အခန်း (၉၇)ပြိုင်ပွဲ(၂)
ဟွာရှန်းဂိုဏ်း၏ ဒုတိယမျိုးဆက် တပည့်ဖြစ်သော ရှင်ဟျွန်သည် ဂူရွန်ဟွာနှင့် လွန်ခဲ့သော နှစ်နှစ် သုံးနှစ်ခန့်က စတင်သိကျွမ်းခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှာ ဆောင်းရာသီကုန်ဆုံး၍ နွေဦးဦးဖျား အငွေ့အသက်များ စတင်ပွင့်လန်းလာချိန် ဖြစ်၏။ "ကောင်းကင်ဇီးသီးပွင့်"(ဇီးပန်း) ဒိုဟွာသည် လူသစ်တစ်ယောက်ကို ခေါ်ဆောင်လာပြီး ကျွန်ုပ်တို့အဖွဲ့၏ အငယ်ဆုံးအဖွဲ့ဝင်အဖြစ် မိတ်ဆက်ပေးခဲ့သည်။ သူမသည် လောကတွင် အကျော်ကြားဆုံး ဓားမယ်ဖြစ်သည့် "ဇီးသီးပွင့်ဓားသခင်မ" ၏ တပည့်ဖြစ်သောကြောင့် တပည့်များအားလုံး၏ စီနီယာအဖြစ် မိတ်ဆက်ခြင်း ခံခဲ့ရသည်။
ထိုအချိန်က လျှောက်ထားသူများထဲမှ တတိယမျိုးဆက် တပည့်သစ်များကို ရွေးချယ်နေချိန်လည်း ဖြစ်သည်။ ထို့ကြောင့် သူမအား တိုက်ရိုက် ဒုတိယမျိုးဆက်တပည့်အဖြစ် သတ်မှတ်လိုက်ခြင်းအပေါ် အခြားတပည့်များကြားတွင် ကန့်ကွက်မှုအချို့ ရှိခဲ့သည်။ တတိယမျိုးဆက် တပည့်များ၏ အမြင်တွင် မိန်းကလေးအသစ်တစ်ယောက်က သူတို့၏ တိုက်ရိုက်စီနီယာ ဖြစ်လာသည်မှာ မနှစ်မြို့စရာ ဖြစ်နေသည်။ အခြားတစ်ဖက်တွင်လည်း ဒုတိယမျိုးဆက် တပည့်များမှာ တတိယမျိုးဆက် တပည့်များ၏ မျက်နှာကို ထောက်ထားနေရသဖြင့် ဂူရွန်ဟွာကို မည်သို့ဆက်ဆံရမည်ကို အခက်တွေ့နေကြသည်။
သို့သော်လည်း ဂူရွန်ဟွာ၏ ဂိုဏ်းဝင်ခွင့်ကိစ္စကို ဂိုဏ်းချုပ်နှင့် အကြီးအကဲများက ဆုံးဖြတ်ပြီးဖြစ်သဖြင့် သူတို့ ဘာမျှမတတ်နိုင်ခဲ့ပေ။ ဂိုဏ်းချုပ်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။ သူမှန်သည်ဆိုလျှင် မှန်ရမည်ဖြစ်ပြီး၊ မှားသည်ဆိုလျှင်လည်း မှားရပေမည်။ ၎င်းမှာ ဂိုဏ်းသားများ၏ ရင်ထဲတွင် ဂိုဏ်းချုပ်အပေါ် ထားရှိသော သဘောထားပင် ဖြစ်သည်။
ရက်အနည်းငယ်အကြာတွင် ဂူရွန်ဟွာ ဂိုဏ်းသို့ ရောက်ရှိလာသည့်သတင်းကို ရှင်ဟျွန် ကြားလိုက်ရသည်။ သို့သော် အကြီးအကဲများနှင့် ဆွေးနွေးစရာများ ရှိနေသဖြင့် သူမထံ ချက်ချင်း မသွားနိုင်ခဲ့ပေ။ ရှင်ဟျွန် ဒုတိယမျိုးဆက်တပည့်များ၏ အဆောင်သို့ ပြန်ရောက်သောအခါ သူ၏ ဂျူနီယာများ တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုကို ဝိုင်းအုံကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးမှာ ထွားကျိုင်းသော ခန္ဓာကိုယ်များ ရှိကြသဖြင့် ချက်ချင်း သတိပြုမိခြင်းဖြစ်သည်။
'...သူတို့က တကယ်ကြီးလွန်းနေတာပဲ။'
ဂိုဏ်း၏ သိုင်းပညာတွင် အဆင့်မြင့်သောအခြေအနေသို့ ရောက်ရှိပါက ခန္ဓာကိုယ်များမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမည်ဟု သူတို့ကို အသိပေးထားပြီးဖြစ်သည်။ သို့သော် ထိုသတင်းက အချို့တပည့်များအကြားတွင် စိတ်ပျက်စရာ ဖြစ်နေပုံရသည်။
ကျွန်တော့်ရဲ့ ကျယ်ပြန့်တဲ့ ပခုံးတွေနဲ့ လက်မောင်းကြွက်သားတွေ ပျောက်သွားမှာလား...? စီနီယာ... ကျွန်တော် ဒီနေ့ကစပြီး ဂိုဏ်းရဲ့ သိုင်းပညာကို ဆက်မကျင့်တော့ဘူးဗျာ!
ဟုတ်တယ်...! ကျောက်တုံးလို မာကျောတဲ့ ဒီပေါင်ကြွက်သားတွေကို ဘယ်လိုလုပ် စွန့်လွှတ်နိုင်မှာလဲ!
