အခန်း (၈၁) မဟာမိစ္ဆာ(၁)
ဟွာရှန်းမြို့ထဲမှာ မိစ္ဆာပစ္စည်းတွေ ရောင်းတဲ့ဆိုင် တစ်ဆိုင်မက ရှိတယ်ဆိုတာ ကျွန်တော် အသေအချာ သိထားတာပါ။ ဒါပေမဲ့ မြို့အနှံ့ လိုက်ကြည့်ပြီးတဲ့နောက်မှာတော့... အခုချိန်မှာ မိစ္ဆာကျောက်တုံးတစ်တုံး ဝယ်ဖို့ ရှာရတာဟာ ကောင်းကင်က ကြယ်ကို ဖမ်းဖို့ ကြိုးစားနေသလိုပဲဆိုတာ ကျွန်တော် နားလည်သွားခဲ့တယ်။ ဘယ်နေရာမှာပဲ မေးမေး အဖြေကတော့ အတူတူပါပဲ။ အရင်ကထက် မိစ္ဆာတွေ ပေါ်ထွက်လာတာ နည်းသွားသလို၊ အဲဒီကျောက်တုံးတွေကလည်း ဘာတန်ဖိုးမှမရှိလို့ ဘယ်သူမှ မစုဆောင်းထားကြဘူး ဆိုတာပါပဲ။
နောက်ဆုံးတော့ ကျွန်တော်လည်း လက်ချည်းသက်သက်နဲ့ ဝူတန်တောင်ကို ပြန်လာခဲ့ရတယ်။
“ဒီခရီးစဉ်ကနေ ရလိုက်တာဆိုလို့ ကြက်သားကင်ပဲ ရှိတာပဲ...”
“အရသာရှိတယ်မလား?”
“အင်း၊ ရှိသားပဲ။”
ဒါနဲ့ စကားမစပ်၊ နားခိုဆောင်ကို ပြန်ရောက်တော့ ကြက်သားကင်ဖိုးကို မူယွန်းကို ပြန်ပေးလိုက်တယ်။ သူကတော့ ‘ဒါ မင်းနဲ့တောင် မတူတော့ဘူး’ ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ကြည့်နေတာကြောင့် ကျွန်တော် ခဏလောက် စဉ်းစားမိသွားတယ်။ ကျွန်တော်က ဘယ်လိုဖြစ်ပြီး ဒီလို အဆက်ဆံခံနေရတာလဲ... နောက်တစ်ခါဆိုရင်တော့ သူ့ကို ပိုက်ဆံပြန်မပေးတော့ဘူး။
‘လောလောဆယ် မိစ္ဆာကျောက်တုံးကို လက်လျှော့လိုက်ရတော့မှာလား?’
ရှန်းရှီးတောင်တန်းတွေထဲမှာတော့ မိစ္ဆာတချို့ ခိုအောင်းနေနိုင်တာမို့ အဲဒီနည်းလမ်းကိုပဲ သုံးရတော့မလား? တခြားနည်းလမ်းတွေ အလုပ်မဖြစ်ရင်တော့ ဒါဟာ ကျွန်တော့်ရဲ့ နောက်ဆုံးအားကိုးရာပါပဲ။
နားခိုဆောင်ထဲကို ဝေ့ဝဲကြည့်ရင်း တစ်ခုခု လိုနေသလို ခံစားရတာကြောင့် ကျွန်တော် မမေးဘဲ မနေနိုင်တော့ဘူး။
“သူ မပြန်လာသေးဘူးလား?”
ကျွန်တော် မေးတာက နမ်ဂေါင်းဘီအာ အကြောင်းပါ။ အစေခံတွေကို မေးကြည့်တော့လည်း သူမ နားခိုဆောင်ကို ပြန်လာတာ မတွေ့မိဘူးလို့ပဲ ဖြေကြတယ်။ မနက်စောစောကတည်းက ကျင့်စဉ်ကျင့်ဖို့ ထွက်သွားတယ်လို့ ကြားပေမဲ့ အခုက ညစာစားချိန်တောင် ရောက်တော့မယ်။ သူမ ကျင့်စဉ်ကျင့်တာ ဝါသနာပါတာ သိပေမဲ့ ဒါက ပုံမှန်ထက် ပိုကြာနေသလိုပဲ...
