အခန်း (၈၉) ကုသမှု(၂)
ကျွန်ုပ် ထိုင်စောင့်နေပြီး မကြာမီမှာပင်(ဇွန်ပန်းပွင့်) ဇီးသီးပွင့်ဓားရှင်သည် နိုးလာပြီး သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
“မင်း ဒဏ်ရာရသွားတယ်လို့ ကြားတယ်... ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ ပြန်သက်သာလာပုံရတယ်နော်။”
ဇီးသီးပွင့်ဓားရှင်က ခြောက်သွေ့သော လေသံဖြင့် ပြောသည်။ သူမ၏ စိုးရိမ်တကြီး ပြောဆိုသော စကားများအပေါ် ကျွန်ုပ် လုပ်နိုင်သည်မှာ ခေါင်းညိတ်ပြရန်သာ ရှိသည်။ သူမကို ဘာပြန်ပြောရမှန်း မသိတော့ပေ။ သူမ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော မိစ္ဆာချီ အစအနများကို မြင်လိုက်ရပြီးနောက် ကျွန်ုပ်၏ အတွေးများက ရှုပ်ထွေးနေပြီး ထိုအကြောင်းကို ဖုံးကွယ်ထားရန် အစွမ်းကုန် ကြိုးစားနေရသည်။
“တကယ်လို့ မင်းသာ အပြင်းအထန် ဒဏ်ရာရသွားရင် ငါ အရမ်းဝမ်းနည်းမိမှာ။ အခုလို သက်သာသွားတာ တော်သေးတာပေါ့...”
“...ကျွန်တော့်အတွက် စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။”
“မဟုတ်တာ... မင်းကိုယ်တိုင်လည်း အလုပ်ရှုပ်နေမှာဖြစ်သလို ဒဏ်ရာကလည်း လုံးဝမပျောက်သေးဘဲနဲ့ အခုလို အဝေးကြီးကို လာခိုင်းမိတဲ့အတွက် ငါကပဲ တောင်းပန်ရမှာပါ။”
“ကိစ္စမရှိပါဘူး။ မသေဆေးနတ်မင်းက ကျွန်တော့်ကို အခုဆို လွတ်လွတ်လပ်လပ် သွားလာလို့ရပြီလို့ ပြောထားလို့ပါ။”
ကျွန်ုပ် စကားပြောနေရင်း သူမကို မကြည့်မိစေရန် အတတ်နိုင်ဆုံး ရှောင်လွှဲနေမိသည်။
'အဲဒီ မိစ္ဆာချီက အရမ်းကို သိပ်သည်းလွန်းတယ်။'
ထိုစွမ်းအင်မှာ ယာယောလ်ဂျော့ ထံတွင် ရှိခဲ့သော မိစ္ဆာချီနှင့် နှိုင်းယှဉ်၍မရအောင်ပင် သိပ်သည်းပြီး နက်ရှိုင်းလှသည်။ ၎င်းမှာ ကောင်းကင်မိစ္ဆာ၏ ချီနှင့် အလွန်တူညီနေသည်... တူညီလွန်းလှသဖြင့် တစ်ခုတည်းဟု ပြောလျှင်ပင် ယုံမှားဖွယ်မရှိပေ။ ကျွန်ုပ် အထင်မှားစရာ အကြောင်းမရှိ။
'ဒါကပဲ ဓားသခင်မရဲ့ ကျန်းမာရေးကို ယိုယွင်းပျက်စီးစေတဲ့ အကြောင်းရင်းလား။'
ဒါပေမဲ့... အကယ်၍ ထိုမိစ္ဆာချီက သူမကို သေစေလောက်အောင် ဒုက္ခပေးနေတာမှန်ရင်၊ ဓားသခင်မရဲ့ ကိုယ်ထဲမှာ ဒါမျိုးက ဘာလို့ အစကတည်းက ရှိနေရတာလဲ။ ကျွန်ုပ်၏ အတိတ်ဘဝက တစ်ခါမျှ မမြင်ဖူး၊ မကြားဖူးခဲ့သော အရာအသစ်များကို အခုမှ သိမြင်နေရသည်။ ဓားသခင်မက အခုအချိန်ကတည်းက ကောင်းကင်မိစ္ဆာနဲ့ ဆုံတွေ့ခဲ့ပြီးပြီလား။
