အခန်း (၉၅) ပြင်ဆင်ခြင်း(၄)
"ငါ ရှုံးသွားပြီ..."
အမောတဖြည်းဖြည်းဖြေနေရင်း ယွန်ဖုန်းက စိတ်ပျက်အားလျော့သော လေသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ ယွန်ဖုန်း၏ ပတ်ဝန်းကျင်ရှိ မြေပြင်တစ်ခုလုံးမှာလည်း နေရာအနှံ့ ကျင်းများတူးဆွထားသကဲ့သို့ ပျက်စီးယိုယွင်းနေပြီး အဆိုးရွားဆုံး အခြေအနေတွင် ရှိနေသည်။ ထို့အပြင် တစ်ဖက်တွင်လည်း ကျိုးပဲ့နေသော သစ်သားဓား အပုံလိုက်ကြီး ပြန့်ကျဲနေသည်။ သူ၏ အတွင်းအားများမှာလည်း ကုန်ခန်းနေပြီဖြစ်ပြီး ဓားကိုပင် ပြန်ကောက်ရန် ခန္ဓာကိုယ်တွင် အားအင်အနည်းငယ်မျှပင် မကျန်တော့ပေ။ သူတို့သည် နံနက်စောစောကတည်းက စိန်ခေါ်ယှဉ်ပြိုင်ခဲ့ကြရာ နေဝင်မိုးချုပ်သည်အထိပင် ရပ်တန့်ခြင်း မရှိခဲ့ကြချေ။
"ကောင်းမွန်တဲ့ ကြိုးစားမှုပဲ"
ယွန်ဖုန်းသည် ထိုအသံရှင်ကို သေချာစွာ စိုက်ကြည့်လိုက်သည်။
'...တကယ်ကို သန်မာတာပဲ'
ယခုအချိန်တွင် သူ၏ခေါင်းထဲ၌ ထိုအတွေးတစ်ခုသာ ရှိနေတော့သည်။ ဂူယန်ချွန်း၏ ကိုယ်ရံတော်အဖြစ် ဆောင်ရွက်နေသော မူယွန်းဆိုသူ၏ သိုင်းပညာမှာ အံ့မခန်းပင် ဖြစ်သည်။ မကြာမီ သိုင်းပြိုင်ပွဲ စတင်တော့မည်ဖြစ်၍ မိမိထံသို့ အရင်လာရောက် စိန်ခေါ်ခဲ့သော မူယွန်းကို ယွန်ဖုန်းက ဝမ်းမြောက်စွာ လက်ခံခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် ဤမျှအထိ သန်မာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
ယွန်ဖုန်းသည် နမ်ဂေါင်းဘီအာကို ရုတ်တရက် သတိရသွားသည်။ ထိုအမည်ကို တွေးမိရုံမျှဖြင့် သူ၏ပါးပြင်များမှာ ပူထူလာသည်ကို သတိထားမိလိုက်သည်။ မကြာသေးမီက သူပြုလုပ်ခဲ့မိသော ရှက်ဖွယ်ကောင်းသည့် လုပ်ရပ်တစ်ခုကို ပြန်လည်သတိရသွားသောကြောင့်ပင်။ သူမသည် သူ ဂူယန်ချွန်းကို စိန်ခေါ်ရခြင်း၏ အဓိက အကြောင်းရင်းဖြစ်ခဲ့သလို၊ သူမကြောင့်ပင် သူသည် သိုင်းပညာ၏ အနှစ်သာရကို သိမြင်နားလည်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယွန်ဖုန်းအနေဖြင့် အတိတ်က သူ၏ မရင့်ကျက်မှုကို ပြန်တွေးမိတိုင်း မနေနိုင်မထိုင်နိုင် ဖြစ်နေရဆဲပင်။
'ဆင်တူသလိုလိုနဲ့... အများကြီး ကွဲပြားခြားနားနေတာပဲ'
နမ်ဂေါင်းဘီအာသည် မြင့်မြတ်သော မျိုးနွယ်စုလေးစုထဲမှ တစ်ခုဖြစ်သည့် နမ်ဂေါင်းမျိုးနွယ်စု၏ တိုက်ရိုက်မျိုးဆက်ဖြစ်ကြောင်း ယွန်ဖုန်း သိပြီးသားဖြစ်သော်လည်း သူမ၏ ထူးခြားသော ဝိသေသတစ်ခုကိုလည်း သတိပြုမိခဲ့သည်။ ၎င်းမှာ နမ်ဂေါင်းဘီအာသည် လူအများ စောင့်ကြည့်နေသော်လည်း အချိန်ခဏလေးမျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ လေ့ကျင့်နေခြင်း ဖြစ်သည်။ ၎င်းမှာ သူမ၏ ပင်ကိုစရိုက်ကြောင့်လား သို့မဟုတ် လူအများကြားတွင် နေသားကျနေ၍လား ဆိုသည်ကိုမူ သူ မသိနိုင်ပေ။ သို့သော် သူမ၏ လုပ်ဆောင်ချက်များမှာ ကြည့်ရှုသူများကို ဖိတ်ခေါ်နေသကဲ့သို့ ရှိပြီး လူအများအတွက် အလွန်လှပသော ဓားသိုင်းကွက်များကို ပြသနေသကဲ့သို့ ဖြစ်နေသည်။ သူမ၏ ဓားကို ကိုင်တွယ်အသုံးပြုပုံမှာ မြန်ဆန်ပြီး ထူးခြားလှသည့် ဓားချက်များစွာကို အဆက်မပြတ် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ အများအားဖြင့် ဆရာသမားမရှိဘဲ မိမိဘာသာ လေ့ကျင့်သူများတွင် တွေ့ရလေ့ရှိသည်။
မကောင်းသည့်ဘက်မှ ကြည့်လျှင် နမ်ဂေါင်းဘီအာ၏ ဓားသိုင်းထဲတွင် အပိုအလုပ်များပြီး ရှုပ်ထွေးနေသော လှုပ်ရှားမှုများစွာ ပါဝင်နေသည်။ သို့သော် ထိုအားနည်းချက်များ ရှိနေလင့်ကစား သူမ၏ ပျော့ပျောင်းသော ခန္ဓာကိုယ်နှင့် ထူးခြားသော ပါရမီတို့က ထိုမညီညွတ်သော လှုပ်ရှားမှုများကို အားသာချက်တစ်ခုအဖြစ် ပြောင်းလဲပေးလိုက်သည်။ အနည်းဆုံးတော့ ယောင်ဖုန်းအတွက်မူ ထိုသို့ပင် မြင်ရသည်။ သို့သော် ငြင်းပယ်၍မရသော အချက်တစ်ခုမှာ သူမနှင့် တိုက်ခိုက်ရလျှင် သူ ရှုံးနိမ့်မည်ကို သူ သိနေခြင်းပင်။
'ဒါပေမဲ့ ဒီလူကတော့...'
မူယွန်း၏ အခြေအနေမှာ လုံးဝဆန့်ကျင်ဘက်ပင် ဖြစ်သည်။ သူသည် ခိုင်မာသော အခြေခံရှိသည့် ကောင်းစွာ လေ့ကျင့်ထားသော သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် သူသည် စံနမူနာပြ ဓားသမားတစ်ဦးပင်။ ယွန်ဖုန်းသည် မိမိ ရှုံးနိမ့်ရခြင်း၏ အကြောင်းရင်းကို ချက်ချင်း မြင်လိုက်ရသည်။ မူယွန်း၏ ဓားသိုင်းသည် ထူးခြားသော လှုပ်ရှားမှုများ သို့မဟုတ် မွေးရာပါ ပါရမီပေါ်တွင် အခြေမခံပေ... ၎င်းတွင် မလှုပ်မယှက်နိုင်သော ခိုင်မာတောင့်တင်းသည့် အခြေခံသာ ရှိသည်။ မူယွန်း၏ ဓားချက်များသည် သူ၏ ဓားချက်များထက် ပိုမိုမြန်ဆန်ပြီး ပိုမိုလေးလံနေသောကြောင့် ယောင်ဖုန်း ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ဤမျှအထိ တွေးတောပြီးနောက် ယောင်ဖုန်းသည် ရှုံးနိမ့်မှုအတွက် မည်သည့်ဆင်ခြေမှ မပေးနိုင်တော့ဘဲ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။
'တွင်းထဲက ဖားအတွက် အပြင်လောကမှာ အဆုံးအစမရှိဘူးဆိုတာ ဒါကို ပြောတာပဲလား...'
