အခန်း (၈၆) ခရမ်းရောင်အလင်းတန်း(၁)
နမ်ဂေါင်းဘီအာ မြေပြင်ပေါ်တွင် လဲကျနေသည်ကို ကျွန်ုပ်တွေ့လိုက်ရသောအခါ... အတိတ်ဘဝက မိစ္ဆာဓား၏ နောက်ဆုံးပုံရိပ်ကို ပြန်လည်အမှတ်ရသွားခဲ့သည်။ မိုးရေထဲတွင် ကျွန်ုပ်၏လက်မောင်းပေါ်၌ ဖြည်းညှင်းစွာ အသက်ပျောက်ကွယ်သွားခဲ့သော သူမ၏ ပုံရိပ်ပင် ဖြစ်သည်။
'ငါ အရမ်းပေါ့ဆသွားခဲ့တာပဲ'
ထိုအတွေ့အကြုံကို ကြုံပြီးမှသာ ကျွန်ုပ်သည် အလွန်အမင်း ပေါ့ဆခဲ့မိကြောင်း သဘောပေါက်လိုက်ရသည်။ ကျွန်ုပ်၏ ကမ္ဘာကြီးသည် တစ်ခဏအတွင်း ပြောင်းလဲသွားနိုင်သည်ကို မြင်တွေ့ခဲ့ရပြီးပြီ။ ထို့ကြောင့်ပင် ဘဝ၏ စီးဆင်းမှုထဲတွင် ကိုယ်တိုင်မပါဝင်တော့ဘဲ အဝေးကနေသာ စောင့်ကြည့်နေခဲ့မိသည်။ သို့သော်လည်း အစကတည်းက ဘာမှမလုပ်ဘဲ နေခဲ့မည်ဆိုလျှင် ဤအရာများ ဖြစ်လာလိမ့်မည်မဟုတ်ပေ။
သို့သော် ထိုအရာကို သိနေသော်ငြားလည်း ဘာမှမလုပ်ဘဲ ငြိမ်မနေနိုင်သောကြောင့် မလိုလားဘဲ ပါဝင်ပတ်သက်မိပြန်သည်။ ကျွန်ုပ်သည် ကြောက်ရွံ့တုန်လှုပ်နေဆဲပင်။ သေဆုံးပြီး အသစ်ပြန်စခဲ့သော်လည်း ကျွန်ုပ်သည် ဘာမှမပြောင်းလဲခဲ့ပေ။
'...ငါ ဘာတွေလုပ်နေတာလဲ'
အတိတ်သို့ ပြန်ရောက်လာပြီးကတည်းက ကျွန်ုပ် ဘာတွေလုပ်နေခဲ့သနည်း။ ကောင်းကင်မိစ္ဆာကို သတ်ချင်နေတာလား။ တကယ်သာ သတ်ချင်ခဲ့လျှင် ဝီဆောအာကို အစေခံဝတ်စုံအစား ဓားတစ်လက် ပေးခဲ့သင့်သည်။ အကြောင်းမှာ ထိုနည်းလမ်းသည် အလွယ်ကူဆုံး အဖြေဖြစ်သည်ကို ကျွန်ုပ်သိသောကြောင့်ဖြစ်သည်။
သို့သော် သိလျက်နှင့်ပင် တချိန်လုံး ဘာတွေလုပ်နေခဲ့သနည်း။ ဓားဧကရာဇ်က ဝီဆောအာကို ပြုံးကြည့်နေသည်ကို မြင်သော်လည်း သူ၌ အစီအစဉ်ရှိသည်ဟုသာ ကျွန်ုပ်တွေးနေခဲ့သည်။ ဝီဆောအာကို ဓားမကိုင်စေချင်သည့် သူ၏ဆန္ဒကို သိနေပါလျက်နှင့်။
ထိုသို့ ဆင်ခြေပေးနေခဲ့ခြင်းကြောင့် ကျွန်ုပ် ဘာများရလိုက်သနည်း။ ဝီဆောအာ၏ အတိတ်ဘဝတွင် တစ်ခါမျှ မမြင်ခဲ့ဖူးသော အပြုံးကို မြင်ခွင့်ရခဲ့သည်။ အရင်က မဆုပ်ကိုင်နိုင်ခဲ့သော လက်သည် ယခု ကျွန်ုပ်အနားတွင်ရှိနေပြီး ဆုပ်ကိုင်ထားပါဟု ပြောနေသကဲ့သို့ နွေးထွေးမှုကို ပေးစွမ်းနေသည်။ လက်လွှတ်လိုက်သင့်သော လက်သည် ယခု ကျွန်ုပ်အနားတွင် ရှိနေသည်။ သူမ၏ လက်မောင်းများသည် ကျွန်ုပ်ကို ပွေ့ဖက်ရန် အသင့်ဖြစ်နေသကဲ့သို့။