မိစ္ဆာချီ ရိုက်သွင်းခံရရုံနှင့် လူတိုင်း မိစ္ဆာလူသားအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်တော့ မဟုတ်ပေ။ ယာယောလ်ဂျော့နှင့် မှောင်မိုက်နန်းတော်မှ လူများက သာဓကပင်။ အခု ကျွန်ုပ်ရှေ့မှ ဓားသခင်မကလည်း နောက်ထပ် သက်သေတစ်ခု ဖြစ်သည်။
သို့သော် ယာယောလ်ဂျော့နှင့် ဓားသခင်မကြား အဓိကကွာခြားချက်မှာ ယာယောလ်ဂျော့သည် မိစ္ဆာချီကို တဖြည်းဖြည်းချင်း လက်ခံပြီး မိစ္ဆာလူသားအဖြစ် ပြောင်းလဲသွားခြင်းဖြစ်သော်လည်း၊ ဓားသခင်မမှာမူ သူမ၏ ခန္ဓာကိုယ်အတွင်း သောင်းကျန်းနေသော မိစ္ဆာချီကို လက်ခံရန် ငြင်းဆန်နေခြင်းပင် ဖြစ်သည်။
'အဲဒီအရာက သူမကိုယ်ထဲမှာ သောင်းကျန်းနေတာတောင် အပြင်ပန်းမှာ ပုံမှန်အတိုင်း ဖြစ်နေအောင် ထိန်းထားနိုင်တယ်ဆိုတော့...'
ဓားသခင်မသည် တရားစောင့်ဂိုဏ်းဝင်တစ်ဦး ဖြစ်သောကြောင့် သူမ၏ အတွင်းအားမှာ စင်ကြယ်မည်မှာ သေချာသော်လည်း၊ ထိုစင်ကြယ်သော ချီများပင်လျှင် မိစ္ဆာချီ၏ ဝါးမြိုမှုကို ခံနေရပုံပေါ်သည်။ သူမကို ကြည့်ရုံဖြင့် ကျွန်ုပ် သိနိုင်သည်။ ဓားသခင်မသည် သောင်းကျန်းနေသော မိစ္ဆာချီကြောင့် အားအင်ချည့်နဲ့နေရခြင်းက ကျွန်ုပ်ကဲ့သို့ အဆင့်အတန်းရှိသူတစ်ဦးအတွက် သူမကို အကဲခတ်နိုင်ရန် အခွင့်အရေး ပေးသကဲ့သို့ ဖြစ်နေသည်။
ဓားသခင်မတွင် ချီအင်အား များများစားစား မကျန်တော့ပေ။ ထိုသို့ ချီအင်အား ကုန်ခမ်းလုနီးပါး ဖြစ်နေချိန်တွင်ပင် ဓားသခင်မသည် သောင်းကျန်းနေသော မိစ္ဆာချီကို ရင်ဆိုင်ရင်း အသည်းအသန် ခုခံနေဆဲ ဖြစ်သည်ကို ကျွန်ုပ် မြင်နိုင်သည်။ ထိုသို့ နာကျင်လှသော ဖြစ်စဉ်ကို ဖြတ်သန်းနေရသော်လည်း ဓားသခင်မသည် တစ်ချက်ကလေးမျှ မျက်မှောင်မကြုတ်ပေ။ သူမ အပြင်းအထန် ခံစားနေရသော်လည်း ဖြစ်သည်။
ကျွန်ုပ်က သူမကို အကဲခတ်နေစဉ်မှာပင် ကျွန်ုပ်ကို ကြည့်နေသော ဓားသခင်မက စိတ်ပျက်အားငယ်ဟန်ဖြင့် ရုတ်တရက် စကားဆိုလာသည်။
“မင်းကို ဒီထက်စောစောလေး ဆုံခဲ့ရင် တကယ်ကောင်းမှာပဲ။ အခုတော့ မင်းကို ထမင်းတစ်နပ်တောင် မကျွေးနိုင်တော့တဲ့အတွက် ငါ တောင်းပန်ပါတယ်...”
