အခန်း (၈၇) ခရမ်းရောင်အလင်းတန်း(၂)
– တောက်… တောက်…
မြူမှောင်နေသော အမှောင်ထုထဲတွင် ရေစက်ကျသံများ ထွက်ပေါ်နေပြီး၊ လမ်းလျှောက်လမ်း၏ တစ်ဖက်တစ်ချက်တွင် လူနှစ်တန်း တိတ်ဆိတ်စွာ ရပ်နေကြသည်။ ထိုလမ်း၏ အဆုံးတွင်တော့ ကုလားထိုင်တစ်လုံးပေါ်၌ ထိုင်ကာ လက်ဖက်ရည်ကို အေးအေးလူလူ သောက်နေသော အမျိုးသားတစ်ဦး၏ ပုံရိပ်ကို မြင်တွေ့ရသည်။
– တပ်။
သူက လက်ဖက်ရည်သောက်ပြီး ခွက်ကို ပြန်အချရုံသာ ရှိသေးသော်လည်း၊ ထိုသာမန်လှုပ်ရှားမှုလေးကပင် လေထုထဲသို့ ချီအရှိန်အဝါလှိုင်းများကို ရိုက်ခတ်သွားစေသည်။ လက်ဖက်ရည်ခွက်မှာ ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့သည်။ စက္ကန့်အနည်းငယ်အကြာတွင် ထိုအမျိုးသားက သက်ပြင်းတစ်ချက်ကို အသာအယာချလိုက်ပြီးနောက် စကားစလိုက်သည်။
“ရှန်းရှီးဌာနခွဲ ပျက်စီးသွားပြီလား”
တစ်စုံတစ်ယောက်က ထိုအမျိုးသား၏ မေးခွန်းကို ပြန်လည်ဖြေကြားသည်။
“မှန်လှပါ၊ အရှင်မင်းကြီး”
“အဲ့ဒီနေရာရဲ့ တာဝန်ခံက ဘယ်သူလဲ”
“ယာယောလ်ဂျော့ ဖြစ်ပါတယ်ခင်ဗျာ”
“ဟင်း…”
ထိုအမျိုးသားက မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။ ယာဟယောလ်ဂျော့။ သူမှတ်မိသလောက်ဆိုလျှင် ယာဟယယောလ်ဂျော့သည် ထိပ်တန်းအဆင့် (Peak Level) သို့ ရောက်ရှိထားသည့် အရည်အချင်းရှိသော သိုင်းပညာရှင်တစ်ဦးဖြစ်သည်။ သူသည် ပေါင်းစည်းခြင်းအဆင့် (Fusion Level) သို့ မတက်လှမ်းနိုင်ဘဲ ထိပ်တန်းအဆင့်မှာပင် အချိန်အတော်ကြာ ရပ်တန့်နေခဲ့သူ ဖြစ်သော်လည်း အတွေ့အကြုံကတော့ အလွန်ရင့်ကျက်လှသည်။
သူ့၏ မိုက်မဲမှုနှင့် အပြုအမူများကြောင့် ယခင်က ပင်မနန်းတော်တွင် အမှုထမ်းခဲ့ရာမှ ရာထူးလျှော့ချခံခဲ့ရခြင်း ဖြစ်သည်။ ပုံမှန်ဆိုလျှင် သူ့လိုလူမျိုးက ခေါင်းဖြတ်သတ်ခံရပြီးသား ဖြစ်သော်လည်း၊ ဂိုဏ်းချုပ်အပေါ် သစ္စာရှိမှုနှင့် လျစ်လျူရှု၍မရသော ခွန်အားများကြောင့် ရာထူးလျှော့ချခံရပြီးနောက်တွင်ပင် ဌာနခွဲတာဝန်ခံနေရာကို ပေးအပ်ခြင်း ခံခဲ့ရသည်။ ဆိုလိုသည်မှာ သူသည် အလွယ်တကူ အနိုင်ယူ၍ရသောသူ မဟုတ်ပေ။
“ဒါက ဂိုဏ်းချုပ် ဇွန်ပန်းဇီးပင်ရဲ့ လက်ချက်လား”
“အဲ့ဒီလိုတော့ မဟုတ်ပုံရပါဘူး”
“ဟုတ်မှာပေါ့၊ အဲ့ဒီအဖိုးကြီးက သူ့ကို ဒီလောက်မြန်မြန် သတိထားမိမှာ မဟုတ်ဘူး”
အတိတ်က နတ်ပန်ဇီးပင်ဆိုလျှင် တစ်မျိုးဖြစ်နိုင်သော်လည်း၊ အခုအချိန်မှာတော့ သူက သွားမရှိတော့တဲ့ ကျားအိုတစ်ကောင်သာ ဖြစ်သည်။
“ဟွာတောင်တောင်က အဲ့လောက် အရေးမကြီးပါဘူး… ဒါပေမဲ့ မသေဆေးသမားတော်ကတော့ အရေးကြီးတယ်”
အခြားရွေးချယ်စရာတွေ အများကြီးရှိတာကြောင့် သူတို့အတွက် ဟွာတောင်တောင်က ထူးထူးခြားခြား အရေးမပါလှပေ။ ထို့ကြောင့်လည်း ယာယောလ်ဂျော့လို လူမိုက်မျိုးကို ထိုကိစ္စအား ကိုင်တွယ်ခိုင်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မကြာသေးမီက ယာယောလ်ဂျော့၏ အလုပ်လုပ်ပုံမှာ တိုးတက်လာသည်ဟု ခံစားရသဖြင့် မသေဆေးသမားတော်ကို ဖမ်းဆီးရန် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဒါက အမှားတစ်ခုပဲ။ ပင်မနန်းတော်က သိုင်းပညာရှင်တစ်ယောက်ကိုပဲ လွှတ်လိုက်ရင် ပိုကောင်းမှာ။