ဂူယန်ချွန်း၏ ပါရမီကို မြင်လိုက်ရချိန်တွင် ယွန်ဖုန်း၏ ဂုဏ်ယူဝင့်ကြွားမှုများမှာ လုံးဝ ခြေမွခြင်း ခံခဲ့ရသည်။ ထို့အပြင် နမ်ဂေါင်းဘီအာနှင့် နှိုင်းယှဉ်လျှင်ပင် မိမိကိုယ်ကိုယ် လိုအပ်ချက်များစွာ ရှိနေသည်ကို တွေ့လိုက်ရသောအခါ ပို၍ပင် ပျက်စီးသွားခဲ့ရသည်။ ယခု မူယွန်းနှင့် ရင်ဆိုင်ရသောအခါတွင်လည်း ထိုခံစားချက်မျိုးကိုပင် ပြန်လည် ခံစားလိုက်ရပြန်သည်။
'ငါ့ကိုယ်ငါ ယုံကြည်မှု တိုးအောင် လုပ်ဖို့ နည်းလမ်းမရှိတော့ဘူးလား'
မိမိအား ပေးထားသော "ဓားနဂါး" ဟူသည့် ဘွဲ့အမည်မှာ အချိန်ကြာလာသည်နှင့်အမျှ ပို၍ပို၍ လေးလံလာသကဲ့သို့ ယွန်ဖုန်း ခံစားနေရသည်။ မကြာမီ မူယွန်းသည် သူ့ထံသို့ လျှောက်လာပြီး လက်ကမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်။ ဒီတိုက်ပွဲကနေ ကျွန်တော် အများကြီး သင်ယူနိုင်ခဲ့ပါတယ်"
"...မဟုတ်တာပဲ သခင်လေးမူယွန်း။ တကယ်တော့ ကျွန်တော့်ကို တစ်နေ့ကုန် အချိန်ပေးပြီး တိုက်ခိုက်ပေးခဲ့တဲ့အတွက် ကျွန်တော်ကသာ ခင်ဗျားကို ကျေးဇူးတင်ရမှာပါ"
ယွန်ဖုန်းသည် မူယွန်း၏ လက်ကိုဆွဲကာ မတ်တတ်ရပ်လိုက်သည်။ သူ၏ အဝတ်အစားများမှာ မြေကြီးများ ပေကျံနေသော်လည်း သူ ဂရုမစိုက်ဘဲ အနည်းငယ်မျှ ခါထုတ်လိုက်ရုံသာ ပြုလုပ်လိုက်သည်။ မူယွန်းက သူ့ကို ထပ်မံ ပြောလိုက်သည်။
"ဒီနေ့ အပြင်မှာ ကြာသွားပြီ ထင်တယ်။ ကျွန်တော် အရင်ပြန်နှင့်ပါရစေ။ ခင်ဗျားရော ခဏနေရင် ပြန်မှာလား"
"ဟုတ်ကဲ့၊ ကျွန်တော် နည်းနည်းလောက် ထပ်လေ့ကျင့်ပြီးမှ ပြန်ပါ့မယ်"
ရှုပ်ထွေးနေသော သူ၏ စိတ်ကို တည်ငြိမ်အောင် လုပ်ရန် လေ့ကျင့်ခြင်းမှတစ်ပါး အခြားနည်းလမ်း မရှိပေ။ အနည်းဆုံးတော့ ၎င်းမှာ ယောင်ဖုန်းဟုခေါ်သော ထိုလူ မိမိကိုယ်ကိုယ် တည်ငြိမ်အောင် လုပ်တတ်သည့် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။ မူယွန်းက ခေါင်းငြိမ့်ပြလိုက်သည်။ တိုက်ပွဲပြီးနောက် မူယွန်းသည် တည်းခိုဆောင်သို့ ပြန်ရန် တောင်ပေါ်လမ်းအတိုင်း ဆင်းလာခဲ့သည်။ လတ်ဆတ်သော လေညင်းကို ခံစားရင်း တောင်ပေါ်လမ်းအတိုင်း ဆင်းလာသော မူယွန်း၏ မျက်နှာမှာ တစ်လျှောက်လုံး တည်ငြိမ်အေးစက်နေသည်။ ၎င်းမှာ သူ ကိုယ်ရံတော်အလုပ်ကို အာရုံမစိုက်ဘဲ တစ်စုံတစ်ယောက်နှင့် တစ်နေ့ကုန် တိုက်ခိုက်ခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်သည်။
'နောက်ဆုံးတော့ ဒါတွေအားလုံးက ဘာအတွက်လဲ'
ယွန်ဖုန်းကဲ့သို့ပင် မူယွန်း၏ စိတ်ထဲတွင်လည်း ရှုပ်ထွေးနေသော အတွေးများမှာ အဆက်မပြတ် ဝဲလည်နေသည်။ သူသည် တစ်စုံတစ်ခု သို့မဟုတ် အဖြေတစ်ခုခုကို ရှာဖွေရန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း အပြန်အလှန်အနေဖြင့် မူယွန်း ရရှိလိုက်သည်မှာ ရွံရှာဖွယ်ကောင်းသော အပြစ်ရှိစိတ်သာ ဖြစ်သည်။
"ဘာမှ အသုံးမကျတဲ့ ကိုယ်ရံတော်တစ်ယောက်..."
မူယွန်း၏ စကားလုံးများတွင် နောင်တများစွာ ရောယှက်နေသည်။ သူ၏ စောင့်ရှောက်မှုအောက်တွင် ရှိနေစဉ် ဂူယန်ချွန်း ဘယ်နှစ်ကြိမ်တောင် အန္တရာယ်ထဲ ရောက်ခဲ့ရသနည်း။ ထို့အပြင် ဝူတန်ကဲ့သို့သော အထက်တန်းစား ဂိုဏ်းကြီးတစ်ခု၏ အတွင်းထဲတွင် ရှိနေခြင်းကြောင့် ဘေးကင်းသည်ဟု သဘာဝအတိုင်း ခံစားရ၍ဖြစ်စေ၊ မဖြစ်စေ သူသည် သတိလက်လွတ် ဖြစ်ခဲ့ရပြီး ၎င်းကြောင့်ပင် ဂူယန်ချွန်းမှာ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေသော သိုင်းပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရသည့် အသက်အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိခဲ့ရသည်။ သူသည် ယခုရက်ပိုင်းအတွင်း ဘာတွေလုပ်နေသနည်းဟု မိမိကိုယ်ကိုယ် အားမလိုအားမရ တွေးမိနေသည်။ သူ၏ အပြုအမူအတွက် ဆင်ခြေပေးရန် ကြိုးစားသော်လည်း မည်သည့်ဆင်ခြေမှ မရှိပေ။ သူ သတိလက်လွတ် ဖြစ်ခဲ့သည်။ ၎င်းမှာ ရိုးရှင်းလှသည်။ တစ်စုံတစ်ယောက်ကို စောင့်ရှောက်နေစဉ် သူ သတိလက်လွတ် ဖြစ်ခဲ့ခြင်းပင်။
'ငါဟာ တကယ်ကို အသုံးမကျတဲ့ကောင်ပဲ!'