“...လုံးဝ ကိစ္စမရှိပါဘူးခင်ဗျာ။”
ဓားသခင်မက တတွတ်တွတ် တောင်းပန်နေသည်။ သူမသည် ကျွန်ုပ်အပေါ် ဘာကြောင့် အားနာနေရသည်ကို ကျွန်ုပ် မသိပေ။ သူမက ကျွန်ုပ်၏ မိခင်နှင့် သူငယ်ချင်းဖြစ်သည်ကို နားလည်သော်လည်း၊ သူမနှင့် ကျွန်ုပ်မှာ လူစိမ်းများသာ ဖြစ်ကြသည်။ သို့သော်လည်း သူမသည် ဂူရွန်ဟွာကို တာဝန်ယူပြီး စောင့်ရှောက်ပေးခဲ့သည်။ ထိုအချက်နှင့်တင် ကျွန်ုပ် ကျေနပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တစ်ဦးတည်းသာ အရာအားလုံးကို တောင့်ခံနိုင်မည် ဖြစ်သောကြောင့်ပင်။
'...တကယ်တမ်းတော့ ကျွန်တော်လည်း မတောင့်ခံနိုင်ခဲ့ပါဘူး။'
ဓားသခင်မက ကျွန်ုပ်ကိုကြည့်ကာ အနည်းငယ် တွေဝေနေပြီးမှ စကားပြောလာသည်။
“...ငါ မင်းရဲ့ လက်ကို ခဏလောက် ကိုင်ထားလို့ ရမလား။”
“ကျွန်တော့်လက်ကိုလား။”
အစပိုင်းတွင် ရုတ်တရက် ဆန်နေသော်လည်း ခက်ခဲသော တောင်းဆိုချက်မဟုတ်သောကြောင့် ကျွန်ုပ်၏ လက်ကို သူမထံ ကမ်းပေးလိုက်သည်။ ကျွန်ုပ် လက်ကမ်းလိုက်စဉ် ဇီးသီးပွင့်ဓားရှင်၏ တွန့်လိပ်နေသော လက်ကို မြင်လိုက်ရသည်။
“ငါ့လက်တွေက တွန့်လိပ်နေတဲ့အတွက် တောင်းပန်ပါတယ်ကွယ်။”
'...ဒီလို သေးငယ်တဲ့ ကိစ္စလေးတွေအတွက်တောင် သူမ တကယ် တောင်းပန်နေစရာ မလိုပါဘူး။'
အခုချိန်မှာတော့ ဓားသခင်မက ကျွန်ုပ်ကို တောင်းပန်ဖို့ အကြောင်းပြချက်တွေကိုပဲ လိုက်ရှာနေသလို ခံစားရသည်။ ထိုသို့ တွေးနေရင်းနှင့်ပင် ကျွန်ုပ်သည် ဓားသခင်မ၏ လက်ကို ဂရုတစိုက် ဆုပ်ကိုင်လိုက်သည်။ ထိုအခါ ဓားသခင်မက ခါးသီးသော အပြုံးဖြင့် ပြောရှာသည်။
“ငါသာ... အခုထက် နည်းနည်းလောက် ပိုကျန်းမာခဲ့ရင် ကောင်းမှာပဲ။”
သူမ၏ ဘဝနေဝင်ချိန်သို့ နီးကပ်လာသောကြောင့် ခံစားချက်များကို တစ်ခုပြီးတစ်ခု လွှတ်ချနေသကဲ့သို့ ခံစားရသည်... ကျွန်ုပ်လည်း ထိုအခြေအနေတွင် ဘာပြန်ပြောရမှန်း မသိတော့ပေ။ ကျွန်ုပ် ဆိတ်ဆိတ်နေရမည်လား။ သို့မဟုတ် သူမ မည်သို့ပင်ဖြစ်နေပါစေ အဆင်ပြေပါသည်ဟု မြှောက်ပင့်ပြောဆိုရမည်လား။ ခဏမျှ စဉ်းစားပြီးနောက် ကျွန်ုပ် ဆိတ်ဆိတ်မနေသင့်ဟု ဆုံးဖြတ်ကာ တစ်ခုခုပြောရန် ပြင်လိုက်သည်။
ထိုအခိုက်အတန့်၊ ကျွန်ုပ် စကားပြောရန် ဆုံးဖြတ်လိုက်စဉ်မှာပင်...