‘အခုတော့ သူတို့က ပိုပြီးသတိထားသွားကြတော့မယ်၊ ငါတို့ဘက်ကတော့ ဘာအမြတ်မှ မကျန်လိုက်ဘူး’
အခြားသမားတော်တွေကို ဖမ်းဖို့ သူစဉ်းစားခဲ့ဖူးသော်လည်း အားလုံးက ကျရှုံးခဲ့ကြသည်ဖြစ်ရာ နောက်ဆုံးကျန်ရှိနေသော ရွေးချယ်စရာမှာ မသေဆေးသမားတော်သာ ဖြစ်တော့သည်။
“သဲလွန်စကော”
“…ကျွန်တော်တို့ ဌာနခွဲတာဝန်ခံကို သွားစစ်ဆေးတဲ့အချိန်မှာ ဟွာတောင်တောင်က လူတွေ ရောက်နေပြီဖြစ်လို့ သေချာမစစ်ဆေးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ဒဏ်ရာတွေကို ကြည့်ရသလောက်တော့…”
သူသည် လူအနည်းငယ် သို့မဟုတ် လူတစ်ယောက်တည်း၏ လက်ချက်ဖြင့် မျက်တောင်တစ်ခတ်အတွင်း အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ ရရှိထားသော သတင်းအရ ယာယောလ်ဂျော့သည် ဌာနခွဲ၏ အပြင်ဘက်တွင် သေဆုံးနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုဌာနခွဲကို စောင့်ကြပ်နေသည့် လူပေါင်း ဆယ်ဂဏန်းမက ရှိနေသင့်သည်။
‘အဲ့ဒီအစောင့်တွေအားလုံး တစ်ခဏအတွင်း အသတ်ခံလိုက်ရတာလား’
အစောင့်တွေက အလွန်အမင်း မသန်မာဘူးဆိုရင်တောင် တစ်ညတည်းနဲ့ အားလုံးကို အပြတ်ရှင်းသွားနိုင်တာကတော့ အထင်ကြီးစရာပဲ။ ထို့အပြင် တိုက်ခိုက်ထားသည့် သဲလွန်စများ မကျန်ရှိနေသည်ကို ထောက်ဆလျှင်…
‘အရိပ်ဘုရင် ပေါ်လာတာလား’
သတ်ချင်သည့်သူကို ကြိုက်သည့်အချိန်တွင် သတ်နိုင်သော သေမင်းတမန်များ၏ အရှင်သခင်။ သူ့အရည်အချင်းနှင့် တန်းတူညီမျှသူ မဟုတ်ပါက၊ လူအားလုံးကို ထိုကဲ့သို့ သတ်ဖြတ်ပစ်ရန်မှာ မဖြစ်နိုင်ပေ။
“ယာယောလ်ဂျော့ကို သတ်သွားတာ ဘယ်သူလဲ”
“ဟွာတောင်တောင်က သူတို့ကို ဝှက်ထားတဲ့အတွက် သတင်းအချက်အလက် အများကြီး မရခဲ့ပါဘူး။ ဒါပေမဲ့ ငယ်ရွယ်တဲ့ ပါရမီရှင်တွေထဲက တစ်ယောက်ယောက်ဖြစ်မယ်လို့ ယူဆရပါတယ်”
“ပါရမီရှင်လူငယ် ဟုတ်လား”
ထိပ်တန်းအဆင့် သိုင်းပညာရှင်တစ်ယောက်က သာမန်ပါရမီရှင်လူငယ်လေးတစ်ယောက်ကို ရှုံးနိမ့်သွားတယ်…? ဒါက ဒီနေ့သူကြားဖူးသမျှထဲမှာ စိတ်ရှုပ်စရာအကောင်းဆုံး သတင်းပဲ။
ဟွာတောင်တောင်က ‘ဓားနဂါး’ လား။ နမ်ဂေါင်းမျိုးနွယ်စုထံမှ ‘ဓားနဂါး’ ဘွဲ့အမည်ကို လုယူသွားသည့် ဟွာတောင်တောင်၏ ပါရမီရှင်။ ထိုလူငယ်မှာ အသက် ၂၀ ဝန်းကျင်သာ ရှိသေးသည်ဟု သူကြားဖူးသည်။ ၎င်းကို တွေးမိလိုက်သောအခါ လက်ရှိမျိုးဆက်၏ ကြီးထွားနှုန်းမှာ မည်မျှမြန်ဆန်နေကြောင်း ခံစားလိုက်ရသည်။
‘မြန်လွန်းနေတယ်’
သူက အခုလောလောဆယ် ပြဿနာပေးနိုင်တဲ့ အဆင့်မှာ မရှိသေးပေမယ့်၊ အချိန်နည်းနည်း ထပ်ပေးလိုက်ရင်တော့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်။
“သူတို့အကြောင်း သတင်းအချက်အလက်ကို အမြန်ဆုံးရအောင် စုံစမ်းစမ်း”
“မှန်လှပါ၊ အရှင်မင်းကြီး”
“မသေဆေးသမားတော်နဲ့ ပတ်သက်ရင်တော့…”
မသေဆေးသမားတော်က ဟွာတောင်တောင်မှာ တကယ်ရှိနေတယ်ဆိုရင်၊ အခုချက်ချင်းသွားဖမ်းဖို့က ပြဿနာရှိနိုင်တယ်။ ဒါပေမဲ့ ဒါက လုပ်ကိုလုပ်ရမယ့် ကိစ္စပဲ။ ပင်မနန်းတော်ရဲ့ အရှင်သခင်ကိုယ်တိုင် လှုပ်ရှားတာက အကောင်းဆုံးဖြစ်ပေမယ့်၊ အခုလောလောဆယ် သူက ထွက်သွားလို့မဖြစ်သေးဘူး။
“သတင်းစကားပါးလိုက်။ ဖြစ်နိုင်ရင် ဘယ်သူမှ မသိအောင် သူ့ကို ဖမ်းခဲ့ဖို့ ပြောလိုက်ပါ”
“မှန်လှပါ အရှင်၊ အမိန့်တော်အတိုင်း ဆောင်ရွက်ပါ့မယ်”
အမိန့်လက်ခံရရှိသူ ထွက်ခွာသွားပြီးနောက်၊ အမှောင်ထုထဲတွင် ထိုင်နေသော ပင်မနန်းတော်၏ ခေါင်းဆောင်ဖြစ်သူ ထိုအမျိုးသားက မျက်လုံးများကို ဖွင့်လိုက်သည်။ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်နေသော မျက်လုံးတစ်စုံက အောက်ခြေရှိ လူများကို ငုံ့ကြည့်နေသည်။ ထိုမျက်လုံးများ၏ အောက်တွင်တော့ လူနှစ်စုက ခေါင်းများကို ငုံ့လျက် တုန်တုန်ရီရီဖြင့် ရပ်နေကြသည်။
‘နောက်ဆုံးအပိုင်းအစကို ရဖို့ အချိန်နည်းနည်းပဲ လိုတော့တယ်’
သူ့ရည်မှန်းချက် အောင်မြင်ဖို့ ခြေလှမ်းအနည်းငယ်ပဲ လိုတော့သည်။ အရာအားလုံးသည် သူအလိုရှိသော ကမ္ဘာသစ်အတွက်သာ ဖြစ်သည်။ အမှောင်ထုက ပိုမိုထူထပ်လာသည်နှင့်အမျှ ထိုအမျိုးသားက မျက်လုံးများကို တစ်ဖန်ပြန်မှိတ်လိုက်ပြန်သည်။
နောက်ထပ် တစ်ရက်ခန့် အိပ်စက်ပြီးနောက်တွင်တော့ ကျွန်တော်၏ ခန္ဓာကိုယ်ကို လှုပ်ရှားနိုင်စွမ်း ပြန်လည်ရရှိလာခဲ့သည်။ နာကျင်မှု အနည်းငယ် ကျန်ရှိနေသေးသော်လည်း၊ နိုးနိုးချင်း ခံစားခဲ့ရသည့် နာကျင်မှုနှင့် နှိုင်းယှဉ်လျှင်တော့ ဘာမှမဟုတ်တော့ပေ။ ကျွန်တော့်ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော မိစ္ဆာချီများမှာလည်း ကုန်သလောက် ဖြစ်နေပြီဖြစ်ကာ၊ ခန္ဓာကိုယ်မှာလည်း အတော်အတန် ပြန်လည်ကျန်းမာလာပြီ ဖြစ်သည်။
မသေဆေးသမားတော်က ကျွန်တော့်ကို တည်းခိုဆောင်သို့ ပြန်နိုင်ပြီဟု ပြောပြီး မကြာမီမှာပင်၊ ဂိုဏ်းချုပ် နတ်ပန်းဇီးပင် ရောက်လာခဲ့သည်။
“စိတ်မကောင်းပါဘူး…”
နတ်ပန်းဇီးပင်၏ မျက်နှာပေါ်တွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေသည်။ ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်တစ်ဦး ယခုကဲ့သို့ မှိုင်တွေနေသည်ကို မြင်ရခဲလှသည်။
“ကျွန်တော် အဆင်ပြေပါတယ်”
ကျွန်တော် ပြောနိုင်သည်မှာ ဤမျှသာ ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် ဟွာတောင်တောင်၏ ကိစ္စတွင် ပါဝင်ပတ်သက်ခဲ့ရသော်လည်း၊ ၎င်းမှာ သူတို့အတွက် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း မဟုတ်သောကြောင့် ဖြစ်သည်။
“…တေးရဲ့ ပြောပြချက်အရ မင်းရဲ့ ခန္ဓာကိုယ်က အများကြီး သက်သာလာပြီဆို၊ ဟုတ်လား”
“ကံကောင်းလို့ပါပဲ၊ အဲ့ဒီလိုပဲ ပြောရမှာပေါ့”
“ဒါဆိုရင် မင်းကို ငါဘာပေးရမလဲဆိုတာ ရွေးချယ်စရာ ပိုများသွားပြီပေါ့…”