「 မင်း စိတ်ပူနေတာလား? 」
‘... မဖြစ်နိုင်တာ။’
ကျွန်တော်က ဘာလို့ သူမအတွက် စိတ်ပူနေရမှာလဲ...
「 သူ မပြန်လာသေးလို့ လိုက်ရှာနေတာရယ်၊ တစ်ခုခု စားပြီးပြီလားဆိုတာ သိချင်နေတာရယ်က စိတ်ပူနေတာ မဟုတ်လို့ ဘာလဲ? 」
‘... အဟမ်း။’
အဲဒီစကားကြောင့် ကျွန်တော် ချောင်းဟန့်လိုက်မိတယ်။ စီနီယာရှင် အဲလိုတွေးတာ မှားနေတယ်လို့လည်း ကျွန်တော် ငြင်းလို့မရဘူး။ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး ခဏနားနေတုန်း ဝီဆောအာ အနားကို လျှောက်လာတာ တွေ့လိုက်ရတယ်။ သူမ ဝတ်ထားတာကို ကြည့်ရတာ ခုနကအထိ ညစာချက်ပြုတ်ပေးနေပုံရတယ်။
“ဘာဖြစ်လို့လဲ?”
“ဟုန်းဝါအစ်မက သခင်လေး ဘာစားချင်လဲလို့ မေးခိုင်းလိုက်လို့!”
“... ငါ ဘာစားချင်လဲ ဟုတ်လား?”
ချက်ချင်း ပြေးမြင်မိတာက ပေါက်စီပါပဲ။ ဒါပေမဲ့ ဒီလိုနေရာမျိုးမှာ ပေါက်စီက ဖျတ်ကနဲ ပေါ်လာမှာမဟုတ်တော့ ပုံမှန်အတိုင်းပဲ လုပ်ဖို့ ပြောလိုက်တယ်။
“ငါးလည်း ရှိတယ်လို့ ပြောတယ်!”
“အော်... ဒါဆို ငါးပဲ စားမယ်လေ။”
“ဟုတ်ကဲ့!”
စကားပြောပြီးတာနဲ့ သူမက ခုန်ပေါက်ပြီး ထွက်သွားတော့တယ်။ မကြာခင်မှာပဲ ကျွန်တော်လည်း နေရာကနေ ထလိုက်တယ်...
「 ဘယ်သွားမလို့လဲ? 」
စီနီယာရှင်က လှောင်ပြုံးပြုံးပြီး မေးနေသလိုပဲ။ ကျွန်တော် သူ့ကို လျစ်လျူရှုပြီး ချောင်းဟန့်ကာ ထွက်လာခဲ့တယ်။ လူဆိုတာ အစားမစားဘဲ မနေနိုင်တာမို့ သူမ တစ်ခုခုစားဖို့ လိုတယ်လို့ပဲ ကျွန်တော် တွေးလိုက်တာပါ။
「 ဆိုတော့... သူ အငတ်မခံနိုင်အောင် သွားခေါ်မလို့ပေါ့ ဟုတ်လား? 」
‘...’
သူပြောတာ မှန်ပေမဲ့ ဘာလို့ ကျွန်တော် အသိအမှတ်မပြုချင်ရတာလဲ? စီနီယာရှင်က ပြောနေလို့များလား?
ကျွန်တော် ထွက်လာပြီး သူမ ပုံမှန်ကျင့်စဉ်ကျင့်လေ့ရှိတဲ့ တောင်ဘက်ကို နမ်ဂေါင်းဘီအာကို ရှာဖို့ သွားလိုက်တယ်။ နေဝင်ဖို့ အချိန်နည်းနည်းတော့ ကျန်သေးတယ်။ အစားအစာတွေ အဆင်သင့်မဖြစ်ခင် သူမကို မြန်မြန်သွားခေါ်တာ အကောင်းဆုံးပါပဲ။
‘ငါ တကယ်ပဲ သူ့အတွက် စိတ်ပူနေမိတာလား။’
သူမလို လူမျိုးက မြက်စားစား၊ ဘာစားစား ဖြစ်နေတာကို ကျွန်တော်က ဘာလို့ စိတ်ပူနေရတာလဲ။ အကြောင်းပြချက် ပေးရမယ်ဆိုရင်တော့ အရင်ဘဝတုန်းက ကျွန်တော် အတင်းအကျပ် မကျွေးရင် သူမက ငတ်သေမယ့်ပုံမျိုး ဖြစ်နေခဲ့လို့ပါပဲ။ အဲဒါကြောင့်ပဲ အခုလည်း စိတ်ပူနေရတာ...