ဒါပေမဲ့... ထိုရင်ခွင်ထဲမှာ ခိုလှုံဖို့ ငါ တကယ်ပဲ ထိုက်တန်ရဲ့လား။ ကောင်းကင်မိစ္ဆာသာ လောကထဲ ရောက်လာရင် သူမရဲ့ လှပတဲ့ အပြုံးတွေဟာ ပျောက်ကွယ်သွားလိမ့်မယ်။ အဲဒါကို သိသိကြီးနဲ့ ငါကတော့ ထွက်ပြေးနေတုန်းပဲ၊ ငါ တကယ်ပဲ ဒီလိုဆက်ဆံခံရဖို့ ထိုက်တန်ရဲ့လား။
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်မိသည်။ အဖြေကို သိပြီးသားဖြစ်သော်လည်း ကြောက်ရွံ့မှုက ရှိနေဆဲပင်။
'ငါ ကောင်းကင်မိစ္ဆာကို မတိုက်နိုင်ဘူး'
ကြောက်လို့ မတိုက်ချင်ဘူး။ 'ငါမှ မဟုတ်လည်း ရတာပဲ' ဆိုတဲ့ ဆင်ခြေမျိုးပေးပြီး အေးအေးဆေးဆေး နေချင်ခဲ့တာ။ အတိတ်ဘဝမှာ အပြစ်တွေနဲ့ လူသတ်မှုတွေ အများကြီး ကျူးလွန်ခဲ့ပေမဲ့ အဲဒီဆင်ခြေတစ်ခုနဲ့ပဲ ငါဟာ ဘာမှမပူမပင်ဘဲ နေထိုင်ခဲ့တယ်။ တစ်ခါသေဖူးပြီးပြီမို့ အခုဘဝမှာတော့ ပျော်ပျော်ရွှင်ရွှင် နေသွားမယ်လို့ ကိုယ့်ကိုယ်ကိုယ် ဖျောင်းဖျခဲ့ပေမဲ့ ဘာဖြစ်လာမယ်ဆိုတာ သိနေတော့ ငါ နာကျင်နေရတယ်။
ငါ ဆက်တိုက် ထွက်ပြေးနေခဲ့တယ်။ ညဘက်တွေမှာ လေ့ကျင့်တယ်၊ ဒါပေမဲ့ ဘာအတွက်လဲဆိုတဲ့ ရည်မှန်းချက် မရှိခဲ့ဘူး။ အချိန်တန်ရင် ထွက်ပြေးမယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးနေခဲ့တယ်။ ငါလုပ်ခဲ့တာတွေ လုံလောက်ပြီ၊ ထပ်လုပ်ဖို့ မလိုတော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အောင် ကြိုးစားနေခဲ့တာ။
「ဒါနဲ့... မင်း ကျေနပ်ပြီလား」
ရုတ်တရက် အမည်မသိ အသံတစ်ခုက မေးလာသည်။
「ဒီလောက်လေးနဲ့တင် မင်း အခု ကျေနပ်နေပြီလား」
'မရှိဘူး'
ဘာမှမရှိဘူး။ ငါ့ထဲမှာ ဘာမှမရှိတော့ဘူး။ ဒီနေရာက ငါပထမဆုံးနေ့က မက်ခဲ့တဲ့ အိပ်မက်လိုပဲ ခံစားနေရတုန်းပဲ။ နိုးထလို့မရတဲ့ ကြည်လင်ပေမဲ့ မှိန်ဖျော့နေတဲ့ အိပ်မက်တစ်ခုလိုပဲ။ ဒါက ငါ့ရဲ့ ခံစားချက်ဖြစ်ပေမဲ့ ငါ့ရဲ့ တာဝန်တွေကိုတော့ စဉ်းစားရမယ်။ ငါ့ကိုယ်ငါ ပေးနိုင်မယ့် ဆင်ခြေပေါင်း ရာနဲ့ချီပြီး ရှာရလိမ့်မယ်။ ပြီးတော့ အနာဂတ်မှာ ဖြစ်လာမယ့် အဖြစ်အပျက်တွေအတွက် တာဝန်ယူရမယ်။
ဝီဆောအာကို ဓားမကိုင်စေချင်ရင် တခြားတစ်ယောက်ယောက်က ကိုင်ရလိမ့်မယ်။ တစ်ချိန်မှာ နမ်ဂေါင်းဘီအာက ငါ့ဆီက ထွက်သွားချင်တယ်ဆိုရင်လည်း သူမကို လွှတ်ပေးရမယ်။ သူမက ငါ့ရဲ့ စေ့စပ်ထားသူ ဖြစ်နေပေမဲ့ သူမနဲ့ ဝေးဝေးနေဖို့ ဆင်ခြေတွေ အများကြီး ရှိပါတယ်။