သူက အရင်က ပြောခဲ့ဖူးသည့် ဆေးဝါးအကြောင်းကို ပြောနေခြင်းလား။ အကယ်၍ ထိုသို့သာဆိုလျှင် ကျွန်တော် ဝန်မလေးဘဲ လက်ခံမိမည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ခန္ဓာကိုယ်က အကောင်းဆုံး အခြေအနေမှာ ရှိမနေသေးတာမို့လို့ပါ။
“မင်း ဒဏ်ရာသိပ်မပြင်းထန်ဘူးလို့ ကြားရတာ ဝမ်းသာပါတယ်။ တခြားမျိုးနွယ်စုက အဖိုးတန်ကလေးတစ်ယောက် ဒီမြေမှာ သေဆုံးသွားရမယ်ဆိုရင် အရမ်း စိတ်မကောင်းစရာ ဖြစ်နေမှာ”
ကျွန်တော် ဘာပြန်ပြောရမှန်း မသိတော့ပေ။ သူ၏ ခံစားချက်များသည် ကျွန်တော့်တစ်ဦးတည်းအပေါ် ရည်ရွယ်နေခြင်း မဟုတ်မှန်း သိသာလှသည်။ ထိုအကြောင်းကို မမေးမြန်းခြင်းက အကောင်းဆုံးဖြစ်မည်ဟု ခံစားရသဖြင့် တိတ်ဆိတ်စွာသာ နေလိုက်သည်။ နောက်မှ ယန်းဖုန်းကိုပဲ မေးကြည့်ရမည်။
“ငါတို့ဂိုဏ်းထဲမှာ အပြင်လူတစ်ယောက် ဒဏ်ရာရသွားတာတောင်၊ ငါက ဂိုဏ်းချုပ်ဖြစ်နေပြီး မင်းနားမှာ ရှိမနေပေးနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်…”
“…ဘာမှမဖြစ်ပါဘူး”
ကျွန်တော်က ဒဏ်ရာလည်း သိပ်မကြီးသလို၊ သူကလည်း ဆုလာဘ်တွေ ပေးဦးမှာဖြစ်ပြီး ကမ္ဘာ့အတော်ဆုံး သမားတော်နဲ့လည်း ကုသခွင့်ရခဲ့တာမို့လို့ ကျွန်တော့်ဘက်က သိပ်ပြီး နစ်နာလှသည်တော့ မဟုတ်ပေ။ ထို့အပြင် ကျွန်တော့်မှာ သူ့ကို မေးစရာ ရှိသေးသည်။ သို့သော် ထိုကိစ္စကို နောက်မှသာ မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
‘…ဒါပေမဲ့ ကျွန်တော် သတိလစ်နေတာ အရမ်းကြာသွားတာကတော့ ပြဿနာပဲ’
ကျွန်တော် သတိလစ်နေတာ ကြာသွားပြီ။ မူလက ဂူရွန်ဟွာ သိုင်းပြိုင်ပွဲပြီးတာနဲ့ ထွက်သွားဖို့ စီစဉ်ထားပေမယ့်၊ သူက မျိုးနွယ်စုဆီ ပြန်မလာတော့ဘူးလို့ ပြောထားပြီးသားမို့လို့… မနေ့ကတည်းက ထွက်သွားဖို့ စဉ်းစားထားတာပါ။ ဒါပေမဲ့ ထင်မှတ်မထားဘဲ (၄) ရက်လောက် ပိုကြာသွားခဲ့သည်။ တွေးကြည့်မှပဲ၊ အခုဆို ပြိုင်ပွဲက ကျင်းပနေလောက်ပြီ မဟုတ်လား။ ကျွန်တော် မှတ်မိသလောက်ဆိုရင် ဒီအချိန်လောက်မှာ ပြိုင်ပွဲ ကျင်းပနေရမှာ။
“ဂိုဏ်းချုပ်ကြီး၊ အခု ဟွာတောင်တောင်ရဲ့ သိုင်းပြိုင်ပွဲ ကျင်းပနေတာလား”
ကျွန်တော့်မေးခွန်းကြောင့် နတ်ပန်းဆဇီးပင်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
“အင်း… မူလကတော့ အခုအချိန်ဆို ကျင်းပနေရမှာပေါ့။ ဒါပေမဲ့ အခုဖြစ်နေတဲ့ အခြေအနေတွေကြောင့် ရက်အနည်းငယ် ရွှေ့ဆိုင်းလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် မကြာခင် ပြန်စတော့မှာပါ”
နတ်ပန်းဇီးပင်၏ စကားကို ကြားရသောအခါ ကျွန်တော့်၏ အံ့သြသွားသော မျက်နှာအမူအရာကို ဖုံးကွယ်ထားလိုက်ရသည်။ ဟွာတောင်တောင်၏ အဓိက အခမ်းအနားတွေထဲက တစ်ခုကို ရက်ရွှေ့လိုက်တယ်လား။
‘ဒါက ကျွန်တော် ထင်ထားတာထက် ပိုကြီးတဲ့ ပြဿနာ ဖြစ်ပုံရတယ်’
ဒီအချိန်မှာပဲ ဟွာတောင်တောင်က လူတွေ ပျောက်ဆုံးနေတယ်ဆိုတဲ့ အချက်ကို ကျွန်တော် သတိရသွားသည်။ အဲ့ဒီကြောင့်များလား။ တခြားအကြောင်းအရာတွေလည်း ရှိနိုင်ပေမယ့်၊ ဒါကပဲ ကျွန်တော် တွေးလို့ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပဲ။