– ရှဲ-!
“...!”
“အင့်...!”
ကျွန်ုပ် ဆုပ်ကိုင်ထားသော ဓားသခင်မ၏ လက်ကို မရမက ရုန်းထုတ်လိုက်ရသည်။ ထို့နောက်တွင် ဓားသခင်မသည် ကျွန်ုပ်၏ လက်နှင့် သူမ၏ လက်ကို အံ့အားသင့်စွာဖြင့် တလှည့်စီ ကြည့်နေတော့သည်။ သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော မိစ္ဆာချီမျိုးက ကျွန်ုပ်၏ ခန္ဓာကိုယ်အတွင်း၌လည်း စီးဆင်းနေသောကြောင့် သူမ အံ့ဩသွားသည်မှာ မဆန်းပေ။
'...ဒါက...'
ကျွန်ုပ်၏ ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာချီကို ခံစားမိပြီးနောက် ထိုအချက်ကို သိလိုက်ရသည်။ အတိတ်က ကျွန်ုပ်၏ ခန္ဓာကိုယ်ထဲရှိ မိစ္ဆာချီမှာ ယာယောလ်ဂျော့နှင့် ဆင်တူခဲ့သော်လည်း၊ အခု ကျွန်ုပ်ကိုယ်ထဲတွင် စီးဆင်းနေသော ချီမှာမူ ဆင်တူရုံတင်မကဘဲ... သူ၏ ချီပင် ဖြစ်နေသည်။
'...ငါ ဒါကို တကယ်ပဲ စုပ်ယူလိုက်တာလား။'
မိစ္ဆာကျောက်တုံးတွေကတင်မကဘဲ လူတွေဆီက မိစ္ဆာချီကိုပါ ငါ တကယ် စုပ်ယူနိုင်တာလား။
'ဒါကလည်း မိစ္ဆာဝါးမြိုခြင်း စွမ်းရည်ရဲ့ စွမ်းအားလား။'
တကယ်ပဲ အဲဒါလား။ အတိတ်ဘဝမှာ ဒါမျိုး တစ်ခါမှ မကြုံဖူးတာကြောင့် တစ်ခုခုတော့ ပြောင်းလဲသွားပြီ ဖြစ်ရမည်။ ဓားသခင်မထံမှ ကျွန်ုပ် အခုလေးတင် စုပ်ယူလိုက်သော မိစ္ဆာချီ အနည်းငယ်မှာ ကျွန်ုပ်၏ ဖျက်ဆီးခြင်းမီးလျှံ သိုင်းပညာကြောင့် လျင်မြန်စွာ စင်ကြယ်သွားသည်။ ယာယောလ်ဂျော့ထံမှ ကျွန်ုပ် စုပ်ယူခဲ့သော မိစ္ဆာချီမှာလည်း လုံးဝ စင်ကြယ်သွားပုံရသည်။
“ဒါက...”
အခုလေးတင် မြင်တွေ့လိုက်ရသော အဖြစ်အပျက်ကြောင့် ဓားသခင်မမှာ ဆွံ့အသွားရသည်။ ဘာဖြစ်သွားသည်ကို သူမ နားမလည်နိုင်ပုံရသည်။ ထိုအခါ ကျွန်ုပ် တွေးလိုက်မိသည်မှာ၊ အကယ်၍ ဓားသခင်မထံမှ မိစ္ဆာချီကို စုပ်ယူရန် တကယ်ဖြစ်နိုင်လျှင်...
'ဒါဆို ငါ လုပ်နိုင်လိမ့်မယ်...'
