အခန်း (၈၂) မဟာမိစ္ဆာ(၂)
– ရှဲရှဲ – ရှဲရှဲ –
ဘေချောင် ပေးပို့လာသော စာများကို ယာယောလ်ဂျော့ တစ်စောင်ချင်းစီ ဖတ်ကြည့်နေသည်။ ဘေချောင် သည်ယာယောလ်ဂျော့ စာဖတ်ရသည်ကို မုန်းမှန်းသိသဖြင့် နောက်ဆုံးစာတွင် အကြောင်းအရာ အကျဉ်းချုပ်ကို ထည့်သွင်းပေးထားခြင်းဖြစ်သည်။ ၎င်းကို သိပြီးဖြစ်သော ယာယောလ်ဂျော့သည်လည်း စာများကို အပေါ်ယံသာ ကြည့်လိုက်ပြီး နောက်ဆုံးစာကိုသာ အာရုံစိုက်ဖတ်ရှုလိုက်သည်။
“ဒါဆို...”
စာကို ဖတ်ပြီးနောက် ယာယောလ်ဂျော့သည် ၎င်းကို ဘေ ချောင် ၏ ဘေးသို့ ပစ်ချလိုက်သည်။
“ဂူမျိုးနွယ်က ကလေးတစ်ယောက်ပေါ့?”
“ဟုတ်ကဲ့ပါ ခင်ဗျာ။”
“ဂူမျိုးနွယ်ဆိုတာ အဲ့ဒီကောင်ရဲ့ မိသားစု မဟုတ်လား?”
“ဟုတ်ကဲ့ပါ ခင်ဗျာ၊ ရှန်းရှီးပြည်နယ်က ဂူမျိုးနွယ်စုကို ကျားသစ်သိုင်းသမားက ဦးဆောင်နေတာပါ။”
“အဲ့ဒီ ကျားသစ်သိုင်းသမား ဆိုတဲ့ အပေါစားဘွဲ့ကြီးကို လာမပြောနဲ့...”
ယာဟယောလ်ဂျော့သည် မိမိ၏ လက်အောက်ငယ်သားများကို မီးဖြင့် သတ်နိုင်ခဲ့သူမှာ မည်သူနည်းဟု တွေးတောနေခဲ့ရာမှ ယခုအခါ ၎င်းမှာ ဂူမျိုးနွယ်၏ သွေးသားတစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်။ ဂူမျိုးနွယ်မှလွဲ၍ မီးသိုင်းပညာကို အသုံးပြုသူ နည်းပါးသဖြင့် ၎င်းမှာ ဖြစ်နိုင်ခြေရှိသည်ဟု သူယူဆလိုက်သည်။
‘ဂူချောအွန်။’
ထိုအမည်ကို သတိရမိသောအခါ ယာယောလ်ဂျော့ ပြုံးလိုက်သည်။ ဂူချောအွန်ကို သမ္မာဂိုဏ်းလောကတွင် ကျားသစ်သိုင်းသမားဟု ခေါ်ကြသော်လည်း အောက်လမ်းဂိုဏ်းသားများကမူ အခြားအမည်တစ်ခုဖြင့် သိထားကြသည်။ ၎င်းမှာ 'မီးမိစ္ဆာ' ဖြစ်သည်။ ပြိုင်ဘက်များကို မီးဖြင့် အရှင်လတ်လတ် လောင်ကျွမ်းစေသည့် ရက်စက်ကြမ်းကြုတ်သော သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ သူ၏မီးတောက်အောက်တွင် ကျဆုံးခဲ့ရသော အောက်လမ်းဂိုဏ်းသားများ၏ အလောင်းကို စုပုံလိုက်ပါက တောင်ငယ်တစ်လုံးမျှ ရှိပေလိမ့်မည်။
“မင်း သေချာရဲ့လား?”
“...ဟုတ်ကဲ့ပါ၊ သူ ဝါဆန်းဂိုဏ်းကို ဧည့်သည်အဖြစ် ရောက်နေတာကို ကျွန်တော် အတည်ပြုပြီးပါပြီ။”
“ဝါဆန်းဂိုဏ်း ဟုတ်လား၊ ဂူမျိုးနွယ်က ကောင်က အဲ့ဒီမှာ ဘာကိစ္စရှိလို့လဲ?”