“အဖိုးကြီးက မင်းအနားယူနေတုန်း လာနှောင့်ယှက်သလို ဖြစ်နေပြီ။ ငါ နောက်မှ ထပ်လာခဲ့မယ်၊ အေးအေးဆေးဆေး အနားယူလိုက်ဦး”
“မဟုတ်တာပဲ။ ကျွန်တော် သက်သာသွားပြီဆိုတော့ နောက်တစ်ခါကျရင် ကျွန်တော်ကိုယ်တိုင်ပဲ လာတွေ့ပါ့မယ်”
ကျွန်တော့်စကားကို ကြားသောအခါ နတ်ပန်းဇီးပင်က ပြုံးလိုက်သည်။ ထိုအပြုံးသည်ပင် အနည်းငယ် မောပန်းနွမ်းနယ်နေပုံ ပေါက်သည်။
“မင်း ခန္ဓာကိုယ် ပြန်ကောင်းပြီလို့ ခံစားရရင် အပြင်ကို ထွက်ကြည့်လိုက်ဦး။ မင်းကို စောင့်နေတဲ့သူ တစ်ယောက်ကို ငါတွေ့ခဲ့တယ်”
“ကျွန်တော့်ကို စောင့်နေတာလား”
ထိုစကားကို ပြောပြီးနောက် ထွက်ခွာသွားသည်။ သူထွက်သွားပြီးနောက် ကျွန်တော်လည်း အပြင်ထွက်ရန် ပြင်ဆင်လိုက်သည်။ ဒါနဲ့… ဘယ်သူက ကျွန်တော့်ကို စောင့်နေတာပါလိမ့်။ နမ်ဂေါင်းဘီအာလား၊ ဝီဆောအာလား…? သူတို့ နှစ်ယောက်လုံး မဟုတ်ဖို့လည်း ဖြစ်နိုင်သည်၊ အဘယ်ကြောင့်ဆိုသော် သူတို့က ကျွန်တော့်ဆီ အကြိမ်ကြိမ် လာလွန်းသဖြင့် နောက်ထပ် မလာရန် ကျွန်တော် တားမြစ်ထားသောကြောင့် ဖြစ်သည်။ ဒါမှမဟုတ် ယွန်ဖုန်းလား…?
‘ယောက်ျားလေးတွေဆီက အလည်အပတ်လာတာကို သိပ်မကြိုက်ဘူး၊ အကြီးအကဲ ရှင်… ခင်ဗျားကော ဘယ်သူလို့ ထင်လဲ’
ကျွန်တော် သူ့ကို ခေါ်တော့မှ ကိုယ့်ကိုယ်ကိုယ် ပြန်တားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် အခုအချိန်မှာ အကြီးအကဲ ရှင်က ဒီမှာ မရှိတော့သောကြောင့် ဖြစ်သည်။ သူ့ကို သတိရမိလိုက်သောအခါ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားရသည်။
“…တကယ်ပါပဲ၊ သူ ဘယ်ကို သွားလိုက်တာလဲ”
ကျွန်တော်က သူ့ကို ဝိညာဉ်ဆိုးတစ်ကောင်လို အမြဲဆက်ဆံခဲ့ပေမယ့်၊ အခု သူ မရှိတော့ဘူးဆိုတော့ ဝမ်းနည်းသလိုလို ဖြစ်နေတာလား…? ကျွန်တော့်ခံစားချက်ကို ဘယ်လိုဖော်ပြရမှန်း မသိတော့ဘူး။ သူက ဟွာတောင်တောင်ရဲ့ စွမ်းအင်တွေထဲမှာ ပျော်ဝင်သွားတဲ့ အဖိုးကြီးတစ်ယောက်ပဲ။
‘ဒါကလည်း မိစ္ဆာချီတွေရဲ့ လက်ချက်ပဲလား’
ကျွန်တော့်ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့ မိစ္ဆာချီတွေက ကျွန်တော့်ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကို ငြိမ်သက်သွားအောင် လုပ်ပေးလိုက်တာဆိုရင်၊ အကြီးအကဲ ရှင် ပျောက်ကွယ်သွားတာကလည်း အဲ့ဒါနဲ့ ပတ်သက်နေမလား။
‘သူ ရောက်လာတုန်းကလိုပဲ၊ ထွက်သွားတာကလည်း ရုတ်တရက်ကြီးပါလား’
…ဒါက သူ့ရဲ့ သဘာဝတရားပဲလား။ ဒါမှမဟုတ် သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာလား… ဖြစ်နိုင်ရင်တော့ နောက်ဆုံးတစ်ခုပဲ ဖြစ်စေချင်မိသည်။
– စပ်။
နိုးလာပြီး (၄) ရက်အကြာတွင် ပထမဆုံးအကြိမ်အဖြစ် အဆောက်အဦးအပြင်ဘက်သို့ ထွက်လာခဲ့သည်။ မနက်စောစောစီးစီး ဖြစ်နေသည်ကို ခဏဖယ်ထားဦး၊ ကျွန်တော် ဘယ်ကို ရောက်နေတာလဲ။ ဟွာတောင်တောင်ထဲမှာပဲ ရှိနေသေးပုံရသော်လည်း ဤအဆောက်အဦးကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ လူနာဆောင်လား။
“အာ။”
“ဟင်?”
ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေစဉ် တစ်နေရာရာမှ အသံတစ်ခု ကြားလိုက်ရသည်။ အသံလာရာဘက်ကို ကြည့်လိုက်သောအခါ သစ်ပင်တစ်ပင်၏ နောက်ကွယ်တွင် တစ်စုံတစ်ခု လှုပ်ရှားသွားသည်ကို တွေ့လိုက်ရသည်။ သူ… ပုန်းနေတာလား။
“အဲ့ဒီမှာ ဘာလုပ်နေတာလဲ”
“…”
သစ်ပင်နောက်မှာ ပုန်းနေတဲ့သူက ဂူရွန်ဟွာ ဖြစ်သည်။ မိသွားလိမ့်မည်ဟု မထင်ထားသည့် အမူအရာမျိုး ဂူရွန်ဟွာ ပြနေစဉ်မှာပင် တစ်စုံတစ်ယောက်က သူ့ကို နောက်ကနေ တွန်းလိုက်သည်။
“အု…!”
ဒါက လက်တစ်ဖက်မှာ ပတ်တီးစည်းထားတဲ့ နမ်ဂေါင်းဘီအာပဲ။ ဂူရွန်ဟွာကတော့ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေပြီး တစ်ခုခု ပြောချင်နေပုံရသည်။
“…ဘာကိစ္စလဲ”
“…ဘာ?”
ကျွန်တော် ပြန်မေးလိုက်တော့ သူက မျက်လုံးချင်း မဆုံအောင် ရှောင်ဖယ်လိုက်သည်။ နမ်ဂေါင်းဘီအာက ဂူရွန်ဟွာ၏ အပြုအမူကို ကြည့်ကာ ကျောပြင်ကို ပွတ်သပ်ပေးနေသည်။ နမ်ဂေါင်းဘီအာ၏ လက်ကို ခံစားလိုက်ရပြီးနောက် ဂူရွန်ဟွာက ချောင်းဟန့်လိုက်ပြီး စကားပြောလာသည်။
“…ဟို၊ အဆင်ပြေရဲ့လား”
“ဘာက အဆင်ပြေရမှာလဲ”
“နင့်ခန္ဓာကိုယ်က အဆင်ပြေရဲ့လားလို့ မေးနေတာ!”
သူက ရုတ်တရက်ကြီး အော်လိုက်တာကြောင့် ကျွန်တော် အံ့သြသွားရသည်။ ဘာလို့ အဲ့လောက်တောင် အော်နေရတာလဲ။
“…အဆင်ပြေပါတယ်”
ကျွန်တော့်ထက်စာရင် နမ်ဂေါင်းဘီအာက ဒဏ်ရာ ပိုရထားတာပါ။
“…အေးပါ”
ထိုသို့ပြောပြီးနောက် ဂူရွန်ဟွာက ဒီနေရာမှာ ဆက်မနေချင်တော့သလို ထွက်ပြေးဖို့ ကြိုးစားသော်လည်း နမ်ဂေါင်းဘီအာက ဖမ်းထားလိုက်သည်။
“မ-မမ”
“မရဘူး”
သူက သနားစဖွယ် လှမ်းခေါ်သော်လည်း နမ်ဂေါင်းဘီအာကတော့ တင်းမာနေဆဲ ဖြစ်သည်။ ကျွန်တော်ကတော့ ရှေ့မှာဖြစ်ပျက်နေတဲ့ မြင်ကွင်းကို ကြည့်ပြီး ဘာပြောရမှန်းမသိဘဲ ရပ်ကြည့်နေမိသည်။ နောက်ဆုံးတော့ စိတ်ကို အတည်ပြုပြီးနောက် ဂူရွန်ဟွာက ကျွန်တော့်ရှေ့မှာ ပြန်ရပ်လိုက်သည်။ သူ၏ ပုခုံးများ တုန်ရီနေသည်မှာ အလွန်ပင် ထင်ရှားလှသည်။
“ကျေး…”
အသံက မထွက်လာပေ။ အလွန်တိုးလွန်းလှသဖြင့် ကျွန်တော့်၏ အကြားအာရုံကို ချီစွမ်းအင်သုံးပြီး မြှင့်တင်ရမလားဟုပင် တွေးလိုက်မိသည်။
“…ကျေး-ကျေးဇူးတင်ပါတယ်!”
