေးထွက်လာသည်။
“အားလုံး ဒီကို လာခဲ့ကြဦး။ တီဗီမှာ ဘာတွေပြနေလဲ လာကြည့်ကြစမ်း” သူမက အော်ပြောသည်။
ကျွန်တော်တို့အားလုံးမောင် အိမ်ထဲသို့ အပြေးအလွှား လိုက်ဝင်သွားပြီး ဖန်သားပြင်ကို စိုက်ကြည့်လိုက်ကြသည်။ တီဗီဖန်သားပြင်ပေါ်တွင် သမ္မတကြီးသည် စစ်ဝတ်စုံအပြည့်အစုံဖြင့် ပခုံးတွင် အမ်၁၆ သေနတ်ကို လွယ်ထားပြီး နောက်ကွယ်တွင် စစ်သားများကို ဝရံသီးလျက် တွေ့ရသည်။
“မိဘပြည်သူများခင်ဗျာ၊ ကျွန်တော် သမ္မတ ပြောကြားနေခြင်း ဖြစ်ပါတယ်။ ယခုအချိန်မှစ၍ တစ်နိုင်ငံလုံးကို အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း ကြေညာအပ်ပါတယ်။ နောက်ထပ် နာရီအနည်းငယ်အတွင်းမှာ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေနဲ့ ကပ်ဘေးရင်ဆိုင်တုံ့ပြန်ရေးဦးစီးဌာနက ဝန်ထမ်းတွေကို မြို့ကြီးပြကြီးတွေနဲ့ ပြည်နယ်အသီးသီးရှိ သတ်မှတ်ထားတဲ့ နေရာတွေမှာ အင်အားချထားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအချို့မှာလည်း အရေးပေါ်အခြေအနေ ကြေညာထားပြီး ဖြစ်သလို ကျွန်တော်တို့ဌာနတွေကဲ့သို့ အရေးပေါ် ဒုက္ခသည်စခန်းတွေကို တည်ဆောက်ထားကြပြီး ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ စစ်တပ်ရဲ့ အကာအကွယ်ကို ရယူနိုင်ဖို့အတွက် အဆိုပါ သတ်မှတ်ထားတဲ့ နေရာတွေကို သွားရောက်ကြဖို့ တိုက်တွန်းအပ်ပါတယ်။ အဲဒီနေရာတွေမှာ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ နေထိုင်စရာနဲ့ အရေးပေါ် ဆေးဝါးကုသမှု အခွင့်အရေးတွေကို ပြင်ဆင်ပေးထားမှာ ဖြစ်ပါတယ်”
“စစ်တပ်အနေနဲ့ ဒီကပ်ဆိုးကြီးကို… ဒီ… ကပ်ရောဂါဆိုးကြီးကို အမြစ်ပြတ် တိုက်ဖျက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ ကူးစက်ခံရသူတွေကိုတော့ တွေ့ရှိတာနဲ့ ချက်ချင်း အပြတ်ရှင်းလင်းဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ပေးပို့ထားတဲ့ သတင်းအချက်အလက်တွေအရ ကူးစက်ခံရသူတွေရဲ့ လက္ခဏာတွေကတော့ ပုံမှန်မဟုတ်ဘဲ တုန်တုန်ရင်ရင် ဖြစ်နေခြင်း၊ မျက်လုံးများ သွေးကဲ့သို့ ရဲရဲနီနေခြင်း၊ အဖျားပြင်းထန်ခြင်း၊ အကြမ်းဖက်လိုစိတ် ပြင်းပြခြင်း၊ အရေပြားပေါ်တွင် သွေးကြောမည်းများ ပေါ်လာခြင်းတို့အပြင် အချို့သော ဖြစ်စဉ်တွေမှာ ခွန်အားနဲ့ အရှိန်အဟုန် သိသိသာသာ တိုးတက်လာခြင်းတို့ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကူးစက်ခံရသူတွေရဲ့ အခြေအနေကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာနေပါတယ်။ မိဘပြည်သူများအနေနဲ့ ကူးစက်ခံရသူတွေကို ကယ်တင်ဖို့ သို့မဟုတ် စကားပြောဖို့ လုံးဝ မကြိုးစားကြပါနဲ့။ လုံးဝ မကြိုးစားကြပါနဲ့။ တကယ်လို့ ကူးစက်ခံရတဲ့ လက္ခဏာ တစ်ခုခုကို သံသယရှိရင် ချက်ချင်း အကြောင်းကြားပါ၊ သို့မဟုတ် မိမိအစီအစဉ်နဲ့မိမိ ရှင်းလင်းလိုက်ပါ။ အကယ်၍ အရေအတွက် များပြားနေရင်တော့ ဘေးလွတ်ရာကိုသာ အမြန်ဆုံး ထွက်ပြေးကြပါ”
“ရောဂါထိန်းချုပ်ရေးဗဟိုဌာနရဲ့ အကြံပြုချက်အရ ကယ်ဆယ်ရေးစခန်းတွေကို မလာရောက်နိုင်သူတွေအနေနဲ့ စားနပ်ရိက္ခာတွေကို စုဆောင်းပြီး အိမ်တံခါးတွေကို လုံခြုံအောင် ပိတ်ဆို့ထားကြပါ။ မိမိတို့၌ ရှိသမျှကို ခြိုးခြံချွေတာပြီး စိတ်အေးအေးထားကြပါ။ ကူးစက်ခံရသူတွေနဲ့ ထိတွေ့မှုမရှိစေဖို့အတွက် အပြင်ထွက်ခြင်းကို လုံးဝ ရှောင်ကြဉ်ကြပါ။ အကယ်၍ မလွှဲမရှောင်သာဘဲ ထိတွေ့မှု ဖြစ်လာခဲ့ရင်တော့ ထိုခွေးမသားတွေကို သေနတ်နဲ့ဖြစ်စေ၊ ပြင်းထန်တဲ့ ရိုက်ချက်နဲ့ဖြစ်စေ ခေါင်းကို တည့်တည့်တိုက်ခိုက်ရင် ချက်ချင်း သေဆုံးသွားမှာ ဖြစ်ပါတယ်။ ကုသဆေး သို့မဟုတ် ကာကွယ်ဆေး ထွက်ရှိဖို့အတွက် အထောက်အထား မရှိသေးသော်လည်း စတင် သုတေသနပြုနေပြီ ဖြစ်ပါတယ်။ မိမိတို့ကိုယ်ကို အမြဲတမ်း ကျန်းမာအောင် နေထိုင်ကြပါ။ အကိုက်ခံရခြင်း၊ အကုတ်ခံရခြင်းကြောင့်သာ ကူးစက်တာ မဟုတ်ဘဲ သာမန်အကြောင်းရင်းတွေကြောင့် သေဆုံးသူတွေလည်း ပြန်လည် ထမြောက်လာတယ်ဆိုတဲ့ သတင်းတွေ ရရှိထားပါတယ်။ ဒါ့ကြောင့် သုသာန်တွေနဲ့ နီးကပ်တဲ့နေရာမှာ နေထိုင်သူတွေရှိရင် ထိုနေရာကနေ ချက်ချင်း ဖယ်ခွာကြပါ။ အင်ဆူလင် သို့မဟုတ် အလားတူ အရေးပေါ်ဆေးဝါး လိုအပ်တဲ့ အထူးလူနာတွေအနေနဲ့ ဆေးဝါးများကို ကြိုတင်စုဆောင်းထားကြပါ၊ သို့မဟုတ် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြပါ”