ရှန်းရှီးပြည်နယ်မှ ရှန်းစီပြည်နယ်၊ ဟွာရင်မြို့ရှိ ဟွာဆန်းတောင်သို့ ခရီးမှာ အလွန်ဝေးကွာသဖြင့် ဂူချောအွန်၏ သားဖြစ်သူက အဘယ်ကြောင့် ဤမျှအထိ ရောက်လာရသနည်းဟု သူ တွေးမရဖြစ်နေသည်။
“ဟွာဆန်းဂိုဏ်းမှာ ဂူမျိုးနွယ်နဲ့ သွေးတော်စပ်သူ နောက်တစ်ယောက် ရှိနေတယ်လို့ သိရပါတယ်၊ အဲ့ဒါကြောင့် ဖြစ်ဖို့များပါတယ်။”
ယာယောလ်ဂျော့သည် ထိုအကြောင်းကို ယခင်က ကြားဖူးသလိုရှိသော်လည်း သူ့အတွက် အရေးမကြီးသဖြင့် မေ့နေခဲ့ခြင်းဖြစ်သည်။
“သူ့ကို ဖမ်းဖို့ အစီအစဉ်ရှိလား?”
“...”
ဘေချောင် သည် ယာယောလ်ဂျော့၏ မေးခွန်းကို မဖြေနိုင်ပေ။ ဂူမျိုးနွယ်၏ သွေးသားတစ်ဦးကို ဖမ်းဆီးရန် ကြိုးစားခြင်းမှာ အလွန်ပင် မဆင်မခြင်ရာ ရောက်ပေလိမ့်မည်။ ဟွာဆန်းဂိုဏ်းသားများကို ဖမ်းဆီးရန်မှာပင် လုံလောက်အောင် ခက်ခဲလှပြီး စနစ်တကျ အစီအစဉ်ဆွဲခဲ့ရခြင်းဖြစ်သည်။ သို့သော် ယခုအခါ ဂူမျိုးနွယ်ဝင်တစ်ဦး ဟွာဆန်းတောင်တွင် ရှိနေခြင်းကြောင့် ထိုအစီအစဉ်ကို ဆက်လက်လုပ်ဆောင်ရန် မဖြစ်နိုင်တော့ပေ။
‘...တောက်၊ ဘာလို့ ဂုဏ်သရေရှိမျိုးနွယ်စုက ဖြစ်နေရတာလဲ?’
ဂုဏ်သရေရှိမျိုးနွယ်စု ဖြစ်နေသောကြောင့် သတင်းအချက်အလက်ကို အလွယ်တကူ ရရှိခဲ့ခြင်း ဖြစ်သော်လည်း၊ ၎င်းတို့ဖြစ်နေခြင်းကြောင့်ပင် ဖယ်ရှားပစ်ရန် ပိုမိုခက်ခဲသွားရသည်။ အကယ်၍ ဂူမျိုးနွယ်၏ တိုက်ရိုက်မျိုးဆက် တစ်ဦးကို သေချာသော အစီအစဉ်မရှိဘဲ သတ်ဖြတ်မိပါက...
‘...ဂူချောအွန် ကိုယ်တိုင် လှုပ်ရှားလာနိုင်တယ်။’
ထို့ကြောင့်ပင် ၎င်းတို့သည် ဝါဆန်းဂိုဏ်းသားများကို ဖမ်းဆီးရန်အတွက် လူမသိသူမသိဖြစ်အောင် အစကတည်းက စနစ်တကျ ပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်။ အဓိက ဂိုဏ်းချုပ်ထံမှ အမိန့်ပေးထားခြင်းကြောင့်လည်း ပါဝင်သော်လည်း၊ ဂူမျိုးနွယ်နှင့် ပတ်သက်လာပါက အခြေအနေမှာ လုံးဝခြားနားသွားသည်။
‘ငါ ဘာလုပ်ရမလဲ...?’
ဘေချောင် တံတွေးမျိုချလိုက်သည်။ သူ နည်းလမ်းတစ်ခု ရှာရမည်။ အကယ်၍ မရှာနိုင်ပါက ရှေ့တွင်ရှိနေသော ဤဝက်မိစ္ဆာကြီးက သူ၏လည်ပင်းကို ဖြတ်ပစ်နိုင်သည်ကို သူ သိထားသည်။ ယာယောလ်ဂျော့သည် ဘေချောင် ကို ကြည့်ကာ လှိုင်ဂူအတွင်း ဟိန်းထွက်သွားအောင် ရယ်မောလိုက်သည်။
“ငါ နောက်လိုက်တာပါ၊ အဲ့လောက်ကြီး ဝမ်းနည်းမနေပါနဲ့။”
သူသည် ထိုသို့ပြောပြီးနောက် ဆက်၍ ရယ်နေပြန်သည်။ ယာယောလ်ဂျော့က မိမိ၏ လက်တစ်ဖက်ကို ဖြတ်ပစ်ခဲ့သည်ကို မေ့လျော့နေသည့်အလား ပြောဆိုနေခြင်းအပေါ် ဘယ်ချွန် လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ ဒီယုတ်မာတဲ့ကောင်... ဟု ဘယ်ချွန် စိတ်ထဲမှ ကြုံးဝါးနေမိသည်။
“ဂူမျိုးနွယ်က ကောင်ကို ခဏထားလိုက်ဦး၊ မသေဆေးသမားတော်ကြီး အကြောင်းကရော ဘယ်လိုလဲ?”