...ဒါပေမဲ့လည်း ငါ လက်မလွှတ်နိုင်ဘူး။ ငါ့ရဲ့ သနားစရာကောင်းတဲ့ အတ္တကြောင့်ပဲ သူမ ငါ့ဆီက ထွက်မသွားဖို့ ဆုတောင်းနေမိတယ်။ ဒါကြောင့် ငါ့ပတ်ဝန်းကျင်မှာ စုပုံနေတဲ့ ဝန်ထုပ်ဝန်ပိုးအားလုံးကို ငါ တစ်ယောက်တည်း တာဝန်ယူရမယ်။ ထွက်ပြေးပုန်းရှောင်နေဖို့ ငါ့မှာ အချိန်မရှိတော့ဘူး။
ဘာကိုမှ လက်မလွှတ်နိုင်သလို ဘာကိုမှလည်း အဆုံးရှုံးမခံနိုင်ဘူးဆိုရင်တော့ ဒီအိပ်မက်ထဲကနေ ငါ နိုးထရတော့မယ်။
"...အိုး"
မျက်နှာကြက် အသစ်တစ်ခုပင်။
မျက်စိဖွင့်လိုက်သောအခါ မရင်းနှီးသော မျက်နှာကြက်တစ်ခုကို မြင်လိုက်ရသည်။
"...နိုးလာပြီလား"
ဖြူဖွေးသော ဆံပင်များ ဖရိုဖရဲဖြစ်နေသည့် အဖိုးအိုတစ်ဦးကိုလည်း မြင်လိုက်ရသည်။ သူကား မသေဆေးနတ်မင်း ပင် ဖြစ်သည်။ နိုးနိုးချင်း ပထမဆုံး မြင်လိုက်ရသည့်သူမှာ မသေဆေးနတ်မင်း ဖြစ်နေသည့်အတွက် အံ့သြတုန်လှုပ်ပြီး ကိုယ်ကို လှုပ်ရှားလိုက်စဉ်...
"အားးး!"
ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ပြတ်ထွက်သွားမတတ် နာကျင်မှုကြောင့် ကျွန်ုပ် အော်ဟစ်လိုက်မိသည်။ မျက်ရည်ကျလုမတတ် နာကျင်လှသည်။
"ဟောဗျာ... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမှန်း မသိဘူးလား"
"ဘာ... ဘာဖြစ်သွားတာလဲ...?"
အရိုးတစ်ခုချင်းစီကို တစ်စုံတစ်ယောက်က ကိုက်ဖြတ်နေသကဲ့သို့ ခံစားရပြီး ပြောမပြနိုင်အောင် နာကျင်နေသည်။ နာကျင်မှုကို အလူးအလဲ ခံစားနေရစဉ် သတိမလစ်ခင် နောက်ဆုံးဖြစ်ခဲ့သည်များကို ပြန်စဉ်းစားကြည့်မိသည်။
"အရာအားလုံး အဆင်ပြေသွားပြီမို့ မစိုးရိမ်ပါနဲ့"
ကျွန်ုပ်၏ မျက်နှာအမူအရာကို ကြည့်ပြီး မသေဆေးနတ်မင်းက အဖြေပေးသည်။ ကျွန်ုပ် ဘယ်လို သတိလစ်သွားတာလဲ၊ ယာယောလ်ဂျော့ (Ya Hyeoljeok) ကော ဘာဖြစ်သွားပြီလဲ။ ...ပြီးတော့ နမ်ဂေါင်းဘီအာကော?
"...ဟို... ကျွန်တော့်ဘေးက မိန်းကလေးကော-"
"မင်းဘေးက မိန်းကလေးက မင်းထက် အများကြီး အခြေအနေကောင်းပါတယ်၊ ဒါကြောင့် စိတ်မပူဘဲ အိပ်ရာထဲမှာပဲ ငြိမ်ငြိမ်နေစမ်းပါ"
"အော်... ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်"
တော်သေးသည်၊ နမ်ဂေါင်းဘီအာ အဆင်ပြေပုံရသည်။ သို့သော် ယာယောလ်ဂျော့အကြောင်းကိုမူ မေးခွင့်မရလိုက်ပေ။ မေးမည်အလုပ်တွင် မသေဆေးနတ်မင်းက အရင် စကားဖြတ်ပြောသည်။
"မင်းရဲ့ ခန္ဓာကိုယ်က သိပ်ပြီး ဒဏ်ရာမပြင်းထန်ပါဘူး၊ နာကျင်တာတွေ ပျောက်သွားရင် ပြန်ထနိုင်မှာပါ"
"ကျေးဇူးတင်ပါတယ်..."