‘... ဒါပေမဲ့ အဲဒါ တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။’
ဘယ်လိုပဲ ကြိုးစားကြိုးစား ကိုယ့်ကိုယ်ကိုယ်တော့ လိမ်လို့မရဘူး။ တောင်ပေါ်ကို အတန်ကြာ တက်ပြီးတဲ့နောက်မှာတော့ နမ်ဂေါင်းဘီအာ ကျင့်စဉ်ကျင့်တဲ့နေရာကို ရောက်လာခဲ့တယ်။
– ရွှမ်း-! ရွှပ်-!
ထင်ထားတဲ့အတိုင်းပဲ ဓားဝှေ့ယမ်းသံတွေကို ကြားနေရတယ်။ သူမရဲ့ တည်ရှိမှုကို ကျွန်တော် ရင်းနှီးနေတာမို့ ဒါ သူမဆိုတာ ချက်ချင်းသိလိုက်တယ်။ ဒါပေမဲ့ တောင်ပေါ်တက်လာတုန်းက နမ်ဂေါင်းဘီအာအပြင် တခြား တည်ရှိမှုတစ်ခုကိုလည်း သတိထားမိခဲ့တယ်။
အဲဒီ ဒုတိယမြောက် တည်ရှိမှုကလည်း ကျွန်တော့်အတွက် ရင်းနှီးနေတဲ့သူပါပဲ။ မနေ့ကလိုပဲ သူတို့ နှစ်ယောက် ယှဉ်ပြိုင်နေကြပြန်ပြီ။
– ရွှပ်-!
– အား...!
သစ်သားဓားက လေထဲမှာပဲ ဝှေ့ယမ်းမိသွားလို့ စိတ်ပျက်လက်ပျက် အသံတစ်ခု ထွက်လာတယ်။
– ခြေလှမ်းက... အရမ်း များသွားတယ်...
– နောက်... နောက်တစ်ခါလောက် ပြန်လုပ်ပါရစေ...
– အင်း။
သူတို့အသံတွေကို နားထောင်ရင်း ချုံနွယ်တွေကြားကနေ လျှောက်လာခဲ့တယ်။ မြင်ကွင်းက မနေ့က မြင်ခဲ့ရတာနဲ့ ဆင်တူပါပဲ။ ဂူရွန်ဟွာ တစ်ကိုယ်လုံး မြေကြီးတွေ ပေကျံနေတာကို တွေ့လိုက်ရတယ်။ နမ်ဂေါင်းဘီအာကတော့ ချွေးတစ်စက်တောင် မထွက်ဘဲ သပ်သပ်ရပ်ရပ် ရှိနေတုန်းပဲ။
ကျွန်တော် ရောက်လာတာကို မြင်တော့ ဂူရွန်ဟွာက ချက်ချင်း မျက်မှောင်ကြုတ်လိုက်တယ်။
“... နင် ဘာလာလုပ်တာလဲ?”
အခုမှ ရောက်လာတဲ့သူကို သူက အဲလို ပြောရသလား။
“အာ... ဒီတိုင်း ဖြတ်လာတာ။”
“ဒါဆိုလည်း ဆက်သွားလေ။”
“ရင်းနှီးတဲ့ မျက်နှာလေး တွေ့လို့ ရပ်ကြည့်တာပါ။”
အဲလိုပြောရင်း နမ်ဂေါင်းဘီအာကို ကြည့်ပြီး မျက်ရိပ်ပြလိုက်တယ်။ အခုထိ ဘာလို့ ဒီမှာ ရှိနေရတာလဲဆိုတဲ့ အဖြေကို တောင်းဆိုလိုက်တာပါ။
“...”
ချက်ချင်းဆိုသလို နမ်ဂေါင်းဘီအာက ကျွန်တော့်ကို မျက်နှာလွှဲသွားတယ်။ ဟင်? သူမက ကျွန်တော့် မျက်ရိပ်ကို သတိမထားမိတာလား? ဒါကြောင့် တိုက်ရိုက်ပဲ မေးလိုက်တယ်။
“မိုးချုပ်နေပြီကို ဘာလို့ ဒီမှာ ရှိနေတာလဲ၊ တစ်ခုခုရော စားပြီးပြီလား?”