“...အဲ့ဒါကတော့။”
“ဒီစာထဲမှာ ဘာမှ အာမခံချက် မရှိဘူး။ သူ တဲထဲမှာ နေထိုင်နေနိုင်တယ်လို့ပဲ မင်း ရေးထားတာလေ ဘေချောင် ။”
“မသေဆေးသမားတော်ကြီး ရှန်းစီပြည်နယ်ကို ရောက်လာတာနဲ့ သူ့ရဲ့ အစအနတွေကို စောင့်ကြည့်ပြီးတဲ့နောက်မှာ သူ ဟွာဆန်းတောင်ထဲမှာ ရှိနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”
“ပြီးတော့ကော?”
“သူ နောက်ဆုံး ရှိနေခဲ့တဲ့ နေရာကို ကြည့်ရသလောက် သူက ချန်ထားခဲ့တဲ့ အစအနတွေကို တမင်တကာ ဖျက်ဆီးသွားတာကို တွေ့ရပါတယ်... အဲ့ဒါကြောင့် သူဟာ 'ဇွန်ပန်းနတ်မိခင်' ချထားတဲ့ အကာအကွယ်တောအုပ်ထဲမှာ ရှိနေတယ်လို့ ကျွန်တော် ယူဆရခြင်းဖြစ်ပါတယ်။”
အဓိက ဂိုဏ်းချုပ်ထံမှ ရရှိထားသော အမိန့်မှာ ရှန်းစီပြည်နယ်ရှိ မသေဆေးသမားတော်ကြီးကို ဖမ်းဆီးရန်နှင့် မြေအောက်ခန်းတွင် ပိတ်လှောင်ထားရန် ဖြစ်သည်။ ထို့ကြောင့် ဘေ ချောင် သည် ရသမျှ သတင်းအချက်အလက်ကို အပြေးအလွှား စုဆောင်းခဲ့ပြီး၊ လက်ရှိတွင် မသေဆေးသမားတော်ကြီး ရှိနိုင်မည့် တစ်ခုတည်းသော နေရာမှာ ဂူမျိုးနွယ်ဝင် ကောင်လေးကို နောက်ဆုံးတွေ့ရှိခဲ့သည့် နေရာပင်ဖြစ်သည်ဟု ကောက်ချက်ချလိုက်သည်။
“ဒါပေမဲ့ အဲ့ဒါက မင်းရဲ့ ခန့်မှန်းချက်သက်သက်ပဲ ။”
ယာယောလ်ဂျော့၏ စကားကြောင့် ဘေချောင် နှုတ်ဆိတ်သွားသည်။ ယာယောလ်ဂျော့ ပြောသကဲ့သို့ပင် ဘေချောင် မှာ သေချာသော အထောက်အထား မရှိပေ။
“အဲ့ဒီ အကာအကွယ်ကို ဇွန်ပန်းနတ်မိခင်က ချထားတာရော မင်း သေချာလို့လား?”
“...ရှန်းစီပြည်နယ် တစ်ခုလုံးမှာ ဒီလို အစွမ်းထက်တဲ့ အကာအကွယ်မျိုးကို ချနိုင်တာ ဇွန်ပန်းနတ်မိခင် တစ်ယောက်ပဲ ရှိမယ်လို့ ကျွန်တော် ကောက်ချက်ချမိလို့ပါ။”
“အဲ့ဒါလည်း မင်းရဲ့ ခန့်မှန်းချက်ပဲလေ၊ အသုံးမကျတဲ့ကောင်ရဲ့။”
“...”