"ချီ အလွန်အကျွံသုံးရင် သေနိုင်တယ်လို့ ငါပြောထားရက်နဲ့ မင်းကတော့ အကုန်ထုတ်သုံးပစ်တာပဲ"
"အော်"
"ဒီခေတ်ကလေးတွေက သူတို့ကိုယ်သူတို့ မသေနိုင်ဘူးလို့ ထင်နေကြတာလား မသိပါဘူး... ဓားနဲ့ တစ်ချက်အထိုးခံရတာနဲ့ သေမယ့်အသက်ကို ဘာလို့ ဒီလောက် မဆင်မခြင် လုပ်ကြတာလဲ"
မသေဆေးနတ်မင်း၏ စကားကြောင့် ကျွန်ုပ် ခါးသီးစွာ ပြုံးလိုက်မိသည်။ သူပြောသကဲ့သို့ပင် ကျွန်ုပ်သည် စိတ်လွတ်သွားပြီးနောက် အလွန်အမင်း မဆင်မခြင် ဖြစ်သွားခဲ့သည်။
'...အဲဒီတုန်းက ငါ တကယ် စိတ်မမှန်ခဲ့ဘူး'
နောက်ဆက်တွဲ အကျိုးဆက်ကို မစဉ်းစားဘဲ ချီ အားလုံးကို ထုတ်သုံးခဲ့မိသည်။ တခြားနည်းလမ်းတွေ ရှိနိုင်ပေမဲ့ အဲဒီအချိန်က ဘာကြောင့်မှန်းမသိ စိတ်ကို မထိန်းနိုင်ခဲ့ဘူး။ နမ်ဂေါင်းဘီအာ မြေပြင်ပေါ်မှာ လဲနေတာကို မြင်လိုက်ရလို့လည်း ဖြစ်မှာပါ။
'ဒါနဲ့ ငါ ဘာလို့ သတိလစ်သွားတာလဲ'
ကျွန်ုပ်တွင် ချီ အနည်းငယ် ကျန်သေးသကဲ့သို့ ခန္ဓာကိုယ်ကလည်း အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခြင်း မရှိသေးပေ။ ဟုတ်ပါသည်၊ အဆုံးပိုင်းတွင် ချီ အကုန်သုံးလိုက်သောကြောင့် နာကျင်မှု ခံစားရသော်လည်း အရင်ကထက်စာလျှင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပါသေးသည်။
ပြီးတော့... 'နောက်ဆုံးမှာ... အသံတစ်ခု ကြားလိုက်ရသလိုပဲ'
ဝေဝါးနေသည်။ အသံတစ်ခု ကြားခဲ့သည်ဟု ခံစားရသော်လည်း မမှတ်မိတော့ပေ။ ပြန်စဉ်းစားရန် ကြိုးစားလိုက်တိုင်း ခေါင်းထဲမှ အုန်းအုန်းထအောင် နာလာသည်။
-- တောက်
အနားတွင် ပန်းကန်ပြား ချလိုက်သည့် အသံနှင့်အတူ ခါးသက်သက် အနံ့တစ်ခု နှာခေါင်းထဲ တိုးဝင်လာသည်။ ဆေးလား။ မကြာမီ တစ်ခုခု ကျွန်ုပ်၏ ပါးစပ်နား ရောက်လာသည်။ ကြည့်လိုက်သောအခါ ဂူရွန်ဟော့ က ဇွန်းဖြင့် တစ်ခုခု ခွံ့ပေးရန် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။
ခဏမျှ စဉ်းစားပြီးနောက် ကျွန်ုပ် စားလိုက်သည်။ ထင်ထားသည်ထက် ပိုခါးသောကြောင့် အနည်းငယ် အံ့သြသွားမိသည်။
"ဒါက နာကျင်မှုကို သက်သာစေတဲ့ ဆေးမို့ အကုန်သောက်လိုက်၊ ဒါမှ မင်း သက်သာမှာ"
ဆေးနတ်မင်း စကားကို နားထောင်ပြီး အကုန်သောက်လိုက်သည်။ဂူရွန်ဟော့က ကျွန်ုပ်ကို ဆေးခွံ့ပေးနေသည်မှာ ထူးဆန်းလှသည်။
"ခဏလောက် စောင့်ဦး၊ တစ်ယောက်ယောက် လာလိမ့်မယ်။ အားလုံးက မင်းနိုးလာမှာကို စောင့်နေကြတာ"
"ကျွန်တော် သတိလစ်နေတာ ဘယ်လောက်ကြာသွားပြီလဲ"
"နှစ်ရက်ရှိပြီ၊ ဒီညဆိုရင် သုံးရက်ပဲ"
"...နှ... နှစ်ရက်?"
ဒီလောက်တောင် ကြာသွားတာလား။ ဘေးကင်းကင်း ပြန်လာပါဟု မှာခဲ့သော ဝီဆောအာကို ချက်ချင်း သတိရမိသည်။ သူမ ကျွန်ုပ်အတွက် အလွန်စိုးရိမ်နေလောက်ပြီ။
"မင်း နိုးလာပြီဆိုတော့ ဒီကလေးတွေလည်း အခုမှ စိတ်အေးရတော့မှာပဲ"
မသေဆေးနတ်မင်း ကြည့်နေသည့် ဘက်သို့ ကျွန်ုပ် လှည့်ကြည့်လိုက်သည်။
"...အိုး"
အခန်းထောင့်တွင် မိန်းကလေး နှစ်ယောက်သည် နံရံကို ကျောမှီပြီး အိပ်ပျော်နေကြသည်။ ဝီဆောအာ နှင့် နမ်ဂေါင်းဘီအာ တို့ပင် ဖြစ်သည်။
"သူတို့တွေ မင်းနိုးလာမှာကို မအိပ်မနေ စောင့်နေကြတာ၊ မင်းနိုးခါနီးကျမှ အိပ်ပျော်သွားကြတာ"
"..."