...မင်းတို့ ရင်ဘတ်ကြွက်သားတွေကို ပြပြီး စကားပြောနေတာ ရပ်ကြစမ်းပါ။ အဲဒီ ရုပ်ဆိုးလှတဲ့ အရာတွေကို ကြည့်ရင်း ငါ အန်ချင်လာပြီ။
ထိုကောင်များမှာ တကယ့်ကို ရူးကြောင်ကြောင်နိုင်လှသည်။ ဂျူနီယာများမှာ ရှင်ဟျွန် ရောက်လာသည်ကို သတိမထားမိကြသဖြင့် သူ ရှိနေကြောင်း အသိပေးရန် ချောင်းဟန့်လိုက်ရသည်။
"အဟမ်း...! အဟမ်း...!"
ပုံမှန်ဆိုလျှင် ချောင်းဟန့်သံကပင် သူတို့ သတိထားမိရန် လုံလောက်သော်လည်း ယခုတစ်ကြိမ်တွင် မည်သည့်အကြောင်းကြောင့်မှန်းမသိ ထိရောက်မှု မရှိခဲ့ပေ။ ထို့ကြောင့် ရှင်ဟျွန်မှာ ထိုကြွက်သားပုံကြီးများကြားသို့ အတင်းတိုးဝင်သွားလိုက်ရသည်။
ထိုလူအုပ်ကြီး၏ အလယ်တွင် ကလေးငယ်တစ်ယောက် ရှိနေသည်။ အေးနေ၍လား သို့မဟုတ် ကြောက်ရွံ့နေ၍လားမသိ၊ ထိုကလေးငယ်မှာ တဆတ်ဆတ် တုန်ရင်နေသည်။ ထိုလူသန်ကြီးများကြားတွင် ရှားရှားပါးပါး တွေ့ရသော အမျိုးသမီးတပည့်တစ်ဦး၏ လက်မောင်းထဲတွင် မျက်ဝန်းများ ဝိုင်းစက်ကာ နားရွက်ကလေးများ နီမြန်းနေသော မိန်းကလေးတစ်ဦး ရှိနေသည်။
"ဖယ်ကြစမ်းပါဦး...! သူ ကြောက်နေတာ မမြင်ကြဘူးလား!"
အမျိုးသမီးတပည့် ရှင်မီက ထိုလူအုပ်ကြီးကို အော်ဟစ်လိုက်သည်။ ထိုအခါမှ လူအုပ်ကြီးမှာ တဖြည်းဖြည်း နောက်သို့ ဆုတ်ပေးကြသည်။ သူတို့ နောက်ဆုတ်ပေးလိုက်သော်လည်း ထိုမိန်းကလေးမှာ အချိန်မရွေး ငိုတော့မည့်ပုံ ပေါက်နေသည်။ ထိုလူသန်ကြီးများမှာ သူတို့ ဘာမှားသွားသလဲဆိုသည်ကို နားမလည်ဘဲ ဝေခွဲမရ ဖြစ်နေကြသည်။
သို့သော် ထိုမိန်းကလေးငယ်၏ တုံ့ပြန်မှုမှာ နားလည်ပေးနိုင်စရာ ရှိသည်။ သူမထက် အဆပေါင်းများစွာ ကြီးမားသော လူသန်ကြီး ဆယ်ဂဏန်းခန့်က ရုတ်တရက် ဝိုင်းအုံထားခြင်းမှာ ကလေးငယ်တစ်ယောက်အတွက် ထိတ်လန့်စရာပင်။ သို့သော် ထိုလူကြီးများမှာ ထိုအချက်ကို သတိမထားမိကြပေ။
"သူ ဘာလို့ ကြောက်နေတာလဲ...? ငါတို့ ဘာမှလည်း မလုပ်ပါဘူး။"
"ကျောက်တုံးလောက်ရှိတဲ့ ငါတို့ရဲ့ ကြွက်သားကြီးတွေ ဝိုင်းထားတာကို သူ ဘေးကင်းတယ်လို့ မခံစားရဘူးလား?"
"ဟုတ်တယ်၊ ငါတို့က သူ့ကို ကာကွယ်ပေးဖို့ ရှိနေတာကို သူ သိသင့်တာပေါ့... သူက ကလေးဆိုတော့ မသိသေးလို့ ထင်ပါရဲ့။"
သူတို့တွေ ဘယ်လိုတောင် အသိဉာဏ်မဲ့ပြီး အူကြောင်ကြောင်နိုင်သွားကြတာလဲ? တတိယမျိုးဆက်တပည့်ဘဝတုန်းက ဒီလိုမဟုတ်ကြပါဘူး။ ရှင်ဟျွန်သည် သူ၏ ဂျူနီယာများ၏ ရှက်ဖွယ်ကောင်းသော လုပ်ရပ်ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူသည် မိန်းကလေးငယ်ထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး သူမ၏ မျက်လုံးချင်းဆုံအောင် ခေါင်းငုံ့လိုက်သည်။ ကလေးများနှင့် စကားပြောလျှင် မျက်လုံးချင်း တစ်တန်းတည်းထား ပြောဆိုမှသာ ကလေးများ စိတ်အေးလက်အေး ရှိနိုင်သည်ဟူသော မိခင်၏ စကားကို သူ သတိရလိုက်ခြင်း ဖြစ်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်၊ မင်းက ရွန်ဟွာ မဟုတ်လား? ကိုယ့်နာမည်က ရှင်ဟျွန် ပါ။"
"...!"
သို့သော် သူ နားမလည်နိုင်သော အကြောင်းရင်းကြောင့် သူ စကားပြောလိုက်သည်နှင့် သူမက ရှင်မီ၏ ရင်ခွင်ထဲသို့ ပိုတိုးဝင်ကာ ပုန်းလိုက်သည်။
ဒါက မဟုတ်သေးဘူးလား...?