သုံးရက်ဆိုသော အချိန်မှာ ဘေ ချေင် အတွက် ခိုင်မာသော သတင်းအချက်အလက် ရရှိရန် အလွန်နည်းပါးလှသည်။ သို့သော် အကာအကွယ် ချထားသော နေရာအနီးတွင် ယခင် ဟွာဆန်းဂိုဏ်းချုပ် တည်ဆောက်ခဲ့သော တဲတစ်လုံး ရှိသည်ကို သူ သိထားသည်။ ထို့ကြောင့် ထိုနေရာနှင့် အလွန်နီးကပ်သော နေရာတွင် ထိုမျှ အစွမ်းထက်သော အကာအကွယ်ကို ချထားနိုင်သူမှာ ဇွန်ပန်းနတ်မိခင်သာ ဖြစ်နိုင်သည်ဟု သူ တွေးတောမိခြင်း ဖြစ်သည်။
“ ဘေ ချောင် ။”
“ဟုတ်ကဲ့... ဂိုဏ်းခွဲမှူးကြီး...”
“အကယ်၍ မင်း မှားသွားရင် သေရမယ်ဆိုတာ မင်းသိတယ် မဟုတ်လား?”
“...ဟုတ်ကဲ့၊ သိပါတယ်ခင်ဗျာ။”
လေးရက်အတွင်း သတင်းအချက်အလက် မရပါကလည်း သူ သေရမည်ကို ဘေချောင် သိထားပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယာယောလ်ဂျော့၏ စရိုက်မှာ ထိုမျှအထိ ဆိုးရွားလွန်းသောကြောင့် ဖြစ်သည်။
“ဟင်း... လက်အောက်ငယ်သားတွေကို လွှတ်လိုက်လို့လည်း ဘာမှ ထူးမှာမဟုတ်ဘူး၊ ငါကိုယ်တိုင်ပဲ သွားရတော့မှာပေါ့၊ ဟုတ်လား?”
“...”
“ငါ မစဉ်းစားတတ်ဘူး... အဲ့ဒီမှာ စောင့်ကြည့်နေတဲ့ ကင်းသမား တစ်ယောက်တောင် မရှိဘူးလား?”
“အနည်းဆုံးတော့ ကျွန်တော် မြင်ခဲ့ရသလောက် မရှိပါဘူး...”
ယာယောလ်ဂျော့သည် အဘယ်ကြောင့် အကာအကွယ် အနီးတွင် အစောင့်များ မထားသနည်းဟု တွေးတောနေမိသည်။ အကယ်၍ မသေဆေးသမားတော်ကြီးသာ ထိုအတွင်း၌ တကယ်ရှိနေပါက အစောင့်များ ရှိနေရမည် မဟုတ်ပါလား။ မကဇွန်ပန်းနတ်မိခင်က မိမိ၏ စွမ်းအားကို အလွန်အမင်း ယုံကြည်နေခြင်းလော၊ မည်သူမျှ ဤအကာအကွယ်ကို မဖျက်နိုင်ဟု သူ ထင်နေခြင်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ၊ ဘေချောင် တို့ကဲ့သို့ အဆင့်ရှိသော သိုင်းပညာရှင်များမှာ ထိုအကာအကွယ်ကို ဖျက်ရန် မစွမ်းသာသည်မှာ အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးတွင် ထိုအရာကို လုပ်နိုင်သူမှာ ယာယောလ်ဂျော့ ကိုယ်တိုင်သာ ဖြစ်သည်။
ဤသို့ ကောက်ချက်ချပြီးနောက် ယာယောလ်ဂျော့သည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး သူ၏ ဓားကြီးကို ကောက်ကိုင်လိုက်သည်။ အန္တရာယ်နှင့် သတ်ဖြတ်လိုသော အငွေ့အသက်များသည် ပတ်ဝန်းကျင်သို့ ချက်ချင်းဆိုသလို ပျံ့နှံ့သွားသည်။ သို့သော် ထိုကြမ်းတမ်းသော အငွေ့အသက်များနှင့် မလိုက်ဖက်စွာပင် ယာယောလ်ဂျော့၏ မျက်နှာမှာ စိတ်ဝင်စားမှု မရှိသည့်ပုံစံ ပေါက်နေသည်။ သူသည် ရှုပ်ထွေးသော အရာများကို မကြိုက်ပေ။ ဘာလုပ်ရမည်ကို မသိပါက အားလုံးကို ရိုက်ခွဲပစ်ပြီးမှ ရှာဖွေခြင်းမှာ ယာယောလ်ဂျော့၏ လုပ်ဆောင်ပုံပင် ဖြစ်သည်။
သူ၏ ဂိုဏ်းခွဲမှူး လှုပ်ရှားလာသည်ကို မြင်သောအခါ ဘေချောင် က သတိထား၍ ပြောလိုက်သည်။
“သင်က အကာအကွယ်ကို ဖျက်လိုက်တာနဲ့... ဇွန်ပန်းနတ်မိခင်က ချက်ချင်း လှုပ်ရှားလာနိုင်ပါတယ် သခင်ကြီး။”
ထိုစကားကို ကြားသောအခါ ယာယောလ်ဂျော့ ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
“တောက်၊ မင်းက ဘာတွေ လာပြီး ရှင်းပြနေတာလဲ? ငါက အကာအကွယ်ကို ဖျက်ပြီး အဲ့ဒီ အဖိုးကြီးကို ဖမ်းရုံပဲလေ။ ငါက အဲ့ဒါကို နားမလည်နိုင်ဘူးလို့ မင်း ထင်နေတာလား? ဒါမှမဟုတ် မင်းက ငါ့ကို ခိုင်းနေတာလား?”