သူတို့ကို ကြည့်ရင်း ကျွန်ုပ်၏ ရင်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။ ကျွန်ုပ် ကြည့်နေစဉ် မသေ။ဆေးနတ်မင်းက စကားလာပြောသည်။
"ငါ မင်းကို တစ်ခု မေးချင်တယ်"
"ဟုတ်ကဲ့"
"အဲဒီတုန်းက မင်းကို ငါက 'အသက်ရှင်နေတဲ့ လူသေကောင်' လို့ ခေါ်ခဲ့တာ မှတ်မိလား"
"ဟုတ်ကဲ့၊ မှတ်မိပါတယ်"
ထိုအကြောင်းကြောင့်ပင် ကျွန်ုပ်သည် မိစ္ဆာကျောက်တုံးများကို လိုက်ရှာခဲ့ရသည် မဟုတ်ပါလား၊ ထို့ကြောင့် မေ့နိုင်စရာ မရှိပေ။ မသေဆေးနတ်မင်းသည် ပြင်းထန်သော ပြဿနာတစ်ခု ရှိနေသကဲ့သို့ ကျွန်ုပ်ကို ထူးဆန်းစွာ စိုက်ကြည့်နေသည်။
"ငါက ဆရာဝန်တစ်ယောက်အနေနဲ့ ငါ့အရည်အချင်းအပေါ်မှာ အရမ်းဂုဏ်ယူတဲ့သူပါ"
တစ်စုံတစ်ယောက်က သူ့ကို ထောင်လွှားသည်ဟု ဆိုနိုင်သော်လည်း မသေဆေးနတ်မင်း ကိုယ်တိုင် ပြောခြင်းဖြစ်သောကြောင့် လက်ခံနိုင်စရာ ရှိသည်။ သူ ဆက်ပြောသည်။
"ငါ့ဘဝတစ်လျှောက်လုံး ဒီလိုပဲ တွေးလာခဲ့တာ၊ ဒါပေမဲ့ ဒီလိုမျိုးကို မြင်ဖူးတာ ဒါ ပထမဆုံးပဲ"
"...ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ပြဿနာအသစ် တွေ့ပြန်ပြီလား"
နောက်ထပ်လား။ ကျွန်ုပ်၏ ခန္ဓာကိုယ်မှာ စစ်တလင်းပြင် ဖြစ်နေသလား။ ဘာကြောင့် ဒီလောက်အဖြစ်အပျက်တွေ များနေရတာလဲ။
'အတိတ်က ငါလုပ်ခဲ့တဲ့ အပြစ်တွေကြောင့်လား'
ဘာကြောင့် ဒီပြဿနာတွေ ဆက်တိုက် ဖြစ်နေရသလဲဟု ကျွန်ုပ် တွေးတောမိသည်။ မသေဆေးနတ်မင်းက ရှုပ်ထွေးနေသော အမူအရာဖြင့် ပြောသည်။
"...တည်ငြိမ်သွားပြီ"
"ဗျာ?"
"အချင်းချင်း ဝါးမြိုဖို့ ကြိုးစားနေတဲ့ မင်းကိုယ်ထဲက ချီ တွေအားလုံးဟာ အခုတော့ သေနေတဲ့အတိုင်း တည်ငြိမ်သွားပြီ"
တည်ငြိမ်သွားပြီ? ဘယ်အချိန်မဆို ပေါက်ကွဲသွားနိုင်တယ်လို့ သူပြောခဲ့တာ ၁၀ ရက်ပဲ ရှိသေးတာလေ။
ဆေးနတ်မင်း၏ စကားကို ကြားပြီးနောက် ကျွန်ုပ်သည် အံ့သြတုန်လှုပ်စွာဖြင့် ခန္ဓာကိုယ်ထဲမှ ချီ ကို လှည့်ပတ်ရန် ကြိုးစားလိုက်သော်လည်း ပင်ပန်းနေ၍လားမသိ၊ ဝမ်းဗိုက်က တုန်ခါသွားပြီး ချီ ကို အသုံးပြု၍ မရကြောင်း တွေ့လိုက်ရသည်။ ထိုအစား ထူးဆန်းသော ခံစားချက်တစ်ခုက ခန္ဓာကိုယ်ထဲ စီးဆင်းသွားသည်။
ချမ်းစိမ့်စိမ့် ခံစားချက်ကို ရလိုက်သည်နှင့် ချီ လှည့်ပတ်မှုကို ချက်ချင်း ရပ်လိုက်သည်။
'မိစ္ဆာချီ (Demonic Qi)...?'
ကျွန်ုပ်၏ ခန္ဓာကိုယ်ထဲတွင် မိစ္ဆာချီများ စီးဆင်းနေသည်။ ၎င်းသည် နောက်ကျိပြီး မတည်ငြိမ်သော်လည်း... သေချာပေါက်ပင်... ယာယောလ်ဂျော့ ထံတွင် ရှိခဲ့သော မိစ္ဆာချီ ဖြစ်သည်။
"သခင်လေးက လူအ ပဲ"
"အင်း..."