ဓားသခင်မကို ကယ်တင်နိုင်လိမ့်မည်။ ထိုသို့ ကျွန်ုပ် တွေးလိုက်မိသည်။ ထိုသို့ တွေးနေစဉ်မှာပင် အိမ်တံခါးက ဝုန်းခနဲ ပွင့်သွားသည်။
“မင်းတို့ ဘာလုပ်နေကြတာလဲ။”
မသေဆေးနတ်မင်းပင် ဖြစ်သည်။
– ရွှမ်း! ဖျတ်!
သစ်သားဓားက လေထုကို ခွင်းသွားသော အသံမှာ စူးရှလှသည်။ တစ်ချိန်က တုံးအအနှင့် ပျော့ပျောင်းခဲ့သော အသံမှာ တဖြည်းဖြည်း စူးရှသော အသံအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ ဂူရွန်ဟွာသည် သူမ၏ တိုးတက်မှုကို ခံစားမိသော်လည်း ထိုအရာအားလုံးမှာ အဓိပ္ပာယ်မရှိဟု သူမ ခံစားရသည်။
'ရှေ့ကို ခြေတစ်ဝက်တိုး၊ ဓားဦးကို ခန္ဓာကိုယ်အထက်ပိုင်းမှာပဲ ထား...'
– ဝှစ်!
ချီအင်အား အနည်းငယ်က သူမ၏ ဓားအတွင်းသို့ စီးဝင်သွားသည်။ အားစိုက်မထုတ်ဘဲနှင့်ပင် သူမ၏ လှုပ်ရှားမှုများက အလွန်တရာ တိကျနေသည်။ သို့သော် ကောင်းမွန်သော ရလဒ်ကို မြင်သော်လည်း ဂူရွန်ဟွာ၏ မျက်နှာကတော့ မသာယာပေ။
'...ဒါတွေ လုပ်နိုင်တော့ရော ဘာဖြစ်မှာလဲ။'
ထိုနေ့နောက်ပိုင်းတွင် သူမ ထပ်ခါတလဲလဲ လေ့ကျင့်ခဲ့သော်လည်း သူမ၏ စိတ်မှာ မည်သည့်အခါမျှ အေးချမ်းခြင်း မရှိခဲ့ပေ။ ထိုရန်သူ၏ ရှေ့တွင် တုန်ရင်နေခဲ့သော သူမ၏ ပုံရိပ်မှာ စိတ်ထဲမှ ဖျောက်ဖျက်မရသော အမှတ်ရစရာတစ်ခု ဖြစ်နေသည်။ သူမသည် ထိုသူကို မနိုင်နိုင်မှန်း ဗီဇအရ သိနေသည်။
သို့သော် ထိုအချက်က အရေးအကြီးဆုံး မဟုတ်ပေ။ သူမ နိုင်နိုင်၊ မနိုင်နိုင်၊ သိုင်းပညာရှင်တစ်ယောက်အနေဖြင့် မိမိ၏ ဂုဏ်သိက္ခာနှင့် တာဝန်ယူမှုကို မည်သည့်အခါမျှ မစွန့်လွှတ်ရန် သူမ၏ ဆရာက သင်ကြားခဲ့သော်လည်း၊ သူမသည် ထိုအရာကို စွန့်လွှတ်ခဲ့မိသောကြောင့် မိမိကိုယ်ကိုယ် ရှက်ရွံ့နေမိခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင် နမ်ဂေါင်းဘီအာသည် သူမကို ကာကွယ်ရန် ဓားကိုကိုင်ကာ ရှေ့က မားမားမတ်မတ် ရပ်တည်ခဲ့သည်။ သူမသည်လည်း ထိုသူကို မနိုင်နိုင်မှန်း သိခဲ့သလို သေခြင်းတရား၏ ကြောက်ရွံ့မှုကိုလည်း ခံစားခဲ့ရသည်။ သို့သော်လည်း သူမသည် မတွေဝေခဲ့ပေ။
'...ဒါပေမဲ့ ငါကတော့၊ ငါကတော့...'