သူမကတော့ အခုထိ ကျွန်တော့်ကို မကြည့်ဘဲ ရှောင်နေတုန်းပဲ...
“ဟေ့—”
“အစ်မကို မဆူနဲ့။”
“ဘာ?”
ကျွန်တော့်စကားကို ဖြတ်ပြောလိုက်တဲ့ ဂူရွန်ဟွာကို ကြည့်လိုက်တယ်။ တကယ်တော့ သူမ အခုပြောလိုက်တဲ့ စကားက ဒီနေ့ ကြားရသမျှထဲမှာ အထူးဆန်းဆုံးပဲ။
အစ်မ...? အစ်မ ဟုတ်လား? ဘယ်အချိန်ကစပြီး သူက နင့်အစ်မ ဖြစ်သွားတာလဲ?
ကျွန်တော် ဘာတွေးနေလဲဆိုတာ သိသွားတော့ ဂူရွန်ဟွာရဲ့ မျက်နှာက ချက်ချင်း နီမြန်းသွားတယ်။
“... ငါပဲ... မနက်က သူလာတုန်းက ကျင့်စဉ်သင်ပေးဖို့ အတင်းတောင်းဆိုခဲ့တာ။”
“မနက်က...? မင်း မနက်ကတည်းက ငါ့ညီမဆီ သွားနေတာလား?”
နမ်ဂေါင်းဘီအာက အသာအယာ ခေါင်းငြိမ့်ပြတယ်။ ဒါပေမဲ့ ကျွန်တော့်စကားကို ဂူရွန်ဟွာက မကြိုက်တာကြောင့် ထပ်ပြီး ဖြတ်ပြောပြန်တယ်။
“ဘယ်သူက နင့်ညီမလဲ?”
“ဒါဆို နင်က ငါ့အစ်မလား?”
“...”
သူမက ကျွန်တော့်ကို ဘာပြောစေချင်တာလဲ။ နမ်ဂေါင်းဘီအာကတော့ ဘာစကားမှမပြောဘဲ မျက်နှာလွှဲနေတုန်းပဲ။
“ဒါဆို မနက်ကတည်းက ဒီမှာ ရှိနေတာပေါ့?”
သူမက ထပ်ပြီး ခေါင်းငြိမ့်ပြတယ်။ ဂူရွန်ဟွာက သင်ပေးဖို့ တောင်းဆိုလို့သာ မနက်စောစောကတည်းက အငတ်ခံပြီး ဒီမှာ ရှိနေခဲ့တာပေါ့။ ကျွန်တော် သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်တယ်။
“နေဝင်တော့မယ်၊ နားခိုဆောင်ကို ပြန်ကြစို့။”
“... အင်း။”
နမ်ဂေါင်းဘီအာက သစ်သားဓားကို သိမ်းပြီး ပြန်ဖို့ ပြင်တယ်။ ဂူရွန်ဟွာကတော့ သိပ်မကျေနပ်တဲ့ ပုံစံမျိုး ရှိပေမဲ့ နမ်ဂေါင်းဘီအာကိုယ်တိုင်က ပြန်မယ်လို့ သဘောတူလိုက်တာမို့ ဘာမှ မတတ်နိုင်တော့ဘူး။
သူတို့ ပြင်ဆင်ပြီးတဲ့နောက် ဂူရွန်ဟွာက နမ်ဂေါင်းဘီအာကို အရိုအသေပေးလိုက်တယ်။
“အစ်မ... ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။”
“ရပါတယ်... ငါလည်း ပျော်ဖို့ကောင်းပါတယ်။”
ဂူရွန်ဟွာက စကားပြောပြီး အဝတ်အစားက ဖုန်တွေကို ခါပြီး ထွက်သွားဖို့ ပြင်နေတုန်း ကျွန်တော် သူမကို တားလိုက်တယ်။
“ဘယ်သွားမလို့လဲ?”