"အ-အ-အရူးကြီး!"
"အင်း..."
မနက်ခင်းတွင် နိုးလာသောအခါ ဝီဆောအာ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံနေရသည်။ ကျွန်ုပ်ကို မြင်မြင်ချင်း ငိုတော့မည့် ဝီဆောအာကို ချော့မြှူရခြင်းမှာ ယနေ့အတွက် ပထမဆုံး အလုပ်ပင် ဖြစ်သည်။ အချိန်အတန်ကြာသော်လည်း သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝေနေဆဲဖြစ်ရာ အပြည့်အဝ ချော့၍ မရသေးပေ။
"ဘာလို့ ကျွန်မ မရှိတဲ့အချိန်ဆို အမြဲ ဒဏ်ရာရရတာလဲ"
ဝီဆောအာ၏ မေးခွန်းကို ကျွန်ုပ် မဖြေနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် တကယ်ပင် ထိုသို့ အမြဲ ဖြစ်ပျက်နေသောကြောင့် ဖြစ်သည်။
'ဒါပေမဲ့လည်း အန္တရာယ်ရှိမယ်မှန်း သိရင် သူမကို မခေါ်သွားမိအောင် ငါ အတတ်နိုင်ဆုံး ကြိုးစားခဲ့တာပဲ'
အဓိက အကြောင်းရင်းက ဒါပါပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့။
ဝီဆောအာသည် မျက်ရည်များကို သုတ်လိုက်သည်။ သူမ၏ ခေါင်းကို ပွတ်ပေးရမလား စဉ်းစားမိသော်လည်း ဒဏ်ရာ မပျောက်သေးသဖြင့် ကိုယ်ကို အလွယ်တကူ မလှုပ်ရှားနိုင်ပေ။
"သခင်လေးက... တကယ်ပဲ လူအကြီး"
"နေဦး-!"
အဆုံးတွင် ဝီဆောအာသည် ငိုချလိုက်ပါတော့သည်။ သူမ စတင်ငိုလိုက်သောအခါ ဘေးတွင် တိတ်တဆိတ် ရပ်နေသော နမ်ဂေါင်းဘီအာက သူမထံ လက်ကိုင်ပုဝါ ကမ်းပေးလိုက်သည်။
နမ်ဂေါင်းဘီအာ၏ လက်တစ်ဖက်တွင် ပတ်တီးများ ပတ်ထားသည်။ မသေဆေးနတ်မင်း ပြောပြချက်အရ သူမသည် သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး တခြားဒဏ်ရာ မရှိသောကြောင့် ရက်အနည်းငယ်အတွင်း ပြန်ကောင်းလာလိမ့်မည် ဖြစ်သည်။ ဝီဆောအာသည် မျက်ရည်သုတ်ရင်း နမ်ဂေါင်းဘီအာကို ရှိုက်ကြီးတငင်ဖြင့် ပြောသည်။
"...မမ"
"ဟင်?"
"...ကျွန်မ နှာညှစ်လို့ ရမလား"
သူမက အားနာနာဖြင့် မေးရှာသည်။ နမ်ဂေါင်းဘီအာသည် မထင်မှတ်ထားသောကြောင့် အံ့သြသွားပုံရသော်လည်း ရသည်ဟု ခေါင်းငြိမ့်ပြသည်။ ထို့နောက် ဝီဆောအာ နှာညှစ်လိုက်သံကို ကြားလိုက်ရသည်။ ကျွန်ုပ်သည် မကြည့်သင့်ဟု ခံစားရသဖြင့် ခေါင်းကို တခြားဘက်သို့ လှည့်လိုက်မိသည်။
"ကျေးဇူးတင်ပါတယ်..."
လက်ကိုင်ပုဝါကို နမ်ဂေါင်းဘီအာထံ ပြန်ပေးသောအခါ နမ်ဂေါင်းဘီအာသည် ဤပုဝါကို ဘာလုပ်ရမလဲဟူသော အမူအရာဖြင့် ကြည့်နေသည်။ နောက်မှ သူမကို တစ်ထည်အသစ် ဝယ်ပေးရမည်...။
စကားပြောနေစဉ် မသေဆေးနတ်မင်း ဝင်လာပြီး မျက်မှောင်ကြုတ်လိုက်သည်။
"အားလုံး အပြင်ထွက်ကြ၊ ငါ လူနာကို စစ်ဆေးရဦးမယ်"
"ဟို... ခဏလောက် ထပ်နေလို့ ရမလား"
"မင်းတို့ အကုန်လုံး ဒီမှာ ရှိနေရင် ငါ ဘယ်လို အာရုံစိုက်ရမလဲ။ အပြင်ထွက်ကြစမ်း!"