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး သခင်ကြီး!”
ယာယောလ်ဂျော့သည် ကင်းမြီးကောက်၏ နောက်ဆုံးတစ်လုပ်ကို စားလိုက်ပြီးနောက် ဘေချောင် ဘက်သို့ လှည့်လိုက်သည်။
“ဂူမျိုးနွယ်က ကောင်တွေကို စောင့်ကြည့်ဖို့ တပည့်တွေကို ပြောထားလိုက်။”
“ဗျာ...? ဘာလုပ်ဖို့အတွက်...”
“နတ်အဆင့် သိုင်းပညာရှင်တောင် မဟုတ်တဲ့ အဲ့ဒီ မီးတောက်ကျားလေးကို ကြောက်နေရင် ငါတို့ ဒီမှာ အလုပ်လုပ်လို့ ရမှာမဟုတ်ဘူး။”
ယာယောလ်ဂျော့သည် တစ်စုံတစ်ခုကို သဘောကျသွားသည့်အလား ချက်ချင်း ရယ်မောလိုက်ပြန်သည်။ သူ၏ ရယ်သံများ စဲသွားပြီးနောက် ရုတ်တရက် တည်ကြည်သော မျက်နှာထားဖြင့် ဘေချောင် ကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှ အမှောင်ထုကို မြင်သောအခါ ကြောက်ရွံ့တုန်ရင်သွားသည်။
“ငါ အဲ့ဒီကို သွားလို့ ဘာမှမရှိခဲ့ရင် ဘာဖြစ်မလဲဆိုတာ မင်းသိတယ်နော် ဘေချောင် ... ဟုတ်တယ်မလား?”
“...ဟုတ်ကဲ့ပါ၊ သိပါတယ် သခင်ကြီး။”
ယာယောလ်ဂျော့သည် သူ၏ လက်ဖဝါးကြီးဖြင့် ဘေချောင် ၏ ပုခုံးကို ပုတ်လိုက်ပြီး ဓားကြီးကို ကိုင်ကာ လှိုင်ဂူအပြင်သို့ ထွက်ခွာသွားသည်။ သူ ထွက်သွားသည်နှင့် ဘေချောင် ၏ ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူ မည်သို့ပင်ဖြစ်စေ အသက်ရှင်နိုင်မည့် နည်းလမ်းကို ရှာဖွေရပေမည်။
ဂူရွန်ဟွာသည် သန်းခေါင်ယံတိုင်အောင် ဓားကို လေ့ကျင့်ပြီးနောက် အိပ်ပျော်သွားခဲ့ရာ၊ နိုးလာသောအခါ နေထွက်နေပြီဖြစ်သည်။ သူမသည် အိပ်ရေးသိပ်မဝသေးသဖြင့် ပင်ပန်းနေသေးသော်လည်း တုံ့ဆိုင်းမနေဘဲ ထလိုက်သည်။
“...အင့်။”
သူမ၏ လက်ကို အားပြုကာ ထရန် ကြိုးစားလိုက်စဉ် ဂူရွန်ဟွာ တစ်ကိုယ်လုံး နာကျင်သွားရသည်။ ယမန်နေ့က ဒဏ်ရာကို ဂရုမစိုက်ဘဲ ဓားကို ဆက်တိုက် လေ့ကျင့်ခဲ့သောကြောင့် ယခုအခါ သူမ၏ လက်တွင် သွေးများ ခြောက်ကပ်နေပြီဖြစ်သည်။ သူမသည် လက်ကို ရေဖြင့် သေချာစွာ ဆေးကြောပြီး အဝတ်သစ်ဖြင့် ပြန်ပတ်လိုက်သည်။ ထိုလုပ်ဆောင်ချက်မှာ အလွန်ပင် နာကျင်လှသော်လည်း ဂူရွန်ဟွာ အောင့်ခံလိုက်သည်။