သမ္မတကြီးက အလေးပြုလိုက်ပြီးနောက် ထုတ်လွှင့်မှု ပြီးဆုံးသွားကာ သတင်းထောက်များက သမ္မတကြီး၏ စကားများကို ပြန်လည်သုံးသပ်ခြင်းနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ရမည့် လမ်းညွှန်ချက်များ၊ အခြေခံ အသက်ရှင်သန်ရေး နည်းလမ်းများကို ဆက်လက် ကြေညာနေကြတော့သည်။
အိမ်ထဲရှိ လူအားလုံး တိတ်ဆိတ်သွားပြီး ဖန်သားပြင်ကိုသာ စိုက်ကြည့်နေကြသည်။ အချို့က ခြေဖျားလက်ဖျားများ အေးစက်ကာ ဒူးညွှတ်ကျသွားကြပြီး အချို့က မိသားစုဝင်များကို တင်းကျပ်စွာ ဖက်ထားကြသည်။ အနည်းငယ်မျှသော သူများကမူ ကျွန်တော့်ကဲ့သို့ပင် ထက်မြက်တည်ငြိမ်သော မျက်လုံးများဖြင့် အခြေအနေကို ရင်ဆိုင်ရန် ပြင်ဆင်နေကြသည်။
ကျွန်တော်က ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။
“အခု စတင်နေပြီ။ အိမ်ကို အပြီးပိတ်ဖို့ အချိန်သိပ်မရတော့ဘူး။ လူတွေ အကုန် စုံပြီလား”
ဦးလေး ဇီဒရစ်က ထရပ်ပြီး ပြောသည်။
“ငါ့သားက ဆီဆိုင်မှာ ရှိနေတုန်းပဲ။ ပြီးတော့ ငါ့မိန်းမနဲ့ သမီးကလည်း ခေါက်ဆွဲစက်ရုံမှာ အလုပ်ဆင်းနေတုန်းပဲဟ”
ကျွန်တော်တို့သည် ကားအသေးတစ်စီးကို စီးကာ အပြင်သို့ ချက်ချင်း မောင်းထွက်ခဲ့ကြသည်။ ပတ်ဝန်းကျင် လေထုကြီးက အတော်လေး လေးလံအုံ့မှိုင်းနေပြီး အော်ဟစ်သံများနှင့် ပြေးလွှားသံများကို နေရာအနှံ့ ကြားနေရသည်။ ဆိုင်အချို့ ချက်ချင်း ပိတ်သိမ်းနေကြသည်ကို တွေ့ရသလို ကားအချို့ကလည်း အရှိန်ပြင်းပြင်းဖြင့် မောင်းထွက်နေကြသည်။ လမ်းဘေးရှိ မုန့်တိုက်တစ်ခုက ချိတ်ဆွဲထားသည့် တီဗီမှ သတင်းထုတ်လွှင့်မှုကို ရပ်ကြည့်နေကြသူ အချို့လည်း ရှိနေဆဲပင်။
ဦးလေးက သူ့သား ရုဆဲလ် အလုပ်လုပ်ရာ ဆီဆိုင်ရှေ့တွင် ကျွန်တော့်ကို ချပေးခဲ့သည်။ ဆီဆိုင်ရှိ ကုန်စုံဆိုင်ငယ်လေးထဲတွင် လူအုပ်ကြီးက တိုးဝှေ့နေကြပြီး ရသမျှပစ္စည်းများကို သယ်ဆောင်နေကြသလို အချို့ကလည်း လုယက်ခိုးယူနေကြသည်။ ဦးလေးကတော့ သူ့ဇနီးရှိရာဘက်သို့ ကားကို ဆက်လက်မောင်းနှင်သွားခဲ့သည်။ ဆိုင်ထဲတွင် ရုဆဲလ်သည် ပစ္စည်းခိုးယူသူ တစ်ဦးနှင့် လုံးထွေးသတ်ပုတ်နေသည်ကို မြင်လိုက်ရသဖြင့် ကျွန်တော်က ထိုလူ့ကို ဆွဲဖယ်လိုက်ရာ ထိုလူသည် ခေါက်ဆွဲခြောက်ထုပ်အချို့ကို ပွေ့ပိုက်ပြီး အမြန်ဆုံး ထွက်ပြေးသွားတော့သည်။