သူမကို ကာကွယ်ရန် ဓားကိုကိုင်ကာ ရှေ့မှ ရပ်တည်ပေးခဲ့သူကို တွေးမိရင်း ဂူရွန်ဟွာသည် နောင်တစိတ်များ ရင်ထဲ ပြည့်လျှံလာကာ မျက်လုံးများကို တင်းတင်းပိတ်ထားမိသည်။
'ငါက ထွက်ပြေးဖို့ပဲ သိတာကို၊ ငါ့ရဲ့ ဓားကို ပွင့်လန်းအောင် လုပ်ဖို့ ကြိုးစားနေတာလား။'
ဂူရွန်ဟွာသည် သူမ၏ ဓားကို ပွင့်လန်းအောင် လုပ်ဖို့ မဆိုထားနှင့်၊ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာရန်ပင် မထိုက်တန်ဟု ခံစားနေရသည်။ ထို့နောက် သူမ၏ အတွေးများက ဂူယန်ချွန်းထံသို့ ရောက်သွားသည်။ နမ်ဂေါင်းဘီအာပင် မနိုင်နိုင်ခဲ့သော ထိုမိစ္ဆာကို ရှင်းလင်းခဲ့သူမှာ ဂူယန်ချွန်းဖြစ်ကြောင်း သူမ ကြားသိခဲ့ရသည်။ ယခင်က အားနည်းပြီး အတ္တကြီးခဲ့သော လူတစ်ယောက်ထံမှ ထိုသို့သော အရာမျိုး မည်သို့ ဖြစ်နိုင်မည်နည်းဟု သူမ တွေးမိသည်။
သူ့ကို နောက်ဆုံးတွေ့ခဲ့သည်မှာ မနှစ်က အခုလို အချိန်မျိုးတွင်ဖြစ်သည်။ ထိုစဉ်က သူမ မြင်ခဲ့သော ဂူယန်ချွန်းမှာ အရင်အတိုင်းပင်။ ဘာမှမလုပ်ဘဲ လူတိုင်းအပေါ် ရိုင်းစိုင်းစွာ ဆက်ဆံခဲ့သည်ကို ဂူရွန်ဟွာ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ ထိုအချိန်ဝန်းကျင်ကပင် သူမသည် ဂူယန်ချွန်းကို လုံးဝ စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
'...ဒီလိုလူက ဘယ်လိုလုပ်ပြီး...?'
သူမ သိချင်နေမိသည်... ထိုခံစားချက်က သံသယလား သို့မဟုတ် မနာလိုမှုလားဆိုသည်ကို။ ဂူရွန်ဟွာသည် သူမ၏ ဓားကို တစ်ဖန် ပြန်လည် ဝှေ့ယမ်းလိုက်သည်။ ယခင်ကထက် ပို၍ အားထည့်ကာ ဝှေ့ယမ်းသည်။ အသုံးမကျသော လူတစ်ယောက် မဖြစ်ချင်လျှင် သူမ အာရုံစိုက်ရမည်။ သူမ မောဟိုက်နွမ်းနယ်ပြီး လဲမကျမချင်း လေ့ကျင့်ခဲ့သည်။ ပို၍ တိကျစွာ ပြောရလျှင် သူမ၏ လက်မောင်းများ တုန်ရီလာပြီး မရပ်မနားနိုင်တော့မှသာ လေ့ကျင့်မှုကို ရပ်လိုက်သည်။ မေးစေ့မှ ချွေးများ စီးကျလာပြီးမှသာ သူမ လေ့ကျင့်မှုကို ရပ်လိုက်တော့သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဂူရွန်ဟွာသည် အိပ်ချိန်ကို လျှော့ချကာ မိမိကိုယ်ကိုယ် သန်မာလာစေရန် အာရုံစိုက် အားထုတ်နေခဲ့သည်။
“အခု... ဆရာ့ဆီ သွားကြည့်သင့်ပြီ။”
သူမ၏ ဆရာသည် ဘေးကင်းရန်အတွက် ဟွာရှန်တောင်သို့ ပြန်လာခဲ့သည်ကို သူမ မှတ်မိသည်။ သူမသည် အသက်အန္တရာယ်မှ လွတ်မြောက်လာခဲ့ကြောင်း ကြားသောအခါ ဆရာဖြစ်သူမှာ မျက်ရည်ကျခဲ့သည်။ သူမကိုယ်သူမ ဆရာကောင်းတစ်ယောက် မဟုတ်ဘူးဟု ဆိုခဲ့သည်။ ဂူရွန်ဟွာက သူမ၏ ဆရာကို ဆရာဆိုးဟု တစ်ခါမျှ မတွေးခဲ့ဖူးသော်လည်း ဖြစ်သည်။ သူမကိုယ်သူမသာ လူဆိုးဟု တွေးနေမိခြင်းဖြစ်သည်။
ရေချိုးပြီး အဝတ်အစားလဲရန် ပြင်ဆင်နေစဉ် လူတစ်ယောက်ကို သူမ မြင်လိုက်ရသည်။
“အို။”
“...”