“နင့်အလုပ် မဟုတ်ဘူး။”
“နင်လည်း ဘာမှ စားရသေးမှာ မဟုတ်ဘူး၊ ဒါကြောင့် ငါတို့နဲ့—”
ကျွန်တော် သူမကို အတူတူ ညစာစားဖို့ ခေါ်မလို့ လုပ်တာပါ။ ဒါပေမဲ့ စကားတောင် မဆုံးသေးဘူး။ ကျွန်တော် သူမ ပုခုံးကို ကိုင်ပြီး တားလိုက်တဲ့အချိန်မှာ ဂူရွန်ဟွာရဲ့ ပုခုံးတွေ တုန်ယင်လာတာကို တွေ့လိုက်ရတယ်။
– ဖြောင်း-!
ဂူရွန်ဟွာက ကျွန်တော့်လက်ကို အင်အားနဲ့ ပုတ်ထုတ်လိုက်ပြီး ခပ်လှမ်းလှမ်းကို ဆုတ်သွားတယ်။
“ငါ့ကို... မထိနဲ့...!”
သူမက ကျွန်တော့်ကို တစ်မျိုးကြည့်ပြီး ချုံနွယ်တွေထဲကို ပြေးဝင်သွားတော့တယ်။ အဲဒါကို မြင်ပြီး ကျွန်တော် ဘာမှ မပြောနိုင်တော့ဘူး။
‘... ငါ စိတ်မြန်သွားတာ ဖြစ်နိုင်တယ်။’
ကျွန်တော်ကတော့ အတိတ်အကြောင်းတွေကို အကြာကြီး တွေးတောနေခဲ့ပေမဲ့ သူမအတွက်တော့ အချိန်က အဲလောက် မကြာသေးဘူးဆိုတာ ကျွန်တော် ထည့်မတွေးမိခဲ့ဘူး။
ကျွန်တော် သက်ပြင်းချရင်း နမ်ဂေါင်းဘီအာကို ပြောလိုက်တယ်။
“သွားကြရအောင်။”
နမ်ဂေါင်းဘီအာက ဂူရွန်ဟွာပျောက်ကွယ်သွားတဲ့ဘက်ကို ကြည့်နေပေမဲ့ ကျွန်တော် ခေါ်လိုက်တော့ ဘာမှမပြောဘဲ ခေါင်းငြိမ့်ပြီး လိုက်လာခဲ့တယ်။
တောင်အောက်ကို ဆင်းလာတော့ ညစာက အဆင်သင့် ဖြစ်နေပြီ။ ဝီဆောအာက ငါးကင်တာ သူမကိုယ်တိုင်ပဲဆိုပြီး ဂုဏ်ယူနေသေးတယ်။
“အဲဒါကြောင့်ပဲ ဒါကြီးက အရမ်းတူးနေတာလား...?”
“ဒါက အကောင်းဆုံး အစိတ်အပိုင်းလို့ ပြောကြတာပဲ။”
မဟုတ်ဘူး... ဘယ်လိုပဲ ကြည့်ကြည့် ဒါက အဆိုးဆုံးပဲ။
ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ ငါးကင်ကို တစ်ကိုက် ကိုက်ကြည့်လိုက်တယ်။ ငါးရဲ့ ပုံစံက မိစ္ဆာနဲ့ တူနေပေမဲ့ အရသာကတော့ အံ့သြစရာကောင်းလောက်အောင် ကောင်းနေတယ်။ ကျွန်တော် အံ့သြသွားတာကို မြင်တော့ ဝီဆောအာက ပိုပြီး ဂုဏ်ယူတဲ့ မျက်နှာပေးမျိုး လုပ်နေတာကြောင့် ကျွန်တော် နည်းနည်းတော့ စိတ်တိုမိတယ်။
စားနေရင်းနဲ့ပဲ နမ်ဂေါင်းဘီအာကို စကားစလိုက်တယ်။ စောစောက ငါ့ညီမနဲ့ ဘာလို့ အတူတူ ရှိနေတာလဲ ဆိုတာကိုပေါ့။
“အဲဒါက...”