"ဟို... ကိုယ်က..."
"ကျား...!"
ရှင်ဟျွန်က သူသည် လူဆိုးမဟုတ်ကြောင်း ပြသရန် လက်ကို မြှောက်လိုက်သော်လည်း၊ မိန်းကလေးငယ်မှာ ထိတ်လန့်သွားပြီး ပိုမိုတုန်ရင်လာသည်။ မကြာမီ သူမ၏ မျက်ဝန်းအိမ်ကြီးများထဲမှ မျက်ရည်များ စီးကျလာလေတော့သည်။
"အစ်ကိုကြီး... ရီး..."
"ဟာ... စီနီယာကြီးက သူ့ကို ငိုအောင် လုပ်လိုက်ပြီ။"
"ဝိုး... ကျွန်တော်တို့ကိုတော့ ဖယ်ခိုင်းပြီးတော့၊ စီနီယာကြီးက အဆိုးဆုံးပဲဗျာ။"
"ငါ... ငါ ဘာလုပ်လို့လဲ...!"
အမှန်စင်စစ် ရှင်ဟျွန်မှာ တပည့်များကို ဖယ်ခိုင်းသူပင် မဟုတ်ပေ။ သူ စိတ်ပျက်မိသော်လည်း ယခုအချိန်တွင် သူ၏ စိတ်ပျက်မှုက အရေးမကြီးဘဲ ကလေးငယ် ငိုနေခြင်းကသာ အရေးကြီးသည်။ နောက်ဆုံးတွင် ရှင်ဟျွန်သည် သူမကို နှုတ်ဆက်ခွင့်ပင် မရလိုက်ဘဲ တစ်နေ့ကုန် သူမကို ချော့မော့ရင်း အချိန်ကုန်ခဲ့ရသည်။ ထိုအလုပ်ကို အမျိုးသားများ မလုပ်နိုင်ခဲ့ပေ။ ရှင်မီကဲ့သို့သော အခြားအမျိုးသမီးတပည့်များကသာ တာဝန်ယူခဲ့ရသည်။
ရှင်ဟျွန်သည် တစ်နေ့ကုန်သွားသည့်တိုင်ရွန်ဟွာနှင့် ကောင်းကောင်း စကားမပြောနိုင်ခဲ့ပေ။ သူမ၏ မျက်လုံးများမှာ ငိုလွန်းသဖြင့် မို့အစ်နေသည်ကို ကြည့်ကာ သူမ ကောင်းကောင်း အိပ်နိုင်ပါ့မလားဟုပင် စိုးရိမ်မိသည်။ တစ်ညလုံး ငိုနေခဲ့တာလား?
ရှင်ဟျွန် ဆက်လက်တွေးတောနေမိသည်... '...သူမရဲ့ ဆရာက ဘာလို့ ခုထိ ရောက်မလာသေးတာလဲ?'
ပုံမှန်အားဖြင့် တိုက်ရိုက်တပည့်တစ်ဦးသည် ဆရာဖြစ်သူထံမှ တိုက်ရိုက် သင်ကြားပြသမှုကို ခံယူရလေ့ရှိသည်။ သို့သော် အကြောင်းရင်းတစ်ခုကြောင့် "ဓားသခင်" သည် တစ်ခါမျှ ရောက်မလာခဲ့ပေ။ ဂိုဏ်းချုပ်ကလည်း ဤကိစ္စနှင့် ပတ်သက်၍ ဘာမျှ အများအပြား မပြောဘဲ ကလေးငယ်ကို ကောင်းကောင်း စောင့်ရှောက်ရန်သာ ညွှန်ကြားထားသည်။
ပြဿနာမှာ သူမကို မည်သို့ စောင့်ရှောက်ရမည်နည်း ဟူသည်ပင်...။ သူတို့ အကောင်းဆုံး ကြိုးစားခဲ့ကြသော်လည်း မလွယ်ကူခဲ့ပေ။
တစ်နေ့တွင် ဂျူနီယာတစ်ယောက်က ဂူရွန်ဟွာ သိုင်းကျင့်နေသည်ကို ကြည့်ရင်း ပြောလာသည်။
"...စီနီယာကြီး၊ ဂူရွန်ဟွာ ကိစ္စကလေ..."
"သူ ဘာဖြစ်လို့လဲ?"
ဂျူနီယာက ပျာပျာသလဲ အမူအရာဖြင့် ပြောသည်။ သူ၏ အမူအရာမှာ တစ်ခုခုကို ဆက်မလုပ်နိုင်တော့ကြောင်း ဖော်ပြနေသကဲ့သို့ပင်။
"...ကျွန်တော် ဒါကို ဆက်မလုပ်နိုင်တော့ဘူး ထင်တယ်။ ကျွန်တော်သာ သူ့ကို ထိမိရင် သူ ကျိုးပဲ့သွားလိမ့်မယ်လို့ ခံစားနေရတယ်...!"
"...ဘာပြောလိုက်တာလဲ?"
ပထမတော့ ရှင်ဟျွန်က ထိုဂျူနီယာ ဘာတွေ လျှောက်ပြောနေသလဲဟု တွေးမိသည်။ သို့သော် ဂူရွန်ဟွာ၏ သေးငယ်ပြီး နုနယ်သော ခန္ဓာကိုယ်ကို ကြည့်လိုက်ရုံဖြင့် သူ နားလည်သွားသည်။ မှန်ပေသည်၊ အားအနည်းငယ် ပါသွားရုံမျှဖြင့်ပင် သူမ ထိခိုက်သွားနိုင်သည်ဟု ခံစားရသည်။ ထို့အပြင် သူမအနားသို့ တိုးသွားရုံဖြင့်ပင် သူမက ငိုတော့သည်။
သို့သော်ငြားလည်း။
"ဟုတ်ပြီ! မင်းရဲ့ ခြေလှမ်းတွေကို အဲဒီအတိုင်းပဲ ရွှေ့! ဟုတ်တယ်၊ ကောင်းတယ်!"