ယွန်ဖုန်းပင် ဖြစ်သည်။ ယွန်ဖုန်းသည် အကြောင်းအမျိုးမျိုးကြောင့် ဂူရွန်ဟွာအတွက် စိတ်မသက်မသာ ဖြစ်ရသူဖြစ်သည်။ တစ်ဖက်တွင် ယွန်ဖုန်းသည် ဂူရွန်ဟွာကို မြင်သောအခါ ဒုတိယမျိုးဆက် တပည့်ဖြစ်သောကြောင့် ခေါင်းငုံ့ကာ နှုတ်ဆက်သည်။
“စီနီယာ၊ အခုထိ လေ့ကျင့်နေတာလား။”
ယွန်ဖုန်း၏ မေးခွန်းကို ဂူရွန်ဟွာ မဖြေပေ။ ခေါင်းအနည်းငယ် ငြိတ်ပြပြီး သူ့ဘေးမှ ဖြတ်လျှောက်သွားသည်။
“လေ့ကျင့်တာ အရမ်းများသွားရင်လည်း-”
“နင့်အလုပ် နင်လုပ်ပါ။”
ဒီအတိုင်း ဖြတ်သွားရန် ကြံရွယ်ထားသော ဂူရွန်ဟွာသည် နောက်ဆုံးတွင်တော့ ရိုင်းစိုင်းစွာ ပြောလိုက်မိသည်။ သူမကိုယ်တိုင်လည်း စိတ်မကြည်မလင် ဖြစ်နေသည်ကို သိသည်။
“တောင်းပန်ပါတယ်။ ကျွန်တော် ဝင်မပြောသင့်တဲ့ ကိစ္စပါ...!”
ယွန်ဖုန်းသည် ဂူရွန်ဟွာကို ချက်ချင်း တောင်းပန်သည်။ ဂူရွန်ဟွာသည် ထိုစကားကို ကြားပြီးနောက် ဆက်လက် ထွက်ခွာခဲ့သည်။ သူမသည် ယွန်ဖုန်း၏ မျက်လုံးများကို မကြည့်ချင်ပေ။ သူမမှာ ဒုတိယမျိုးဆက် တပည့်ဖြစ်သော်လည်း မည်သည့်အခါမျှ ချီးကျူးမခံရသော ကလေးမတစ်ဦး ဖြစ်နေချိန်တွင်၊ ယွန်ဖုန်းမှာမူ သူမနှင့်မတူဘဲဟွာ တောင်၏ အငယ်ဆုံးသော ဓားပညာရှင် ဖြစ်နေသည်။
'...ငါသာ သူဖြစ်ခဲ့ရင် အဲဒီတုန်းက အခြေအနေတွေ ပြောင်းလဲသွားမလား။'
အနည်းဆုံးတော့ သူကတော့ ကြောက်ပြီး ထွက်ပြေးမှာ မဟုတ်ဘူးဟု သူမ တွေးမိသည်။ နာကျင်နေသော ဂုဏ်သိက္ခာနှင့် နောင်တစိတ်များကြောင့် ဂူရွန်ဟွာသည် ခြေလှမ်းများကို မြှင့်လိုက်သည်။ သူမ သွားလိုရာသို့ ရောက်သောအခါ ဘေးပတ်ဝန်းကျင်တွင် လူမရှိသည်ကို သေချာအောင်ကြည့်ပြီး ရေချိုးကာ သန့်ရှင်းသော အဝတ်အစားများ လဲလှယ်လိုက်သည်။ ဆရာ့ထံ သွားတွေ့ရမည်ဟု တွေးလိုက်သောအခါ စိတ်သက်သာရာ ရသွားသည်။ ထို့ကြောင့် ပင်ပန်းနေသော်လည်း သူမ၏ ခြေလှမ်းများက ပေါ့ပါးနေသည်။