သူမ ရှင်းပြတာက ရိုးရှင်းပါတယ်။ မနေ့က သူတို့ကြားမှာ ဖြစ်ခဲ့တာတွေအတွက် သူမ စိတ်မကောင်း ဖြစ်နေတာပါ။ အဲဒါကြောင့် ဂူရွန်ဟွာက ထပ်ပြီး ယှဉ်ပြိုင်ဖို့ တောင်းဆိုတဲ့အခါ သူမက သဘောတူလိုက်တာပေါ့။ အဲဒါကြောင့်ပဲ မနက်စောစောကတည်းကနေ အခုအချိန်အထိ အတူတူ ကျင့်စဉ်ကျင့်နေခဲ့ကြတာ။
ဂူရွန်ဟာက အဲလိုလုပ်တာကို နားလည်ပေးနိုင်ပေမဲ့ နမ်ဂေါင်းဘီအာက သင်ပေးနေတယ်ဆိုတာကတော့ ကျွန်တော့်အတွက် အံ့သြစရာပါပဲ။ အရင်ဘဝတုန်းကဆိုရင် သူမက သန်မာတဲ့ ဓားသမားတွေကလွဲရင် ဘယ်သူ့ကိုမှ ဂရုစိုက်ခဲ့တာ မဟုတ်ဘူးလေ။
“... မနက်ဖြန်။”
“ဟမ်?”
“မနက်ဖြန်လည်း သွားလို့ရမလား?”
နမ်ဂေါင်းဘီအာက တောင်းဆိုတဲ့ လေသံနဲ့ မေးတယ်။ မနက်ဖြန်လည်း ဂူရွန်ဟွာဆီ သွားလို့ရမလား တဲ့။ ဘာအတွက်လဲ? သူမက ပျော်လို့ ကူညီပေးနေတာလို့တော့ ကျွန်တော် မယုံဘူး။ ဘာလို့လဲဆိုတော့ ဂူရွန်ဟာရဲ့ အဆင့်က နမ်ဂေါင်းဘီအာကို အဖော်ပြုပေးနိုင်တဲ့ အဆင့်မှာ မရှိသေးဘူးလေ။ ယွန်းဖုန်း ဒါမှမဟုတ် မူယွန်းလို လူမျိုးတွေနဲ့မှ သူမအတွက် ယှဉ်ပြိုင်လို့ ကောင်းမှာပါ။
ဒါကြောင့် သူမက မနက်ဖြန်လည်း သွားချင်တယ်ဆိုတာက စခဲ့တဲ့အလုပ်ကို အဆုံးသတ်ချင်လို့ပဲ ဖြစ်မှာပါ။
“... မင်း သဘောပဲ။”
“အင်း။”
ကျွန်တော့်ဆီက ခွင့်ပြုချက်ရတော့ နမ်ဂေါင်းဘီအာက စိတ်အေးသွားတဲ့ ပုံစံနဲ့ ရေသောက်လိုက်တယ်။ အဲဒါကို ကြည့်ရင်း ကျွန်တော် အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။
“သူ့ကို စောင့်ရှောက်ပေးပါဦး...”
ကျွန်တော့်စကားကြောင့် နမ်ဂေါင်းဘီအာရဲ့ မျက်လုံးတွေ ဝိုင်းသွားတယ်။ ကျွန်တော်ကိုယ်တိုင် ဂူရွန်ဟွာအတွက် မလုပ်ပေးနိုင်တာကို သူမကို အကူအညီတောင်းလိုက်တာမို့ သူမက အံ့သြသွားပုံရတယ်။
“မင်းက...”
“ဘာလဲ။”
“မင်း... ငါ့ကို အကူအညီတောင်းတယ်နော်။”
“ဒါဆိုရင်လည်း... ငါ အစွမ်းကုန် ကြိုးစားကြည့်ပါ့မယ်။”
“အစွမ်းကုန်တော့ မလိုပါဘူး။”
ကျွန်တော် ဘာကြောင့်မှန်းမသိ ရှက်သွားတာကြောင့် တူကို ချလိုက်မိတယ်။ နမ်ဂေါင်းဘီအာက အခု ပြုံးနေတာကိုး။ သူမ ပြုံးတာကို အရင်ကလည်း မြင်ဖူးပေမဲ့ အခုထိ ရင်ခုန်နေရတုန်းပဲ။
“ဂဟွတ်... အဟွတ်!”
သူမရဲ့ မမျှော်လင့်ထားတဲ့ အပြုံးကြောင့် စားနေတဲ့ အစားအစာတွေက လည်ချောင်းထဲ သီးသွားတယ်။ ကျွန်တော် ရေကို မြန်မြန် သောက်လိုက်ရတယ်။ သူမရဲ့ အပြုံးက တကယ်ကို အန္တရာယ်ရှိတာပဲ။
‘ဝီဆောအာရဲ့ အပြုံးကိုတော့ ငါ ရင့်ကျက်နေပြီ ထင်တာပဲ ဒါပေမဲ့...’