ထိုသို့ အော်ပြောပြီးနောက် ဂူရွန်ဟွာမှာ ရှက်ကိုးရှက်ကန်းဖြင့် ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။ နမ်ဂေါင်းဘီအာကတော့ ဒီတစ်ခါတော့ သူ့ကို လိုက်မဖမ်းတော့ပေ။
“…သူ အဲ့ဒီစကားပြောနိုင်အောင်လို့ မင်းက ဒီမှာ ဖမ်းထားပေးတာလား”
ကျွန်တော့်မေးခွန်းကို နမ်ဂေါင်းဘီအာက ခေါင်းညိတ်ပြသည်။ ထို့နောက် ကျွန်တော်ကလည်း ဂုတ်ကို အနေခက်စွာ ကုတ်လိုက်မိသည်။ ကျေးဇူးတင်တာကတော့ ဟုတ်ပါပြီ… ဒါပေမဲ့ ဒီလိုမျိုး လုပ်ဖို့အထိ မလိုအပ်ဘူးလို့ ထင်မိသည်။ ဘာလို့လဲဆိုတော့ သူ့ဆီက အဲ့ဒီစကားကို မကြားခင်မှာ ကျွန်တော်က ဂူရွန်ဟွာကို အရင်ဆုံး ပြောစရာရှိတယ်လို့ ခံစားမိလို့ပါ။
ဒါပေမဲ့ ဂူရွန်ဟွာက သူ့စကားတွေကို အတည်ပြောနေတာဆိုတာ သိသလို၊ နမ်ဂေါင်းဘီအာကလည်း ဘာလို့ အဲ့ဒီလို လုပ်ခိုင်းလဲဆိုတာ ကျွန်တော် နားလည်ပါတယ်။
“ကျေးဇူးပဲ”
ဒါကြောင့် ကျွန်တော်လည်း အဲ့ဒီစကားကို အလွယ်တကူပဲ ပြောနိုင်လိုက်ပါတယ်။ ကျွန်တော့်ရဲ့ အရင်ဘဝ အပါအဝင် သူ့ကို ပထမဆုံးအကြိမ် ကျေးဇူးတင်စကား ပြောလိုက်တာလို့ ထင်ပါတယ်။ ကျွန်တော့်ဆီက ဒီလိုစကားမျိုး ကြားရလိမ့်မယ်လို့ မထင်ထားပုံရတဲ့ နမ်ဂေါင်းဘီအာကတော့ ကျောက်ရုပ်ကြီးလို တောင့်တင်းသွားသည်။ အဲ့လောက်တောင် အံ့သြသွားတာလား။
“ဘာလို့ အဲ့ဒီလိုမျိုး-”
ကျွန်တော် သူ့ကို စကားလှမ်းပြောဖို့ ကြိုးစားပေမယ့် နမ်ဂေါင်းဘီအာက ရုတ်တရက်ကြီး တောင်ပေါ်ဘက်ကို ထွက်ပြေးသွားသည်။ သူက အရမ်း အလျင်လိုနေပုံရသည်။
“ဘယ်ကို- ထမင်းမစားခင် ပြန်လာခဲ့ဦးနော်!”
ကျွန်တော် ပြောလိုက်တာ နည်းနည်းနောက်ကျသွားတော့ သူ ကြားလိုက်ပါ့မလား။ သူ့လက်မှာ ပတ်တီးတွေ ပတ်ထားတာမို့လို့ သိုင်းကျင့်ဖို့ သွားတာတော့ မဟုတ်လောက်ပါဘူး။ ပြီးတော့ သူ ထွက်ပြေးသွားတဲ့အချိန်မှာ သူ့ရဲ့ နားရွက်လေးတွေ နီရဲနေတာကို ကျွန်တော် သတိထားမိလိုက်သည်။
တည်းခိုဆောင်ကို ပြန်ရောက်လာတော့ အံ့သြစရာကောင်းလောက်အောင် ဓားဧကရာဇ်က ဒီမှာ ရှိနေသည်။ ၎င်းကို မြင်လိုက်ရသောအခါ ကျွန်တော် အံ့သြမဆုံး ဖြစ်သွားရသည်။ တံမြက်စည်းလှည်းနေသော ဓားဧကရာဇ်က ကျွန်တော့်ကို မြင်သောအခါ ခေါင်းငုံ့နှုတ်ဆက်သည်။
“ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း အလုပ်ပျက်ကွက်ခဲ့တဲ့အတွက် တောင်းပန်ပါတယ် သခင်လေး”
“…အာ၊ ကိစ္စမရှိပါဘူး။ ဂိုဏ်းချုပ်ဆီက ခွင့်ပြုချက်ရထားတယ်လို့ ကျွန်တော် ကြားပါတယ်။ သွားလုပ်တဲ့ အလုပ်ကော ပြီးသွားပြီလား”
“ဟုတ်ကဲ့… ဂိုဏ်းချုပ်ရဲ့ ခွင့်ပြုချက်ကြောင့် အလုပ်ပြီးသွားပါပြီ။ သခင်လေး ဒဏ်ရာရသွားတယ်လို့ ကြားရတယ်၊ အခု နေကောင်းသွားပြီလား”
“ကံကောင်းလို့ ဒဏ်ရာ သိပ်မကြီးပါဘူး”
ကျွန်တော့်စကားကို ကြားတော့ ဓားဧကရာဇ်က စိတ်အေးသွားသည့် အပြုံးမျိုး ပြုံးလိုက်သည်။ ကျွန်တော်လည်း သူ့ကို ကျေးဇူးတင်စကား ပြောပြီး ဆက်လျှောက်လာခဲ့သည်။ ဘယ်နှစ်ကြိမ်ပဲ မြင်မြင်၊ ဓားဧကရာဇ်ရဲ့ အနားမှာ နေရတာက ကျွန်တော့်အတွက်တော့ အနေခက်နေတုန်းပဲ။ ထူးဆန်းတာက ဓားဧကရာဇ်နဲ့ အဆင့်အတန်း တူညီတယ်လို့ ပြောကြတဲ့ နတ်ပန်းဇီးပင်ရဲ့ အနားမှာ နေရတာကတော့ အဲ့လောက် အနေမခက်ဘူး။