"ဝိုး! သူ ဓားကို ကိုင်လိုက်ပြီ! သူ ဓားကို ကိုင်လိုက်ပြီဗျ!"
"ဟာ... ငါတို့ ဘာလုပ်ကြမလဲ!? သူက ပါရမီရှင်လား မသိဘူး?"
ဂျူနီယာများမှာ ပျော်ရွှင်နေကြဆဲပင်။ ယခုတစ်ကြိမ် တတိယမျိုးဆက် တပည့်သစ်များထဲတွင် မိန်းကလေး တစ်ယောက်မှ မပါဝင်သဖြင့် သူတို့၏ စိတ်လှုပ်ရှားမှုမှာ နားလည်ပေးနိုင်ပါသည်။ ထို့အပြင် လက်ရှိရှိနေသော ဒုတိယမျိုးဆက် အမျိုးသမီးတပည့်များမှာလည်း အမျိုးသမီးထက် အမျိုးသားနှင့် ပိုတူနေကြသည်။ အထူးသဖြင့် ရှင်မီ ဆိုလျှင် သူမသည် အလွန်သန်မာလှသဖြင့် ဒုတိယမျိုးဆက်၏ စီနီယာအကြီးဆုံး ဖြစ်သော ရှင်ဟျွန်ပင် သူမကို နိုင်ပါ့မလားဟု တွေးမိသည့်အထိပင်။
သိုင်းပညာရှင်များကြားတွင် ကျား၊ မ မခွဲခြားသော်လည်း၊ ရွန်ဟွာမှာ အလွန်နုနယ်ပြီး မိန်းကလေးဆန်လှသဖြင့် သူတို့၏ တုံ့ပြန်မှုမှာ နားလည်ပေးနိုင်ပါသည်။ သို့သော် သူတို့၏ သဘောထားက သူမ၏ လေ့ကျင့်မှုအတွက် တကယ်ပဲ အထောက်အကူ ဖြစ်ပါ့မလား?
'တခြား ဂျူနီယာတွေကို လေ့ကျင့်ပေးရင် မိစ္ဆာတွေလို လုပ်တတ်တဲ့ ကောင်တွေက ခုတော့ ဘာတွေ လုပ်နေကြတာလဲ?'
သူက သူတို့ကို ကြိမ်းမောင်းနေသော်လည်း၊ ရှင်ဟျွန် ကိုယ်တိုင်လည်း ဂူရွန်ဟွာကို မည်သို့ ဆက်ဆံရမည်ကို အခက်တွေ့နေရပါသည်။ ဤအတိုင်းဆိုလျှင် သူမကို ကောင်းကောင်း လေ့ကျင့်ပေးနိုင်ပါ့မလားဟုပင် သံသယဝင်မိသည်။ သူမကို အားလုံးက ချစ်ခင်ကြသည်မှာ ကောင်းသော်လည်း၊ ဤမျှ အလိုလိုက်နေလျှင် သူမ တိုးတက်လာမည် မဟုတ်ပေ။
ထို့ကြောင့် သူမကို တတိယမျိုးဆက် တပည့်များနှင့်အတူ လေ့ကျင့်ပေးရန် သူ ဆုံးဖြတ်လိုက်သည်။ ထိုကြွက်သားပုံ လူကြီးများထက် သူမနှင့် အသက်ရွယ်တူသူများနှင့် လေ့ကျင့်ခြင်းက ပို၍ အကျိုးရှိမည်ဟု သူ ယုံကြည်သည်။ ဂိုဏ်းချုပ်ကလည်း သူ အကောင်းဆုံးဟု ထင်သည့် လမ်းကို ရွေးချယ်ရန် ပြောထားသဖြင့် ရှင်ဟျွန်က သူမအတွက် အကျိုးအရှိဆုံး ဖြစ်မည့် နည်းလမ်းကို ရွေးခဲ့ခြင်း ဖြစ်သည်။
ဂူရွန်ဟွာသည် ကြောက်ရွံ့ပြီး မျက်ရည်ကျနေသော်လည်း လေ့ကျင့်ခန်းများကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေသည်ကို မြင်ရသဖြင့် သူ စိတ်အေးခဲ့ရသည်။ သို့သော် မကြာမီ ပြဿနာတစ်ခု တက်လာတော့သည်။
ဂူရွန်ဟွာ တတိယမျိုးဆက် တပည့်များနှင့် စတင်လေ့ကျင့်သည့် ၄ ရက်မြောက်နေ့တွင် တစ်စုံတစ်ယောက်က သူ့ထံသို့ အပြေးအလွှား လာရောက်ကာ အော်ဟစ်အသိပေးသည်။
"စီနီယာကြီး!"
"ဘာဖြစ်တာလဲ?"
ဒုတိယမျိုးဆက် တပည့်များထဲတွင် ဂူရွန်ဟွာ၏ လေ့ကျင့်မှုကို တတိယမျိုးဆက် တပည့်များနှင့်အတူ စောင့်ကြည့်လိုသူများ ရှိနေသည်။ ရှင်ဟျွန်က သူတို့ကို ကြိမ်းမောင်းထားသော်လည်း သူတို့က လက်မလျှော့ခဲ့ကြပေ။ ထို့ကြောင့် သူတို့ကို လွှတ်ထားလိုက်ရသည်။
ထိုအုပ်စုထဲမှ ဂျူနီယာတစ်ယောက်က အမောတကောဖြင့် ပြောလာသည်။
"ဂူ... ဂူရွန်ဟွာ သတိလစ်သွားပြီ။"
"ဘာ?"