မှန်ပါသည်၊ ဂူယန်ချွန်းသည်လည်း သူ၏ အကြည့်ကို ရှောင်ဖယ်နိုင်ခြင်းဖြင့် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး သခင်လေးသည် ယခုအခါ မည်သည့် ကိုယ်ရံတော်မှ မလိုအပ်တော့သည့် သိုင်းပညာအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း မူယွန်း သိပါသည်။ သို့သော် ၎င်းသည်လည်း သူ ပေးနေသော ဆင်ခြေတစ်ခုသာ ဖြစ်သည်။ မူယွန်းသည် မိမိကိုယ်ကိုယ် ဂူယန်ချွန်း၏ ဓားနှင့် ဒိုင်းအဖြစ် နားလည်ထားသည်။ ဂူယန်ချွန်း ဒဏ်ရာရနိုင်သည့် တစ်ခုတည်းသော အချိန်မှာ သူ သေဆုံးသွားသည့် အချိန်သာ ဖြစ်ရမည်။ ၎င်းမှာ ဂူမျိုးနွယ်စုအပေါ် ထားရှိသော စိတ်အားထက်သန်မှုကြောင့်လည်း မဟုတ်သလို၊ ဂူယန်ချွန်းအပေါ် ထားရှိသော သစ္စာရှိမှုကြောင့်လည်း မဟုတ်ပေ။ သူ၏ စိတ်ပျက်မှုမှာ မိမိ၏ တာဝန်အပေါ်တွင် တာဝန်မကျေပွန်ခြင်းကြောင့်ဖြစ်ပြီး ၎င်းမှာ ကြီးမားသော ပြဿနာတစ်ခု ဖြစ်သည်။
သိုင်းပညာရှင်တစ်ဦး၏ ဘဝသည် မိမိကိုယ်ကိုယ် ဆုံးရှုံးသွားသည်နှင့် တစ်ပြိုင်နက် အဆုံးသတ်သွားရခြင်းပင်။ ၎င်းတို့မှာ တန်ခိုးကြီးလှသော ဓားဧကရာဇ် ကိုယ်တိုင် ပြောကြားခဲ့သည့် စကားများ ဖြစ်သည်။ ဂူယန်ချွန်းသည် နေ့စဉ်နှင့်အမျှ ပို၍ပို၍ သန်မာလာနေသည်။ မူယွန်း သူ့ကို ပထမဆုံး မြင်စဉ်က သူသည် ဒုတိယတန်းစား အဆင့်သို့ပင် မရောက်သေးသော သာမန်ကောင်လေးတစ်ဦးသာ ဖြစ်သည်။ သို့သော် ယခု ဂူယန်ချွန်းမှာ... သူသည် ပထမတန်းစား သိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့ပြီး မကြာမီ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိတော့မည်ဖြစ်ကာ ထိုအဆင့်သို့ ရောက်ရန်လည်း အချိန်အများကြီး လိုမည်မဟုတ်ပေ။ ထိုကဲ့သို့ လျင်မြန်သော တိုးတက်မှုကို တစ်နှစ်ပင်မပြည့်သော အချိန်အတွင်း ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် သူကော? သူသည် အထွတ်အထိပ် အဆင့်သို့ ရောက်ရန် ဘယ်နှစ်နှစ်တောင် အချိန်ပေးခဲ့ရသနည်း။ မူယွန်းသည် သူ၏ အသက်အရွယ်တွင် တိုးတက်ရန် အသည်းအသန် မဖြစ်သင့်ဟု မိမိကိုယ်ကိုယ် တွေးမိသည်။ သူ၏ လေ့ကျင့်မှုများကို တသမတ်တည်းနှင့် ထိရောက်စွာ ဆက်လက် လုပ်ဆောင်နေလျှင် အချိန်တန်ပါက ထိုအဆင့်သို့ ရောက်ရှိနိုင်မည်ဟု သူ ယုံကြည်ခဲ့သည်။
'...အဲဒီအချိန်က ဘယ်တော့ ဖြစ်လာမှာလဲ'
ဘယ်လောက်တောင် အင်အားမဲ့လိုက်သလဲ။ ယခုအချိန်တွင် မူယွန်းသည် အလွန်အမင်း အင်အားမဲ့နေသကဲ့သို့ ခံစားရသည်။ တစ်စုံတစ်ယောက်ကို ကာကွယ်ရန် လေ့ကျင့်နေသူတစ်ဦးက ထိုသို့ပင် မလုပ်ဆောင်နိုင်ပါက လေ့ကျင့်နေခြင်း၏ အဓိပ္ပာယ်မှာ ဘာလဲ? မူယွန်းသည် သူ၏ဓားမှာ ဘာအတွက်လဲဟု တွေးတောနေမိသည်။ သူ မသိတော့ပေ။ မှန်ကန်သော လမ်းကြောင်းကို နောက်ဆုံးတွင် ရှာတွေ့လိုက်သော်လည်း လမ်းပျောက်သွားသကဲ့သို့ သူ ခံစားလိုက်ရသည်။ ထို့နောက် ယောင်ဖုန်းနှင့် တိုက်ခိုက်ခြင်းမှ သူ ဘာတွေ သင်ယူခဲ့သနည်းဟု ထပ်မံ တွေးတောနေမိသည်။
'ငါ့ရဲ့ ဖြစ်နိုင်ခြေက ဘာလဲဆိုတာ ငါ သိလိုက်ရတယ်'
အခြားသူများနှင့် မတူဘဲ မူယွန်းသည် ထိုကလေးများတွင် မည်ကဲ့သို့သော အလားအလာများ ရှိသည်ကို မြင်နိုင်စွမ်း ရှိသည်။ ၎င်းမှာ ယွန်ဖုန်းအတွက်လည်း အကျုံးဝင်သည်။ ယွန်ဖုန်းသည် တိုက်ပွဲအတွင်းမှာပင် တိုးတက်ပြောင်းလဲလာနေသည်ကို မူယွန်း မြင်တွေ့ခဲ့ရသည်။ တိုက်ပွဲအစတွင် မူယွန်း၏ တိုက်ခိုက်မှု ဆယ်ခုအနက် ငါးခုကို လွဲချော်ခဲ့သော်လည်း တိုက်ပွဲအဆုံးပိုင်းတွင်မူ တိုက်ခိုက်မှုအားလုံးကို ဖမ်းဆီးနိုင်ခဲ့သည်။ ထို့အပြင် အစပိုင်းတွင် အထင်အရှား မြင်နေရသော ယွန်ဖုန်း၏ ဟာကွက်များသည် အလယ်ပိုင်းမှစ၍ တဖြည်းဖြည်း လျော့နည်းလာခဲ့ပြီး အဆုံးတွင်မူ မူယွန်း အခွင့်ကောင်းယူနိုင်မည့် ဟာကွက်တစ်ခုမျှ မကျန်တော့ပေ။ ယွန်ဖုန်းသည် တိုက်ပွဲရလဒ်အပေါ် စိတ်ပျက်နေပုံရသော်လည်း တိုက်ပွဲအတွင်း ယယွန်ဖုန်း၏ တိုးတက်မှုနှင့် စွမ်းဆောင်ရည်များကို မြင်တွေ့ရသောအခါ မူယွန်းအနေဖြင့် သူ၏ တုန်လှုပ်မှုကို ဖုံးကွယ်ထားရကြောင်း သိပါသည်။ ယွန်ဖုန်းသည် နောက်ဆုံးတွင် သူ၏ အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ပြီး မကြာမီတွင် သူ၏ အဆင့်ကိုပင် ကျော်တက်သွားနိုင်သည့် ဖြစ်နိုင်ခြေမှာ အသေအချာပင် ရှိနေသည်။ ထိုအခြေအနေ ဖြစ်လာရန်မှာ သိပ်မကြာတော့ကြောင်း သူ သေချာပေါက် သိနေသည်။
'အဲဒီအချိန်ကျရင်တောင် ငါက ဒီနေရာမှာပဲ ရှိနေဦးမှာလား'
အပြစ်ရှိစိတ်နှင့် မိမိကိုယ်ကိုယ် အပြစ်တင်စိတ်။ သူနှင့် နောက်ထပ် အဆင့်တစ်ခုကြားတွင် ရှိနေသော ခိုင်မာတောင့်တင်းပြီး ကျယ်ပြောလှသည့် တံတိုင်းကြီးကို သူ ကောင်းစွာ မြင်ယောင်နိုင်သည်။
'ငါ့စိတ်ကို ခြောက်လှန့်နေတဲ့ မိစ္ဆာ... ဒါကိုလည်း တစ်ခုအဖြစ် မြင်လို့ရမလား...?'
သူ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ လတ်ဆတ်သော လေညင်းက သူ့ကို တည်းခိုဆောင်ဘက်သို့ လမ်းညွှန်ပေးနေပြီး အမြန်ပြန်ရန် ပြောနေသကဲ့သို့ ရှိသည်။ သို့သော် မူယွန်း၏ ခြေထောက်များမှာ မြေကြီးတွင် ကပ်နေသကဲ့သို့ မရွေ့လျားတော့ပေ။
'ဒီအတိုင်းလေးပဲ...'