အမြဲတမ်း အလိုလိုက်ခံရသော အလှလေး ဝီဆောအာပင်လျှင် ဘာမှဂရုမစိုက်သော (မသေဆေးနတ်မင်း)ဆေးနတ်မင်း၏ နှင်ထုတ်ခြင်းကို ခံလိုက်ရသည်။ အဆုံးတွင် နမ်ဂေါင်းဘီအာသည် စိတ်ပျက်လက်ပျက် ဖြစ်နေသော ဝီဆောအာကို ခေါ်ပြီး ထွက်သွားတော့သည်။ ထွက်သွားချိန်အထိ စိတ်မကောင်းသော မျက်နှာဖြင့် ကြည့်သွားသောကြောင့် ကျွန်ုပ်လည်း စိတ်မအေးဖြစ်ရသည်။
မိန်းကလေး နှစ်ယောက် ထွက်သွားပြီးနောက် ဆေးနတ်မင်းက ကျွန်ုပ်၏ လက်ကို ဆွဲကိုင်လိုက်သည်။
"ဘယ်လို ခံစားရလဲ"
"မနေ့ကထက်စာရင် အများကြီး သက်သာပါတယ်"
"ဒါပေမဲ့ မင်းကို အပြင်မလွှတ်နိုင်သေးဘူး၊ အိပ်ရာထဲမှာပဲ နေဦး"
"...ဟုတ်ကဲ့ပါ"
ကျွန်ုပ် ထွက်ချင်နေသည်ကို သူ သိပုံရသည်။ ဤနေရာမှာ ယခင်က တွေ့ခဲ့သော တဲအိမ်ကလေးနှင့် မတူပေ၊ ကျွန်ုပ်သည် ဟွာရှန် (Mount Hua) တောင်ပေါ်မှာပဲ ရှိနေသေးတာလား။ ငြိမ်ငြိမ်လေး နေနေစဉ် ဆေးနတ်မင်းက ရုတ်တရက် ပြောလာသည်။
"မင်းကို ကျေးဇူးမတင်ရသေးဘူး"
အိပ်ရာပေါ်တွင် လှဲနေသော ကျွန်ုပ်ကို ဆေးနတ်မင်းက ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။ ကျွန်ုပ် ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။
"ဘာကို...?"
"ဟို တဲအိမ်ကို လာတိုက်တဲ့ကောင်ကို မင်း တိုက်ခိုက်ခဲ့လို့ အခုလို ဖြစ်သွားတာပဲ"
တဲအိမ်ကို လာတိုက်တဲ့ကောင်? အဲဒါ ယာယောလ်ဂျော့ ဒီကိုလာရတဲ့ အဓိက ရည်ရွယ်ချက်လား။ ကျွန်ုပ်ကတော့ တကယ်တမ်း ဒေါသထွက်လွန်းလို့ တိုက်ခဲ့ခြင်းသာ ဖြစ်ပြီး ဆေးနတ်မင်း ထင်သကဲ့သို့ မဟုတ်ပေ။
"ဒိုဟွာ (Dohwa) ကတော့ အသေးစိတ်သိရအောင် ဒီကို လာရဦးမယ်... ဒါပေမဲ့ အခု ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် ခဏတော့ ကြာဦးမှာပဲ"
"ဖြစ်ပျက်နေတဲ့ အခြေအနေဆိုတာ... အခု တစ်ခုခု ဖြစ်နေလို့လား"
"ငါ ပြောရမယ့်ကိစ္စ မဟုတ်ဘူး။ ဒိုဟွာ လာရင် သူပဲ အကုန်ပြောပြလိမ့်မယ်"
ထိုသို့ပြောစဉ် ဆေးနတ်မင်း၏ မျက်နှာမှာ မှောင်မှိုင်နေသည်။ အပြင်လောကမှာ ဘာတွေဖြစ်နေမှန်း မသိရသဖြင့် ကျွန်ုပ် အနည်းငယ် စိတ်မရှည် ဖြစ်မိသည်။ ကျွန်ုပ်၏ လက်မောင်းကို အကြာကြီး နှိပ်နယ်ပေးပြီးနောက် ဆေးနတ်မင်းသည် စစ်ဆေးမှု ပြီးဆုံးသွားပြီဖြစ်၍ မတ်တပ်ရပ်လိုက်သည်။
"ဒဏ်ရာတွေက တော်တော်လေး ပျောက်ကင်းနေပြီမို့ မကြာခင် ထနိုင်တော့မှာပါ။ ဒါပေမဲ့ ဒီနေ့တော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အိပ်ရာထဲမှာပဲ ဆက်နေဦး"
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်"
ဆေးနတ်မင်း ထွက်သွားပြီးနောက် ကျွန်ုပ် ခဏ စဉ်းစားကြည့်သည်။ ကျွန်ုပ်၏ ခန္ဓာကိုယ် အခြေအနေအကြောင်းကိုပင်။