လေ့ကျင့်မှုအတွင်း မထင်မှတ်ထားသော ပြဿနာတစ်ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူမသည် သိပ်မကြာခင်မှာပင် သတိပြန်ရလာသည်။ သို့သော် သူမ၏ ကြောက်လန့်တကြား ကုန်းကုန်းလေး ဖြစ်နေသည့် ပုံစံမှာ စိတ်မကောင်းစရာပင်။ ရှင်ဟျွန်သည် တတိယမျိုးဆက် တပည့်များကို မေးမြန်းရတော့သည်။
သူ၏ မေးခွန်းအပေါ် ဂျူနီယာများမှာ စိတ်ပျက်အားငယ်စွာဖြင့် ပြန်ဖြေကြသည်။ သူတို့ ဘာမှ မလုပ်ခဲ့ကြောင်း၊ သူမကို သင်ပေးရန် အနားတိုးသွားရုံသာ ရှိသေးပြီး သူမက အော်ဟစ်ငိုယိုခဲ့ကြောင်း၊ ထို့နောက် ဂျူနီယာတစ်ယောက်က သူမကို မတော်တဆ ထိမိသွားသည့်အခါ သူမ သတိလစ်သွားခဲ့ခြင်း ဖြစ်ကြောင်း ပြောပြကြသည်။
ဟွာရှန်းဂိုဏ်း၏ ဆေးဆရာများက သူမ၏ ခန္ဓာကိုယ်တွင် ဘာပြဿနာမျှ မရှိကြောင်း၊ သူမ၏ စိတ်ပိုင်းဆိုင်ရာတွင်သာ ပြဿနာရှိနေခြင်း ဖြစ်ကြောင်း အသိပေးသည်။
ရှင်ဟျွန်သည် သိုင်းလောကတွင် ဓားပညာဖြင့် နာမည်ကျော်ကြားသူ ဖြစ်သော်လည်း၊ ဤကဲ့သို့သော ကိစ္စများတွင်မူ အားနည်းပြီး ဝေခွဲမရ ဖြစ်နေရသည်။ အဘယ်အရာက ထိုကလေးငယ်ကို ဤကဲ့သို့ ခံစားရအောင် လုပ်နေသနည်း? သူမသည် ဂိုဏ်းသို့ ရောက်ရှိလာသည်မှာ မကြာသေးသော်လည်း ရှင်ဟျွန်က သူမကို မိသားစုဝင်တစ်ယောက်ကဲ့သို့ သဘောထားပြီးဖြစ်သည်။ ဂိုဏ်းချုပ်၏ မိန့်မှာချက်အတိုင်း သူတို့အားလုံးကလည်း ထိုကလေးငယ်ကို သူတို့၏ ချစ်လှစွာသော မိသားစုဝင်အဖြစ် လက်ခံထားကြသည်။
"စီနီယာကြီး၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ...?"
"အခုချိန်မှာ တစ်ခုခုကို အတင်းအကျပ် လုပ်တာက ပိုဆိုးသွားနိုင်တယ်၊ အချိန်ကိုပဲ လွှတ်ထားလိုက်ရအောင်။"
ဆေးဆရာများကလည်း သူမအနားသို့ အတင်းတိုးရန် မကြိုးစားဖို့ တင်းကျပ်စွာ မှာထားသည်။ ထို့ကြောင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။
ရှင်ဟျွန်သည် အချိန်ကြာလာသည်နှင့်အမျှ ထိုမိန်းကလေးငယ်အကြောင်း တစ်ခု သိလာရသည်။ ၎င်းမှာ ဂူရွန်ဟွာသည် သူစိမ်းများကိုသာ ကြောက်သည်မဟုတ်ဘဲ လူသားများကိုပါ ကြောက်နေခြင်း ဖြစ်သည်။ အထူးသဖြင့် အမျိုးသားများကို ဖြစ်သည်။ ထို့အပြင် ထိုအမျိုးသားမှာ အသက်ငယ်ရွယ်သူ ဖြစ်ပါက သူမ၏ ကြောက်ရွံ့မှုမှာ ပို၍ပင် ကြီးမားလှသည်။
'အဲဒါက တကယ်ပဲ ကြောက်ရွံ့တာလား?'