တောင်ပေါ်သို့ တက်လာပြီးနောက် ဆရာဖြစ်သူ တည်းခိုရာ တဲအိမ်လေးသို့ ရောက်ရှိလာသည်။ ဂူရွန်ဟွာသည် သူမ ပင်ပန်းနေသည်ကို ဆရာဖြစ်သူ မရိပ်မိစေရန် အသက်ရှူနှုန်းကို ထိန်းညှိပြီး တဲအိမ်ဆီသို့ လျှောက်သွားသည်။
– ...အခု ဘာပြောလိုက်တာလဲ။
သို့သော် သူမ နီးကပ်သွားသောမ သေဆေးနတ်မင်း၏ အသံကို ကြားလိုက်ရသည်။ သူ၏ အသံကျယ်လောင်နေပုံအရ ဆရာဖြစ်သူ နိုးနေပြီဖြစ်ကြောင်း သိနိုင်သည်။ သူမ တံခါးခေါက်ရန် ပြင်လိုက်စဉ်...
– ကျွန်တော့်မှာ... အဖြေတစ်ခု ရှိကောင်းရှိနိုင်ပါတယ်။
ဂူယန်ချွန်း၏ အသံကို ကြားလိုက်ရသဖြင့် သူမ၏ လက်ကို ရပ်လိုက်သည်။ မနက်က သူ့ကို ပြောခဲ့သော စကားများကြောင့် ရှက်နေသဖြင့် သူ့ကို မတွေ့ချင်ပေ။
'ဖြစ်ရလေ အခုမှ...'
ဂူရွန်ဟွာသည် မျက်နှာပျက်သွားပြီး ဘာလုပ်ရမှန်းမသိဘဲ တံခါးရှေ့တွင် တွေဝေနေမိသည်။
'ငါပဲ အထဲကို ဝင်သွားပြီး သူဒီမှာရှိနေမှန်း မသိသလို ဟန်ဆောင်လိုက်မယ်။'
ထိုသို့ ဆုံးဖြတ်ပြီး တံခါးဖွင့်ရန် ပြင်လိုက်စဉ်မှာပင်...
– ဒီလိုမျိုး နောက်ပြောင်တဲ့ စကားမျိုးကို မပြောသင့်ဘူးဆိုတာ မင်း သိသင့်တယ်!
မ သေဆေးနတ်မင်း၏ အော်ဟစ်သံကို ကြားလိုက်ရသဖြင့် အထဲတွင် ဘာဖြစ်နေသလဲဟု သူမ သိချင်သွားသည်။
– ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး။
– မင်း နောက်နေတာ မဟုတ်ဘူးလား။ မင်း အခု ဘာပြောလိုက်လဲဆိုတာရော နားလည်ရဲ့လား။
– ဟုတ်ကဲ့။
မ သေဆေးနတ်မင်းက သူ့ကို အော်ဟစ်နေသော်လည်း ဂူယန်ချွန်းကတော့ တည်ငြိမ်စွာပင် ပြန်ဖြေနေသည်။ သို့သော်လည်း ဂူယန်ချွန်းက ထိုစကားကို မဆိုင်းမတွ ပြောလိုက်သောအခါတွင်မူ...
– ကျွန်တော် ဓားသခင်မကို ကုသပေးနိုင်လိမ့်မယ် ထင်ပါတယ်။
ဂူရွန်ဟွာသည် တဲအိမ်ထဲသို့ ဝုန်းခနဲ မဝင်ဘဲ မနေနိုင်တော့ပေ။