ဒါပေမဲ့ ဓားဧကရာဇ် ပြန်ရောက်လာပြီဆိုတော့ ကျွန်တော်လည်း မျိုးနွယ်စုဆီ ပြန်ဖို့ ပြင်ဆင်နိုင်ပြီပေါ့။
‘ဝီဆောအာ ဘယ်ရောက်သွားတာလဲ’
သူက ပုံမှန်ဆို ကျွန်တော့်ဆီ ပြေးလာနေကျဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်တော့ ပေါ်မလာပေ။
‘ဟုန်ဝါက သူ့ကို ဖမ်းထားတာများလား’
ဝီဆောအာ ပေါ်မလာတဲ့ အချိန်တိုင်းမှာ ဒါက ပုံမှန်ဖြစ်နေကျမို့လို့ ကျွန်တော် အဲ့ဒီလိုပဲ တွေးလိုက်မိသည်။ သူလည်း သူ့အလုပ်သူ လုပ်နေတာပဲလို့ တွေးပြီး ကျွန်တော့်အခန်းဆီ လျှောက်လာခဲ့သည်။ ပြီးနောက် ဂူမျိုးနွယ်စုဆီ ပြန်ရောက်ရင် ဘာတွေလုပ်ရမလဲဆိုတာကိုပဲ အာရုံစိုက်လိုက်တော့သည်။
ဓားဧကရာဇ်သည် အခန်းထဲသို့ ပြန်ဝင်သွားသော ဂူယန်ချွန်း၏ ကျောပြင်ကို ကြည့်နေမိသည်။
‘သူ ပြောင်းလဲသွားပြီ’
လွန်ခဲ့သော ရက်အနည်းငယ်က မြင်ခဲ့ရသည့် ဂူယန်ချွန်းနှင့် ယခု ဂူယန်ချွန်းမှာ ကွဲပြားခြားနားနေသည်။ သို့သော် ထိုအပြောင်းအလဲမှာ ကောင်းမွန်သောအပြောင်းအလဲလား၊ ဆိုးဝါးသောအပြောင်းအလဲလား ဆိုသည်ကိုတော့ သူ မသိပေ။ သူ့အတွင်း၌ ရှိနေသော ပဋိပက္ခဖြစ်နေသည့် စွမ်းအင်များသည် ယခုအခါတွင် တစ်ခုနှင့်တစ်ခု ကွင်းဆက်တစ်ခုကဲ့သို့ ချိတ်ဆက်သွားကြပြီဖြစ်သည်။ ထိုသို့သော အရာမျိုး မည်ကဲ့သို့ ဖြစ်လာနိုင်သည်ကို တန်ခိုးကြီးလှသော ဓားဧကရာဇ်ပင်လျှင် နားမလည်နိုင်အောင် ဖြစ်နေရသည်။
ဂူယန်ချွန်းသည် မိစ္ဆာနန်းတော်မှ အဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း မနေ့က နတ်ပန်းဇီးပင်ထံမှ သူ ကြားသိခဲ့ရသည်။ ထို့အပြင် သူ၏ ပြိုင်ဘက်မှာ မြင့်မားသော အဆင့်သို့ ရောက်ရှိနေသည့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်ဟုလည်း ကြားခဲ့ရသည်။ သို့သော် ဓားဧကရာဇ်၏ အမြင်တွင်တော့ ဂူယန်ချွန်းသည် ထိုကဲ့သို့ အစွမ်းထက်သော သိုင်းပညာရှင်ကို အနိုင်ယူနိုင်စွမ်း ရှိသူမဟုတ်ပေ။ ထို့ကြောင့် သူ၏ အကဲဖြတ်မှုများ တစ်ဖန် ပြန်လည်မှားယွင်းနေပြန်ပြီလားဟု တွေးမိနေသည်။
သူသည် ကျားစစ်သည်တော်၏ သားဖြစ်သော်လည်း၊ သူ၏ ကြီးထွားနှုန်းမှာ မြန်ဆန်လွန်းလှသည်။
‘စိတ်ဝင်စားစရာပဲ’
ဂူမျိုးနွယ်စုမှာ ပါရမီရှင်တွေ အများကြီးရှိတယ်ဆိုတာ သူသိပေမယ့်လည်း…
“အဖိုး”
ရုတ်တရက် ထွက်ပေါ်လာသော ဝီဆောအာ၏ အသံကြောင့် ဓားဧကရာဇ် လှည့်ကြည့်လိုက်သည်။ ဓားဧကရာဇ်၏ နောက်တွင်တော့ ဝီဆောအာ ရပ်နေသည်။ ရက်အနည်းငယ်အတွင်း သူ့ကို ပထမဆုံးအကြိမ် ပြန်မြင်ရခြင်းဖြစ်ပြီး၊ ဝီဆောအာသည် အရင်ကနှင့်မတူဘဲ တစ်ခုခုကို အလေးအနက် တွေးတောနေပုံရသည်။ သို့သော် သူသည် ဓားဧကရာဇ်အတွက်တော့ ချစ်စရာကောင်းပြီး လှပသော မြေးမလေးအဖြစ် ရှိနေဆဲဖြစ်သည်။ ဓားဧကရာဇ်က ပျော်ရွှင်စွာ ပြုံးပြလိုက်သည်။
“အေး၊ အေး၊ ဘာဖြစ်လို့လဲ”
“အဖိုး…”
“ဘာဖြစ်လို့လဲ သမီးရဲ့”
ဝီဆောအာက ခဏလောက် တွန့်ဆုတ်နေပြီးမှ စကားပြောလာသည်။
“…သမီး သိုင်းပညာ သင်ချင်တယ်”
– ဝုန်း-ခြောက်!
ဝီဆောအာ၏ စကားကို ကြားလိုက်ရသည့် ခဏမှာပင် ဓားဧကရာဇ် ကိုင်ထားသည့် တံမြက်စည်းမှာ လက်ထဲမှ အားအင်ကုန်ခမ်းစွာဖြင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။