ရှင်ဟျွန် ပထမဆုံး တွေးမိသည်မှာ ၎င်းပင် ဖြစ်သည်။ သို့သော် သူမနှင့် အချိန်အတော်ကြာ ရှိနေပြီးနောက် သူမ၏ ခံစားချက်မှာ ကြောက်ရွံ့မှု တစ်ခုတည်း မဟုတ်ကြောင်း သူ သိလာရသည်။ သူမ၏ မျက်ဝန်းများထဲတွင် ခံစားချက်ပေါင်းစုံ ရှိနေသည်။ ကြောက်ရွံ့မှု၊ နာကျည်းမှု၊ မျှော်လင့်ချက်မဲ့မှုနှင့် အခြားသော အပျက်သဘောဆောင်သည့် ခံစားချက်များစွာ သူမ၏ မျက်ဝန်းများတွင် ရောယှက်နေသည်။ ထိုအပျက်သဘောဆောင်သည့် ခံစားချက်များကြားတွင် တောင့်တမှု အစအနလေးကိုလည်း သူ တွေ့လိုက်ရသည်။ ထို့ကြောင့် ၎င်းကို ကြောက်ရွံ့မှုတစ်ခုတည်းဟု သူ မသတ်မှတ်နိုင်ခဲ့ပေ။
ထိုအကြောင်းများကြောင့် သူမကို တတိယမျိုးဆက် တပည့်များနှင့် ဆက်မထားနိုင်တော့ပေ။ ထို့အပြင် သူမသည် အမျိုးသားများနှင့် နေရသည်ကို မသက်မသာ ဖြစ်နေသဖြင့် အမျိုးသမီးတပည့်များနှင့်သာ တွဲပေးလိုက်ရသည်။
ထိုဖြစ်ရပ်ပြီးနောက် ရာသီဥတုများ အလီလီ ပြောင်းလဲကာ အချိန်များ ကုန်လွန်သွားခဲ့သည်။ ဂူယန်ဟွာသည်လည်း အမျိုးသမီးငယ်လေး တစ်ဦးအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော် သူမ၏ ရင်ထဲတွင် တည်ရှိနေသော စည်းမှာမူ ရှိနေဆဲဖြစ်ပြီး မည်သူ့ကိုမျှ အကျော်မခံခဲ့ပေ။ သူမသည် အနည်းငယ် တိုးတက်လာပုံရသော်လည်း အမျိုးသားတပည့်များနှင့် ဆက်ဆံရာတွင်မူ အခက်အခဲ ရှိနေဆဲ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် အချို့သော အချိန်များတွင် သူမ ပျော်ရွှင်နေသည်ကို တွေ့ရတတ်သည်။
'သူမရဲ့ ဆရာဆီ သွားတွေ့ရတော့မှာမို့လို့ ထင်ပါရဲ့။'
ရှင်ဟျွန် ကြားသိရသလောက် သူမဆရာ၏ နေအိမ်မှာ တောင်ပေါ်တစ်နေရာတွင် ရှိသည်။ ဂူရွန်ဟွာသည် ပင်ပန်းမည်ဖြစ်သော်လည်း အချိန်ရတိုင်း ထိုနေရာသို့ သွားလေ့ရှိသည်။ အခြားတပည့်များကို ထိုနေရာသို့ သွားခွင့်မပြုသဖြင့် အချို့က ဓားသခင်မှာ နေမကောင်းဖြစ်နေသည်ဟု ယူဆကြသော်လည်း မည်သူမျှ အပြင်သို့ သတင်းမပေါက်ကြားအောင် သတိထားကြသည်။
ထိုအချိန်အတွင်းမှာပင် ဂိုဏ်းအပြင်ဘက်ရှိ ပတ်ဝန်းကျင်ဒေသများကို ကင်းလှည့်ရန် ဖြစ်ရပ်အချို့ ပေါ်ပေါက်လာခဲ့သည်။ ထိုအခါ ဟွာရှန်းဂိုဏ်း၏ ဓားသမားအချို့ ပျောက်ဆုံးသွားခဲ့သည်။ သူတို့ ကင်းလှည့်ရှာဖွေခဲ့သော်လည်း မည်သည့် အစအနမျှ မတွေ့ခဲ့ရပေ။ ထို့ကြောင့် စိတ်ပျက်စွာဖြင့် ဂိုဏ်းသို့ ပြန်လာခဲ့ကြသည်။
ထိုစဉ် ကင်းလှည့်ရာတွင် အတူပါလာသော ယွန်ဖုန်းက အဝေးမှ တစ်ခုခုကို ခံစားမိသည်ဟု ပြောကာ ထိုနေရာသို့ ပြေးသွားတော့သည်။ ယွန်ဖုန်းမှာ သူ၏ အလိုလိုသိစိတ်အတိုင်း လုပ်ဆောင်တတ်သူ ဖြစ်သဖြင့် ရှင်ဟျွန်မှာ သက်ပြင်းချကာ ထိုကောင်လေးနောက်သို့ လိုက်သွားရုံသာ ရှိတော့သည်။ ဤကဲ့သို့ ဖြစ်ရပ်မှာ တစ်ကြိမ်နှစ်ကြိမ်မက ရှိခဲ့ဖူးသည်။
သူတို့ ထိုနေရာသို့ ရောက်သောအခါ ဂူယန်ချွန်းနှင့် တွေ့ဆုံခဲ့ရသည်။ ထိုကောင်လေးမှာ သတိလစ်နေသဖြင့် ယွန်ဖုန်းက တစ်ခုခု လုပ်လိုက်ပြီလားဟု ရှင်ဟျွန် စိုးရိမ်ခဲ့ရသည်။ သို့သော် ၎င်းမှာ သူ၏ အထင်မှားမှုသာ ဖြစ်သည်။
ဂူယန်ချွန်း သတိရလာသောအခါ သူသည် ဂူရွန်ဟွာ၏ အကိုဖြစ်ကြောင်း သိရသည်။ ဂူယန်ချွန်းက ဂူရွန်ဟွာကို ပြန်ခေါ်ရန် လာခြင်းဖြစ်ကြောင်း ပြောသောအခါ ရှင်ဟျွန် စိတ်အေးသွားရသည်။ အကြောင်းရင်းကို အတိအကျ မသိသော်လည်း ဂူရွန်ဟွာမှာ ယခုနောက်ပိုင်းတွင် အလွန် ပျာယာခတ်နေပုံရသည်။ ထို့ကြောင့် သူမကို ဂိုဏ်းမှ ခေတ္တခဏ အနားယူစေချင်နေခြင်း ဖြစ်သည်။
ရှင်ဟျွန်သည် ဂူမျိုးနွယ်စုအကြောင်း သိပ်မသိသော်လည်း အကျော်အမော် ပါရမီရှင် "ဓားဖီးနစ်" မှာ ထိုမျိုးနွယ်စုမှ ဖြစ်ကြောင်း သိထားသည်။ ထို့အပြင် "ကျားစစ်သည်" လည်း ရှိသေးသည်။ ဓားဖီးနစ်မှာ ပါရမီထူးလှသော ယွန်ဖုန်းထက်ပင် သာလွန်သည်ဟု ဆိုကြသည်။ ရှင်ဟျွန်သည် သူမကို ကိုယ်တိုင် မတွေ့ဖူးသော်လည်း ထိုကဲ့သို့ ပါရမီရှင် ရှိသည်ဆိုသည်မှာ ယုံရခက်လှသည်။ အသက် ၂၀ ပင် မပြည့်သေးဘဲ သူ၏ ဓားတွင် ဇီးသီးပွင့်များကို ပွင့်လန်းစေနိုင်သော ယွန်ဖုန်းကို ကျော်လွန်နိုင်သူ ရှိသည်ဆိုသည်မှာ မလွယ်ကူပေ။
သို့သော် ပြဿနာမှာ ရှင်ဟျွန်၏ ရှေ့မှောက်တွင် ပိုမို တုန်လှုပ်စရာကောင်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ခြင်းပင်။ ယွန်ဖုန်းနှင့် ဂူယန်ချွန်းတို့ ရုတ်တရက် ယှဉ်ပြိုင်ကြသောအခါ ယွန်ဖုန်း ရှုံးနိမ့်သွားခဲ့သည်။
'...ယွန်ဖုန်းးက... ရှုံးသွားတာလား?'