ဒီတစ်ခုကို ကျင့်သားရဖို့ကတော့ အချိန်အတော်ကြာဦးမယ်လို့ ကျွန်တော် ခံစားနေရတယ်။
နေဝင်သွားပြီးတဲ့ နောက်မှာတောင် ဂူရွန်ဟွာကတော့ နားခိုဆောင်ကို မပြန်သေးဘဲ ဓားကို ဆက်တိုက် ဝှေ့ယမ်းနေတုန်းပဲ။
– ရွှမ်း-! ရွှပ်-!
လေပြင်းတွေကြားမှာ ဓားကို အကြာကြီး ဝှေ့ယမ်းပြီးတဲ့နောက်၊
“အား...!”
သူမ ညည်းညူသံလေးနဲ့အတူ သစ်သားဓားကို လွှတ်ချလိုက်တယ်။ ဂူရွန်ဟာက သူမရဲ့ လက်ကို ကြည့်လိုက်တယ်။ ဓားကို ကိုင်ထားတဲ့ လက်ဖဝါးတွေက ပွန်းပဲ့ပြီး သွေးတွေ ထွက်နေပြီ။
“... နာလိုက်တာ...”
ပြီးခဲ့တဲ့ ရက်အနည်းငယ်ပတ်လုံး ဓားကို အဆက်မပြတ် ဝှေ့ယမ်းနေခဲ့တာမို့ သူမရဲ့ လက်တွေက အကန့်အသတ်ကို ရောက်နေပြီ။ ဒါပေမဲ့ ဂူရွန်ဟွာက ခဏအကြာမှာပဲ သစ်သားဓားကို ပြန်ကောက်ကိုင်လိုက်တယ်။ သူမ ယူလာတဲ့ အဝတ်စတွေနဲ့ လက်ကို စည်းလိုက်တော့ နည်းနည်းတော့ သက်သာသွားတယ်။
နမ်ဂေါင်းဘီအာ ပြသပေးခဲ့တဲ့ လှုပ်ရှားမှုတွေကို သူမ စိတ်ထဲမှာ ပုံဖော်ကြည့်လိုက်တယ်။ အင်အားတွေ အများကြီး မသုံးဘဲ၊ လှုပ်ရှားမှုတွေကိုလည်း အပိုမပါစေဘဲ ဓားဝှေ့ယမ်းတာကိုပဲ အာရုံစိုက်ဖို့။ ဒါတွေက ဓားသိုင်းရဲ့ အခြေခံတွေပဲ ဖြစ်ပေမဲ့ သူမရဲ့ အခု အခြေအနေမှာတော့ အသုံးအဝင်ဆုံး အကြံဉာဏ်တွေပါပဲ။ တကယ့် တိုက်ပွဲမှာ အဲဒါတွေကို လက်တွေ့ ကြုံလိုက်ရတာမို့ ပိုပြီး နားလည်ရ လွယ်ကူသွားသလို ခံစားရတယ်။
မနက်က နမ်ဂေါင်းဘီအာ ဘာလို့ အဲလောက် စိတ်လှုပ်ရှားနေတာလဲဆိုတာ ဂူရွန်ဟွာစဉ်းစားမရခဲ့ဘူး။ ဒါပေမဲ့ သူမ တောင်းဆိုသမျှကို နမ်ဂေါင်းဘီအာက လိုက်လျောပေးတဲ့အခါမှာတော့ အကြောင်းရင်းကို သိလိုက်ရတယ်။
တစ်စုံတစ်ယောက်က သူမကို မျက်နှာသာပေးဖို့ ကြိုးစားနေတာပဲ။
‘ဒါပေမဲ့ ဘာလို့လဲ...?’