ခဏလောက်ပဲဖြစ်ဖြစ် အနားယူကြပါစို့။ သူ၏ စိတ်ထဲတွင် တစ်စုံတစ်ခု ပြောင်းပြန်လှန်ခံထားရသကဲ့သို့ ခံစားရသည်။ မူယွန်းသည် ဤနေရာတွင် ခဏအနားယူပြီးမှ ပြန်ရန်နှင့် ဘာမှမဖြစ်ခဲ့သကဲ့သို့ ဆက်လက် အလုပ်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်းမှာ မူယွန်း မိမိကိုယ်ကိုယ် ပြောနေခြင်းဖြစ်ပြီး ထိုနေရာမှ မရွေ့ဘဲ ရပ်နေခဲ့သည်။ သို့သော် သူ ငြိမ်သက်စွာ ရပ်နေစဉ်တွင် ဝေးကွာသော နေရာမှ အသံအချို့ကို ကြားလိုက်ရသည်။
ရှုး!
ရှပ်!
"ဟင်?"
၎င်းမှာ လေတိုက်သံ မဟုတ်ပေ။ မိမိကိုယ်တိုင် ဓားသမားတစ်ဦးဖြစ်၍ သူ ကြားနေရသော အသံမှာ အကျွမ်းတဝင်ရှိသော အသံပင် ဖြစ်သည်။ မြေကြီးတွင် ကပ်နေသော ခြေထောက်များမှာ ယခုအခါ ရွေ့လျားနိုင်လာပြီ ဖြစ်သည်။ သူသည် မိမိကိုယ်ကိုယ် သတိမထားမိခင်မှာပင် နားထဲတွင် ပဲ့တင်ထပ်နေသော ထိုအသံရှိရာဆီသို့ စတင် လျှောက်လှမ်းသွားခဲ့သည်။
ရှုး! ရှပ်!
အသံရှိရာသို့ ခြေလှမ်းများကို ရွှေ့လိုက်သောအခါ ကွင်းပြင်တစ်ခုတွင် တစ်စုံတစ်ယောက်က ဓားရမ်းနေသည်ကို သူ မြင်လိုက်ရသည်။
'...ဘာလို့လဲ?'
ယခု သူ မြင်နေရသော လူကို သိနေသောကြောင့် မူယွန်းမှာ တုန်လှုပ်သွားခဲ့သည်။
"အစေခံမလေး ဝီ...?"
၎င်းမှာ အခြားသူမဟုတ်ဘဲ ဝီဆောအာပင် ဖြစ်သည်။ သူမသည် လှပသော မျက်နှာလေး ရှိပြီး အခြားသော အစေခံများအားလုံး၏ အလိုလိုက်ခြင်းကို ခံရသည့် ဂူယန်ချွန်း၏ တိုက်ရိုက်အစေခံမလေး ဖြစ်သည်။ ထို ဝီဆောအာသည်ပင် ယခုအခါ မည်သူမျှမရှိသော တောင်ပေါ်ဒေသရှိ ကွင်းပြင်အလယ်တွင် ညစာစားချိန်ကြီး၌ ဓားကို ရမ်းနေခြင်း ဖြစ်သည်။
'သူမ ဘာလို့ အဲဒီလို လုပ်နေတာလဲ'
ရှုး ရှပ် ရှုး!
သူမ၏ ဓားရမ်းပုံများအရ မည်သူမျှ သင်ကြားပေးထားခြင်း မရှိသောကြောင့် ဓားရမ်းရာတွင် မလိုအပ်သော လှုပ်ရှားမှုများစွာ ပါဝင်နေသည်မှာ ထင်ရှားပါသည်။ သို့သော် သူမ၏ ဓားချက်များနှင့် လှုပ်ရှားမှုတိုင်း၏ နောက်ကွယ်တွင် ထူးဆန်းသော အားအင်နှင့် စွမ်းအားတစ်ခု ရှိနေဆဲပင် ဖြစ်သည်။
'သူမ လေ့ကျင့်ခန်း လုပ်နေတာလား'
ဝီဆောအာမှာ အစေခံတစ်ဦးမျှသာ ဖြစ်သောကြောင့် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မူယွန်းအနေဖြင့် ထိုအတွေးတစ်ခုသာ စဉ်းစားနိုင်တော့သည်။
ရှုး...
ရုတ်တရက် ဝီဆောအာသည် ဓားရမ်းခြင်းကို ရပ်တန့်လိုက်ပြီး ခေါင်းကို စောင်းကာ သူမ၏ ခန္ဓာကိုယ်ကို လှည့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများတွင် ဇဝေဇဝါ ဖြစ်နေပုံမှာ ထင်ရှားလှသည်။
"ဒါ မဟုတ်ဘူးလား?"
"ဟင်...?"
သူမ မိမိဘာသာ စကားပြောနေသည်လားဟု မူယွန်း တွေးတောနေမိသည်။ သူမသည် အနည်းငယ်... ထူးခြားသော ပင်ကိုစရိုက်ရှိသူဖြစ်၍ ၎င်းမှာ နားလည်ပေးနိုင်စရာပင် ဖြစ်သည်။
"ခက်လိုက်တာ... ဒါပေမဲ့ ဒါက မှန်တယ်လို့ ထင်ရတာပဲ"
သို့သော် ဝီဆောအာ ယခုလေးတင် ပြုလုပ်လိုက်သော ဓား၏ လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ မူယွန်းမှာ အံ့သြတကြီး ဖြစ်သွားရတော့သည်။ ဓားသွား၏ အထက်မှ အောက်သို့ ကျဆင်းသွားသော လမ်းကြောင်းမှာ အလွန်ပင် သန့်ရှင်းလှပြီး မူယွန်း၏ အမြင်တွင်ပင် သူမ၏ ဓားချက်မှာ မှန်ကန်နေသည်။ ၎င်းမှာ သူမ ယခုအချိန်အထိ ပြုလုပ်နေခဲ့သော ညံ့ဖျင်းသည့် လှုပ်ရှားမှုများနှင့် လုံးဝ ကွဲပြားခြားနားလှသည်။
'ဒါက ဘာကြီးလဲ...?'
သူ့မျက်စိဖြင့် တပ်အပ်မြင်လိုက်ရသော်လည်း ဖြစ်ပျက်သွားသည့် အရာအပေါ် သူ သံသယများစွာ ဖြစ်နေမိသည်။
"ဒီလိုလုပ်တာက ပိုလှပြီး ပိုသက်တောင့်သက်သာ ရှိတာပဲကို၊ ဘာလို့ တခြားပုံစံနဲ့ လုပ်ရမှာလဲ"
သူမသည် ထိုသို့ မိမိဘာသာ စကားပြောနေဆဲဖြစ်၍ ထိုနေရာတွင် အခြားသူများ ရှိနေသေးသလားဟု မူယွန်းက ပတ်ဝန်းကျင်ကို အပြင်းအထန် လိုက်ကြည့်သော်လည်း မည်သူ့၏ ရှိနေမှုကိုမျှ သူ မခံစားမိပေ။
"...နောက်ဆုံးတော့ အဖိုးဆီပဲ သွားသင့်တာပဲ— ...မဟုတ်ပါဘူး၊ အဖိုးဆီ မသွားတော့ပါဘူး၊ သူက ကျွန်မအပေါ် ရက်စက်တာကို"
ထိုအတွေးကြောင့် သူမ၏ မျက်နှာမှာ ချက်ချင်းပင် စိတ်ကောက်နေသော ပုံစံသို့ ပြောင်းလဲသွားသည်။ ဝီဆောအာ၏ လှုပ်ရှားမှုများကို ထပ်မံ မြင်တွေ့လိုက်ရသောအခါ မူယွန်းမှာ နောက်ထပ် တုန်လှုပ်မှုများစွာကို ခံစားလိုက်ရပြန်သည်။ ၎င်းတို့မှာ အလွန် အခြေခံကျသော လှုပ်ရှားမှုများ ဖြစ်သော်လည်း တစ်ခုချင်းစီတိုင်းမှာ ပြစ်ချက်မရှိအောင် ပြည့်စုံနေသည်။ သူမသည် ပေါ့ပါးသော လှုပ်ရှားမှုများဖြင့် ဓားကို ရမ်းကာ သာမန် ဓားချက်များကိုသာ ပြုလုပ်နေခြင်း ဖြစ်သော်လည်း ထိုအရာများတွင် ထူးခြားသော အရာတစ်ခု သေချာပေါက် ရှိနေသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? တုန်လှုပ်နေသော မူယွန်းကို ဂရုမစိုက်ဘဲ ဝီဆောအာသည် သူမ၏ ဓားလှုပ်ရှားမှုများကို လျင်မြန်စွာ အဆုံးသတ်လိုက်သည်။
"ကောင်းပြီ... ကျွန်မ မလုပ်တော့ဘူး"
တစ်စုံတစ်ယောက်၏ ဆူပူခြင်းကို ခံလိုက်ရသကဲ့သို့ ဝီဆောအာသည် မူယွန်း ပထမဆုံး မြင်တွေ့ခဲ့ရသော ညံ့ဖျင်းသည့် လှုပ်ရှားမှုများဆီသို့ ပြန်သွားခဲ့သည်။ ထိုထူးဆန်းသော ဖြစ်ရပ်များကို မြင်ပြီးနောက် မူယွန်းအနေဖြင့် ထိုင်ကြည့်မနေနိုင်တော့ဘဲ သူမထံသို့ လှမ်းသွားလိုက်သည်။
"အစေခံမလေး ဝီ...?"