လက်ကို ပတ်တီးစည်းပြီးနောက် အဝတ်အစား လဲလိုက်သည်။ သူမသည် မသေဆေးသမားတော်ကြီးထံ မသွားမီ ဆရာဖြစ်သူ နေထိုင်ခဲ့သော တဲတွင် ခဏတည်းခိုနေခြင်း ဖြစ်သဖြင့် လဲလှယ်ရန် အဝတ်အစားအချို့ ရှိနေခြင်းမှာ ကံကောင်းခြင်းပင်။ အဝတ်အစားသစ် လဲပြီးနောက် မျက်နှာသစ်ကာ အပြင်သို့ ထွက်လာခဲ့သည်။
ဂူရွန်ဟွာသည် ဤနေ့ကို စောင့်မျှော်နေခဲ့သဖြင့် ပျော်ရွှင်စွာဖြင့် တောင်အောက်သို့ ဆင်းလာခဲ့သည်။ တောင်အောက်သို့ ရောက်သောအခါ ဟွာဆန်းဂိုဏ်းသားများ တက်ကြွစွာ လေ့ကျင့်နေကြသည်ကို တွေ့ရသည်။ သူမသည် ၎င်းတို့ကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် မသိမသာ ကျော်ဖြတ်သွားခဲ့သည်။ သူမသည် ထိုတပည့်များနှင့် မပတ်သက်ချင်ပေ။ ၎င်းတို့ဘက်မှလည်း ထိုသို့ပင် ဖြစ်ပေလိမ့်မည်။
လမ်းလျှောက်နေရင်း ဂူယန်ချွန်း တည်းခိုနေသော နေရာကို တွေ့လိုက်ရသည်။ ဂူရွန်ဟွာသည် နမ်ဂေါင်းဘီအာကြောင့် ထိုနေရာသို့ သွားရန် ခဏစဉ်းစားလိုက်သော်လည်း နောက်ဆုံးတွင် မသွားရန် ဆုံးဖြတ်လိုက်သည်။ သူမကို ကူညီခဲ့သည့်အတွက် ကျေးဇူးတင်သော်လည်း ၎င်းတို့မှာ ထိုမျှအထိ မရင်းနှီးသေးဟု သူမ ယူဆသည်။
တည်းခိုဆောင်ကို ခဏမျှ ကြည့်လိုက်ပြီးနောက် ဆက်၍ လမ်းလျှောက်လာခဲ့သည်။ ဟွာရင်မြို့၏ လမ်းမများပေါ်တွင် လမ်းလျှောက်ရသည်မှာ အချိန်အနည်းငယ်သာ ကြာသည်။ လူစည်ကားသော လမ်းမများကို ဖြတ်သန်းသွားစဉ် အရသာရှိသော အစားအစာနံ့များကြောင့် သူမ၏ ခြေလှမ်းများ ခဏခဏ ရပ်တန့်နေခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ရက်အနည်းငယ်က သူမ ဘာမှ မစားခဲ့ရသလောက် ဖြစ်နေသောကြောင့်ဖြစ်သည်။ လေ့ကျင့်မှုကြောင့် ဖြစ်ပေါ်လာသော အလွန်အမင်း ဆာလောင်မှုဒဏ်ကို မအောင့်နိုင်တော့ဘဲ နောက်ဆုံးတွင် ဆိုင်တစ်ဆိုင်တွင် ရပ်ကာ အသားကင် အချို့ ဝယ်လိုက်မိသည်။ သူမသည် ယခင်က ဆရာဖြစ်သူနှင့်အတူ ဤအသားကင်များကို စားလေ့ရှိသည်ကို သတိရသွားသည်။
‘...ဆရာက ဒါကို စားနိုင်ပါဦးမလား?’