'ဆေးနတ်မင်းက မိစ္ဆာချီကို မခံစားမိဘူးပဲ'
သူ ခုနကအထိ စစ်ဆေးပေးနေသော်လည်း မိစ္ဆာချီအကြောင်း တစ်လုံးမှ မပြောခဲ့ပေ။ သူ ကျွန်ုပ်ကို တမင် ဖုံးကွယ်ထားတာလည်း ဖြစ်နိုင်သော်လည်း ထိုသို့ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးသည်။ ကျွန်ုပ်ကိုယ်ထဲမှာ မိစ္ဆာချီ ဘယ်လိုပေါ်လာသလဲ မသိသော်လည်း ကံကောင်းထောက်မစွာဖြင့် ၎င်းသည် ဖြည်းဖြည်းချင်း သန့်စင်သွားပုံရသည်။
ယခင်က မိစ္ဆာဝါးမြိုခြင်း (Demonic Absorb) စွမ်းရည်ဖြင့် မိစ္ဆာကျောက်တုံးဆီက စွမ်းအင်ကို စုပ်ယူခဲ့စဉ်ကကဲ့သို့ပင်၊ ကျွန်ုပ်၏ ဖျက်ဆီးခြင်း မီးလျှံပညာရပ် (Destructive Flame Arts) က မိစ္ဆာချီကို ဝါးမြိုပြီး ခန္ဓာကိုယ်ကို သန့်စင်ပေးနေခြင်း ဖြစ်နိုင်သည်။
သို့သော် ယခု ခန္ဓာကိုယ်ထဲရှိနေသော မိစ္ဆာချီမှာ မိစ္ဆာကျောက်တုံးများ သို့မဟုတ် ကောင်းကင်မိစ္ဆာ ထံမှ ရသော ချီများနှင့် သိသိသာသာ ကွဲပြားနေသည်။ အနက်ရောင် နန်းတော် (Black Palace)။ အထူးသဖြင့် ယာယောလ်ဂျော့ ထံက ရသော နောက်ကျိသည့် ချီနှင့် ဆင်တူနေသည်။ ကျွန်ုပ် သူ၏ ချီကို ခိုးယူလိုက်သကဲ့သို့ပင်။ ကျွန်ုပ် သူ၏ ချီကို စုပ်ယူလိုက်တာလား။
'မိစ္ဆာကျောက်တုံးဆီက မဟုတ်ဘဲ လူဆီကနေ ချီ ကို စုပ်ယူတာလား?'
ထိုကဲ့သို့သော စွမ်းရည်မျိုး တစ်ခါမျှ မကြားဖူးပေ။ သို့သော် မိစ္ဆာကျောက်တုံး အများအပြားကို စုပ်ယူခဲ့ဖူးသောကြောင့် ကျွန်ုပ်အတွက်တော့ အံ့သြစရာ မဟုတ်တော့ပေ။ ထို့ပြင် ကျွန်ုပ်၏ စွမ်းအင်များ တည်ငြိမ်သွားသည်ဟု ဆေးနတ်မင်း ပြောခြင်းမှာလည်း ဤအချက်နှင့် သက်ဆိုင်လိမ့်မည်ဟု ယုံကြည်သည်။
'...ဒါဆို နောက်ဆုံးမှာတော့ ငါ့ရဲ့ မိစ္ဆာချီလည်း တည်ငြိမ်သွားတာပဲပေါ့'
ဆိုလိုသည်မှာ စမ်းသပ်ရန်အတွက် မိစ္ဆာကျောက်တုံးများကို လိုက်ရှာစရာ မလိုတော့ခြင်းပင်။ ဘဝသစ်မှာတောင် ကောင်းကင်မိစ္ဆာ၏ မိစ္ဆာချီနှင့် ပတ်သက်နေရဦးမည်ဟု တွေးမိပြီး စိတ်မသက်မသာ ဖြစ်ရသော်လည်း ယခုအချိန်ကစပြီး စိတ်ကို ပြန်လည်ပြင်ဆင်ရမည်။
'ဒါကတော့ ဒါပဲပေါ့'
ကျွန်ုပ် နိုးလာကတည်းက စိုးရိမ်နေရသော နောက်ထပ် အကြောင်းအရာတစ်ခု ရှိသေးသည်။
'စီနီယာ ရှင် (Elder Shin)'
စီနီယာ ရှင် ကို အဆက်မပြတ် ခေါ်နေသော်လည်း ဘာတုံ့ပြန်မှုမှ မရရှိပေ။
'စီနီယာ ရှင်...'
ထပ်ခေါ်ကြည့်သည်။
「...」
တုံ့ပြန်မှု မရှိသေးပေ။ မနေ့ညက နိုးလာကတည်းက သူ့ကို ခေါ်နေသော်လည်း တစ်ခါမျှ မထူးခဲ့ပေ။ အပြင်ထွက်၍လည်း ခေါ်သည်၊ စိတ်ထဲကလည်း ခေါ်သည်။ သို့သော် ဘာသံမှ ပြန်မလာပေ။
"...ဒီအဖိုးကြီး ဘယ်ပျောက်သွားတာလဲ...?"
စီနီယာ ရှင် ပျောက်ကွယ်သွားပြီ။