"အိုး! အစ်ကိုကြီး မူယွန်း!"
ဝမ်းသာအားရ လက်လှမ်းပြနေသော သူမသည် မူယွန်း ကောင်းစွာ သိကျွမ်းထားသော ဝီဆောအာပင် ဖြစ်သည်။
"ဒီမှာ ဘာလုပ်နေတာလဲ...?"
မူယွန်း၏ မေးခွန်းကို ဝီဆောအာက တောက်ပသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ဓားကိုင်နည်း သင်နေတာပါ!"
"ဘယ်သူ့ဆီက... သင်တာလဲ?"
"အဲဒါက—" ဝီဆောအာသည် ရုတ်တရက် စကားရပ်သွားပြီး ထိုမေးခွန်းကြောင့် အနည်းငယ် အံ့သြသွားသကဲ့သို့ သူမ၏ မျက်လုံးလေးများကို ကလည်ကလည် လုပ်လိုက်သည်။
"...ကျွန်မဘာသာ လုပ်နေတာပါ"
"တစ်ယောက်တည်းလား...?"
သူမ စကားပြောင်းလိုက်သည်။ သူ ဘယ်နှစ်ကြိမ်တောင် စစ်ဆေးစစ်ဆေး ဝီဆောအာမှာ တစ်ယောက်တည်းသာ ရှိနေသည်။ ထို့ကြောင့် သူမ လိမ်ပြောနေသည်ဟု မထင်ရပေ။ မူယွန်း အတွေးများထဲတွင် နစ်ဝင်နေစဉ် ဝီဆောအာက သူ့ကို တစ်ခုခု မေးလိုက်သည်။
"အစ်ကိုကြီး မူယွန်းက တည်းခိုဆောင်ကို ပြန်မလို့လား? သခင်လေးက စောစောက အစ်ကိုကြီးကို လိုက်ရှာနေတာ"
"အိုး...!"
သူ နောက်ထပ် အမှားတစ်ခု လုပ်မိလိုက်ပြန်ပြီဟု ခံစားလိုက်ရသည်... သူ၏ ခံစားချက်များကို ဖုံးကွယ်ရင်း မူယွန်းက ဝီဆောအာကို အပြုံးပါးပါးလေးဖြင့် ပြန်ဖြေလိုက်သည်။
"ဒီနေ့ လေ့ကျင့်နေလို့ ကိုယ့်အလုပ်ကို အာရုံမစိုက်မိဘူး။ သခင်လေးကို သွားပြီး တောင်းပန်လိုက်ပါ့မယ်"
"ဟင်? မဟုတ်ပါဘူး၊ သခင်လေးက ဒါ မူယွန်းမို့လို့ ရပါတယ်လို့ ပြောပြီး တခြား ဘာမှမပြောပါဘူး!"
သူမသည် ဂူယန်ချွန်း၏ အမူအရာကို တုပရန် ကြိုးစားနေပုံမှာ အတော်လေး ချစ်စရာကောင်းလှသည်။ မူယွန်းသည် သူမအား ချစ်စရာကောင်းသော ညီမလေးတစ်ဦးကဲ့သို့ သဘောထားကာ ခေါင်းကို ပွတ်ပေးရန် လက်ကို ဆန့်ထုတ်လိုက်သော်လည်း သူမ၏ ခေါင်းပေါ်သို့ လက်မရောက်ခင်မှာပင် ရပ်တန့်လိုက်သည်။ ဝီဆောအာသည် လူတိုင်းအပေါ် ကောင်းမွန်သော်လည်း အခြားသူများကို သူမ ကျော်ဖြတ်ခွင့်မပြုသော စည်းတစ်ခုကို ထားရှိကြောင်း ထင်ရှားလှသည်။ အထူးသဖြင့် သူမ၏ ခေါင်းကို ပွတ်ရန် ကြိုးစားလျှင် သူမ အလွန် မုန်းတီးတတ်သည်။ ဝီဆောအာက သူမ၏ ခေါင်းကို ပွတ်ခွင့်ပြုထားသော သူများမှာ အကြီးအကဲဝီနှင့် ဂူယန်ချွန်းတို့သာဖြစ်ကြောင်း မူယွန်း သိထားသဖြင့် မလိုအပ်သော အလုပ်ကို မလုပ်မိခင် ရပ်တန့်လိုက်ခြင်း ဖြစ်သည်။ အခြေအနေမှာ အနည်းငယ် အနေရခက်သော ဘက်သို့ ဦးတည်တော့မည့်အချိန်တွင် ဝီဆောအာက မူယွန်းကို မေးလိုက်သည်။
"ဒါဆို အခု တည်းခိုဆောင်ကို ပြန်မှာလား?"
သူ ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်တယ်၊ ဒီနေ့ အနားယူတာ အချိန်အများကြီး ကြာသွားပြီဆိုတော့ ပြန်သင့်ပြီ"
ထို့နောက် ဝီဆောအာ ကိုင်ထားသော သစ်သားဓားလေးကို လှမ်းကြည့်ကာ သူက သတိထားပြီး မေးလိုက်သည်။ "ဟို... အစေခံမလေး ဝီ..."
"ရှင်?"
"ဘာကြောင့် ရုတ်တရက်ကြီး ဓားကိုကိုင်ပြီး လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်တာလဲ?"