နမ်ဂေါင်းဘီအာလို အဆင့်မြင့် သိုင်းပညာရှင်၊ အလှဘုရင်မတစ်ယောက်က ဘာလို့ အဲလို လုပ်နေရတာလဲဆိုတာ ဂူရွန်ဟွာ စဉ်းစားလို့ မရဘူး။ ဒါပေမဲ့ ခဏအကြာမှာတော့ သူမရဲ့ အစ်ကိုဖြစ်သူ ဂူယန်ချွန်းကို သတိရသွားတယ်။
ဂူရွန်ဟွာက ဘာကြောင့်လဲဆိုတာ သေချာမသိပေမဲ့ နမ်ဂေါင်းဘီအာက ဂူယန်ချွန်းအပေါ် စိတ်ဝင်စားနေတာကိုတော့ သူမ သိတယ်။ အဲဒါကြောင့်ပဲ သူ့ညီမဖြစ်တဲ့ သူမကို ကောင်းကောင်း ဆက်ဆံနေတာ ဖြစ်မယ်။ ဒါပေမဲ့ ဘာလို့ ဂူယန်ချွန်းလို လူမျိုးကိုမှ စိတ်ဝင်စားရတာလဲဆိုတာ ဂူရွန်ဟွာအတွက်တော့ စဉ်းစားမရစရာပါပဲ။
‘နားမလည်နိုင်ဘူး။’
အရင်က ဂူယန်ချွန်းဆိုရင်တော့ တစ်မျိုးပေါ့၊ ဒါပေမဲ့ အခုက အခြေအနေတွေက ပြောင်းလဲကုန်ပြီလေ။ အဲဒါကြောင့်ပဲ ဂူရွန်ဟွာက သူမအစ်ကိုကို ဘာလို့ သဘောကျနေရတာလဲဆိုတာ တွေးလို့မရတာ။
– မျက်နှာကြီး မော့မနေနဲ့၊ နင့်ကို ကြည့်ရတာ ငါ စိတ်တိုတယ်။
– ငါ့ကို အစ်ကိုလို့ မခေါ်နဲ့လို့ ပြောထားတယ်မလား!
– ပါးစပ်ပိတ်ပြီး... ငါ့မျက်စိရှေ့က ထွက်သွားစမ်း။
“... ဟင့်...”
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကြားခဲ့ရတဲ့ အဲဒီစကားတွေက အခုထိ ဂူရွန်ဟွာရဲ့ ရင်ကို နာကျင်စေတုန်းပဲ။ အဲဒါကို တွေးမိရုံနဲ့တင် သူမဟာ ကြောက်ရွံ့မှုနဲ့ နာကျင်မှုကြောင့် တုန်ယင်နေမိတယ်။
ခဏအကြာမှာတော့ သူမဟာ မျက်ရည်တွေကို သုတ်လိုက်ပြီး အသက်လုသလိုမျိုး ဓားကို ဆက်ပြီး ဝှေ့ယမ်းနေခဲ့တယ်။
‘သူက ဘာလို့ အခုမှ...’
– မနက်က...? မင်း မနက်ကတည်းက ငါ့ညီမဆီ သွားနေတာလား?
– ဒါဆို နင်က ငါ့အစ်မလား?
သူမက လက်က နာကျင်မှုတွေကို လျစ်လျူရှုပြီး ဆက်တိုက် ဝှေ့ယမ်းနေခဲ့တယ်။ စိတ်ထဲမှာ ပဲ့တင်ထပ်နေတဲ့ ဂူယန်ချွန်းရဲ့ အသံတွေကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေတာပါ။
သူမ စိတ်တိုမိတယ်။ အဲဒီ လူယုတ်မာဆီက ‘ညီမ’ ဆိုတဲ့ စကားတစ်လုံးကြောင့်နဲ့ စိတ်လှုပ်ရှားပြီး ထွက်ပြေးလာမိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်တိုတယ်။ အဲဒီ ခဏတာလေးကြောင့်ပဲ အတိတ်က ဘဝဟောင်းကို ပြန်ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်လေး ရှိနေမိတာကိုလည်း သူမ မုန်းတီးမိတယ်။
‘မမေ့နဲ့ ရွန်ဟွာ... နင်က ကိုယ့်ပန်းကို ကိုယ်ပွင့်အောင် လုပ်ရမယ်။’
သူမကို အခုထိ စောင့်ရှောက်ပေးခဲ့တဲ့ ဆရာအတွက်။ သူမ အသက်မထွက်ခင်မှာ တပည့်ဖြစ်သူက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီဆိုတာ သိသွားစေဖို့၊ ဂူရွန်ဟွာ လရောင်အောက်မှာ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ဓားကို ဆက်တိုက် ဝှေ့ယမ်းနေခဲ့တော့တယ်။