ဆာလောင်သောကြောင့် ဝယ်လိုက်ခြင်း ဖြစ်သော်လည်း ယခုအခါ ဆရာဖြစ်သူ၏ ပုံရိပ်က သူမ ခေါင်းထဲသို့ ရောက်လာသည်။ သူမ၏ ဆရာမှာ ဆန်ပြုတ်ကိုသာ စားနိုင်သည်ကို သိထားပြီးဖြစ်ရာ၊ အသားကင်များကို ယူသွားပေးခြင်းမှာ အကျိုးထက် အပြစ်က ပိုများနိုင်သည်ကို သိလိုက်သည်။ ဆရာ၏ နာမကျန်းမှုကို သတိရလိုက်သောအခါ ဤအသားကင်များကို ဝယ်လိုက်မိသည့်အတွက် နောင်တရသွားသည်။ သူမသည် လူကြီးမဆန်သေးဘူးဟု ကိုယ့်ကိုယ်ကိုယ် ခံစားလိုက်ရသည်။
အတွေးပေါင်းစုံ ဝင်လာသောကြောင့် ဆာလောင်နေသော်လည်း ဘာမှ စားချင်စိတ် မရှိတော့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် လမ်းပေါ်ရှိ ကလေးတစ်ယောက်ကို ထိုအသားကင်များ ပေးလိုက်တော့သည်။ အသုံးစရိတ် ကုန်သွားသည့်အတွက် စိတ်မကောင်း ဖြစ်မိသော်လည်း၊ သူမကိုယ်တိုင်လည်း မစားချင်၊ လွှင့်လည်း မပစ်ချင်သဖြင့် ပေးလိုက်ခြင်းက ပိုကောင်းသည်ဟု ယူဆလိုက်သည်။
‘...ဆရာနဲ့အတူ စားချင်လိုက်တာ။’
အရသာရှိသည်ကို တစ်ယောက်တည်း စားနေရမည့်အစား ဆရာနှင့်အတူ ဆန်ပြုတ်ကို ပျော်ပျော်ရွှင်ရွှင် စားရသည်ကို သူမ ပို၍ လိုလားသည်။ ထိုအတွေးဖြင့် ဂူရွန်ဟွာ အတော်ကြာအောင် ပြေးလာခဲ့သည်။ ပင်ပန်းနေသော်လည်း ဆရာဖြစ်သူကို တွေ့ရတော့မည်ဟူသော အတွေးကြောင့် အားအင်များ ပြန်ပြည့်လာခဲ့သည်။ ဆရာနှင့် နီးကပ်လာသည်နှင့်အမျှ သူမ၏ စိတ်ထဲရှိ ရှုပ်ထွေးသော အတွေးများမှာလည်း ပြေပျောက်လာသလို ခံစားရသည်။
‘နည်းနည်းလေး ပိုမြန်မြန်!’
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို ဆရာ့အား ပြောပြစရာများ အများကြီး ရှိနေသည်။ နမ်ဂေါင်းဘီအာနှင့် မည်သို့ ယှဉ်ပြိုင်ခဲ့ရသည်၊ သူမက မည်သို့ ကူညီပေးခဲ့သည်၊ ပြီးတော့... ဂူယန်ချွန်းက သူမကို မည်သို့ ကယ်တင်ပေးခဲ့သည် ဆိုသည်များကို ဖြစ်သည်။ ထိုအကြောင်းများကို ပြောပြလိုက်ပါက သူမ၏ ဆရာ ပြုံးနိုင်လိမ့်မည်ဟု ဂူရွန်ဟွာ တွေးမိသည်။
အတော်ကြာအောင် ပြေးပြီးနောက် နောက်ဆုံးတွင် တဲကလေးကို မြင်လိုက်ရသည်။ တဲမှ မီးခိုးအချို့ ထွက်နေသဖြင့် မသေဆေးသမားတော်ကြီး၏ မြေးလေးမှာ ဟင်းချက်နေသည်ဟု ထင်ရသည်။ ဂူရွန်ဟွာသည် ပြုံးလျက် တဲဆီသို့ ဆက်လက်ပြေးရန် ပြင်လိုက်စဉ်၊ တစ်စုံတစ်ယောက်က သူမ၏ ပုခုံးကို ဆွဲကိုင်လိုက်သည်။
“အင်!”
ဂူရွန်ဟွာသည် ယိုင်တိယိုင်တိုင် ဖြစ်သွားကာ အော်လိုက်မိသော်လည်း တစ်စုံတစ်ခုက သူမ၏ ဆံပင်များကို ဝေ့ယမ်းဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။
– ရှုး –!
သူမဘေးမှ ဖြတ်သွားသည်မှာ ဘာမှန်း သူမ မသိသော်လည်း၊ သူမ၏ ဆံပင်အချို့ ပြတ်ကျသွားသည်ကို ဂူယန်ဟွာ သတိပြုမိလိုက်သည်။ တုန်တုန်ရင်ရင်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားစဉ် သူမ၏ ပုခုံးကို ဆွဲကိုင်ခဲ့သူကို လှည့်ကြည့်လိုက်သည်။
“...မမ?”
သူမ၏ ဘေးတွင် တည်ကြည်သော မျက်နှာထားဖြင့် ရှိနေသူမှာ နမ်ဂေါင်းဘီအာ ဖြစ်သည်။
“မမက ဘာလို့ ဒီမှာ...”