သူ့မေးခွန်းကြောင့် သူမ ချက်ချင်းပင် မျက်တောင်တခတ်ခတ် လုပ်ကာ မည်သို့ပြန်ဖြေရမည်ကို အကြာကြီး စဉ်းစားနေသည်။ အဖြေတစ်ခုရရန် သိပ်မကြာလိုက်ပေ။
"သခင်လေးက ဒဏ်ရာတွေ ပိုပိုပြီး ရလာတာကိုး။ သူ အမြဲတမ်း အနိုင်ကျင့်ခံနေရတယ်လို့ ကျွန်မ ထင်တယ်"
သေးငယ်သော အခြစ်အရာလေးများမှစ၍ အစောပိုင်းက အန္တရာယ်ရှိသော ဖြစ်ရပ်တွင် ရရှိခဲ့သည့် ပြင်းထန်သော ဒဏ်ရာအထိ ဂူယန်ချွန်း ထိုကဲ့သို့ သနားစဖွယ် အခြေအနေတွင် ရှိနေသည်ကို မြင်ရသောအခါ သူမ၏ ရင်ဘတ်မှာ ကွဲထွက်တော့မတတ် ခံစားရသည်။ သူ ထိုမျှအထိ ဒဏ်ရာမရခဲ့သော်လည်း ဖြစ်သည်။ ဝီဆောအာသည် ထိုခံစားချက်ကို လုံးဝ မုန်းတီးသည်။ ထိုမြင်ကွင်းကို မြင်ရသောအခါ သူမ မည်မျှ အပြင်းအထန် နာကျင်ရသည်ကို မုန်းတီးသလို၊ ဂူယန်ချွန်းအနေဖြင့် ထိုဒဏ်ရာများကြောင့် မည်မျှ နာကျင်နေမည်ကို တွေးမိသောအခါ ပို၍ပင် မုန်းတီးမိသည်။
"ဒါကြောင့် ကျွန်မ သူ့ကို ကာကွယ်ပေးချင်တယ်"
သူမသည် ဘာမှမဟုတ်သကဲ့သို့ ပြောလိုက်သော ထိုစကားများကို ကြားပြီးနောက် မူယွန်းမှာ စကားပင် မဆိုနိုင်တော့ပေ။ ဝီဆောအာသည် ဂူယန်ချွန်းကို နှစ်သက်ကြောင်း အစေခံအားလုံး သိကြသည်မှာ လူတိုင်းအတွက် အလွန် သိသာလွန်းနေပြီ ဖြစ်သည်။ သို့သော်လည်း သူ၏ စိတ်ထဲတွင် သံသယများ ရှိနေဆဲပင်။ သူမ စောစောက ပြသခဲ့သော လှုပ်ရှားမှုများသည် ဓားသိုင်းလမ်းစဉ်ရှိ သိုင်းပညာရှင်တစ်ဦးဖြစ်သည့် သူ့ကိုပင် တုန်လှုပ်စေရန် လုံလောက်သော အစွမ်းရှိသော်လည်း 'နောက်ဆုံးတော့ သူမဟာ အစေခံတစ်ယောက်ပဲလေ'
သူ၏ စိတ်ထဲတွင် ရုတ်တရက် ဝင်လာသော ထိုအတွေးကြောင့် သူ သွားကို ကြိတ်လိုက်မိသည်။ သူသည် မိမိကိုယ်တိုင်ပင် သတိမထားမိဘဲ ဝီဆောအာကို အထင်အမြင်သေးနေမိပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူမကမူ မူယွန်း၏ ခေါင်းထဲတွင် ဘာတွေဖြစ်ပျက်နေမှန်း မသိဘဲ ဆက်လက် ပြုံးနေဆဲပင်။ နောက်တစ်ခဏတွင် သူမက တောက်ပသော အသံဖြင့် ပြောလိုက်သည်။
"ကျွန်မလည်း ဆင်းတော့မယ်! သခင်လေး ကျွန်မကို စောင့်နေတော့မှာပဲ"
သူမသည် သစ်သားဓားကို ကောက်ယူကာ တည်းခိုဆောင်ဆီသို့ စတင် လျှောက်သွားခဲ့သည်။ မူယွန်းသည် ထွက်ခွာသွားသော ဝီဆောအာ၏ ကျောပြင်ကို လှမ်းကြည့်လိုက်သည်။ 'မင်းဟာ တကယ်ကို သနားစရာကောင်းတဲ့ မူယွန်းပဲ။ မင်းကိုယ်တိုင် မအောင်မြင်နိုင်တဲ့ အရာကို တခြားသူတွေလည်း မအောင်မြင်နိုင်ဘူးလို့ ထင်နေတာလား'
ဝီဆောအာ ထိုစကားများကို ပြောလိုက်စဉ်က သူမသည် အမှန်အတိုင်း ပြောနေခြင်းဖြစ်ကြောင်း သူ ကောင်းစွာ သိသော်လည်း သူမအပေါ်တွင် အပျက်သဘောဆောင်သော အတွေးများ ရှိနေဆဲပင်။
'နိုးထစမ်း။ မင်း သွားရဦးမယ့် လမ်းက အဝေးကြီး ကျန်သေးတယ်'
သူသည် ဤကဲ့သို့သော နေရာမျိုးတွင် ပြိုလဲမသွားနိုင်ပေ။ ထိုအတွေးဖြင့် မူယွန်းသည် သူ၏ စိတ်ကူးယဉ်မှုများထဲမှ နိုးထလာခဲ့သည်။
ဖူး...
သူသည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး ထိုသက်ပြင်းနှင့်အတူ စိတ်ထဲတွင် ရှိနေသော အပျက်သဘောဆောင်သည့် အတွေးများအားလုံးကို စွန့်ထုတ်လိုက်သည်။ သို့သော် ထိုအချိန်တွင် ပျော်ရွှင်စွာ ခုန်ပေါက် ထွက်ခွာသွားသော ဝီဆောအာသည် သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လှည့်ပြန်လာကာ မူယွန်းထံသို့ ပေါ့ပါးပြီး ခန့်ညားသော အမူအရာဖြင့် လျှောက်လာခဲ့သည်။
"...အစေခံမလေး ဝီ?"
မူယွန်းအနေဖြင့် နောက်သို့ ဆုတ်လိုက်ရန်မှတစ်ပါး အခြားမရှိပေ။ လွန်ခဲ့သော ခဏက တောက်ပသော အပြုံးလေး ရှိနေသည့် သူမ၏ မျက်နှာမှာ မရှိတော့ဘဲ အေးစက်ပြီး ခံစားချက်မရှိသော အမူအရာဖြင့် အစားထိုးလိုက်ပြီ ဖြစ်သည်။
"တော်ပြီ"
"ဗျာ?"
သူ ကြားလိုက်ရသော အသံမှာ ပုံမှန်ထက် ပို၍ နက်ရှိုင်းနေသည်။ အခု ဘာတွေဖြစ်နေတာလဲဟု သူ တွေးတောနေမိသည်။ သူ၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ သူမက ဆက်ပြောလိုက်သည်။
"မင်း ဘာလုပ်ရမယ်ဆိုတာ မင်း သိနေပုံရတယ်၊ ဒါကြောင့် အဲဒါနဲ့ ပတ်သက်ပြီး ငါ ဘာမှ ပြောစရာ မရှိဘူး"
သူမ၏ သေးငယ်ပြီး ဖြူစင်သော လက်ကလေးများက သူ၏ ရင်ဘတ်ကို ထိလိုက်သည်။ မူယွန်းသည် သူမ၏ အထိအတွေ့မှ ရှောင်ထွက်ရန် ကြိုးစားသော်လည်း သူကိုယ်တိုင် မသိသော အကြောင်းရင်းကြောင့် သူ၏ ခန္ဓာကိုယ်မှာ အေးခဲသွားသကဲ့သို့ ဖြစ်နေသည်။ ဝီဆောအာသည် သူ၏ မျက်နှာကိုပင် ကြည့်ခြင်းမရှိဘဲ သူ၏ ရင်ဘတ်ကိုသာ စိုက်ကြည့်ရင်း ထိုထူးဆန်းသော နက်ရှိုင်းသည့် အသံဖြင့် သူ့ကို ပြောလိုက်သည်။
"နေရာတစ်ခုတည်းမှာ ပိတ်မိမနေနဲ့၊ တချို့အချိန်တွေမှာ မင်းဟာ အင်အားသုံးပြီး ဖောက်ထွက်ပစ်လိုက်ရုံပဲ"
ဒုန်း
သူမ၏ နုနယ်သော လက်ကလေးများဖြင့် တွန်းထုတ်လိုက်သောကြောင့် သူ နောက်သို့ တစ်လှမ်း ဆုတ်လိုက်ရသည်။ ရုတ်တရက် သူ၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်သော ရိုက်ခတ်မှုတစ်ခု ကျရောက်လာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသကဲ့သို့ ခံစားလိုက်ရသည်။
"အု..."
ဒါက အလစ်အငိုက် တိုက်ခိုက်တာလား...? ၎င်းမှာ မူယွန်း၏ ပထမဆုံး အတွေးပင် ဖြစ်သည်။ သူမ ဘာလို့ အဲဒီလို လုပ်တာလဲ? သူသည် လက်ရှိ အခြေအနေကြောင့် လုံးဝ ဇဝေဇဝါ ဖြစ်နေသော်လည်း ပင်ကိုအသိစိတ်အရ သူ၏ ချီအတွင်းအားကို အသုံးပြုရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့နေသော ထိုအားအင်မှာ ရုတ်တရက် ရောက်လာသကဲ့သို့ပင် ရုတ်တရက် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ သတိပြန်ဝင်လာသောအခါ မူယွန်းသည် သူ၏ ရင်ဘတ်ကို လျင်မြန်စွာ ပွတ်သပ်လိုက်မိသည်။
"မင်း ဘာလို့ ရုတ်တရက်ကြီး—!"