ယွန်ဖုန်း ကြမ်းပြင်ပေါ်တွင် လဲကျကာ သွေးများ အန်နေပြီး၊ ဂူယန်ချွန်းကမူ တည်ငြိမ်သော အမူအရာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူ အလွန် တုန်လှုပ်သွားရသည်။ ထိုကောင်လေးက ပွင့်လန်းနေသော ဇီးသီးပွင့်များကို မီးရှို့ဖျက်ဆီးလိုက်နိုင်သည်ကို သူ မယုံကြည်နိုင်ခဲ့ပေ။
'...မီးတောက်တွေကြားထဲမှာ လောင်ကျွမ်းသွားတဲ့ ပန်းပွင့်တွေ၊ ဒါက ဘယ်လို အရာမျိုးလဲ?'
လှပသော ဇီးသီးပွင့်များ နေရာအနှံ့ ပွင့်လန်းနေသည်ကို ထိုကောင်လေး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော မီးတောက်များက ပြာအဖြစ် ပြောင်းလဲလိုက်သည့် မြင်ကွင်းမှာ ရှင်ဟျွန်ကို စကားမဲ့သွားစေသည်။
ထိုအချိန်တွင် ရှင်ဟျွန်သည် အချက်တစ်ခုကို အသေအချာ ယုံကြည်လိုက်သည်။
'...သူဟာ အနာဂတ်မှာ "ကောင်းကင်နဂါး" ဖြစ်လာမယ့်သူပဲ။'
ဂူယန်ချွန်းမှာ အသက်ငယ်သေးသဖြင့် နာမည်မကြီးသေးခြင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် ပါရမီရှင်များ၏ တွေ့ဆုံပွဲဖြစ်သော "နဂါးနှင့် ဖီးနစ်တို့၏ ပြိုင်ပွဲ" တွင် မပါဝင်ခဲ့ဖူးခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ဖုန်းဝူဂျင်သည် သူ၏ မျိုးနွယ်စု၏ သခင်ငယ် ဖြစ်လာသောကြောင့် ကောင်းကင်နဂါး ဘွဲ့ကို စွန့်လွှတ်လိုက်သည့်အခါ ထိုဘွဲ့မှာ ကမ္ဘာ့အကြီးကျယ်ဆုံး ပါရမီရှင် ဖြစ်လာသော "ဓားဖီးနစ်" ထံသို့ ရောက်ရှိသွားခဲ့သည်။ အချိန်အတန်ကြာလျှင် ယွန်ဖုန်းက ထိုဘွဲ့ကို ဆက်ခံလိမ့်မည်ဟု ရှင်ဟျွန် ထင်ထားခဲ့သော်လည်း၊ ဂူယန်ချွန်းဟူသော မိစ္ဆာကောင်ကို မြင်လိုက်ရသောအခါ သူ၏ စိတ်ကူးများ ပြောင်းလဲသွားခဲ့ရသည်။
'...ငါ ဘာမှ မပြောတော့ဘူး၊ သူက တကယ့် မိစ္ဆာပဲ။'
သူသည် အခြေအနေကို ဖတ်နိုင်ပြီး တွန့်ဆုတ်မှုမရှိဘဲ လှုပ်ရှားနိုင်သည်။ ဖျက်ဆီးအားပြင်းသော ချီ နှင့် ခွန်အား ရှိရုံသာမက လျင်မြန်မှုလည်း ရှိသည်။ ထိုကဲ့သို့ ပြင်းထန်သော မီးတောက်များကို တည်ငြိမ်စွာ ထိန်းချုပ်နိုင်သည်ကို ကြည့်လျှင် သူသည် အလွန်ငယ်ရွယ်သည်ဟု မည်သူမျှ မယုံကြည်နိုင်ပေ။ ဂူယန်ချွန်းတွင် တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းပြီးမှ ရနိုင်သော စွမ်းအားမျိုး ရှိနေသည်။ သူ၏ ပါရမီမှာ တကယ့်ကို ထိတ်လန့်စရာပင်။
'...ဂူမျိုးနွယ်စုဆိုတာ ဘယ်လိုနေရာမျိုးလဲ?'
ရှန်းရှီး ဒေသတွင် နာမည်ကြီးသော မြင့်မြတ်သည့် မျိုးနွယ်စုတစ်ခုဟုသာ သူ သိထားသည်။ သို့သော် ဓားဖီးနစ် သာမက ဤကဲ့သို့သော မိစ္ဆာကောင်လေးကိုပါ မွေးထုတ်ပေးနိုင်သည်မှာ...