“...ငြိမ်ငြိမ်နေ။”
“ရှင်?”
ရုတ်တရက် ပေါ်လာသော နမ်ဂေါင်းဘီအာကို မြင်ပြီး ဂူရွန်ဟွာ လန့်သွားသည်။ နမ်ဂေါင်းဘီအာ၏ တုန်ယင်နေသော မျက်ဝန်းများနှင့် ပါးပြင်ပေါ်မှ စီးကျနေသော ချွေးများကို မြင်လိုက်ရသောအခါ ဂူရွန်ဟွာပါ ပို၍ စိုးရိမ်လာရသည်။
သူမ ဘယ်ကို ကြည့်နေတာလဲ?
နမ်ဂေါင်းဘီအာသည် တောအုပ်ဘက်သို့ စိုက်ကြည့်နေသည်။ ဂူရွန်ဟွာသည်လည်း ထိုဘက်သို့ လှည့်ကြည့်လိုက်ရာ ရုတ်တရက် ချမ်းစိမ့်စိမ့် ဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်လာတော့သည်။
– ဟင်၊ သူ ဘယ်လို ရှောင်လိုက်တာလဲ?
တောအုပ်ထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းနှင့်အတူ ညစ်ညမ်းပြီး ကြောက်မက်ဖွယ်ကောင်းသော သေမင်းအငွေ့အသက်များကို ခံစားလိုက်ရရာ ဂူရွန်ဟွာမှာ ကြောက်ရွံ့လွန်း၍ တုန်နေတော့သည်။
– ...ဟင်း၊ ဒါကိုတော့ ငါ မမျှော်လင့်ထားဘူး။
တောအုပ်ထဲမှ အသံမှာ ပိုမိုနီးကပ်လာသည်။ ထိုညစ်ညမ်းသော အငွေ့အသက်များ နီးကပ်လာသည်နှင့်အမျှ ဂူယန်ဟွာမှာ အသက်ရှူရန်ပင် ခက်ခဲလာသလို ခံစားရသည်။ သူမ၏ ပုခုံးကို ကိုင်ထားသော နမ်ဂေါင်းဘီအာသည် ရုတ်တရက် ဓားကို ဆွဲထုတ်ကာ လေထဲသို့ ခုတ်ပိုင်းလိုက်သည်။
– ဒိုင်း –!
“...!”
သူမ ခုတ်ပိုင်းလိုက်သော ဘက်မှ တစ်စုံတစ်ခုနှင့် တိုက်မိသည့် အသံ ထွက်ပေါ်လာသည်။ ၎င်းမှာ တကယ့်ကို ဓားချက်တစ်ခုနှင့် တစ်စုံတစ်ခု ထိတွေ့လိုက်သည့် အသံမျိုး ဖြစ်သည်။
“မမ...!”
နမ်ဂေါင်းဘီအာကို ခေါ်ပြီးနောက် ဂူရွန်ဟွာ စကားစရပ်သွားသည်။ နမ်ဂေါင်းဘီအာ ဓားကိုင်ထားသော လက်မှာ တုန်ယင်နေသည်ကို သူမ မြင်လိုက်ရသည်။
– ဘုန်း...!
လေးလံသော အရာတစ်ခုကို ချလိုက်သည့် အသံနှင့်အတူ ချုံပုတ်များကြားမှ လူတစ်ယောက် ထွက်လာသည်။ သူသည် အရပ် ၈ ပေကျော်ခန့် မြင့်ပြီး ထွားကြိုင်းသော ကိုယ်လုံးရှိသည်။ သူသည် ဓားဟုပင် ခေါ်နိုင်ပါမည်လားဟု သံသယဖြစ်ဖွယ်ကောင်းသော သံတုံးကြီး တစ်ခုကို ကိုင်ဆောင်ထားသည်။ ထိုလူကြီးထံမှ ထွက်ပေါ်လာသော ဖိအားများက ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားသောအခါ ဂူရွန်ဟွာ၏ မျက်နှာမှာ ပို၍ ဖြူဖျော့သွားတော့သည်။
“မင်းက မရှောင်ဘဲ တားလိုက်တာလား? ဝိုး၊ ဒါက တကယ့်ကို ပျော်စရာ ကောင်းတော့မှာပဲ။”
လောဘဇောနှင့် ယုတ်မာသော အလိုဆန္ဒများ ပြည့်နှက်နေသည့် လေသံဖြင့် ပြောလိုက်သော ထိုလူကြီးမှာ ကြောက်မက်ဖွယ်ကောင်းလှပေတော့သည်။