သူ အပြစ်တင်ရန် ကြိုးစားလိုက်သော်လည်း ဝီဆောအာသည် သူမ၏ ပုံမှန်အတိုင်း တောက်ပသော အပြုံးဖြင့် သူ့ကို ကြည့်နေသည်ကို သတိထားမိလိုက်သည်။ သူမက အပြုံးမပျက်ဘဲ သူ့ကို ပြောလိုက်သည်။
"အဲဒါက သူမက အစ်ကိုကြီးကို ပြောခိုင်းလိုက်တာပါ!"
"...ဘယ်သူလဲ?"
သူမ ပြန်မဖြေပေ။ သူမသည် တည်းခိုဆောင်ဆီသို့ ပြေးသွားပြီး မကြာမီပင် သူ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားတော့သည်။
"...?"
ထိုထူးဆန်းသော ဖြစ်ရပ်ကို ကြုံတွေ့ပြီးနောက် သူ၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်မှုများ အရောင်ဆိုးသွားခဲ့သည်။ ဒါက ပြက်လုံးတစ်ခုလား? ဝီဆောအာသည် ထိုကဲ့သို့ သရုပ်ဆောင်နိုင်သည်ကို သူ မသိခဲ့ပေ။ ထိုအတွေးဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချရင်း သူမ ယခုလေးတင် ပြောသွားသော နောက်ဆုံးစကားများကို ပြန်လည် ဆင်ခြင်နေမိသည်။
'ဖောက်ထွက်ပစ်လိုက်ပါ ဆိုတာ ဘာကို ဆိုလိုတာလဲ'
သူမသည် သူ့ကို စနောက်နေခြင်းသာ ဖြစ်သည်ဟု သူ ယုံကြည်ခဲ့သော်လည်း ထိုစကားများကို သူ အကျိုးရှိရှိ အသုံးချနိုင်လိမ့်မည်ဟူသော ခံစားချက်မျိုး စိတ်ထဲတွင် ကျန်ရစ်နေဆဲပင်။ သူသည် ထိုစကားများကြောင့် သိုင်းပညာ၏ အနှစ်သာရကို သိမြင်နားလည်နိုင်မလားဟု တွေးတောရင်း ခြေလှမ်းများကို ရပ်တန့်လိုက်သော်လည်း ထိုအတွေးများကို မောင်းထုတ်ရန် ခေါင်းကို ခါယမ်းလိုက်သည်။
"ဒီလောက်လွယ်လွယ်နဲ့ အနှစ်သာရကို သိမြင်နိုင်မယ်ဆိုရင်... ငါ အခုလို စိတ်ပူနေစရာ မလိုပါဘူး"
သို့သော်လည်း ထိုသို့ပြောပြီးနောက် ဝီဆောအာ၏ စကားများကြောင့် သူ၏ စိတ်ထဲတွင် ရှုပ်ထွေးနေသော အတွေးအားလုံးမှာ လွင့်စင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုသို့ သတိပြုမိလိုက်ခြင်းအပေါ် ကျေနပ်စွာဖြင့် သူမ၏ နောက်မှ လိုက်ကာ တည်းခိုဆောင်သို့ ဦးတည်သွားခဲ့သည်။
"...ဒါက ဘာလဲ?"
ကြမ်းပြင်ပေါ်တွင် ထိုင်နေရင်း ဝီဆောအာ တည်းခိုဆောင်သို့ ပြန်လာသည်ကို မြင်လိုက်ရပြီး သူမ၏နောက်မှ မူယွန်းမှာလည်း မကြာမီပင် ရောက်လာခဲ့သည်။ ဟုန်းဝါအား သူမ ဘယ်ရောက်နေသနည်းဟု မေးမြန်းသောအခါ သူမ လမ်းလျှောက်ထွက်သွားကြောင်း ပြန်ဖြေခဲ့သည်။ သူမ၏ အဖြေကို ကြားပြီးနောက် ဝီဆောအာအား ဤမျှ ညဉ့်နက်သည်အထိ အပြင်သို့ အဘယ်ကြောင့် လွှတ်လိုက်သနည်းဟု ကျွန်ုပ် မနေနိုင်မထိုင်နိုင် အပြစ်တင်မိသည်။ ကျွန်ုပ်ကိုယ်တိုင် အပြင်ထွက်၍ သူမကို ပြန်ခေါ်ရန် တွေးနေမိသော်လည်း... ကျွန်ုပ် မထွက်ခင်မှာပင် သူမ ပြန်ရောက်လာခဲ့သည်။ သို့သော်...
"တစ်ခုခု ဖြစ်ခဲ့လို့လား?"
သူမ၏နောက်မှ ပြန်ရောက်လာသော မူယွန်းမှာ အနည်းငယ် ထူးဆန်းနေပုံရသည်။ သူ၏ စိတ်ထဲတွင် အတွေးများစွာ ရှိနေပုံရသည်ကို ဘေးဖယ်ထားလျှင်ပင်...
'ငါ မှားနေတာလား?'
သူ ခံစားနေရပုံမှာ အနည်းငယ် ထူးဆန်းနေသည်... ငါ ပင်ပန်းနေလို့ အဲဒီလို ခံစားနေရတာလား? ထို့နောက် သူသည် ကျွန်ုပ်၏ ရှိနေမှုနှင့် သူ့ထံသို့ စိုက်ကြည့်နေသော ကျွန်ုပ်၏ အကြည့်ကို သတိပြုမိပြီး ကျွန်ုပ်ထံသို့ လျှောက်လာခဲ့သည်။
"...တောင်းပန်ပါတယ်"
"ဟင်? ဘာအတွက်လဲ?"
"ကျွန်တော် သခင်လေးကို မပြောဘဲ တစ်ရက် အနားယူခဲ့မိလို့ပါ။ နောက်ကို ဒီလိုမျိုး ဘယ်တော့မှ မဖြစ်စေရပါဘူး"
အိုး၊ အဲဒါကြောင့်ပဲလား?
"မင်းလည်း တစ်ခါတလေ အနားယူသင့်ပါတယ်၊ ပြီးတော့ မင်း အနားယူနေပေမဲ့လည်း လေ့ကျင့်နေခဲ့မှာပါပဲ၊ ဟုတ်တယ်မလား?"
"..."
"မင်း ဘာမှပြန်မပြောတာကြည့်ရင် ငါပြောတာ မှန်ပုံရတယ်။"
မူယွန်း၏ အတွေးများနှင့် ခံစားချက်များကို ကျွန်ုပ် စတင် နားလည်လာပြီဟု ခံစားရသော်လည်း ကျွန်ုပ်အနေဖြင့် သူ့ကို ကူညီနိုင်မည့် နည်းလမ်း မရှိပေ။
'ဒါက ယွန်ဖုန်းရဲ့ အခြေအနေနဲ့တော့ နည်းနည်း ကွဲပြားပုံရတယ်'
ယွန်ဖုန်း၏ တိုးတက်မှုကို တားဆီးနေသော တံတိုင်းမှာ သူ၏ ဂုဏ်ယူဝင့်ကြွားမှုဖြစ်လျှင် ၎င်းကို ဖြေရှင်းရန်မှာ ထိုဝင့်ကြွားမှုကို ခြေမွပစ်လိုက်ရန်သာ ဖြစ်သည်— အတိတ်တုန်းက ကျွန်ုပ် လုပ်ခဲ့သကဲ့သို့ပင်။ သို့သော် မူယွန်း ရင်ဆိုင်နေရသော တံတိုင်းမှာမူ သူကိုယ်တိုင် ကျော်ဖြတ်ရမည့် အရာတစ်ခု ဖြစ်သည်။
"မင်း လိုအပ်တယ်လို့ ခံစားရရင် နောက်ထပ်လည်း အနားယူပါဦး"
"...မဟုတ်တာပဲ"
"ကောင်းပြီလေ"
မနက်ဖြန်မှစ၍ အလုပ်ကို သေချာ ပြန်လုပ်မည်ဖြစ်ကြောင်း ကျွန်ုပ်ကို အသိပေးပြီးနောက် မူယွန်း ထွက်ခွာသွားခဲ့သည်။ သူသည် ယခု ညကင်းစောင့်ရန် သွားနေသည်ဟု ကျွန်ုပ် ယူဆလိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုကို မြင်လိုက်ရသဖြင့် ကျွန်ုပ် အနည်းငယ် စိုးရိမ်မိသည်။ အခြေအနေက အန္တရာယ်ရှိလောက်အောင် ဆိုးရွားနေတာလား?