"ကြောက်စရာကောင်းလိုက်တာ..."
တစ်ချိန်တွင် သူသည် ဂိုဏ်းသို့ ပို့ဆောင်ရမည့် ရတနာထက် ဂူယန်ချွန်းကို ပို၍ စိတ်ဝင်စားလာခဲ့သည်။ ထိုကောင်လေး၏ ထက်မြက်သော ရုပ်ရည်နှင့် မလိုက်ဖက်သော ဟာလာဟင်းလင်း ဖြစ်နေသည့် မျက်ဝန်းများကလည်း ရှင်ဟျွန်ကို စွဲဆောင်စေသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။ သူသည် သူ၏ အစေခံများကို နှိမ့်ချခြင်းမရှိဘဲ ကောင်းကောင်း ဆက်ဆံသည်။ ထို့အပြင် ဤကဲ့သို့ ခရီးရှည်ကြီးမှာ ကလေးတစ်ယောက်အတွက် ပင်ပန်းစရာ ကောင်းသော်လည်း သူသည် လေ့ကျင့်မှုကို မရပ်တန့်ခဲ့ပေ။ ထို့ကြောင့် သူသည် ကောင်းမွန်စွာ သင်ကြားခံထားရသော ကလေးတစ်ဦးဟု ရှင်ဟျွန် ယူဆခဲ့သည်။
'သူဟာ ဂူရွန်ဟွာအတွက်လည်း အစ်ကိုကောင်း တစ်ယောက် ဖြစ်ခဲ့မှာပဲ။'
ဂူရွန်ဟွာ ဤကဲ့သို့ ဖြစ်သွားရခြင်းမှာ မျိုးနွယ်စုတွင် တစ်ခုခု ဖြစ်ခဲ့၍လားဟု ရှင်ဟျွန် တစ်ခါတစ်ရံ တွေးမိသည်။ သို့သော် ဂူရွန်ဟွာ ရှင်မီ၏ ရင်ခွင်ထဲတွင် ငိုယိုရင်း သူမ၏ အစ်ကိုကို ရှာနေခဲ့သည့် မြင်ကွင်းကိုလည်း သူ မှတ်မိနေသည်။ သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်က သူမ၏ မျိုးနွယ်စုသို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့ပြီးနောက်တွင် ထိုတောင့်တနေသည့် အမူအရာများ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ရှင်ဟျွန်သည် ဂူယန်ချွန်း ဟွာဆန်းဂိုဏ်းသို့ ရောက်လာပြီးနောက် ဂူရွန်ဟွာ၏ ပြောင်းလဲမှုကို သတိထားမိလိုက်သည်။ ဂူယန်ချွန်း ရောက်လာပြီးနောက်တွင် ဂူရွန်ဟွာသည် သူမ ပထမဆုံး ဂိုဏ်းသို့ ရောက်ရှိလာစဉ်ကကဲ့သို့ အမူအရာမျိုး ပြန်ဖြစ်လာသည်။ နာကျည်းမှု၊ ကြောက်ရွံ့မှု၊ မျှော်လင့်ချက်မဲ့မှု၊ ဝမ်းနည်းမှုနှင့် တောင့်တမှုတို့ ရောယှက်နေသည့် ခံစားချက်များပင်။
ရှင်ဟျွန်သည် ဂူရွန်ဟွာ ခံစားနေရသော ထိုခံစားချက်များမှာ သူမ၏ အစ်ကိုဖြစ်သူ ဂူယန်ချွန်းကြောင့် ဖြစ်သည်ကို ချက်ချင်း သိလိုက်ရသည်။
'ငါ့မျက်လုံးတွေက အမှန်ကို မြင်နေတာ ဟုတ်ရဲ့လား?'
ဂူယန်ချွန်းသည် သူ၏ မိသားစုဝင်အပေါ် ထိုကဲ့သို့ လုပ်ဆောင်မည့်သူ မဟုတ်ဟု သူ တွေးကြည့်သည်။ ထိုအချက်ကပင် သူ့ကို ပို၍ ဝေခွဲမရ ဖြစ်စေသည်။ ရှင်ဟျွန်သည် လူတစ်ယောက်၏ ပင်ကိုယ်စရိုက်ကို ခန့်မှန်းရာတွင် ထက်မြက်သူ ဖြစ်သည်။ သူသည် ဂူယန်ချွန်းကို လူဆိုးတစ်ယောက်ဟု မယုံကြည်သေးသော်လည်း သံသယတော့ ဝင်လာခဲ့သည်။
ရှင်ဟျွန်သည် မည်သည့်ကိစ္စတွင်မဆို တွန့်ဆုတ်နေရသည်ကို မနှစ်သက်ပေ။ ဂုဏ်သရေရှိ ဟွာဆန်းဂိုဏ်း၏ သိုင်းပညာရှင်တစ်ဦးအနေဖြင့် သူသည် တွန့်ဆုတ်ခြင်းဟူသော အဓိပ္ပာယ်ကို မသင်ယူခဲ့ဖူးပေ။ ထို့ကြောင့် ဤကိစ္စကို အဖြေရှာရန် သူ ပြင်းပြစွာ ဆန္ဒရှိနေသည်။
သူသည် ဂူယန်ချွန်းကို တိုက်ရိုက် မေးမြန်းလိုက်သည်။ အချိန်အတော်ကြာ တွန့်ဆုတ်နေပြီးနောက်တွင်မှ သူ မေးလိုက်ခြင်း ဖြစ်သည်။ ထိုကောင်လေးက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
"ဟုတ်ကဲ့၊ အဲဒါ ကျွန်တော့်အပြစ်ပါ။"
သူ၏ တုံ့ပြန်မှုမှာ ခိုင်မာလွန်းလှသည်။