'နောက်မှ အချိန်ရရင် အဲဒါကို စမ်းကြည့်ရမယ်'
သူ၏ တိုးတက်မှုကို တားဆီးနေသော တံတိုင်းကို ကျွန်ုပ် မဖြိုခွဲနိုင်သော်လည်း နည်းလမ်းတစ်ခုခု သို့မဟုတ် အနည်းငယ်မျှသော အတိုင်းအတာဖြင့် ကျွန်ုပ် သူ့ကို ကူညီနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ အခြားသူဆိုလျှင် ကျွန်ုပ် ဤကဲ့သို့ ဂရုစိုက်မည်မဟုတ်သော်လည်း မူယွန်းဖြစ်နေသောကြောင့် အနည်းငယ်မျှ ကူညီပေးခြင်းမှာ မှန်ကန်သည်ဟု ကျွန်ုပ် ခံစားမိသည်။
'သူ့ရဲ့ ပါရမီတွေက မပွင့်လန်းဘဲ ဖြုန်းတီးပစ်ဖို့ဆိုရင် အတော်လေး နှမြောစရာကောင်းတယ်၊ ဟုတ်တယ်မလား?'
ထို့ကြောင့် အနာဂတ်အတွက် တွေးတောကာ ယခုအချိန်တွင် သူ့ကို အနည်းငယ် ကူညီပေးခြင်းမှာ ကောင်းမွန်သော အရာတစ်ခု ဖြစ်ပေလိမ့်မည်။ ကျွန်ုပ်၏ အတွေးများကို အဆုံးသတ်လိုက်စဉ်တွင် ဝီဆောအာသည် ကိုယ်လက်သန့်စင်ပြီးနောက် ကျွန်ုပ်ထံသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။
"သခင်လေး!"
"...မင်း"
ညဉ့်နက်သည်အထိ အပြင်သို့ တစ်ယောက်တည်း ထွက်သွားသည့်အတွက် သူမကို ဆူပူရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် ထိုစကားများကို ပြန်လည် မြိုသိပ်လိုက်ရသည်။
"ကျွန်မ ဒီညလည်း ကြိုးကြိုးစားစား လုပ်ခဲ့ပါတယ်!"
"...အေးပါ၊ တော်တယ်"
သူမအား ထိုသို့ ပြန်လည် တုံ့ပြန်လိုက်ရင်း ကျွန်ုပ်၏ အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူကာ သူမထံသို့ ကမ်းပေးလိုက်သည်။
"...ဟင်?"
ကျွန်ုပ်၏ လက်ထဲတွင် ရှိနေသော ပစ္စည်းကို မြင်လိုက်ရသောအခါ ဝီဆောအာ၏ မျက်လုံးလေးများမှာ ဝိုင်းစက်သွားတော့သည်။ အကြောင်းပြချက်မရှိဘဲ ရှက်သကဲ့သို့ ခံစားရသဖြင့် ကျွန်ုပ်သည် သူမနှင့် မျက်လုံးချင်းဆုံခြင်းကို ရှောင်လွှဲရင်း ပြောလိုက်သည်။
"အဲဒါက ဘာမှမဟုတ်ပါဘူး၊ မင်း ကြိုးစားပမ်းစား လုပ်နေတာမို့လို့ ပေးတာပါ"
၎င်းမှာ ဖြူစင်သော အလင်းရောင်များဖြင့် တောက်ပနေသော ဆံပင်ကလစ်လေးတစ်ခု ဖြစ်သည်။ ကျွန်ုပ်သည် နမ်ဂေါင်းဘီအာ၊ ဝီဆောအာတို့နှင့်အတူ ဟွာယင်၏ ဈေးသို့ သွားခဲ့စဉ်က ထိုပစ္စည်းကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ နမ်ဂေါင်းဘီအာအတွက်လည်း တစ်ခု ဝယ်ခဲ့သော်လည်း သူမကို ပေးရန် အခွင့်အရေး မရသေးပေ။
"ကျွန်... ကျွန်မကို ပေးတာလား?"
"မင်း မလိုချင်ဘူးလား? ဒါဆို တခြားသူကိုပဲ ပေးလိုက်—"
"ဟင့်အင်းးးးး!"
သူမသည် ကျွန်ုပ်၏ လက်ထဲမှ ဆံပင်ကလစ်ကို လျင်မြန်စွာ ဆွဲယူသွားတော့သည်။ ထို့နောက် ဤဘဝတွင် ကျွန်ုပ် ပထမဆုံး ပေးအပ်သော လက်ဆောင်ကို ပိုက်ပွေ့ထားရင်း လူအသကဲ့သို့ တခိခိ ရယ်မောနေတော့သည်။ သူမ၏ တုံ့ပြန်မှုမှာ ကျွန်ုပ် မျှော်လင့်ထားသည်ထက် ပို၍ ကောင်းမွန်နေသဖြင့် ကျွန်ုပ်၏ မျက်နှာတွင် အံ့သြမှုများ အရောင်ဆိုးသွားခဲ့သည်။ ဒါက တကယ်ပဲ သူမကို ဒီလောက်အထိ ပျော်ရွှင်အောင် လုပ်နိုင်တဲ့အရာလား? ဒါက ဈေးပေါတဲ့ ဆံပင်ကလစ်လေးတစ်ခုပဲဟာကို။ ၎င်းက ကျွန်ုပ်အား အကြီးအကဲရှင်ထံမှ ဤကိစ္စနှင့် ပတ်သက်၍ အကြံဉာဏ်အချို့ တောင်းချင်စိတ် ပေါ်လာစေသည်။
'...အကြီးအကဲရှင်က ဒီလိုကိစ္စမျိုးအတွက် ငါ့ကို အော်ငေါက်နေမလား?'
သူ သေချာပေါက် အဲဒီလို လုပ်မှာပဲဟု ကျွန်ုပ် ခံစားမိသည်။ ဝီဆောအာသည် သူမရရှိသော လက်ဆောင်ကို ဘာလုပ်ရမည်နည်းဟု စဉ်းစားနေပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ သူမ၏ ကြီးမားသော မျက်လုံးလေးများဖြင့် ကျွန်ုပ်ကို စိုက်ကြည့်လာသည်။ ထိုအကြည့်ကြောင့် ဖိအားပေးခံရသကဲ့သို့ ခံစားရသဖြင့် ကျွန်ုပ်သည် မျက်လုံးချင်းဆုံခြင်းကို ရှောင်လွှဲရင်း သူမအား မေးလိုက်ရတော့သည်။
"ဘာလို့ အဲဒီလိုကြီး စိုက်ကြည့်နေတာလဲ?"
"သခင်လေး"
"အင်း...?"
"သခင်လေးရဲ့ ပါးကို နမ်းလို့ရမလား?"
"ဘာ— ဘာပြောတယ်?"
"ကျေးဇူးတင်ပါတယ်!"
"နေဦး—! ငါ ဘာမှ မပြောရသေး—"
သေချာ ပြန်စဉ်းစားကြည့်လျှင် ဝီဆောအာသည် ကျွန်ုပ် စကားကို မည်သည့်အခါမျှ နားထောင်ခဲ့သည် မဟုတ်ပေ။
ထို့နောက် နောက်တစ်နေ့တွင်မူ...
ဟွာတောင်ဂိုဏ်း၏ နှစ်ပတ်လည် ပွဲတော်— သိုင်းပြိုင်ပွဲ ကျင်းပမည့်နေ့သည် ကျွန်ုပ်တို့ထံသို့ ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။